🌹Chapter 17
ထိုင်ခုံဖော်
အထက်တန်းပထမနှစ်၊ အတန်း(၁)က ခြောက်လွှာတွင် ရှိသည်။ စုန့်ယွီနှင့် မာရှောင်တင်းတို့ ဝင်သွားသောအခါ စာသင်ခန်းထဲတွင် လူများပြည့်နေပြီဖြစ်သည်။
ဤအတန်းကို <နူးညံ့သောထိန်းချုပ်ခြင်း> ဝတ္ထုထဲတွင် ဖော်ပြစဉ်တွင် လူတိုင်းက သူတို့၏ပညာရေးတွင် အဆင့်ထိပ်ဆုံးရသောသူများ သို့မဟုတ် ချမ်းသာကြွယ်ဝသူများသာ ဖြစ်သည်။
လူအများစုက အလယ်တန်းကျောင်းကတည်းက တစ်ယောက်နှင့်တစ်ယောက် သိနေကြပြီး အတူတူ ထိုင်နေကြသည်ကို တွေ့ရသည်။ မိန်းကလေးများက တောက်ပသော အဝတ်အစားများ ဝတ်ဆင်ထားကြပြီး၊ ယောက်ျားလေးများမူကား နာမည်ကြီး တံဆိပ်အဝတ်အစားများသာ ဝတ်ထားကြသည်။
သူတို့၏ ကိုယ်ဟန်အမူအရာနှင့် အဝတ်အစားများကို ကြည့်ရုံနှင့်ပင် မိသားစုနောက်ခံအဆင့်အတန်းများကို ချက်ချင်း ခွဲခြားသိမြင်နိုင်သည်။
သူတို့၏ အဆင့်အပေါ် အားကိုးသည့် ကျောင်းသားအများစုက ထောင့်နားတွင် အတူတူ ထိုင်နေကြပြီး ကျောင်းမစခင်ကတည်းကပင် စာအုပ်ထူ အထပ်လိုက်ကို သူတို့စားပွဲပေါ်တွင် ပုံထားကြလေသည်။ သူတို့က မျက်မှန်များတပ်ထားပြီး ရိုးရှင်းသော်လည်း သန့်ရှင်းသပ်ရပ်သော အဝတ်အစားများ ဝတ်ထားကြပြီး အနည်းငယ် တောင့်တင်းကာ ကြောက်ရွံ့နေပုံပေါ်၏။ သူတို့၏ပုံစံက ဤသို့ တက်ကြွလန်းဆန်းသည့် ပတ်ဝန်းကျင်နှင့် အနည်းငယ် မကိုက်ညီသကဲ့သို့ ထင်ရသည်။
မာရှောင်တင်းက သူတို့၏ စမ်းသပ်မှုအခြေပြုအလယ်တန်းကျောင်းတွင် အလွန်နာမည်ကြီးသော သူတစ်ယောက်ဖြစ်သည်။ သူက သူ့စိတ်ကြိုက် မည်သည့်နေရာကိုမဆို ဘေးတိုက်လျှောက်သွားတက်သည့် ဖြူငယ်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူ့ကို မှတ်မိသောသူကလည်း များစွာ ရှိလေသည်။
ယခုတွင် သူတို့က သူ(မာရှောင်တင်း)က ရုပ်ရည်ချောမောသည့် ဆယ်ကျော်သက်တစ်ယောက်၏ နောက်တွင် လိုက်နေသည်ကို မြင်သောအခါ စာသင်ခန်းထဲရှိ လေထုက အနည်းငယ် ထူးဆန်းလာခဲ့သည်။
စုန့်ယွီက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သူ့အကြည့်က စာသင်ခန်းနောက်ဘက် ပြတင်းပေါက်ဘေးက ခုံများထံ ရောက်သွားခဲ့သည်။ ရှဲ့ဆွေ့ သူ့ကို ပြောပြထားသည့် စာအုပ်များကို သူ တွေ့လိုက်ရသော်လည်း လူကိုမူကား မတွေ့ရပေ။
စုန့်ယွီက လှမ်းကြည့်လိုက်သည်။
"အဲ့ဒီမှာ ထိုင်ရအောင်..."
"ပြဿနာမရှိဘူး… ယွီကော ပြောသမျှ အကုန်အဆင်ပြေတယ်…"
မာရှောင်တင်းကို သူ့အဖေက မှာထားသောကြောင့် စုန့်ယွီ လိုချင်သည်ကိုသာ လိုက်လုပ်မည်မှာ သေချာသည်။
ထို့အပြင် သူက စုန့်ယွီကို အလွန်သဘောကျသည်။ သူသိသော အခြားသူများထက် ပို၍ အခွင့်အရေးရသည့် ပတ်ဝန်းကျင်တွင် မွေးဖွားကြီးပြင်းခဲ့သော်လည်း ဘာမာနမျှ မရှိပေ။ သူက စာကိုသာ အာရုံစိုက်ပြီး တကယ်ပင် ကြိုးစားသည့် သူဌေးသားလေးတစ်ယောက်ဖြစ်သည်။
ငါ ယွီကောအတွက် ကြိုက်တယ်( Like) ခလုတ်ကို နှိပ်ပေးချင်တယ်…
စာသင်ခန်းထဲတွင် မိန်းကလေးအများအပြား၏ မျက်လုံးများက သူတို့ဘက်သို့ ရောက်သွားပြီးမှ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံကာ မိန်းကလေးအုပ်စု (girl group) ၏ ဖုန်းထဲတွင် စကားပြောနေကြသည်။
[ဒီနေ့ ဘာနေ့လဲ… ကျောင်းစတက်တာနဲ့ မျက်စိပသာဒဖြစ်စရာတွေ အများကြီး ကြုံနေရတာ… ဒုတိယတစ်ယောက် ဖြစ်နေပြီ…]
[အိုးဟိုး၊ ရှေ့တည့်တည့်က လူတွေ ကုတ်စကားနဲ့ မပြောနဲ့... ညီအစ်မတို့၊ ငါ သူနဲ့ ဒိတ်ချင်တယ်…]
[ဘယ်သူ့ကိုလဲ…]
[ဘယ်သူဖြစ်ဖြစ်…ငါ့အတွက် တစ်ယောက်ဆို ရပါတယ်…ပထမတစ်ယောက် ဝင်လာတုန်းက ငါ့ခြေထောက်တွေ ဂျယ်လီလို ဖြစ်သွားမတတ်ပဲ…သူက ငါ့လောင်ကုန်းဖြစ်နိုင်တယ်… ဒုတိယတစ်ယောက် ဝင်လာတာက ငါ့ကို မျက်စိတွေ ကျိန်းသွားစေလောက်အောင် ချောတယ်… သူ့ကို ယောက်ျားလေးသူငယ်ချင်းအဖြစ် ထားတာ ပြဿနာမရှိဘူးလို့ ထင်တယ်… [သွားဖြဲပြ]]
[နင် အဓိပ္ပာယ်မရှိတာတွေ တွေးနေတယ် ထင်တယ်.. နိုးထပါတော့… ဘာပဲဖြစ်ဖြစ် ငါ သူတို့ထဲက တစ်ယောက်ယောက်ကို ရရမယ် [ပြုံးပြီး] ]
[မဟုတ်ဘူး၊ ခဏလေး… နံပါတ် ၂ ကောင်ချောလေးရဲ့ ထိုင်ခုံက နည်းနည်း ထူးဆန်းတယ်…]
[ဝိုး…သူက နံပါတ် ၁ ကောင်ချောလေး ဘေးမှာ ထိုင်နေတာပဲ…]
[ညီအစ်မတို့၊ ငါ့ရဲ့ ဆန္ဒပြည့်ဝသွားပြီ… ဟီးဟီးဟီး… ငါ ယောက်ျားမရရင် တခြားမိန်းကလေးတွေလည်း မရစေရဘူး… ကောင်ချောလေးတစ်ယောက်က
နောက်ထပ်ကောင်ချောလေးတစ်ယောက်နဲ့ပဲ တွဲသင့်တယ်…]
[အမှိုက် ဖူဂျိုရှီ(fujoshi) မ… chat gpထဲက ထွက်သွား…မဟုတ်ရင် ကန်ထုတ်ခံရလိမ့်မယ်… [ဓား][ဓား][ဓား]]
[လက်တွေ့ဘဝက ယောက်ျားတွေက မျက်နှာနှစ်ဖက်ရှိတဲ့သူတွေပဲ… ယွီကောကို ချစ်တဲ့ ငါနဲ့ ပူးပေါင်းပြီး 'နင်က ငါ့ကို အမှိုက်လို့ ပြောနေပေမဲ့ ငါကတော့ နင့်ကို မျက်စိမှိတ်ချစ်နေမယ့်' တစ်ဖက်သတ် အွန်လိုင်းအချစ်ရေးမျိုး ဘာလို့ မလုပ်ချင်ရတာလဲ [လက်ဖြင့်ဆွဲထားသော ခွေးခေါင်းရုပ်] ]
[တစ်ဖက်သတ်လား… နင် ငါ့ကို အမှိုက်လို့ပြောပေမယ့် ငါကတော့ နင့်ကို မျက်စိကန်းစွာ ချစ်မိနေပြီ…ဟားဟားဟားဟားဟား… ဒါ ငါ့ရဲ့ ယွီကောပဲ…]
[ယွီကော: မရဘူး ညီမလေး… ငါ မင်းအကွက်ထဲ ကျဆင်းမှာ မဟုတ်ဘူး…jpg]
*
'အမှိုက်ယောက်ျား ယွီကော' က ယခု ရှဲ့ဆွေ့၏ ခုံထံ လျှောက်သွားနေသည်။ သူက ပြတင်းပေါက်ဘေးနားက နေရာတွင် ဝင်ထိုင်လိုက်သည်။
ယခင်ကျောင်းတက်စဉ်တွင် စာသင်ခန်းအလယ်မှ နောက်ဘက်နံရံဘေးက ခုံများအားလုံးက စာညံ့သူများအတွက် အရေးကြီးသော VIP နေရာများသာဖြစ်သည်။
အတန်းထဲတွင် အိပ်ပြီး ကိုယ်တိုင်လေ့လာချိန်တွင် ဖုန်းကစားသည်များ လုပ်ရန် ဤခုံများက အဆင်ပြေပြီး ကောင်းမွန်သည်။
မာရှောင်တင်းက သူ့နောက်တွင် သဘာဝအတိုင်း ဝင်ထိုင်လိုက်သည်။ သူက ဤကျောင်းပတ်ဝန်းကျင်အသစ်အတွက် သိလိုစိတ်များနှင့် မျှော်လင့်ချက်များ အပြည့်ရှိနေသည်။
သူက မငြိမ်မသက်ဖြစ်ပြီး ပြဿနာရှာချင်စိတ်ပြင်းပြနေသည်။ သူ၏ ထိုင်ခုံဖော်အသစ်ကိုပင် တက်ကြွစွာ နှုတ်ဆက်လိုက်သည်။
"ဟိုင်း…"
ဆံပင်တိုတိုနှင့် မျက်မှန်အမည်းတပ်ထားသော ကောင်လေး: "......"
သေစမ်း…ဒါက ငါတို့ရဲ့ စမ်းသပ်မှုအခြေပြုအလယ်တန်းကျောင်းက ကျောင်းလူမိုက် မဟုတ်ဘူးလား…
ကောင်လေး၏ ရေနွေးဘူးကို ကိုင်ထားသော လက်က တုန်ယင်နေခဲ့သည်။ သူက ငိုချင်သော်လည်း မျက်ရည်မကျခဲ့ပေ။
"ဟဲ-ဟဲလို၊ မာကော…"
မာရှောင်တင်း၏ ရင်ထဲတွင် ပန်းများ ပွင့်လန်းနေခဲ့သည်။ သူက သူ့ထိုင်ခုံဖော်နှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်ချင်စိတ်သာ ရှိနေသည်။
"အဲ့လိုမလုပ်ပါနဲ့…မလုပ်ပါနဲ့… ငါတို့က ညီအစ်ကိုကောင်းတွေပါ… သူစိမ်းတွေလို လုပ်မနေပါနဲ့.. ရှောင်တင်းလို့ပဲ ခေါ်ပါ…"
ဤကောင်လေးက သနားစရာဖြစ်နေသော်လည်း ထုတ်မပြောနိုင်ခဲ့ပေ။
"ဟဲလို၊ မာကော…"
စုန့်ယွီက နေရာဝင်ထိုင်လိုက်သည်နှင့် သူ့စိတ်က ငြိမ်သက်သွားခဲ့သည်။
ယခုချိန် သူ့စိတ်ထဲတွင် ဥက္ကဌစုန့်၏ 'လစဉ်စာမေးပွဲ သဘောတူညီချက်' အကြောင်းသာ အပြည့်ရှိနေသည်။ သူ့ပတ်ဝန်းကျင်က မည်မျှပင် ဆူပူနေပါစေ၊ သူ၏ စာလုပ်လိုစိတ်ကို မနှောင့်ယှက်နိုင်ခဲ့ပေ။ သူက စာမေးပွဲစာရွက်တစ်ရွက်ကို ထုတ်ပြီး ဘောပင်တစ်ချောင်းကို ဆွဲထုတ်ကာ sin, cos, tan, cot ညီအစ်ကိုများနှင့် ဆက်ပြီး တိုက်ခိုက်နေခဲ့သည်။
တစ်ခဏတာတွင် စာသင်ခန်းတစ်ခုလုံး ရုတ်တရက် စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားခဲ့သည်။ အကြောင်းမူကား ကျောင်း၏ ပထမဆုံး ကိုယ်တိုင်လေ့လာချိန်တွင် စာရွက်တစ်ရွက်ကို ရေးရန် ရုန်းကန်နေသည့် ပြတင်းပေါက်ဘေးက ချောမောလှပသည့် ဆယ်ကျော်သက်လေးကြောင့်သာ ဖြစ်သည်။
အလင်းရောင်က သူ့မျက်နှာပေါ်သို့ စီးဆင်းကျနေပြီး မှန်ဘီလူးတစ်ခုကဲ့သို့ပင် ညင်သာသော အလင်းရောင်အဝိုင်း တစ်ခုနှင့် ဖုံးအုပ်ထားသည်။
ရှဲ့ဆွေ့က ရုံးခန်းမှ သူ၏ လက်ရေးစာမူနှင့် ပြန်ရောက်လာသောအခါ သူမြင်လိုက်ရသည်က သူ့ဘေးခုံတွင် ထိုင်နေသည့် စုန့်ယွီ၏ မျက်နှာတစ်ခြမ်းနှင့် သူက တိတ်ဆိတ်စွာ အိမ်စာလုပ်နေခြင်းဖြစ်သည်။
မျက်တောင်ရှည်များက အောက်သို့ ဝဲကျနေပြီး သူ့အသားအရည်က တောက်ပဖြူဖွေးနေသည်။ သူက ဘောပင်တစ်ချောင်းကို ကိုင်ရင်း အတွေးထဲ နစ်ဝင်နေခဲ့သည်။
အလွန်ကို ယဉ်ကျေးသိမ်မွေ့သည့် ပုံစံကြောင့် လူများ၏ စိတ်ထဲတွင် ယားယံလာစေသည်။
ရှဲ့ဆွေ့၏ မျက်လုံးနက်များက ခဏတာ ရပ်တန့်သွားခဲ့သည်။ သူ ကျင်းမြို့တော်တွင် ဆက်နေပြီး အထက်တန်းကျောင်းသား ဖြစ်ရန် ရွေးချယ်ခဲ့ခြင်းက တစ်နည်းအားဖြင့် ပြောရလျှင် စုန့်ယွီ၏ တည်ရှိမှုက သူ၏ အကြောင်းပြချက် တစ်ဝက်ကျော်ကို ဖြည့်ဆည်းပေးခဲ့သည်။
သူ့ခြေထောက်ရှည်များက ရှေ့ကို တိုးသွားပြီး စာရွက်ကို စားပွဲပေါ်တင်လိုက်သည်။
ပတ်ဝန်းကျင်တွင် လှုပ်ရှားမှုတစ်ခုကို ခံစားမိသောအခါ စုန့်ယွီက မော့ကြည့်ပြီး ပြောလိုက်သည်။
"နောက်ဆုံးတော့ မင်း ပြန်လာပြီပဲ…"
ရှဲ့ဆွေ့က သူ့လက်ချောင်းများကို စားပွဲပေါ်သို့ ဖိထားပြီး ညင်သာစွာ ပြုံးလိုက်သည်။
"အင်း…"
စုန့်ယွီက သူ့လက်ထဲရှိ စာမေးပွဲစာရွက်ကို ပေးလိုက်ပြီး ပြောလိုက်သည်။
"မြန်မြန်… ဘာလို့ ထောင့်က ၁၃၅ ဒီဂရီ ဖြစ်ရတာလဲဆိုတာ ငါ့ကိုပြောပြ…"
ရှဲ့ဆွေ့: "......"
ဤသို့နှင့် ရှဲ့ဆွေ့က ထိုင်လိုက်သည်နှင့် စုန့်ယွီ၏ အထက်တန်း ထောင့်ခံ function လောကထဲကို ဆွဲခေါ်ခံလိုက်ရသည်။
ဤသည်က သူ၏ ယခင်ဘဝ၌ နာမည်ကြီး တက္ကသိုလ်မှ ဘွဲ့ရပြီးသည်နှင့် ရှဲ့မိသားစု၏ စီးပွားရေးကို တိုက်ရိုက် ပြန်လည်တာဝန်ယူခဲ့ရသည့် ဝတ္ထုထဲမှ သခင်လေးအတွက် တကယ်ပင် ထူးခြားသော အတွေ့အကြုံတစ်ခုပင်ဖြစ်သည်။
စုန့်ယွီက စိတ်အားထက်သန်စွာ ကြည့်နေစဉ်တွင် သူက တိတ်ဆိတ်စွာ ဘောပင်ကို ကောက်ကိုင်လိုက်သည်။ ခဏမျှ စဉ်းစားပြီးမှ နက်နဲသော ရယ်သံဖြင့် တစ်ချက်ရယ်လိုက်သည်။
"စုန့်ယွီ… ငါ ဒီလိုလူတွေနဲ့ စကားမပြောတာ အကြာကြီးရှိပြီ…"
ဒါမှမဟုတ် တစ်နည်းအားဖြင့် ပြောရရင် ငါ ဒီလိုမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး…
စုန့်ယွီက စိတ်ထဲမှ တွေးလိုက်သည်။
ငါ နားလည်တယ်….မင်းရဲ့ ဆိုးရွားတဲ့အတိတ်အကြောင်း အားလုံးကို ငါသိတယ်… ဒါပေမဲ့ အခုအရေးကြီးတာက ဘာလို့ ဒီထောင့်က ၁၃၅ ဒီဂရီ ဖြစ်နေရတာလဲလို့…
"မင်း ငါ့ရဲ့ တွက်နည်းကို အရင်ကြည့်ပါဦး… ငါ ဘယ်လိုတွက်တွက် ၄၅ ဒီဂရီပဲ ဖြစ်နေတယ်…"
သူ မှီလိုက်သည်နှင့် ခပ်သင်းသင်းရနံ့လေးတစ်ခု ပါလာခဲ့သည်။ ခေါင်းလျှော်ရည်ကဲ့သို့ လတ်ဆတ်ပြီး သန့်ရှင်းသည်။
ရှဲ့ဆွေ့က ဘောပင်ကို ယူပြီး ခဏရပ်လိုက်သည်။
သူက စာသင်ကြားသည့် အတွေ့အကြုံမရှိဘဲ စုန့်ယွီကို ညှိနှိုင်းရေးစကားဝိုင်းပေါ်က ပြိုင်ဘက်တစ်ဦးအဖြစ်သာ သဘောထားနိုင်ခဲ့သည်။
စုန့်ယွီ၏ သင်္ချာဖြေရှင်းနည်းများကို ကြည့်ပြီးနောက် သူ ခံစားလိုက်ရသည်က––
ဒီပြိုင်ဘက်က အရင်က ဘယ်သူ့ထက်မဆို ပိုပြီး လိမ္မာပါးနပ်တာပဲ 🙂
"ဒါက မင်း ကိုယ့်ဘာသာကိုယ် ရှာတွေ့တဲ့ ဖော်မြူလာလား…"
"ဒီစိတ်ကူးက တကယ်ကို အံ့ဩစရာပဲ… ပုံမှန်လူတွေက ဒီလိုမျိုး တွေးဖို့ မရဲလောက်ဘူး…"
"မင်း တကယ်ပဲ အလယ်တန်းကျောင်း တက်ခဲ့လား…"
ဆယ်ကျော်သက်လေး၏ အသံက အေးစက်စက်နှင့် သူ့စကားလုံးများက ဂရုမစိုက်သောကြောင့် စုန့်ယွီ၏ နှလုံးသားထဲကို မြှားများကဲ့သို့ ထိုးစိုက်ဝင်သွားလေသည်။
စုန့်ယွီ: "......"
သေစမ်း…
ဒါ အရင်က လင်းရွှေမှာ ငါတွေ့ခဲ့တဲ့ ယဉ်ကျေးသိမ်မွေ့ပြီး ရှက်တတ်တဲ့ ဆယ်ကျော်သက်လေး မဟုတ်တော့ဘူးပဲ…
ရှဲ့ဆွေ့က စုန့်ယွီ၏ သိသိသာသာ ဝမ်းနည်းပြီး မှေးစင်းကျနေသည့် မျက်လုံးငယ်လေးများနှင့် အမူအရာကို ကြည့်လိုက်သောအခါ ခဏတာ မှင်သက်သွားခဲ့သည်။ သူက သူ့အသံကို ချိန်ညှိပြီး ပြောလိုက်သည်။
"ဒါပေမဲ့၊ ဒါက ဘာမှ အရေးမကြီးပါဘူး…"
စုန့်ယွီက နားစွင့်လိုက်သည်။ သူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက သေရာမှ ပြန်လည်ရှင်သန်လာခဲ့သည်။
ရှဲ့ဆွေ့က ပြောလိုက်သည်။
"အနည်းဆုံးတော့၊ မင်း ဒီမေးခွန်းကို ဖြေရှင်းတဲ့ လုပ်ငန်းစဉ်အတွင်းမှာ မြှုပ်ထားတဲ့ ထောင်ချောက်တွေ အားလုံးကို နင်းမိအောင် လုပ်နိုင်ခဲ့တယ်… ဒါက အရမ်းရှားပါးတယ်…"
စုန့်ယွီက သည်းခံရန် ကြိုးစားခဲ့သော်လည်း အဆုံးတွင် မထိန်းနိုင်တော့ပေ။ သူက စားပွဲပေါ်ကို လက်နှင့်ဖိပြီး အရည်အချင်းမရှိသည့် စာညံ့သူတစ်ယောက်၏ ဒေါသက ပေါက်ကွဲထွက်လာလေသည်။
"ငါ့ကို ဘာလို့ ၁၃၅ ဒီဂရီ ဖြစ်ရတာလဲဆိုတာပဲ ပြောပေးပါ…မင်း ဘာလို့ အဓိကအချက်ကိုပဲ မပြောနိုင်ရတာလဲ…"
ရှဲ့ဆွေ့၏ နှုတ်ခမ်းထောင့်လေးက ကွေးညွှတ်သွားပြီး သူ၏ ဆိုးညစ်သော ဟာသဉာဏ်ကို ဘေးဖယ်ထားလိုက်သည်။ သူ ဘောပင်ကို သုံးပြီး စာမေးပွဲစာရွက်ပေါ်တွင် ဖော်မြူလာ သုံးကြောင်း ရေးခြစ်လိုက်သည်။
"ဒီလို၊ ၁၃၅ ဒီဂရီ…"
စုန့်ယွီ၏ စာညံ့သူဒေါသများက သူ့ထံမှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ သူ စာမေးပွဲစာရွက်ကို တိတ်တဆိတ် ပြန်ယူပြီး ဂဏန်းများကို ထည့်သွင်းကာ စတင်တွက်ချက်တော့သည်။
တစ်ချိန်တည်းမှာပင် သူတို့နောက်တွင် ထိုင်နေသော မာရှောင်တင်းနှင့် ရှီးပေါ်ဝမ်တို့က မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားနှင့် ဤမြင်ကွင်းကို ကြည့်နေကြလေသည်။
အလယ်တန်းကျောင်းက ကျောင်းလူမိုက်ဟောင်းနှင့် စကားအနည်းငယ်ပြောပြီးနောက် ရှီးပေါ်ဝမ်က ယခင်ကဲ့သို့ တောင့်တင်းမနေတော့ပေ။ သူက မေးသည်။
"မင်းရဲ့ ယွီကောက အဲ့လောက်တောင် စာကြိုးစားတာလား…"
မာရှောင်တင်းက ရှဲ့ဆွေ့နှင့် စုန့်ယွီတို့ကြားရှိ လေထုကြောင့် အံ့အားသင့်သွားသော်လည်း စုန့်ယွီ၏ စာကြိုးစားမှုက သူ့အတွက် မထူးဆန်းနေပေ။ သူက တီးတိုး ပြောလိုက်သည်။
"ဟုတ်တာပေါ့… ယွီကောက ကျင်းမြို့ကိုရောက်တာနဲ့ စာအုပ်တွေ ဝယ်ဖို့ အရင်ဆုံး သွားတဲ့လူပဲ…"
ရှီးပေါ်ဝမ်၏ မျက်လုံးများက တောက်ပနေသည်။
"ဝိုး…ယွီကောက မြို့တော် A မှာ စာတော်တဲ့ နတ်ဘုရား ဖြစ်ရမယ်…"
စုန့်ယွီက အဆုံးတွင် ၁၃၅ ဒီဂရီကို တွက်ထုတ်နိုင်ခဲ့ပြီး စိတ်ကျေနပ်မှု ရသွားခဲ့သည်။
သူ့စိတ်ခံစားချက်က ပိုကောင်းလာပြီး သူ့နောက်က လူနှစ်ယောက်က သူ့အကြောင်း ပြောနေကြသည်ကို ကြားသောအခါ ဘောပင်ကို လှည့်ပြီး နောက်လှည့်ကာ ညင်သာစွာ ပြောလိုက်သည်။
"ငါ့အကြောင်း ဘာတွေပြောနေကြတာလဲ…"
မာရှောင်တင်းက သူ၏ ထိုင်ခုံဖော်ကို ချက်ချင်း ရောင်းစားလိုက်သည်။
"သူက ကောက မြို့တော် A မှာ စာတော်တဲ့ နတ်ဘုရားဖြစ်ရမယ်လို့ ပြောနေတာ…"
စုန့်ယွီ၏ နှုတ်ခမ်းထောင့်လေးက အောက်သို့ ကွေးညွှတ်သွားသည်။
ငါက အမှတ် ၃၅၀ ပဲ ရခဲ့တဲ့ စာတော်တဲ့ နတ်ဘုရားလေ….ဒီဘွဲ့ကို လက်ခံဖို့ တကယ်ပဲ ရှက်မိပါတယ်…
သို့သော် သူက ဤကလေးလေး ရှီးပေါ်ဝမ်၏ တောက်ပနေပြီး အားကျနေသည့် မျက်လုံးများနှင့် ရင်ဆိုင်နေရသည်။
စုန့်ယွီက စိတ်ထဲမှ ‘ကျွတ်’ ဟု လုပ်လိုက်သည်။
ယွီကောက မျက်နှာပျက်ခံရတာထက် သေရတာကို ပိုကြိုက်တဲ့ သူလေ…
ထို့ကြောင့် သူက ဤသို့ ပြန်ဖြေခဲ့သည်။
"သိပ်တော့ မဟုတ်ပါဘူး… အထက်တန်းဝင်တန်းစာမေးပွဲမှာ အမှတ် ၈၀၀ မရခဲ့လို့ စာတော်တဲ့ နတ်ဘုရားလို့တော့ တကယ်တမ်း မသတ်မှတ်နိုင်ဘူး…"
မာရှောင်တင်း: "ဝိုးးးးး"
ရှီးပေါ်ဝမ်: "ဝိုးးးးးး"
ရှဲ့ဆွေ့၏ နှုတ်ခမ်များက အပြုံးတစ်ဝက်နှင့် ကွေးညွှတ်သွားခဲ့သည်။
အမှတ် ၈၀၀ မရခဲ့ဘူးတဲ့…
ယွီယွီ၊ မင်း ဝင်ခွင့်စာမေးပွဲမှာ အမှတ် ၄၀၀ တောင် ရခဲ့လို့လား…
ရှီးပေါ်ဝမ်၏ အလယ်တန်းကျောင်းတက်စဉ်က နာမည်ပြောင်မှာ 'စာကြိုးစားသောသူ' ဖြစ်သည်။ သူက စာတော်သောသူများကို သဘာဝအတိုင်းပင် အားကျတတ်ပြီး ရှက်ရွံ့စွာနှင့် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
"မြို့တော် A မှာ အမှတ်အပြည့်က ၈၅၀ လေ… ငါတို့နဲ့ အတူတူပဲ…ယွီကော မင်းက အရမ်းအံ့ဩစရာကောင်းတာပဲ… ဘယ်လောက် လိုခဲ့တာလဲ… ၇၈၀ ရခဲ့တာလား…"
စုန့်ယွီက ချောင်းဟန့်လိုက်သည်။
"အဲ့ဒီထက် နည်းနည်း ပိုဆိုးတယ်… ထပ်မပြောတော့ပါနဲ့… အဲ့ဒါတွေက ပျော်စရာမကောင်းတဲ့ ကိစ္စတွေချည်းပဲ…"
မာရှောင်တင်းသည်လည်း စိတ်ဓာတ်တက်ကြွနေခဲ့သည်။
"ယွီကော… ခုနစ်ရာကျော်နဲ့ ဘယ်လောက်လဲ…"
စုန့်ယွီ: “ပျော်စရာမကောင်းတဲ့ ကိစ္စတွေပဲ… ပြောချင်စိတ်မရှိဘူး…”
အမှတ် ၈၀၀ ထက် ပိုဆိုးတယ်…
မမေးနဲ့… မေးရင် နည်းနည်းလေးပဲ လိုခဲ့တာလို့ ပြောမှာ…
အမှတ် ၄၀၀ လိုတာလည်း 'နည်းနည်းလေး' ပဲလေ…
ရှီးပေါ်ဝမ်က စိတ်မပျော်မရွှင်နှင့် သက်ပြင်းချလိုက်သော်လည်း စာတော်သည့် နတ်ဘုရားတစ်ပါး၏ အတွင်းစိတ်ဝမ်းနည်းမှုအဖြစ်သာ သဘောထားလိုက်သည်။ သူ ခေါင်းကို လက်နှင့်ထောက်ပြီး မေးလိုက်သည်။
"ယွီကော မင်းက မြို့ထဲမှာ ထိပ်ဆုံး ၁၀ ယောက်ထဲ ဝင်ဖို့အတွက် ကျင်းမြို့ကို ရုတ်တရက် ရောက်လာခဲ့တာလား…"
စုန့်ယွီက ယခု စာတော်သော နတ်ဘုရားအဖြစ် ဟန်ဆောင်ရသည်ကို စွဲလမ်းနေပြီဖြစ်သည်။ သူ နောက်မှီပြီး ပြုံးကာ ဘောပင်ကို လှည့်ရင်းပြောလိုက်သည်။
"ထိပ်ဆုံးဆယ်ယောက်တင်မကဘူး…ငါက ပထမဖြစ်ချင်တာ…"
တစ်ဖန် ရှီးပေါ်ဝမ်: "ဝိုးးးးး"
မာရှောင်တင်းက သူတို့၏ သခင်လေးကို အလွန်ယုံကြည်သော်လည်း ဤမြင်ကွင်းက အလွန် ရှက်စရာကောင်းသည်ဟု သူ ခံစားနေရဆဲပင်။ သူက စုန့်ယွီ၏ အင်္ကျီလက်ကို ဆွဲပြီး တိုးတိုးလေး ပြောလိုက်သည်။
"ယွီကော… အဲ့လောက် အကျယ်ကြီး မပြောပါနဲ့… မြို့ရဲ့ ပထမနေရာက ကောရဲ့ဘေးမှာ ရှိနေတယ်…"
စုန့်ယွီက ‘ရှူး’ ဟူသော အသံကိုပြုလိုက်ပြီး သူ့ဘောပင်ကို ပြန်ယူကာ ရှဲ့ဆွေ့ဘက်သို့ လှည့်ပြီး ပြောသည်။
"ငါ မြို့ရဲ့ ပထမနေရာ ဖြစ်ချင်တယ်…"
ရှဲ့ဆွေ့၏ မက်မွန်ပွင့်မျက်လုံးများက ကွေးညွှတ်သွားခဲ့သည်။ သူက ညင်သာပြီး လှပနေခဲ့သည်။
"ကောင်းပြီ…"
စုန့်ယွီ: "ငါ မင်းကို ကျော်တက်တော့မယ်…မင်းကြောက်လား…"
ရှဲ့ဆွေ့က အလိုအလျောက် လိုက်လျောညီထွေဖြစ်အောင် ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည်။
"ကြောက်တယ်…"
ရှီးပေါ်ဝမ်က သူ့ရှေ့တွင် ထိုင်နေသည့် အထက်တန်းဝင်ခွင့် စာမေးပွဲတွင် မြို့၏ ပထမနေရာ ရရှိခဲ့သည့် ကျောင်းသားကို တွေ့လိုက်ရသဖြင့် အံ့ဩတုန်လှုပ်မှုမှ မလွန်မြောက်နိုင်သေးမီတွင် စုန့်ယွီ၏ အစွမ်းပြမှုကြောင့် ထပ်မံ အံ့ဩသွားခဲ့သည်။
မာရှောင်တင်းလည်း ထိုနည်းတူစွာပင်: "......"
သခင်လေး… မင်း နည်းနည်းတော့ မဆင်မခြင် ဖြစ်နေပြီလားလို့…
သူတို့နှစ်ယောက်စလုံးက တုန်လှုပ်ပြီး ပြောစရာစကားမဲ့သွားခဲ့ကြသည်။
စုန့်ယွီက အလွန်တည်ငြိမ်ပြီး အေးဆေးနေဆဲပင်ဖြစ်သည်။
"တွေ့လား…ငါ ကြိုးစားမယ်လို့ ပြောလိုက်တာနဲ့ မြို့ရဲ့ နံပါတ်တစ်ကတောင် ကြောက်သွားပြီ.. မင်းတို့ရော…"
"......"
မာရှောင်တင်းနဲ့ ရှီးပေါ်ဝမ်တို့က ဘာပြောနိုင်တော့မှာလဲ…
"ကြောက်တယ်... ကြောက်တယ်..."
ဒီဘိုးဘေးလေး ပျော်နေသရွေ့ အရာအားလုံး အဆင်ပြေပါတယ်…
အဲ့ဒါအပြင် ငါက ဘာလို့ ငါ့ရဲ့ ယွီကောနဲ့ ရှဲ့ဆွေ့တို့ရဲ့ အပြန်အလှန်ဆက်ဆံရေးတွေက ထူးဆန်းနေတယ်လို့ အမြဲခံစားနေရတာလဲ…ငါတို့က ခေါင်းစဉ်တစ်ခုအကြောင်းကိုပဲ ပြောနေတာ… ဒါပေမဲ့ သူတို့ ချစ်ကြိုက်နေသလိုပဲ…
ငါ့ရဲ့ အပြစ်ကင်းတဲ့ ယောက်ျားအစစ်ရဲ့ အတွေးလုပ်ငန်းစဉ်တွေက ညစ်ပတ်သွားတာလား…
*****
စာရေးသူ၏ အတွေးများ:
{မဟုတ်ဘူး မာရှောင်တင်း… မင်း အတွေးလွန်နေတာ မဟုတ်ပါဘူး…}
{နောက်တစ်ခါ စာမေးပွဲကျရင် အမှတ် ၉၀ ကနေ နည်းနည်းလျော့တယ်" လို့ပဲ ပြောလိုက်မယ်… သူတို့က ဘယ်လောက်လျော့တယ်ဆိုတာ သိမှာမဟုတ်ဘူး... ယွီကောဆီကနေ သင်ယူကြ...}
{သူ့ရဲ့ ကီးဘုတ်စွမ်းရည်တွေက အစွမ်းထက်သလို သူ့ရဲ့ စကားလုံးတွေကလည်း ထိုနည်းတူစွာပဲ...}
🌹🌹🌹