Ch 18
Viewers 5k

🌹Chapter 18

ဝမ်စစ်



စုန့်ယွီ၏ မျက်လုံးများက အဆုံးတွင် ရှဲ့ဆွေ့ လက်ထဲရှိ စာရွက်အထပ်လိုက်ပေါ်သို့ ရောက်သွားခဲ့သည်။

 "ဒါက ဘာလဲ…"


ရှဲ့ဆွေ့က ညင်သာစွာ ပြုံးလိုက်သည်။

 "ပထမနှစ်ကျောင်းသားကိုယ်စားလှယ် မိန့်ခွန်း…"


စုန့်ယွီက ယူပြီး လှန်ကြည့်လိုက်သည်။ ထို့နောက် သူက "ကျွတ်" ဟု အသံပြုလိုက်လေသည်။

"ဒါက မြို့ရဲ့ နံပါတ်တစ်အပေါ်  ဆက်ဆံပုံပေါ့လေ… တစ်တန်းလုံးရှေ့မှာ ထွက်ပြောရရင် မင်း စိတ်လှုပ်ရှားမှာလား…"


ဒါက တကယ်ပဲ ထူးဆန်းတဲ့ မေးခွန်းတစ်ခုပဲ…


ရှဲ့ဆွေ့က သူ၏ ယခင်ဘဝ၌ မရေမတွက်နိုင်သော မိန့်ခွန်းများ ပြောခဲ့ဖူးသည်။ ကုမ္ပဏီများ တက္ကသိုလ်များ၊ သိပ္ပံနှင့် နည်းပညာ ထိပ်သီးအစည်းအဝေးများတွင် သူပြောဖူးသည်။ သူက အမျိုးသား၊ အမျိုးသမီးနှင့် အသက်ကြီးသူနှင့် ငယ်ရွယ်သူ၊ အောင်မြင်သူနှင့် သာမန်လူ၊ ပြည်တွင်းနှင့် ပြည်ပလူထုများ၊ စက်မှုလုပ်ငန်းရှင်များနှင့် လုပ်ငန်းပြင်ပရှိသူများနှင့်ပင် ရင်ဆိုင်ခဲ့ဖူးသည်။ 


အထက်တန်းကျောင်းသား ပထမနှစ် စင်မြင့်တစ်ခုကြောင့် ငါက ဘယ်လိုလုပ်ကြောက်မှာလဲ…


သို့သော် စုန့်ယွီ၏ စကားများကို ကြားသောအခါ သူက ပေါ့ပါးစွာ ပြုံးပြီး သူ့မျက်ခွံများကို အနည်းငယ် နှိမ့်ချလိုက်သည်။

 "နည်းနည်းပေါ့…"


စုန့်ယွီက A66၊ Lagrange နှင့် ၁၃၅ ဒီဂရီတို့၏ အရှက်ရစရာများကို မေ့သွားခဲ့ပြီဖြစ်သည်။ သူက ကြင်နာပြီး စိတ်ရင်းကောင်းသူပီပီ နှစ်သိမ့်ပေးလိုက်သည်။

"စိတ်မလှုပ်ရှားပါနဲ့… မင်းကို အားပေးဖို့ ငါ လူတွေ ငှားပေးမယ်…လက်ခုပ်တီးရင် ၁၀ ယွမ်.. အော်ခေါ်ရင် ယွမ် ၅၀ … ပန်းစည်းသွားပို့ရင် ယွမ်၁၀၀… ပန်းဖိုးလည်း ငါပေးမယ်… သူငယ်ချင်းတွေ ခေါ်လာရင် ဘောနပ်စ်လည်း ရှိတယ်… လူများများ ခေါ်လာရင် အကျိုးအမြတ်များများ ရမယ်…"


မာရှောင်တင်းက သူ့စကား၏ ဒုတိယအပိုင်းကို ကြားသောအခါ လက်ထောင်ပြီး စာရင်းသွင်းလိုက်သည်။

"ယွီကော လူရင်းတွေအတွက်ရော အပိုဆုမရှိဘူးလား…"


စုန့်ယွီက ပေါ့ပါးစွာဖြင့် ပြောလိုက်သည်။

"လူရင်းတွေအတွက် အပိုဆုမရှိဘူး…မင်းက အလကားရတဲ့ အလုပ်သမားပဲ…"


မာရှောင်တင်းက စိတ်ပျက်စွာ လက်ကိုချလိုက်သည်။


ရှီးပေါ်ဝမ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။


ရှဲ့ဆွေ့၏နှုတ်ခမ်းက ခဏတာ ကွေးညွှတ်သွားခဲ့သည်။


စာသင်ခန်းက ဆူညံပြီး ပွက်လောရိုက်နေသည်မှာ နာရီဝက်လောက် ရှိပြီဖြစ်သည်။ 


သူတို့အတန်းကို တာဝန်ယူသည့် ဆရာမက နောက်ကျနေခြင်းဖြစ်သည်။ အထက်တန်းပထမနှစ်၊ အတန်း (၁) ၏ အတန်းပိုင်ဆရာမက အင်္ဂလိပ်စာဆရာမ ဖြစ်ပြီး အိုးမျိုးရိုးဖြစ်ပြီးကာ နာမည်အပြည့်အစုံက အိုးယီလျန် ဖြစ်သည်။ သူမက ဒေါက်မြင့်ဖိနပ်စီးထားပြီး အဖြူရောင် ဂါဝန်ဝတ်ထားကာ စာသင်ခန်းထဲသို့ ဝင်လာသောအခါ အဆင့်မြင့် ရေမွှေးနံ့ပါ ပါလာခဲ့သည်။ စုန့်ယွီက ဤဆရာမကို အနည်းငယ်မျှ မှတ်မိနေသည်။ <နူးညံ့သောထိန်းချုပ်ခြင်း> ဝတ္ထုထဲတွင် ရှဲ့ဆွေ့က အထက်တန်းပထမနှစ်တွင် အနှောင့်အယှက်ပေးခံရပြီး အေးစက်သည့် အကြမ်းဖက်မှု ခံခဲ့ရသည့် အကြောင်းရင်း၏ တစ်ဝက်လောက်နှင့် သူမက သက်ဆိုင်သူဖြစ်သည်။


သူမက မာနကြီးပြီး မောက်မာသူဖြစ်သည်။ သူမ၏ စိတ်ထဲတွင် ကျောင်းသားများ၏ မိသားစုနောက်ခံက အရေးအကြီးဆုံးဖြစ်ပြီး၊ ရလဒ်များက ဒုတိယနေရာတွင် ရှိသည်။ နောက်ခံလည်းမရှိ၊ ရလဒ်လည်းမရှိသောသူများကို ဆိုလျှင် သူမက တစ်ချက်မျှပင် ကြည့်မည် မဟုတ်ပေ။


အိုးယီလျန်က သူမ၏ ဒေါက်မြင့်ဖိနပ်နှင့် စင်ပေါ်သို့ တက်သွားသည်။ သူမက လက်တစ်ဖက်တွင် စာရင်းတစ်ခုကို ကိုင်ထားရင်း ရှေ့တန်းတွင် ထိုင်နေသော ပိန်ပိန်သေးသေး ကောင်လေးနှစ်ယောက်ကို ပေါ့ပေါ့ပါးပါး ညွှန်ကြားလိုက်သည်။ သူမ၏ အသံက နူးညံ့သိမ်မွေ့သည်။

"မင်းတို့နှစ်ယောက်၊ ကျောင်းသားလက်စွဲစာအုပ်တွေ သွားယူခဲ့ပေး…"


ကောင်လေးနှစ်ယောက်က အလျင်အမြန် ထရပ်ပြီး အမြန်ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့…”


အိုးယီလျန်က သူ့ဆံပင်ရှည်များကို လှန်တင်လိုက်ပြီး ကျန်သည့်ကျောင်းသားများကို ပြုံးပြလိုက်သည်။

"အားလုံးပဲ မင်္ဂလာပါ… ဆရာမက မင်းတို့ရဲ့ အထက်တန်းကျောင်းသုံးနှစ်တာအတွက် အတန်းပိုင်ဆရာမပါ… ဆရာမရဲ့ မျိုးရိုးက အိုးဖြစ်ပြီး၊ နာမည်အပြည့်အစုံက အိုးယီလျန်ပါ….မင်းတို့က အိုးလောင်ရှီးလို့ ခေါ်နိုင်ပါတယ်…" 


ထို့နောက် သူမက သူ၏ ထူးချွန်သော ကိုယ်ရေးရာဇဝင်မှစ၍ များစွာ မိတ်ဆက်ခဲ့သည်။ 

ဘယ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တယ်… နိုင်ငံခြားမှာ ဘယ်နှစ်နှစ် စာသင်ခဲ့တယ်…ထူးချွန်တဲ့ ကျောင်းသား ဘယ်နှစ်ယောက်ကို သင်ကြားခဲ့တယ်ဆိုတာတွေ….


သူမက သူ့အသံကို တမင်တကာ နူးညံ့အောင် ပြောဆိုခဲ့ပြီး ထိုအသံက အိပ်ပျော်ရန် အတော်ပင် အထောက်အကူဖြစ်သည်ဟု ပြောနိုင်သည်။


စုန့်ယွီက သူမပြောနေသည်မှာ ကြာလာသောအခါ အိပ်ချင်လာခဲ့သည်။ သူက ပြတင်းပေါက်ကို အနည်းငယ် ဖွင့်လိုက်သောအခါ ကျင်းမြို့တော်၏ ညနေခင်းလေက တိုက်ခတ်လာခဲ့သည်။ ၎င်းက အေးမြပြီး ညင်သာသည်။


သူ မျက်လုံးများကို ပွတ်ပြီး ရှဲ့ဆွေ့ကို လက်မောင်းနှင့် တို့ထိလိုက်သည်။

"သူ ကိုယ့်ဘာသာကိုယ် ကြွားတာပြီးရင် ငါ့ကို လှမ်းခေါ်လိုက်… ငါ ခဏလောက် အိပ်လိုက်ဦးမယ်…"


ရှဲ့ဆွေ့၏ မျက်လုံးများက သူ့ကို လေးနက်စွာ ကြည့်နေသည်။

"မင်း ပထမဆုံးအတန်းမှာတည်းက အိပ်တော့မလို့လား…"


စုန့်ယွီ တီးတိုးပြောလိုက်သည်။

"သူ့ရဲ့ အဓိပ္ပာယ်မရှိတာတွေကို နားထောင်ဖို့ မလိုဘူး…"


ထိုညနေခင်း ကိုယ်တိုင်လေ့လာချိန်၏ ပထမပိုင်းကို အိုးယီလျန်၏  ကိုယ့်ကိုယ်ကိုယ် ကြွားဝါနေသည့် မိန့်ခွန်းဖြင့်သာ အချိန်ကုန်သွားစေခဲ့သည်။


အတန်းပြီးကြောင်း ခေါင်းလောင်းသံ မြည်လာခဲ့သည်။ အိုးလောင်ရှီးက Nth ကျောင်းသား၏ အောင်မြင်မှုများနှင့် နှစ်ပေါင်းများစွာ ကြာပြီးမှ သူမကို လာကျေးဇူးတင်ကြသည့် အကြောင်းကို ပြောနေသည်နှင့် ရပ်လိုက်သည်။ သူမက စင်ပေါ်တွင် ရပ်ပြီး လည်ချောင်းရှင်းကာ ပြောခဲ့သည်။

"ပထမတစ်လမှာတော့ မင်းတို့ရဲ့ ထိုင်ခုံတွေကို ဆရာမ စီစဉ်ပေးမှာ မဟုတ်ဘူး… မင်းတို့ ထိုင်ချင်တဲ့သူနဲ့ ထိုင်လို့ရတယ်… လစဉ်စာမေးပွဲရလဒ်တွေ ထွက်လာရင်တော့ ဆရာမ အစီအစဉ်အသစ်တွေ လုပ်ပေးမယ်… ကဲ၊ အတန်းပြီးပြီ… အားလုံး ပြန်ပြီး အနားယူကြဦး…" 


သူမက တကယ်ပင် ကောင်းသောအရာတစ်ခု လုပ်ပေးခဲ့သည်။ သူတို့ကိုယ်ပိုင် ထိုင်ခုံဖော် ရွေးချယ်ခွင့် ပေးခဲ့သည်။


ဤအတန်းချိန်အတွင်းတွင် စုန့်ယွီက အိပ်မက်တစ်ခု မက်ခဲ့သည်။ ထိုအိပ်မက်က အနည်းငယ် မကောင်းသော အိပ်မက်တစ်ခုဖြစ်သည်။


မြင်ကွင်းများက ထူးဆန်းပြီး မျက်စိကျိန်းစရာကောင်းသော်လည်း အေးစက်ပြီး သွေးထွက်သံယို ဖြစ်နေခဲ့သည်။


၎င်းက နာမည်မသိသော ကျွန်းတစ်ကျွန်းဖြစ်ကာ လှောင်အိမ်တစ်ခုကဲ့သို့ အထီးကျန်ပြီး မှောင်မိုက်နေသည်။


ထို့နောက် အဆုံးမရှိသော အပြာရောင်ကောင်းကင်နှင့် သမုဒ္ဒရာ၏ လှေပေါ်တွင် လူတစ်ယောက် မတ်တတ်ရပ်နေသည်။ သူ၏လေကာအင်္ကျီက လေထဲတွင် ပင်လယ်စင်ယော်ဖြူ တစ်ကောင်ကဲ့သို့ လွင့်နေသည်။ စိုစွတ်ပြီး ငန်သော လေက သူ့နဖူးပေါ်ရှိ ရှုပ်ပွေနေသည့် ဆံပင်နက်များကြား တိုက်ခတ်နေပြီး၊ သူ၏ နက်ရှိုင်းသော မက်မွန်ပွင့်မျက်လုံးများကလည်း အေးစက်ပြီး မတည်မငြိမ် ဖြစ်နေခဲ့သည်။


လှေထဲမှ တစ်ယောက်ယောက်က အလျင်စလို ပြေးထွက်လာပုံရ၏။


ထိုလူ၏ လက်ထဲတွင် သေနတ်တစ်လက်ကို ပေါ့ပေါ့ဆဆ ပုံစံမျိုးနှင့် ကိုင်ထားသည်။


ထို့နောက် မှန်များက ကွဲကြေသွားပြီး နှလုံးသားထံသို့ တည့်တည့် ထိုးစိုက်ဝင်သွားခဲ့သည်။


ထိုနေရာတွင် သေနတ်သံများ၊ ပင်လယ်လေနှင့် အော်ဟစ်သံများဖြင့် ပြည့်နှက်နေခဲ့သည်။


သွေးများ၊ လေနှင့် မယုံနိုင်စရာ မျက်လုံးများစွာ ရှိနေလေသည်။


မြင်ကွင်းက ထိုလူ၏ ငြီးငွေ့ပြီး ရွံရှာဖွယ် အပြုံးတစ်စွန်းတစ်စတွင် ရပ်တန့်သွားခဲ့သည်။ သူ လှည့်ပြီး ပင်လယ်ထဲသို့ ခုန်ချလိုက်သောအခါ သူ့နောက်ကျောပုံရိပ်က သဘာဝကျပြီး ထက်မြက်နေခဲ့သည်။


စုန့်ယွီ ရုတ်တရက် နိုးလာခဲ့သည်။ အတန်းပြီးသွားသောအခါ အတန်း (၁) က ဆူညံပြီး သက်ဝင်လှုပ်ရှားနေသည်။ မိန်းကလေးများက ရယ်မောပြောဆိုနေကြပြီး၊ ယောက်ျားလေးများက အတူတူ ဂိမ်းများ ကစားနေကြသည်။


သူ့နောက်တွင် မာရှောင်တင်းက ရှီးပေါ်ဝမ်နှင့် သာမန်ဆန်သောခေါင်းစဉ်တစ်ခု ရှာတွေ့ရန် သူရဲကောင်းဆန်စွာ ကြိုးစားနေသည်။

"အိုး၊ မင်းက ကဗျာတွေ ရွတ်ရတာကိုလည်း ကြိုက်တာပဲ…ငါ ဒီကဗျာကို အရင်က သင်ဖူးတယ် ထင်တယ်… 

"ဆယ်နှစ်တာ သေခြင်းရှင်ခြင်းနှင့် မှိန်ပျပျ ခွဲနေကြ၊ ငါ မှတ်မိဖို့ မကြိုးစားပေမဲ့ မေ့ဖို့ခက်သား၊ ရွှေမှင်ရောင် သားမွေးဦးထုပ်၊ ပင်ကန့်တစ်လျှောက် မြင်းတစ်ထောင်…ဟုတ်တယ်မလား…"


ရှီးပေါ်ဝမ်: "???…ပြဿနာရှိပုံမပေါ်ပေမယ့် မှန်မနေဘူးလို့ပဲ ခံစားနေရတယ်… မင်း မှားပြီး ကျက်ထားတာလား…"


မာရှောင်တင်း: "မဖြစ်နိုင်ဘူး…သူ့က စည်းချက်ညီတယ်…"


လူများ၏ စကားသံများနှင့် ဘဝက သူ့ပတ်ဝန်းကျင်တွင် အပြည့်ရှိနေသည်။ စုန့်ယွီ၏ မျက်လုံးများက ခဏအကြာတွင် ကြည်လင်လာခဲ့သည်။


ပြတင်းပေါက်မှတစ်ဆင့် တိုက်ခတ်လာသော လေက သူ့အား အနည်းငယ် လက်တွေ့ဆန်သော ခံစားမှုကို ပေးခဲ့သည်။ သူ ခေါင်းငုံ့ပြီး သူ့လက်များကို ငုံ့ကြည့်လိုက်ပြီး စိတ်ကို ဖြေလျော့၍ မရသည့် ဖိနှိပ်မှုက သူ့ရင်ထဲတွင် ပတ်ချာလည်နေခဲ့သည်။


ခုနက ငါ အိပ်မက်မက်ခဲ့တဲ့သူက ရှဲ့ဆွေ့ ဖြစ်ရမယ်…


စာအုပ်ထဲမှာတော့ လူသူမရှိတဲ့ ကျွန်းပေါ်မှာ အကျဉ်းချခံရပြီး သူ့ရဲ့ မာနတွေ လုံးဝပျက်စီးသွားခဲ့ရတဲ့ ရှဲ့ဆွေ့….


ငါ အဲ့ဒီနေရာကို ရောက်တော့ ဝတ္ထုကို ဆက်မဖတ်ဘဲ နေခဲ့တာ…


ဒါဆို ရှဲ့ဆွေ့က သေနတ်ကိုသုံးပြီး အမှိုက်သုံးယောက်ကို သတ်ခဲ့တာလား…ဒါမှမဟုတ် ဒါက သူလိုချင်တဲ့ အဆုံးသတ်လား…


"ရှဲ့ဆွေ့…" 

စုန့်ယွီ၏ လည်ချောင်းက အနည်းငယ် ခြောက်သွေ့နေသည်။ သူက မသိစိတ်မှ ခေါင်းလှည့်လိုက်သော်လည်း ရှဲ့ဆွေ့က သူ့ခုံတွင် ရှိမနေသည်ကို တွေ့လိုက်ရသည်။


မာရှောင်တင်းက သူ့အသံကို ကြားသောအခါ ပြောလာခဲ့သည်။

"ယွီကော၊ ရှဲ့ဆွေ့ကို ရုံးခန်းခေါ်သွားတယ်…" 


စုန့်ယွီက ခေါင်းညိတ်လိုက်သည်။


စုန့်ယွီက မျက်လွှာချပြီး နားထင်ကို ပွတ်သပ်လိုက်သည်။


ထိုအချိန်တွင် သူ့အပေါ်မှ အရိပ်တစ်ခု ရုတ်တရက် အုပ်မိုးလာပြီး လူတစ်စုက သူ့ရှေ့တွင် လာရပ်လေသည်။


"ဟေး၊ ညီအစ်ကို… မင်းနဲ့ စကားနည်းနည်း ပြောလို့ရမလား…"


စကားပြောသူက ပိန်ပိန်ပါးပါးနှင့် ကောင်လေးတစ်ယောက်ဖြစ်သည်။ သူက အနက်ရောင် တီရှပ်ဝတ်ထားပြီး၊ ဆံပင်တိုတိုနှင့် နားတွင် နားဆွဲ အတန်းသုံးတန်း တပ်ထားသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် သူက ပေါင်းသင်းရခက်သည်ကို သိသာသည်။ သူ့အပြုံးက ဆိုးသွမ်းနေပြီး သူ့လက်ညှိုးနှင့် စားပွဲကို ခေါက်နေခဲ့သည်။ သူ့မျက်လုံးထဲတွင် ကောင်းကောင်းမွန်မွန် ဆွေးနွေးချင်သော ရည်ရွယ်ချက် လုံးဝမရှိနေပေ။


စာသင်ခန်းတစ်ခုလုံးက ချက်ချင်း တိတ်ဆိတ်သွားလေသည်။ ဖုန်းကစားနေသောသူများနှင့် စကားပြောနေသောသူများအားလုံးက သူတို့ထံသို့ အကြည့်များ ရွှေ့သွားကြသည်။


စုန့်ယွီ၏ပုံစံက လျန်ယွင်လမ်းရှိ ဓားများ၊ တုတ်များ ကိုင်ထားသည့် လူဆိုးဂိုဏ်းသားများနှင့်ပင် အဖေတစ်ယောက်ကဲ့သို့ ပြုမူတတ်သူဖြစ်သည်။


ငါက အထက်တန်းကျောင်းသားလေးတွေ နည်းနည်းကြောင့် ဘာဖြစ်လို့ ကြောက်လန့်နေရမှာလဲ…


သူ့စိတ်ထဲတွင် အစောက မက်ခဲ့သည့် အိပ်မက်ကြောင့် အနည်းငယ်လေး မောပန်းမှု ရှိနေသည်။ သူ မျက်ခွံများက်ို ပျင်းရိစွာ ပင့်ကြည့်ပြီး ပြောလိုက်သည်။

"ပြော…" 


အရပ်ရှည်ရှည်ပိန်ပိန်နှင့် ကောင်လေးက လှောင်ပြောင်ပြီး ပြောသည်။

"ငါတို့ရဲ့ စစ်ကောက မင်းနဲ့ နေရာလဲချင်နေတယ်.. မင်း လဲချင်လား မလဲချင်ဘူးလား…" 


စစ်ကော…


စုန့်ယွီက ယခုအခါတွင် လုံးဝ နိုးကြားသွားခဲ့ပြီး သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။


အရပ်ရှည်ရှည်ပိန်ပိန်နှင့် ကောင်လေးက ရယ်လိုက်သည်။ သူ့လေသံက နက်နဲနေသည်။

 "မင်း ဝမ်မိသားစုကို သိလား…ကျင်းမြို့တော်က ဝမ်မိသားစုလေ… စစ်ကောက မင်းနဲ့ နေရာလဲချင်နေတယ်…"


စုန့်ယွီက မည်သည့်နေရာတွင် ဖော်ထုတ်ရမှန်းမသိသော မပျော်ရွှင်မှုများ ရှိနေသည်နှင့် တိုက်ဆိုင်စွာပင် သူက ပျော်ရွှင်စွာ ပြုံးလိုက်သည်။


သူက ဘောပင်ကို လှည့်ရင်း သူ့လေသံက ပေါ့ပါးပြီး အထင်အမြင်သေးစွာနှင့် ပြောလိုက်သည်။

"ဝမ်စစ်… ဘယ်သူလဲ..." 


အရပ်ရှည်‌ရှည်ပိန်ပိန်နှင့် ကောင်လေးက သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ အတန်းတစ်ခုလုံး၏ လေထုက ရုတ်တရက် မည်သူမျှ ကျယ်ကျယ်လောင်လောင် အသက်မရှူရဲသည့် အနေအထားမျိုးသို့ ဖြစ်သွားပြီး၊ ဘောပင်ပြုတ်ကျသံကိုပင် ရှင်းရှင်းလင်းလင်း ကြားရလောက်အောင်ထိ တိတ်ဆိတ်သွားခဲ့သည်။ သူတို့က စုန့်ယွီအား သူရဲကောင်းတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်နေကြသည်။


ဒီလူက တကယ်ပဲ အရူးလား…ဒါမှမဟုတ် ရူးသလိုဟန်ဆောင်နေတာလား…အဲဒါက ကျင်းမြို့တော်တီဗီမှာ မကြာခဏ ပေါ်လာတတ်တဲ့ ဝမ်မိသားစုပဲ…


"မသိတာက ပုံမှန်ပါပဲ… ဒီလိုဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် သိအောင်လုပ်ကြတာပေါ့…"


စာသင်ခန်း၏ တစ်ဖက်ခြမ်း နံရံဘေးတွင် အနည်းငယ်ဝနေသော ကောင်လေးတစ်ယောက်က မတ်တတ်ရပ်ပြီး ဟန်ဆောင်ပြုံး ပြုံးလိုက်သည်။


သူက မျက်ရစ်တစ်ထပ်တည်း ရှိပြီး သူ့မျက်လုံးများက အလွန်သေးငယ်သည်။ သူ့နှုတ်ခမ်းများက အနည်းငယ် ထူပြီး ပုံမှန်မျက်နှာနှင့်ဆိုလျှင် ရိုးရိုးသားသားနှင့် ရိုးရှင်းသော ပုံစံမျိုး ပေါ်နေမည်ဖြစ်သော်လည်း ဤကောင်လေး၏ ခန္ဓာကိုယ်၌ အထူးသဖြင့် အဆီဝင်းပြီး ဆိုးသွမ်းသည့် ပုံစံမျိုး ပေါ်နေခဲ့သည်။


ဝမ်စစ်က သူ့ခုံမှ ထရပ်ပြီး စုန့်ယွီ အနားသို့ ကပ်ပြီး မှီလိုက်သည်။ သူ့အကြည့်က အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ သူ့အပေါ် ရောက်နေခဲ့သည်။


"သူငယ်ချင်းလေး ငါ့ကို မျက်နှာသာပေးပါဦး… ငါ မင်းနဲ့ ထိုင်ခုံချင်း လဲချင်တယ်…"

ဝမ်စစ်က တိုက်ရိုက်ပြောခဲ့သည်။


ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ စုန့်ယွီက အစောကမှ သူ့အိပ်မက်ကို မက်ခဲ့သောကြောင့် <နူးညံ့သောထိန်းချုပ်ခြင်း> ဝတ္ထုထဲရှိ အမှိုက်အားလုံးကို အံကြိတ်ပြီး ဒေါသထွက်နေဆဲပင်ဖြစ်သည်။


သူ ပေါ့ပေါ့ပါးပါးနှင့် ရယ်လိုက်သည်။

"ဘာလို့ ငါက မင်းကို မျက်နှာသာ ပေးရမှာလဲ.."


ဟစ်…


အတန်းတစ်ခုလုံးက အေးစက်သော လေကို စုပေါင်းကာ ရှူသွင်းလိုက်ကြသည်။


စုန့်ယွီက ပေါ့ပါးနေသော လေသံနှင့် ဆက်ပြောသည်။

 "မင်းမျက်နှာက ကြီးလို့လား…"


အတန်းတစ်ခုလုံး: "......"


ပြင်းထန်လိုက်တာ…


ဝမ်စစ်၏ နှုတ်ခမ်းများက မရေရာမသေချာသော ဆိုးသွမ်းသည့် ပုံစံမျိုးနှင့် ကွေးညွှတ်သွားခဲ့သည်။


တီရှပ်အနက်ရောင် ကောင်လေးနှင့် ပါလာသော အုပ်စုက ဝမ်စစ်နောက်သို့ လိုက်နေကြသူများ ဖြစ်သည်။ ယခု စုန့်ယွီက ဤကဲ့သို့ ဆွပေးနေသည်ကို မြင်သောအခါ အပေါ်ယံ ယဉ်ကျေးမှုအားလုံးကို ချက်ချင်းဖြိုချပြီး စားပွဲကို ရိုက်လိုက်သည်။

"မင်းကို နေရာလဲဖို့ ပြောနေတာ..ဘာတွေ ပွစိပွစိ လုပ်နေတာလဲ… လဲမလား မလဲဘူးလား…"


သို့သော် သူ တစ်ခုခုမလုပ်မီမှာပင် မာရှောင်တင်းက ထရပ်လိုက်ပြီဖြစ်သည်။ သံဘူးခွံတစ်ခုက ကြမ်းပြင်ပေါ်သို့ ကျယ်လောင်စွာ ပြုတ်ကျသွားပြီး သူ့အသံက ထိုကောင်လေးထက်ပင် ပိုကျယ်လောင်နေသည်။

 "မင်း နည်းနည်းလောက်ပဲ ထပ်အော်ကြည့်လိုက်စမ်းပါ…"


မူလက တိတ်ဆိတ်ပြီး ဖိနှိပ်ခံထားရသည့် အတန်းထဲရှိ လေထုက ရုတ်တရက် တင်းမာလာခဲ့သည်။


တီရှပ်အနက်ရောင်နှင့် ကောင်လေးက မှင်သက်သွားခဲ့သည်။

 "မာရှောင်တင်းလား…"


မာရှောင်တင်းက သူ့ကို လျစ်လျူရှုပြီး စုန့်ယွီဘေးတွင် လာရပ်လိုက်သည်။ သူက ပြင်းထန်ပြီး ကြမ်းတမ်းသောပုံစံနှင့် ပြောသည်။

"ငါ့ရဲ့ ယွီကောက မလဲဘူးလို့ ပြောပြီးသားပဲ…မင်းတို့ နားတွေ မပါကြဘူးလား…ဒါမှမဟုတ် ငါ ဖြတ်ပစ်ပေးရမလား…"


မာရှောင်တင်းက အလယ်တန်းကျောင်းတက်စဉ်ကတည်းက ရင်ဆိုင်ရခက်ခဲသူတစ်ယောက်ဖြစ်သည်။ သူက ကျောင်းလူမိုက်အဆင့်တွင် ရှိသည်။ သူ့တွင် နောက်လိုက်ညီအစ်ကိုများ များစွာရှိပြီး ရန်ဖြစ်လျှင် ပြင်းထန်တတ်သည်။


တီရှပ်အနက်ရောင်နှင့် ကောင်လေးက သူ့ကို အနည်းငယ် ကြောက်နေသော်လည်း သူ့အုပ်စု ဂုဏ်သိက္ခာမကျစေရန် အတွက် နောက်ဆုတ်၍မရပေ။ သူက ရှေ့ကို တိုးပြီး ပြောလိုက်သည်။

"ငါ မင်းကို မေးနေလို့လား…" 


မေးခံရသည့် စုန့်ယွီမူကား ပျော်ရွှင်စွာ ရယ်မောနေသည်။ သူက သူ့ဘောပင်ကို စားပွဲပေါ် ပစ်တင်လိုက်သည်။

"မလဲဘူး… ထွက်သွား…"


သူ၏ လေသံက အလွန်မောက်မာနေသည်။


တီရှပ်အနက်ရောင်နှင့် ကောင်လေးက မှင်သက်သွားပြီး ဘာလုပ်ရမည်ကို ခဏတာ မဆုံးဖြတ်နိုင်ဖြစ်နေခဲ့သည်။ သူ့အကြည့်က ဝမ်စစ်ထံသို့ ရွှေ့သွားခဲ့သည်။

"စစ်ကော"


ဝမ်စစ်၏ မျက်လုံးသေးသေးလေးများက စုန့်ယွီကို စိုက်ကြည့်နေခဲ့သည်။ သူက စုန့်ယွီကို အကြာကြီး စိုက်ကြည့်နေပြီး မည်သည့်အရာအား တွေးနေသည်ကို မသိရပေ။ သို့သော် အဆုံးတွင် အခြားသူများကို မသက်မသာဖြစ်စေမည့် ပုံစံနှင့် ရယ်မောလိုက်ပြီး မည်သည့်စကားမျှ ထပ်မပြောဘဲ သူ့ခုံသို့ ပြန်သွားခဲ့သည်။


သူတို့၏ခေါင်းဆောင် ထွက်သွားသောအခါ ကျန်နေသည့် သုံးလေးယောက်ကလည်း ဆက်မနေတော့ပေ။


တီရှပ်အနက်ရောင်နှင့် ကောင်လေးက ထွက်သွားခါနီးတွင် ကြမ်းတမ်းသော စကားအချို့ကို ပြောခဲ့လေသည်။

"မင်း ငါတို့ရဲ့ စစ်ကောကို ရန်စနေတာပဲ… မင်း တာဝန်ယူနိုင်မလား ကြည့်ရသေးတာပေါ့…"


မာရှောင်တင်းက သူ့စကားများကြောင့် ဒေါသထွက်သွားခဲ့သည်။

 "လာခဲ့စမ်းပါ…ဘယ်သူ မနိုင်လဲ ကြည့်ရသေးတာပေါ့…"


တီရှပ်အနက်ရောင်နှင့် ကောင်လေးက အံကြိတ်လိုက်​သော်လည်း သူ့ကို ဆန့်ကျင်ရန် မရဲပေ။ သူက အသံကို နှိမ့်ပြီး တီးတိုးပြောလိုက်သည်။

"မုန့်မိသားစုရဲ့ ခွေး... မင်း တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ဘာထင်နေတာလဲ…" 


စာသင်ခန်းထဲရှိ လေထုက ခဏတာ အေးစက်နေဆဲဖြစ်ပြီး တစ်ယောက်ယောက်၏ ဖုန်းက ရုတ်တရက် မြည်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ လူတိုင်းက တီးတိုးစကားပြောကြသောအခါ လေထဲက မသက်မသာဖြစ်မှုက တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။


မာရှောင်တင်း ယခုမှ ပိုးတစ်ကောင်ကို စားမိသွားသကဲ့သို့ ရွံရှာနေခဲ့သည်။ 

"သူက ကျင်းမြို့တော်က ဝမ်မိသားစုအကြောင်း ဆက်ပြောနေတုန်းပဲ… အော့… သူ့ကိုယ်သူ ဘာထင်နေတာလဲမသိဘူး..."


ယွီကောက ကျောင်းမှာ တိတ်တိတ်ဆိတ်ဆိတ် စာသင်ချင်ပြီး၊ အေးအေးဆေးဆေး နေချင်လို့သာ မဟုတ်ရင်… သူ့ မိသားစုနောက်ခံကို ထုတ်ပြပြီး ရေတွင်းအောက်ခြေမှာနေနေတဲ့ ဖားတွေကိုတောင် ကြောက်အောင် လုပ်နိုင်တယ်…


သူက စုန့်ယွီကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

"ယွီကော… အဲ့ဒီလူမိုက် ခုနက ကောကို မထိမိလိုက်ဘူးနော်… ဟုတ်တယ်ဟုတ်…"


သူ့စိတ်ထဲတွင် ယွီကောက သူ ထိပင်မထိရဲသော ကြွေရုပ်လေးကဲ့သို့ဖြစ်ပြီး၊ ထိလိုက်သည်နှင့် ကွဲကြေသွားနိုင်သောကြောင့် အကာအကွယ်ပေးရန် လိုအပ်သည်ဟု ထင်နေခဲ့သည်။


စုန့်ယွီက ဤလူအုပ်စုကို ဂရုစိုက်ရန် ပျင်းနေသည်။

"မထိဘူး…"


မာရှောင်တင်းက ဒေါသများနှင့် ပြည့်နေဆဲဖြစ်သည်။

"ငါ အခွင့်အရေးရှာပြီး အဲ့ဒီ ဖိနပ်လျက်တတ်တဲ့ကျန်းရှို့ကို ရိုက်ပစ်မယ်…"


ကျန်းရှို့က တီရှပ်အနက်ရောင်နှင့် ကောင်လေး၏ နာမည်ဖြစ်သည်။


မကြာမီတွင် ဒုတိယ ကိုယ်တိုင်လေ့လာချိန် စတင်ခဲ့သည်။ အိုးလောင်ရှီးနှင့် ရှဲ့ဆွေ့တို့က အတူတကွ အပြင်မှ ဝင်လာကြသည်။


စုန့်ယွီ၏အကြည့်က ရှဲ့ဆွေ့ ပေါ်သာ စူးစိုက်ကြည့်နေခဲ့သည်။ သူက စာသင်ခန်းတံခါးမှ သူ့ဘေးနားသို့ လျှောက်လာသည်ကို ကြည့်နေခဲ့သည်။


သူ့အကြည့်က အလွန်ကို တောက်ပပြီး မျက်စိကျိန်းစရာ ကောင်းသောကြောင့် ရှဲ့ဆွေ့က မမြင်ချင်ယောင်ဆောင်ရန် ခက်ခဲလှသည်။ ရှဲ့ဆွေ့က သူ့ခုံတွင် ထိုင်လိုက်ပြီး သူ၏ ထိုင်ခုံဖော်လေးကို ကြည့်၍ ညင်သာစွာ ပြုံးကာ ပြောလိုက်သည်။

"ဘာလဲ… နောက်ထပ် မေးခွန်းတစ်ခုမှာ ပိတ်မိနေပြန်ပြီလား…" 


စုန့်ယွီက သူ့အကြည့်ကို ရွှေ့လိုက်သည်။ သူက စိတ်အခြေအနေသိပ်မကောင်းသဖြင့် သူ့လေသံက အနည်းငယ် အားနည်းနေခဲ့သည်။

 "မဟုတ်ဘူး၊ ငါ လုပ်နိုင်တယ်…"


ရှဲ့ဆွေ့: "အဲ့ဒါ မှန်တာပေါ့… နောက်ဆုံးတော့ မင်းက အမှတ် ၈၀၀ ရဖို့ နည်းနည်းပဲလိုတဲ့ အနာဂတ်ရဲ့ နံပါတ်တစ်ပဲလေ…"


စုန့်ယွီ: "......"



🌹🌹🌹