Ch 14
Viewers 5k

🌹Chapter 14

Lagrange ရဲ့ ပျမ်းမျှတန်ဖိုး သီအိုရမ်



ရဲစခန်း၏ ဆက်သွယ်ရေးခန်းတွင်


ရဲအရာရှိနှင့် စုန့်ယွီတို့က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။


ရဲအရာရှိက ဘောပင်ကို ကိုင်ထားပြီး အပြုံးမမည်သော အပြုံးတစ်ခု ပြုံးလိုက်သည်။

 "ဘာလို့ မင်းပဲ ဖြစ်နေရတာလဲ…"


စုန့်ယွီက အချိန်ယူပြီး ပြန်ဖြေလိုက်သည်။

 "ကျွန်တော်ရဲ့ တာဝန်ယူချင်စိတ်က ပြင်းထန်ပြီးတော့ မတရားတာတွေ ကြုံလာရင် ရဲကို ဖုန်းဆက်တတ်လို့ ဖြစ်နိုင်တယ်…"


ရဲအရာရှိက သဘောကျစွာနှင့် ရယ်မောလိုက်သည်။

"အဲ့လို ဆိုလိုချင်တာမဟုတ်ဘူး… ငါ မေးတာက ဘာလို့ မင်းက အမြဲတမ်း အရိုက်ခံနေရတာလဲလို့…"


စုန့်ယွီ: "......"


ဘေးနားမှ ရှဲ့ဆွေ့က ကျယ်လောင်စွာ ရယ်မောလိုက်သည်။


ဂိုဏ်းသားများက သူတို့ထက်ပင် ဒဏ်ရာပိုရရှိခဲ့သော်လည်း ဆံပင်နီနှင့် သူ့အဖွဲ့က ရဲစခန်းတွင် မှတ်တမ်းရှိပြီး ယခင်က ရာဇဝတ်မှုများ မရေမတွက်နိုင်အောင် ကျူးလွန်ခဲ့ကြသူများ ဖြစ်သည်။ ရဲများက သူတို့၏ တိုက်ခိုက်မှုများကို ကိုယ်တိုင်ကာကွယ်မှုအဖြစ် သတ်မှတ်ပြီး၊ သူတို့၏ ထွက်ဆိုချက်များကိုယူကာ ပြန်လွှတ်ပေးလိုက်သည်။ မူလတွင် သူတို့မိဘများကို ဆက်သွယ်ရန် ရည်ရွယ်ခဲ့သော်လည်း စုန့်ယွီက ရှဲ့ဆွေ့၏ မိသားစုအခြေအနေကို သူတို့အား ရှေ့နေအဖြစ် ပြောပြခဲ့သည်။ သူ့စကားများက ယုတ္တိရှိသောကြောင့် ရဲများအား ဤလုပ်ငန်းစဉ်ကို ကျော်သွားအောင် ဆွဲဆောင်နိုင်ခဲ့သည်။


ရဲစခန်းက ယခင်က ရဲစခန်းပင်ဖြစ်ပြီး၊ ထို့နောက် အတူတူပင်ဖြစ်သော ဆေးခန်းငယ်လေးသို့ သွားရောက်ခဲ့ကြသည်။


လင်းထိန်နေသော ဆေးခန်းထဲတွင် လူအနည်းငယ်သာ ရှိသည်။


ဆေးခန်းထဲမှ ဆရာဝန်အမျိုးသားက သူတို့ကို မှတ်မိနေဆဲပင်ဖြစ်သည်။


ဆရာဝန်: "အရင်တစ်ခါက ခြေထောက်ဒဏ်ရာ၊ ဒီတစ်ခါတော့ လက်ဒဏ်ရာ… မင်းတို့ တကယ့်ဓားတွေနဲ့တောင် တိုက်ခိုက်နေသေးတယ်… လူငယ်လေး၊ မင်း တော်တော်လေး ဆိုးသွမ်းတာပဲ…"


ရှဲ့ဆွေ့က ကုလားထိုင်တွင် ထိုင်နေပြီး သူ့မျက်လုံးများက အနည်းငယ် ကွေးညွှတ်သွားကာ ကျိုးနွံစွာနှင့် ပြုံးရင်း ပြောလိုက်သည်။

 "ဒီလိုပါပဲ…"


ဆရာဝန်က ဤစကားကြောင့် ဒေါသထွက်လွန်း၍ သူ စာရေးနေသည့် ဘောပင်ကိုပင် ချိုးမိတော့မတတ် ဖြစ်သွားခဲ့သည်။

 "မင်း ဆိုးတယ်လို့ ငါ ပြောတာကို ဂုဏ်ယူနေတာလား… မင်း အပြင်မှာ ပြဿနာရှာနေတုန်း၊ မင်းမိသားစုက မင်းအတွက် စိတ်ပူနေတာကို စဉ်းစားမိရဲ့လား…ဒီလို အသက်ငယ်နေတုန်းမှာ ကောင်းကောင်းပြုမူပြီး စာလေ့လာသင့်တယ်… ဘာလို့ အလုပ်အကိုင်မရှိတဲ့ လူမိုက်လူငယ်အုပ်စုကို လိုက်နေဖို့ပဲ ဇွတ်တိုးနေရတာလဲ… တစ်ခုခုဖြစ်ရင် စိတ်ထိခိုက်ရမှာက မင်းမိဘတွေပဲ…"


စုန့်ယွီက သူ့ပူရှိန်းသကြားလုံးများကို စုပ်ရင်း ရှဲ့ဆွေ့ အတွက် ဝင်ပြောပေးလိုက်သည်။

"ဦးလေး… ဦးလေး သူ့ကို နားလည်မှုလွဲနေတာပါ… ဦးလေး အပေါ်ယံကိုပဲ ကြည့်လို့ မရဘူး…"


ဆရာဝန်က သူ့ထံ မျက်လုံးလှန်ကြည့်လာခဲ့သည်။ 

"ငါ မင်းကိုတောင် မပြောရသေးဘူး…မင်းက သူ့သူငယ်ချင်း မဟုတ်ဘူးလား… ဒါဆို သူ ရန်ဖြစ်နေတာကို ဘေးကနေပဲ ကြည့်နေတာလား….မတားဘူးလား…"


စုန့်ယွီက လည်ချောင်းနင် သွားခဲ့သည်။ သူ့မျက်နှာပေါ်တွင် ရှက်ရွံ့မှုအရိပ်အယောင်လေးများ ရှိနေရင်း ခေါင်းကုတ်လိုက်သည်။

"ကျွန်တော်တို့ ပြောနေတာ ကိစ္စတစ်ခုတည်းမဟုတ်ဘူးထင်တယ်…"


ဆရာဝန်က ဆေးများကို အိတ်ထဲ ထည့်ပြီး လှောင်ပြောင်လိုက်သည်။

 "ကောင်းပြီ… ဒါဆို အပေါ်ယံကို မကြည့်တော့ဘူး… မင်းဒဏ်ရာတွေက ဂြိုဟ်သားတွေနဲ့ တိုက်လို့ ရတာလား… ဂြိုဟ်သားတွေကလည်း ဒီလို ကမ္ဘာမြေဆန်တဲ့၊ အေးစက်တဲ့ သံမဏိလက်နက်တွေ သုံးသလား…"


စုန့်ယွီ: "......"


နံရံပေါ်မှ ရုပ်မြင်သံကြားက Degas Altman (ဒက်ဂပ်စ် အာလ်ထရမင်း) ကို ပြသနေဆဲပင်ဖြစ်သည်။ ဆရာဝန်၏ နှစ်နှစ်သားအရွယ်သားလေးက သူတို့စကားကို ကြားပြီး လက်ခုပ်တီးရင်း ခေါင်းလှည့်ကြည့်လိုက်သည်။ သူ၏ ကြီးမားပြီး ကြည်လင်နေသည့် မျက်လုံးများက ပျော်ရွှင်စွာ ကွေးညွှတ်နေပြီး ကလေးတစ်ယောက်ကဲ့သို့ ပြုံးရယ်နေခဲ့သည်။

"ဂြိုဟ်သားတွေ…"


ရှဲ့ဆွေ့က ဆေးဖိုးရှင်းပြီး ဆေးများကို ယူလိုက်သည်။

 "ကျေးဇူးတင်ပါတယ်…"


ဆရာဝန်က သံကို သံမဏိမဖြစ်သောကြောင့် မုန်းတီးနေသကဲ့သို့ ပြောသည်။

"အနာဂတ်မှာ ငါ့သား ကြီးလာလို့ မင်းလိုပဲ တစ်နေ့လုံး ဒဏ်ရာရနေမယ်ဆိုရင် သူ့ခြေထောက်ကို အရင်ချိုးပစ်မယ်…"


စုန့်ယွီက သကြားလုံးကို ဝါးရင်း ညည်းညူလိုက်သည်။

"ဦးလေး၊ ကျွန်တော် ပြောပြီးပြီလေ…အပေါ်ယံကိုပဲ မကြည့်ပါနဲ့လို့… ဦးလေး ဘာဖြစ်နေတာလဲ…ကျွန်တော့်သူငယ်ချင်းက အနိုင်ကျင့်တဲ့သူတွေကို ရှင်းရင်းနဲ့ ဒဏ်ရာရခဲ့တာ… သူက လူတစ်ရာကို သူ တစ်ယောက်တည်း ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့တာ… လမ်းပေါ်က ရမ်းကားတဲ့သူတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့တာ… လျန်ယွင်လမ်းတစ်လျှောက်က အလယ်တန်းကျောင်းသားတွေအားလုံးရဲ့ ပုဂ္ဂိုလ်ရေးနဲ့ ပစ္စည်းဥစ္စာ လုံခြုံရေးကို ကာကွယ်ပေးခဲ့တာ… ဒီဒဏ်ရာတွေက သူရဲကောင်းတစ်ယောက်ရဲ့ အမာရွတ်တွေပဲ…"


ဆရာဝန်: "......"


ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် ကလေးက သွားရည်များ ကျနေပြီး လက်ခုပ်ပြန်တီးရင်း ပြောသည်။

"သူရဲကောင်း…" 


စုန့်ယွီက သဘောကျစွာနှင့် ပြောလိုက်သည်။

"အာ၊ ဒီကလေးလေးက အရမ်းဉာဏ်ကောင်းတာပဲ…ထပ်ပြောပါဦး…"


ချီးကျူးခံလိုက်ရသည့် ကလေးက ချိုမြိန်စွာ ရယ်မောပြီး ကလေးအသံလေးနှင့် ပြောသည်။

"ကောကောက သူရဲကောင်း…." 


ဆရာဝန်က သူ၏ သားကို လမ်းမှားသို့ဆွဲခေါ်နေသည်ကို မြင်သောအခါ အလွန်ဒေါသထွက်သောကြောင့် ငှက်မွေးဖုန်သုတ်တံနှင့် သူတို့ကို မောင်းထုတ်လိုက်သည်။

"သွား၊ သွား၊ သွား…လမ်းပေါ်က ရမ်းကားတဲ့သူတွေကို ရဲရဲဝံ့ဝံ့ သွားတိုက်ခိုက်ကြ… ငါ ထင်တာတော့ မင်းတို့က လျန်ယွင်လမ်းရဲ့ အကြီးဆုံးလူမိုက်တွေပဲကွ…"


"အဟားဟားဟား---"


လမ်းမပေါ်က လူမိုက်အဖြစ် ရာထူးတိုးမြှင့်ခံရသည့် စုန့်ယွီက ရှဲ့ဆွေ့ကို သူ့နှင့်အတူ ဆွဲခေါ်သွားရင်း ရယ်မော၍ မဆုံးနိုင်ခဲ့ပေ။


ဆေးခန်းအပြင်ဘက်ရှိ လမ်းမီးတိုင်ပတ်လည်တွင် ပိုးဖလံအနည်းငယ် စုဝေးနေကြသည်။ ဤတိတ်ဆိတ်သော နွေညတွင် ချုံပုတ်များထံမှ ပိုးကောင်များက တိုးတိုးလေး အသံပေးနေကြသည်။


ယခုက အလွန်ပင် ညဥ့်နက်နေပြီဖြစ်သည်။  စုန့်ယွီက လမ်းမီးတိုင်အောက်တွင် ရပ်ပြီး ဦးလေးမာကို ယခင်ကဲ့သို့ ဤနေရာကို လာကြိုခိုင်းရန် ဖုန်းခေါ်လိုက်သည်။


ဖုန်းချပြီးနောက် စုန့်ယွီက ရှဲ့ဆွေ့ဘက်သို့ လှည့်ပြီး ပြောခဲ့သည်။

"နောက်ကျရင် ငါ ဒီကို ခဏခဏ မလာတော့ဘူး… နွေရာသီကျောင်းပိတ်ရက်ပြီးရင် ကျောင်းမှာ တွေ့ကြတာပေါ့…"


အဲ့ဒီဂိုဏ်းသားတွေက ရာဇဝတ်မှုမှတ်တမ်းရှိတယ်… ဒီတစ်ခါတော့ သူတို့ စခန်းမှာ ရက်အများကြီး နေရလိမ့်မယ်ထင်တယ်… ဒါဆိုရင် ဇူလိုင်နဲ့ သြဂုတ်လမှာ ရှဲ့ဆွေ့ ဘေးကင်းလိမ့်မယ်…


ဒီနွေရာသီကျောင်းပိတ်ရက်အတွင်း ရှဲ့ဆွေ့ ကြုံတွေ့ရမယ့် အန္တရာယ်အရှိဆုံး ကိစ္စကို ငါ ဖြေရှင်းပြီးသွားပြီ….


စုန့်ယွီက ဤနေရာကို ထပ်ပြီး လာစရာမလိုတော့ဟု ခံစားမိသည်။


ရှဲ့ဆွေ့၏နှာခေါင်းက ပူရှိန်းရနံ့ကို ယခုအချိန်ထိ ရှူမိနေဆဲပင်ဖြစ်သည်။


စုန့်ယွီက ပူရှိန်းကို မည်မျှပင်ကြိုက်သည်ကို သူ မတွေးဘဲ မနေနိုင်ခဲ့ပေ။


သူ့လက်ချောင်းများက ကွေးညွှတ်သွားပြီး ညင်သာစွာ ပြုံးလိုက်သည်။

 "အင်း…ကျောင်းဖွင့်ရင် တွေ့မယ်…"


စုန့်ယွီက သူ့ကို စိုက်ကြည့်နေပြီး မှောင်မိုက်သော လမ်းကြားထဲတွင် ဆယ်ကျော်သက်လေး တိုက်ခိုက်ခဲ့ပုံကို စဉ်းစားမိသောအခါ သူ့စကားများက ခဏတာ လည်ချောင်းထဲတွင် ပိတ်ဆို့နေခဲ့သည်။


ခဏတာအတွင်းတွင် သူ ရှဲ့ဆွေ့ကို နားမလည်တော့သကဲ့သို့ ခံစားရ၏။


ဒါပေမယ့် တကယ်တော့ ငါ  ရှဲ့ဆွေ့ကို တစ်ခါမှ တကယ် နားမလည်ခဲ့ဘူးထင်တယ်…


သူ ကားပေါ်တက်ပြီးနောက် ဝေးလံသည့် လူနေရပ်ကွက်မှ မြို့လယ်ခေါင်ဘက်သို့ ထွက်ခွာခဲ့သည်။


နီယွန်(neon)မီးရောင်များက စုန်ယွီ၏ အတွေးလွန်နေသည့် မျက်နှာပေါ်သို့ တောက်ပစွာ ထိုးကျနေသည်။


ဦးလေးမာက မေးသည်။

"သခင်လေး၊ မင်း ပထမဆုံးအကြိမ်တွေ့ခဲ့တဲ့အချိန်မှာပဲ ရင်းနှီးမှုကိုခံစားခဲ့ရတဲ့ သူငယ်ချင်းဆီ ထပ်လာတာလား…"


စုန့်ယွီက သတိပြန်ဝင်လာခဲ့ပြီး ပြောလိုက်သည်။

"ဟုတ်တယ်…" 


ဦးလေးမာက ပြောသည်။

"အဖွားမုန့်က သခင်လေး နေ့တိုင်း လာနေတာကို သံသယဝင်နေပြီ… ဦးလေး ထင်တာတော့ သခင်လေး အကြိမ်ရေနည်းနည်းလောက် ထပ်လာနေမယ်ဆိုရင် အဲ့ဒီကျောင်းနေဖက်ကို တွေ့ချင်လာလိမ့်မယ်ထင်တယ်…" 


စုန်ယွီက ရယ်မောလိုက်ပြီး ပြောသည်။

"ကျွန်တော် မလာတော့ပါဘူး…" 


တကယ်တော့ အဖွားမုန့်က ရှဲ့ဆွေ့ နဲ့ တွေ့လည်း ဘာမှ ပြဿနာမရှိပါဘူး…


သို့သော် သူက ရှဲ့ဆွေ့ရှေ့တွင် စုန့်မိသားစု၏ တတိယမြောက် သခင်လေးအဖြစ် ပေါ်မလာရန် 008 ကို ကတိပေးထားခဲ့သည်။ နောက်ပိုင်းတွင် သူက “မုန့်မိသားစု၏ ဆင်းရဲသော အဝေးကဆွေမျိုး' ဟူသော မိတ်ဆွေအဖြစ် ဖန်တီးရန် စီစဉ်ခဲ့သော်လည်း အဖွားမုန့် ရှေ့တွင် သူ၏  ကိုယ်ပိုင်အထောက်အထားအစစ် ပေါ်ပေါက်ရန် လွယ်ကူလိမ့်မည်ဖြစ်သည်။


စုန့်ယွီ၏ QQ အကောင့်တွင် သူငယ်ချင်း အရေအတွက် အနည်းငယ်သာ ရှိသည်။ သူ ခုတင်ပေါ်တွင် ဖုန်းနှင့် ကစားရင်း၊ အစက်တစ်စက်-ကွန် (full stop-kun) ၏ အနက်ရောင် ပရိုဖိုင်ပုံကို ကြည့်လိုက်သောအခါ သူ့လက်များက အဘယ်ကြောင့်မသိသော်လည်း ယားယံလာပြီး မက်ဆေ့ခ်ျ ပို့ချင်စိတ် ပေါ်လာခဲ့သည်။


သို့သော် သူက ထိုနေ့က အပျက်သဘောဆောင်သည့် ပြန်လည်သုံးသပ်ချက်များ စဉ်းစားရန်အတွက် ခေါင်းခြောက်ခံပြီး၊ ပြီးမှ ညသန်းခေါင်တွင် လမ်းပေါ်သို့ ပြေးလွှားခဲ့ရသည်။ သူ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေခဲ့သည်။


အချိန်မည်မျှပင်ကြာသွားမှန်း မသိသော်လည်း သူ အိပ်ပျော်သွားခဲ့သည်။


နောက်တစ်နေ့ နံနက်တွင် သူ နိုးလာသောအခါ မနက် ၉ နာရီ ရှိနေပြီဖြစ်သည်။


မနက်စာစားရန် အောက်ထပ်သို့ဆင်းလာသောအခါ စုန့်ယွီက မာရှောင်တင်းထံမှ မက်ဆေ့ခ်ျများစွာ ရရှိခဲ့သည်။


[ ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး: အဟားဟားဟားဟားဟားဟား]


[ ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး: ယွီကော၊ အပျက်သဘောဆောင်တဲ့ ပြန်လည်သုံးသပ်ချက်တွေကို ရူးရူးမိုက်မိုက်ပေးခဲ့တာက မင်းလား… ငါ ဒီနေ့ သူတို့စားသောက်ဆိုင်ကို တမင်တကာ သွားစားလိုက်တော့ ကျူးကျစ်ရှင်းရဲ့အမေက မျက်နှာစိမ်းနေတာကို တွေ့လိုက်ရတယ်… သူ့ဒေါသနဲ့ သေတော့မှာ ဖြစ်နိုင်တယ်…]


[ ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး: အဟားဟား၊ အရမ်းကို ထက်မြက်တာပဲ… ငါလည်း ညီအစ်ကိုတွေကို ယွီကောရဲ့ ခြေရာနင်းခိုင်းပြီး အပျက်သဘောဆောင်တဲ့ ပြန်လည်သုံးသပ်ချက် အနည်းငယ်ပေးခိုင်းလိုက်တယ်… ဒီရက်စက်တဲ့မိန်းမကို ဒေါသနဲ့ သေအောင်လုပ်ကြစို့…]


စုန့်ယွီက ကျူးကျစ်ရှင်း၏ ကိစ္စများကို ဂရုစိုက်ရန် အလွန်ပျင်းနေပြီ ဖြစ်သည်။


အဖွားမုန့်၏ မျှော်လင့်နေသော အကြည့်နှင့် စားပွဲပေါ်က စာမေးပွဲစာရွက်ပုံများကို တွေးလိုက်သည်နှင့် ချက်ချင်းပင် ခေါင်းကိုက်လာခဲ့သည်။


သူ နွားနို့ကို တစ်ငုံသောက်ပြီး မာရှောင်တင်းထံ မက်ဆေ့ခ်ျ ပို့လိုက်သည်။


[မင်းရဲ့ယောက်ျား ယွီကော: မင်း စာမေးပွဲ အမှတ်တွေ ဘယ်လိုနေလဲ…]


[ ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး: ???]


[ ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး: ဘာလို့ ဒါကို မေးတာလဲ… အဆင်ပြေပါတယ်... နည်းနည်းတော့…]


ကျင်းချန် အမှတ် (၁) အထက်တန်းကျောင်းကို ဝင်ခွင့်ရသူတိုင်းက ကောင်းမွန်သော အဆင့်ရှိရမည် ဖြစ်သည်။


စုန့်ယွီက သူ့နှုတ်ခမ်းကို ခဏတာ ကွေးလိုက်ပြီး စာရိုက်စပြုလိုက်သည်။


[မင်းရဲ့ယောက်ျား ယွီကော: အလယ်တန်းကျောင်းမှာ အဆင့်ကောင်းတာက အထက်တန်းကျောင်းမှာရော အဆင့်ကောင်းမယ်လို့ မဆိုလိုဘူး… အထက်တန်းဝင်ခွင့်စာမေးပွဲ ပြီးပြီဆိုတိုင်း နွေရာသီကျောင်းပိတ်ရက်မှာ အေးအေးဆေးဆေး နေလို့ရပြီလို့ မထင်နဲ့… တခြားသူတွေက ဘော်ဒါကျောင်းတွေမှာ အရူးအမူး ဝင်နေကြတာ…အမှတ် (၁) အထက်တန်းကျောင်းမှာ ယှဉ်ပြိုင်မှု ဖိအားတွေက အရမ်းများလို့ နှစ်တိုင်း အဆောက်အဦးပေါ်ကနေ ခုန်ချချင်တဲ့သူတွေ အမြဲရှိတယ်… အစိုးရက စစ်ဆေးဖို့အတွက် တံဆိပ်မခတ်ရသေးတာက တကယ် ကံကောင်းလို့ပဲ… ပထမနှစ် အစကတည်းက မရှုံးနိမ့်စေနဲ့…]


မာရှောင်တင်းက သူ့အဖေနှင့် အလွန်တူသော ဤစကားကြောင့် ထိတ်လန့်သွားခဲ့သည်။


[ ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး: ...ယွီကော၊ ဘာပြောချင်တာလဲ…]


စုန့်ယွီက သူ့အခန်းကို ပြန်ရောက်နေပြီး ကုလားထိုင်ကို ဆွဲထုတ်ကာ စားပွဲတွင် ထိုင်နေလေသည်။ သူ့ရှေ့တွင် တောင်ကဲ့သို့ပုံနေသော စာမေးပွဲစာရွက်များကို သူ စိုက်ကြည့်နေသည်။


[မင်းရဲ့ယောက်ျား ယွီကော: ငါ့ဆီလာခဲ့… ငါ မင်းကို ဗဟုသုတတွေ ဝေမျှပေးမယ်… ညီအစ်ကို၊ စာမေးပွဲစာရွက်တွေကို အတူတူ လုပ်ကြစို့…]


[ ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး: ......]


ငါတို့ ညီအစ်ကိုတွေ မလုပ်ကြတော့လို့ရလား…


မာရှောင်တင်းကို စာမေးပွဲစာရွက်တစ်ဝက် ပေးလိုက်ပြီးနောက် စုန့်ယွီက များစွာ ပို၍ သက်သာရာရသွားခဲ့သည်။


အဖွားမုန့်က သူ့ကို သင်ကြားရေးပစ္စည်းများစွာ ပေးခဲ့သည်။ အကူးအပြောင်းကာလ အစပိုင်းတွင် အချက်အလက်အများစုက အလယ်တန်းကျောင်း၏ ပြန်လည်သုံးသပ်မှုများ ဖြစ်ပြီး၊ အထက်တန်းကျောင်း၏ အသိပညာများကို စတင်လေ့လာမှုများလည်း ပါဝင်သည်။ ခက်ခဲသောအဆင့်ကို နားလည်ရန်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲများမှ မူရင်းမေးခွန်းများပင် ပါရှိခဲ့သည်။


သူ ပထမဆုံးဖြေခဲ့သည့် စာမေးပွဲတစ်ခုမှလွဲ၍ စုန့်ယွီက ကျန်သည့်အရာများကို ရိုးရိုးရှင်းရှင်းပင် တွက်ချက်ရန် မရည်ရွယ်ခဲ့ပေ။ သူ ဆက်လုပ်ရင်းနှင့် တဖြည်းဖြည်းချင်း စာလုပ်ရသည်က အဆင်ပြေလာခဲ့သည်။


သူက စာရွက်ပုံအောက်ခြေမှ ခက်ခဲသောအဆင့် အလွန်မြင့်မားပြီး ပြည့်စုံအောင် ဖြေဆိုရန် မလိုအပ်သည့် စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။ စုန့်ယွီက နောက်ဆုံးမေးခွန်းကို ပေါ့ပေါ့ပါးပါး လှန်ကြည့်လိုက်ပြီး မှင်သက်သွားခဲ့သည်။


ဒါက အရမ်းဂန္ထဝင်ကျတဲ့ ဖန်ရှင်(function) ပုစ္စာတစ်ခုပဲ…. E^X (E to the power of X )နဲ့ E x X (E times X)….


သူ ယခု ဤနောက်ဆုံးမေးခွန်းကို ကြိုးစားဖြေရန် မရည်ရွယ်ထားသော်လည်း သူက ဝိုးတိုးဝါးတား ရင်းနှီးနေသကဲ့သို့ ခံစားရပြီး သူ့ခေါင်းထဲတွင် အလွန်ဝိုးတဝါးဖြစ်သော သဘောတရားတစ်ခု ပေါ်လာခဲ့သည်။ အကြာကြီး စဉ်းစားပြီးနောက် အဆုံးတွင် သူ သတိရသွားခဲ့သည်။


ဒါက Lagrangeရဲ့ ပျမ်းမျှတန်ဖိုးသီအိုရမ်ရဲ့ ပုံမှန် ဥပမာတစ်ခု မဟုတ်ဘူးလား….


ငါ ဒီပုစ္ဆာကို မှတ်မိနေသေးတဲ့ အကြောင်းရင်းကတော့ ငါ့ရဲ့ အထက်တန်းကျောင်းဆရာတွေက ဒီသီအိုရမ်ရဲ့ နာမည်ကို ပြောပြခဲ့တုန်းက နာမည်က အရမ်းထူးဆန်းနေလို့ပဲ ဖြစ်လိမ့်မယ်…


Baidu က ပေးထားသော သီအိုရီက တိကျသော ဥပမာများ ပေးမထားဘဲ နားလည်ရန် အလွန်ခက်ခဲသည်။ စုန့်ယွီက ရှဲ့ဆွေ့နှင့် ပထမဆုံး စကားစပြောချင်နေသည်နှင့် အချိန်ကိုက်သွားခဲ့သည်။


ထို့ကြောင့် သူက မေးခွန်းပုံကို ရိုက်ပြီး မက်ဆေ့ခ်ျပို့လိုက်သည်။


A66 ၏ မူရင်းသိက္ခာကျဆင်းမှုကို ပထမဆုံး အကြိမ်အဖြစ် သတ်ပစ်ရန်အတွက် သူက သူ့ဘောပင်ကို ကိုက်ပြီး စဉ်းစားခန်း ဝင်နေခဲ့သည်။


သူက နက်နဲသော ပုံစံမျိုး ဟန်ဆောင်လိုက်သည်။

[ Lagrangeရဲ့ ပျမ်းမျှတန်ဖိုးသီအိုရမ်ကို မင်းသိလား… ]



ရှဲ့ဆွေ့က ခုတင်ပေါ်တွင် လှဲလျောင်းရင်း သူ့လက်ချောင်းများက ကွန်ပျူတာ ကီးဘုတ်ပေါ်တွင် ရိုက်နှိပ်နေသည်။ သူက လင်းရွှေ အင်ထရာနက်(intranet)ကို ဖောက်ထွင်းဝင်ရောက်ပြီး စောင့်ကြည့်မှတ်တမ်းများကို ကြည့်ရှုနေခြင်းဖြစ်သည်။


သူ အားလုံးပြီးစီးသွားသောအခါ အနီးနားက ရေခွက်ကို လှမ်းယူလိုက်ချိန် သူ့လက်ကိုင်ဖုန်းတွင် ပေါ်နေသည့် မက်ဆေ့ချ်ကို တစ်ချက် ကြည့်လိုက်မိသည်။


[ စုန့်ယွီ: Lagrangeရဲ့ ပျမ်းမျှတန်ဖိုးသီအိုရမ်ကို မင်းသိလား… ]


ရှဲ့ဆွေ့: “……”


ငါ ရေသောက်ဖို့ မလုပ်ရသေးတာ ကံကောင်းတယ်လို့တောင် ခံစားလိုက်ရတယ်…


ကျောင်းတက်စဉ်ဘဝတွင် ရှဲ့ဆွေ့က ထူးချွန်သူ ဖြစ်ခဲ့သည်။ သူက တသီးတသန့်ဆန်ပြီး ပုံမှန်ကျောင်းသားများနှင့် ဘယ်သောအခါမျှ အဆက်အသွယ် မလုပ်ခဲ့ပေ။


ထို့ကြောင့် သူက ပြဿနာဖြေရှင်းသောအခါ ဇွဲလုံ့လကို အားကိုးပုံရသည့် စုန့်ယွီ၏ဦးနှောက်လည်ပတ်ပုံကို နားမလည်နိုင်ပေ။


မင်းက ကိန်းဂဏန်းဖလှယ်တာနဲ့ ပေါင်းစပ်တာ(permutations and combinations) အတွက်တောင် ရေတွက်တာကို အားကိုးနေရတာကို…. ဘာလို့ Lagrange အကြောင်းကို မေးရတာလဲ…


သေချာသည်မှာ ရှဲ့ဆွေ့ က သူ့(စုန့်ယွီ)ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်မည့် မေးခွန်းမျိုးကို အသံထွက်ပြီး မမေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် စုန့်ယွီ၏  သင်ယူလိုစိတ်က အလွန်မြင့်မားနေသည်ကို သူမြင်နေရသောကြောင့်ဖြစ်ပြီး ထိုအရာကို တိုက်ခိုက်ချင်စိတ် မရှိပေ။


ရှဲ့ဆွေ့က ဘောပင်နှင့် စာရွက်တစ်ရွက်ကို ယူပြီး စုန့်ယွီ၏ ဗဟုသုတ အတိုင်းအတာကို ထည့်သွင်းစဉ်းစားကာ ပြဿနာ၏ စံဖြေရှင်းနည်းကို အသေးစိတ် ရေးချလိုက်ပြီး ထိုစာရွက်ကို ဓာတ်ပုံရိုက်ပြီး ပို့ပေးလိုက်သည်။


[ ရှဲ့ဆွေ့: [ပုံ] ]


[ ရှဲ့ဆွေ့: မင်းအဲဒါကို မလိုပါဘူး… ]


စုန့်ယွီက အကြာကြီး စောင့်နေခဲ့ပြီးမှ ဤစာကြောင်းတစ်ကြောင်းတည်းကိုသာ လက်ခံရရှိခဲ့သည်။ ထို့နောက် ရှင်းလင်းပြတ်သားပြီး ယုတ္တိတန်သော တွေးခေါ်မှုအပြင် လှပသည့် လက်ရေးကို ပြသထားသည့် ဓာတ်ပုံတစ်ပုံ ပါလာခဲ့သည်။


ဒါက အဖြေထက်တောင် ပိုနားလည်လွယ်တယ်…


အံ့ဩစရာပဲ… သူက တကယ်ကို ဇာတ်လိုက်ဖြစ်ပြီးတော့ ကောင်းကင်ဘုံရဲ့ အချစ်ဆုံးသားတော် ဖြစ်ထိုက်ပါတယ်…


သို့သော် စုန့်ယွီက နွား၏ဦးချိုပေါ်သို့ ရောက်နေပြီး ဆင်း၍မရတော့သကဲ့သို့ ခံစားလိုက်ရသည်။ သူက ဇွဲမလျှော့ဘဲ ဆက်မေးခဲ့သည်။


[ စုန့်ယွီ: ဒါဆို အဲဒါနဲ့ ဘယ်လိုဖြေရှင်းရမလဲ… ]

သူက ထိုမေးခွန်းနှင့်အတူ အီမိုဂျီအချို့ကို ပို့လိုက်သည်။


[ [မေးခွန်းအမှတ်အသားတွေနဲ့ ခေါင်းကုတ်နေ] ]


[ [တောင်းဆိုနေ] ]


ရှဲ့ဆွေ့၏ လက်ချောင်းများက ခေါင်းကုတ်နေသည့် ပဲပိစပ်လေးပေါ်တွင် ခဏရပ်တန့်သွားခဲ့သည်။ ဖုန်းတစ်ဖက်မှ စုန့်ယွီ၏ စိတ်ရှုပ်ထွေးနေသည့် ပုံစံကို သူ မြင်နေရသကဲ့သို့ ဖြစ်နေလေသည်။ သူ့အကြည့်များက လွင့်မျောသွားပြီး သူ့နှုတ်ခမ်းပါးများက အနည်းငယ် ကွေးညွတ်သွားသည်။


[ ရှဲ့ဆွေ့: မင်း တကယ်သိချင်တာလား… ]


[ စုန့်ယွီ: သိချင်တာပေါ့… ]


[ ရှဲ့ဆွေ့: တတိယစာကြောင်းကနေ ပဉ္စမစာကြောင်းအထိ အပိုင်းတစ်ခုလုံးကို ဖြတ်ထုတ်ပြီး ‘Lagrange ရဲ့ ပျမ်းမျှတန်ဖိုးသီအိုရမ်’  ထည့်ပြီး ပြောင်းလိုက်… ]


“???”


စုန်ယွီက သူ့ညွှန်ကြားချက်အတိုင်း လုပ်ပြီးနောက်တွင် 'စာညံ့သူ' ဖြစ်ရသည့် ခံစားချက်ကို တကယ်ပင် ခံစားလိုက်ရသည်။


[စုန်ယွီ: အဲ့ဒီကြားမှာ သူတို့ကို တူညီစေတဲ့ ကိန်းဂဏန်းတစ်ခု ရှိနေတယ်…]


ရှဲ့ဆွေ့က ထိုအရာကို သီအိုရမ်ဖြစ်သည်ဟု သူ့ကို ပြောချင်စိတ်မရှိခဲ့ပေ။ စဉ်းစားပြီးနောက် သူ့မျက်တောင်များက အောက်သို့ ဝဲကျသွားပြီး၊ သူ၏ နက်မှောင်သော မျက်ဝန်းများထဲတွင် အနည်းငယ် မှောင်မိုက်သည့် ပျော်ရွှင်မှုလေးတစ်ခု လျှပ်ခနဲ ဖြတ်သွားခဲ့သည်။


[ရှဲ့ဆွေ့: ငါ မင်းကို ကိန်းစစ်တစ်ခု မပေးခဲ့ဘူးလား… တစ်ခုချင်းစီ စမ်းကြည့်လိုက်၊ နောက်ဆုံးကျရင် တွေ့လိမ့်မယ်…]


စုန့်ယွီ: "......"


စုန့်ယွီ: ".................."


မင်းရဲ့ ဆဲချင်စရာကောင်းတဲ့ ကိန်းစစ်တွေက အဆုံးမရှိဘူးလေ…


ဘာလို့ ရှဲ့ဆွေ့က ငါ့ကို တိတ်တိတ်လေး ရယ်နေတယ်လို့ အမြဲခံစားနေရတာလဲ…


*****


စာရေးသူ၏ အတွေး:


စုန့်ယွီ: ငါက စာညံ့တဲ့သူပဲ…


စာရေးသူ: ငါလည်း စာညံ့သူပဲ…


ရှဲ့ဆွေ့: ငါက စာတော်တဲ့နတ်ဘုရား…


စာရေးသူ: QAQ



🌹🌹🌹