Ch 12
Viewers 5k

🌹Chapter 12

မင်းကိုကြောက်တယ်



ရှဲ့ဆွေ့က သူ့လက်ရှည်အင်္ကျီလက်ကို အနည်းငယ် ခေါက်တင်လိုက်ရာ သူ၏ ဖြူဖျော့သော လက်ကောက်ဝတ်များက ပေါ်လာပြီး စုန့်ယွီနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။


သူ့အကြည့်က စုန့်ယွီ၏ ဗလာကျင်းနေသော ဓာတုဗေဒစာရွက်ပေါ် ကျရောက်သွားသောအခါ ခဏတာ ရယ်မောလိုက်သည်။

 "ဘာစိတ်ကူးမှ မရှိဘူးလား…"


သူ ဘာလို့ "တစ်စက်ချင်းစီ ကျသောရေက ကျောက်ကိုပင် ထွင်းနိုင်သည်" ဆိုတဲ့ နည်းလမ်းကို မသုံးတော့တာလဲ…


စုန့်ယွီ၏စိတ်က စာရွက်ပေါ်တွင် လုံးဝမရှိပေ။ သူက ရှဲ့ဆွေ့ကို မေးသည်။

"မင်း အလယ်တန်းကျောင်းတုန်းက အတန်းထဲက ကျူးကျစ်ရှင်း ဆိုတဲ့လူကို မှတ်မိလား…"


ရှဲ့ဆွေ့က အံ့အားသင့်သွားသည်။ သူ့မှတ်ဉာဏ်က အလွန်ကောင်းသောကြောင့် ခဏအကြာတွင် ပြန်သတိရသွားခဲ့သည်။ 


တတိယနှစ်တစ်နှစ်လုံး ငါ့ကို အတန်းတစ်ခုလုံးနဲ့ ဝိုင်းပယ်ဖို့ပဲ ကြိုးစားခဲ့ပြီးတော့ တခြားဘာမှ မလုပ်ခဲ့တဲ့ အရူးကောင်များလား….


"သူ ဘာဖြစ်လို့လဲ…"

ရှဲ့ဆွေ့၏ လေသံက ပေါ့ပါးသည်။ သူ့ အတွင်းစိတ်တွင် ဂရုမစိုက်သော်လည်း အပေါ်ယံတွင် အံ့အားသင့်သကဲ့သို့ ဟန်ဆောင်လိုက်သည်။


စုန့်ယွီက သူ့အမူအရာကို ကြည့်ပြီး ကျူးကျစ်ရှင်းက အလယ်တန်းကျောင်းတက်စဉ်က သူ၏ အိပ်မက်ဆိုးများထဲမှ တစ်ခုဖြစ်လိမ့်မည်ဟု တွေးမိလိုက်သည်။ သူ ပို၍ ဒေါသထွက်လာခဲ့သည်။

"မင်း သူ့ကို ဆဲချင်တဲ့ စကားလုံးတွေ ရှိလား…ငါ သူ့အမေဆိုင်မှာ မင်းအတွက် ရေးပေးမယ်…"


သူ စဉ်းစားလိုက်ပြီးနောက် သူ့ဖုန်းကို ရှဲ့ဆွေ့ထံသို့ ပစ်ပေးလိုက်သည်။

"ထားလိုက်ပါတော့၊ မင်းကိုယ်တိုင် ရေးတာက ပိုပြီး ဒေါသပြေနိုင်လိမ့်မယ်… ငါ့မှာ အကောင့် တစ်ထောင်ရှိတယ်… မင်းကြိုက်သလို ဆဲလို့ရတယ်…"


ရှဲ့ဆွေ့က ခေါင်းငုံ့ပြီး စုန့်ယွီ၏ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်သည်။ ကျူးကျစ်ရှင်း၏ အမေဆိုင်က Pageစာမျက်နှာပေါ်တွင် ပေါ်နေသည်။


မြင်ရသည့် မှတ်ချက်များအားလုံးက ကြယ်တစ်ပွင့်ပေးထားသည့် အကောင့်အတုများဖြစ်ပြီး နောက်ဆုံးမှတ်ချက်က သုံးစက္ကန့်အကြာမှသာ ပို့ထားခဲ့သည်။ 


"ဒီနေ့ ငါ အရမ်းဒေါသထွက်လွန်းလို့ အသက်ရှူတောင်မှားသွားတယ်.. မင်းတို့ဆိုင် တာဝန်ယူရမယ်… ကြယ်တစ်ပွင့်…"


ထိုအပေါ်တွင် ပိုပြီး ဆင်ခြင်တုံတရားမရှိသည်များပင် ရှိနေသေး၏။


"အစားအသောက် တစ်လုတ်စားပြီးတာနဲ့ အာဖရိကက ဆင်းရဲတဲ့လူတွေအကြောင်း စဉ်းစားမိတယ်… သူတို့က အရမ်းသနားဖို့ကောင်းတယ်… ဒါကြောင့် မင်းကို ကြယ်တစ်ပွင့် ပေးမယ်…"


"..."


ရှဲ့ဆွေ့…


စုန့်ယွီက နို့လက်ဖက်ရည်ကို တစ်ငုံသောက်ပြီး ပုလဲကို စိတ်မပါ့တပါနှင့် ဝါးနေခဲ့သည်။

"ယဉ်ကျေးဖို့ မလိုဘူး… ကြိုက်သလို ဆဲလိုက်…"


ရှဲ့ဆွေ့က မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်သည်။

ဘာကြောင့်မှန်းမသိပေမယ့်၊ ငါ စုန့်ယွီရဲ့ လုပ်ရပ်တွေကြောင့် အမြဲတမ်း ပျော်နေရတယ်…


"ကျေးဇူးပါ၊ ဒါပေမဲ့ မလိုပါဘူး…"


စုန့်ယွီက မျက်လုံးအဝိုင်းသားနှင့် သူ့ကို ကြည့်လိုက်သည်။

 "ပျော်စရာ မကောင်းဘူးလား… အဲ့ဒီလိုဆိုရင်၊ ကျောင်းဖွင့်တဲ့အခါ သူ့ကို ထိုးကြိတ်လိုက်ရင်ရော ဘယ်လိုလဲ…"


နွေလယ်နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ဖြာကျလာပြီး စုန့်ယွီ၏ မျက်တောင်များပေါ်သို့ ကျရောက်နေခဲ့သည်။ ဆယ်ကျော်သက်လေး၏ မျက်တောင်များက အလွန်ကော့ညွှတ်နေပြီး ဖျော့တော့သည့် ရွှေရောင်အလွှာလေးများက ဖုံးအုပ်နေသည်။ သူ့သွားများက ပိုက်တံကို ကိုက်နေပြီး၊ သူ့ဆံပင်အရောင်က ဖျော့တော့ကာ နူးညံ့သည်။ သူ့တစ်ကိုယ်လုံးက ယဉ်ကျေးပြီး သိမ်မွေ့သည့်ပုံ ပေါက်နေသည်။


သို့သော် စုန့်ယွီ၏ ကြမ်းတမ်းသောမျက်လုံးများနှင့် ယမန်နေ့ညက အေးစက်သောအပြုံးပုံရိပ်က ရှဲ့ဆွေ့၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ဤကလေး၏လေသံက တကယ်ကို မယုံနိုင်လောက်အောင်ပင် မာနကြီးနေခဲ့သည်။


သူက ပြုံးပြီး ခေါင်းခါလိုက်သည်။

 "မလိုပါဘူး…"


စုန့်ယွီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး၊ သူ့ဖုန်းကို ပြန်ယူကာ သူ့ကိုယ်သူ ဆက်လုပ်နေခဲ့သည်။


နို့လက်ဖက်ရည်ဆိုင်က ယခုတွင် တိတ်ဆိတ်နေပြီဖြစ်သည်။ ပူပြင်းခြောက်သွေ့သောလေကြောင့် ကံ့ကော်ပင်များက တရှဲရှဲ မြည်နေ၏။


ရှဲ့ဆွေ့က သူ၏ ညာဘက်လက်ကောက်ဝတ်ကို မသိစိတ်ဖြင့် ထိလိုက်သည်။ ဤသည်က သူ စဉ်းစားသောအခါ လုပ်တတ်သည့် အမူအကျင့်တစ်ခုပင် ဖြစ်သည်။ သို့သော် သူ့လက်ကောက်ဝတ်တွင် ဘာမျှမရှိပေ။ နာရီလည်းမရှိနေသည်ကို သူ တွေ့လိုက်ရသည်။ သူ၏ မျက်ဆံနက်များက ကျုံ့သွားပြီး သူက ယခု ၁၅ နှစ်သာ ရှိသေးသည်ကို သတိရသွားခဲ့သည်။


ရှဲ့ဆွေ့ အတွက်မူကား ပြန်လည်မွေးဖွားလာပြီးနောက် စွဲလမ်းစရာ ဘာမျှမရှိတော့ပေ။ သူ၏ ယခင်ဘဝတွင် ပေးဆပ်သင့်သည့် လက်စားချေမှုများကို တစ်ခုမျှ မလွတ်တမ်း လုပ်ခဲ့ပြီး သေသင့်သည့်သူတိုင်းက သေခဲ့ကြပြီဖြစ်သည်။


ငယ်ဘဝကို ပြန်ရောက်လာသောအခါ သူ၏ တစ်ခုတည်းသော နောင်တက တတိယတန်းအထက်တန်းနှစ်တွင် အဖွားချန် ဆုံးပါးသွားခြင်းသာ ဖြစ်လိမ့်မည်ဖြစ်သည်။


ဝမ်ပေ့တန်က မူးယစ်ဆေးဝါးသုံးစွဲကြောင်းကို သက်သေရှာဖို့ လင်းရွှေကို သွားခဲ့တာကလည်း ဝမ်မိသားစုက ငါ့ကို အရင် လာရှုပ်လို့ လုပ်ခဲ့တာပဲ… ဒီသားအမိကိစ္စကလည်း အတူတူပဲ…


ပြန်လည်မွေးဖွားပြီးနောက်တွင် ယခင်ဘဝက မြို့တော် A တွင် သွေးစွန်းသည့် မုန်တိုင်းများကို ဖန်တီးခဲ့သည့် ရှဲ့သခင်လေးက ယခင်ကထက် ပို၍ ပုံမှန်စိတ်ထားရှိပြီး ငြိမ်သက်အေးချမ်းနေခဲ့သည်။


နို့လက်ဖက်ရည်ဆိုင်က အလုပ်ဆင်းပြီးနောက် စုန့်ယွီက ရှဲ့ဆွေ့ကို ဖုန်းကတ်လျှောက်ရန် ခေါ်သွားခဲ့သည်။

"မင်း ဖုန်းရပြီးရင် ငါတို့ အွန်လိုင်းကနေ အဆက်အသွယ်လုပ်လို့ရပြီ… အခု ငါ ဒီကို နေ့တိုင်း လာနေတော့ ငါ့အဖွားက သိချင်စိတ်ဖြစ်နေပြီ…"


လမ်းလျှောက်နေရင်း ရှဲ့ဆွေ့က မပြုံးတစ်ပြုံး မျက်နှာထားနှင့် ပြုံးလိုက်သည်။

 "သူ့ကို ဘာပြောလိုက်လဲ…"


စုန့်ယွီ: "ဘာပြောရဦးမှာလဲ…မင်းက အထက်တန်းဝင်ခွင့်စာမေးပွဲမှာ ပထမရခဲ့တာ မဟုတ်ဘူးလား…ငါက စာတော်တဲ့နတ်ဘုရားတစ်ပါးနဲ့ သိလို့ အကြံဉာဏ်တောင်းဖို့ လာတာလို့ သူ့ကို ပြောလိုက်တယ်…"


ရှဲ့ဆွေ့က ရယ်မောလိုက်ပြီး ယမန်နေ့က စုန့်ယွီ၏ ကြောက်စရာကောင်းလောက်အောင်ပင် ညံ့ဖျင်းသော သင်္ချာစာရွက်ကို သတိရလိုက်မိသည်။

 "ဂုဏ်ယူစရာပဲ…"


ဒါပေမဲ့ အကြံဉာဏ်တောင်းစရာ မလိုပါဘူး… မျှော်လင့်ချက်မရှိဘူး…


သူတို့က လမ်းဆုံတစ်ခုသို့ ရောက်လာခဲ့သည်။ မီးစိမ်းက ၁၀ စက္ကန့်သာ ကျန်တော့သည်။ ထိုသည်ကို စုန့်ယွီက မြင်လိုက်သောအခါ ရှဲ့ဆွေ့၏ လက်ကို ဆုပ်ကိုင်ပြီး ပြေးထွက်သွားခဲ့သည်။

"မြန်မြန်၊ သွားကြမယ်…"


သူ့လက်ကောက်ဝတ်ကို ဆယ်ကျော်သက်လေးက ဆုပ်ကိုင်ထား၍ ရှဲ့ဆွေ့က တစ်ခဏတာ မှင်သက်သွားရင်း ရှေ့သို့ အပြေးအလွှား သွားနေခဲ့သည်။


နေဝင်ချိန်၏ အလင်းရောင်က ကမ္ဘာမြေကြီးကို လိမ္မော်ရောင် ဖန်တီးပေးခဲ့ပြီး လေထဲတွင် ကံ့ကော်ပင်ရနံ့များ သင်းနေ၏။ အဝေးမှ ကားဟွန်းသံများ၊ ရေဒီယို၏ တူရိယာသံများနှင့်အတူ လမ်းသွားလမ်းလာများ၏ စကားပြောသံများကို ကြားနေရလေသည်။


သူ စုန့်ယွီ၏ ကျောပြင်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးများက ပိုမို မှောင်မိုက်နက်ရှိုင်းလာခဲ့သည်။


ဆိုင်တွင် ဖုန်းကတ်လျှောက်ရန် တန်းစီရင်း အချိန်များစွာ ဖြုန်းခဲ့ကြသည်။


သူတို့ အလှည့်ရောက်သောအခါတွင် ည ၇ နာရီပင် ရှိနေခဲ့ပြီဖြစ်သည်။


"ငါ့ရဲ့ ဖုန်းနံပါတ်ကို အရင် မှတ်ထား၊ ပြီးမှ QQ မှာ ထည့်လိုက်…"


ရှဲ့ဆွေ့က သူ့နံပါတ်ကို ရိုက်ထည့်လိုက်ပြီး၊ သူ့အဆက်အသွယ်စာရင်းထဲမှ ရှာလိုက်သောအခါ 'မင်းရဲ့ယောက်ျား ယွီကော’ ကို တွေ့လိုက်ရသည်။


သူ့စိတ်ထဲမှ 'ကျွတ်’ ဟု အသံပြုလိုက်သည်။

တကယ်ကို ကလေးပဲ…


"ဒီနာမည်ကို ဘယ်လိုစဉ်းစားမိတာလဲ…"


စုန့်ယွီ၏ အဖြေက တိုက်ရိုက်ဆန်သည်။

 "မိုက်လို့…"


သူက သူငယ်ချင်း တောင်းဆိုမှုကို လက်ခံလိုက်သည်။


စုန့်ယွီ တွေ့လိုက်ရသည်မှာ ရှဲ့ဆွေ့၏ အွန်လိုင်းနာမည်က အစက်တစ်စက် ဖြစ်ပြီး၊ သူ၏ ကိုယ်ပိုင်အမှတ်အသားသည်လည်း အစက်တစ်စက်သာ ဖြစ်သည်။ သူ၏ ပရိုဖိုင်ပုံက အနက်ရောင်သက်သက်ဖြစ်ပြီး၊ အလုံးစုံကြည့်လိုက်လျှင် စုန့်ယွီ၏ ပရိုဖိုင်ထက်ပင် ပို၍ ကလေးဆန်နေသည်။


"အစက်ပဲလား…မင်းက ဘာမှ အဓိပ္ပာယ်မရှိဘူး…"


ရှဲ့ဆွေ့: "..."


သူတို့ ဆိုင်မှ ထွက်လာသောအခါ စုန့်ယွီက ရေသောက်ချင်လာသဖြင့် အနီးနားက ဆိုင်ငယ်လေးသို့ ရေသန့်ဘူးတစ်ဘူး သွားဝယ်ခဲ့သည်။ ပိုက်ဆံရှင်းသောအခါ ပူရှိန်းသကြားလုံးတစ်ထုပ်ကို အပိုယူလိုက်သည်။


သူက သံပရာ၊ ပူရှိန်းနှင့် ဤသို့ အေးမြသော အရသာများကို ကြိုက်သည်။ ပါးစပ်ထဲတွင် လန်းဆန်းပြီး နွေရာသီ၏ ပူပြင်းခြောက်သွေ့မှုများက ပျောက်ကွယ်သွားသကဲ့သို့ ခံစားခဲ့ရသည်။


လျန်ယွင်လမ်းဘက်သို့ လျှောက်သွားကြသောအခါ ကားလမ်းပိတ်ဆို့မှုများက နည်းသွားပြီး မီးရောင်များက မှိန်လာလေသည်။


"တစ်ခု လိုချင်လား…" 

စုန့်ယွီက ရှဲ့ဆွေ့ကို ပူရှိန်းသကြားလုံးများ ကမ်းပေးခဲ့သည်။


ရှဲ့ဆွေ့က သကြားလုံးများ မကြိုက်ပေ။ သူ ခေါင်းခါလိုက်သည်။


"အိုး…" 

စုန်ယွီက သကြားလုံးများကို ပြန်သိမ်းလိုက်သည်။


ထိုအချိန်တွင် သူတို့ရှေ့မှ နတ်ဆိုးဆန်ဆန်၊ အေးတိအေးစက်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ငါ တစ်ခု လိုချင်တယ်…သူငယ်ချင်းလေး၊ ငါ့ကို ပေးနိုင်မလား…"


သူ့စကားအပြီးတွင် လူအုပ်ထံမှ မကောင်းဆိုးဝါးဆန်သည့် ရယ်မောသံများ ထွက်ပေါ်လာခဲ့သည်။


စုန့်ယွီနှင့် ရှဲ့ဆွေ့တို့က ရှေ့သို့ ကြည့်လိုက်ကြသည်။


လူဆိုးဂိုဏ်းတစ်စုက ဘေးလမ်းကြားလေးတစ်ခုမှ ထွက်လာခဲ့သည်။


ဒါက မနေ့ညက ဂိုဏ်းသားတွေပဲ…ဒါပေမဲ့ မနေ့ကထက် နှစ်ဆလောက် လူအင်အား ပိုများနေတယ်….


ဆံပင်နီက (nunchucks)နန်ချပ်စ်တစ်စုံကို လက်ထဲတွင် ကိုင်ထားပြီး၊ သူ့ အမာရွတ်များနှင့်အတူ မျက်နှာပေါ်တွင် အေးခဲသည့် အပြုံးတစ်ခု ရှိနေသည်။ ယမန်နေ့က သူက ရှဲ့ဆွေ့ တစ်ယောက်တည်းကိုသာ ပစ်မှတ်ထားခဲ့သော်လည်း  ယနေ့တွင် သူ၏ မုန်းတီးမှုက စုန့်ယွီထံပါ ပျံ့နှံ့လာခဲ့သည်။


သူ့နောက်တွင် ဆံပင်ဝါ၊ ဆံပင်စိမ်းနှင့် ဆံပင်ခရမ်းတို့သည်လည်း မနှစ်မြို့သည့်၊ မကျေနပ်သည့် ပုံစံများနှင့် ရှိနေကြလေသည်။


"မင်း ကောင်စုတ်…မင်းမနေ့က ငါ့ကို တကယ်လှည့်စားသွားတာပဲ… ဒီတစ်ခါတော့ လောင်ဇီက မင်းကို အပြန်လမ်းမှာ ဖမ်းမိပြီ… မင်း ဖုန်းတောင် ခေါ်လို့ မရအောင် ငါ လုပ်ပစ်မယ်…"


အမုန်းတရားအသစ်များနှင့် အမုန်းတရားဟောင်းများက ပေါင်းစပ်လာခဲ့သည်။ လျန်ယွင်လမ်း၏ လူရမ်းကားခေါင်းဆောင်တစ်ယောက်အနေနှင့် ဆံပင်နီက ကောင်စုတ်လေးနှစ်ယောက်ကြောင့် သူ တကယ်ကိုပင် စော်ကားခံလိုက်ရသကဲ့သို့ ခံစားခဲ့ရပြီး အလွန်ဒေါသထွက်သောကြောင့် သွားများပင် ယားနေ၏။


"ဒီနေ့ ဘာမှ လျှောက်ပြောမနေနဲ့တော့… သူတို့ကို အရင်ရိုက်ကြ…"


ယမန်နေ့က နောက်လိုက်လေးများသည်လည်း လှည့်စားခံခဲ့ရသောကြောင့် ဒေါသထွက်နေဆဲပင်ဖြစ်သည်။ သူက ဓားတစ်ချောင်းနှင့် တုတ်တစ်ချောင်းကို ကိုင်ပြီး စုန့်ယွီကို တိုက်ခိုက်ရန် ဦးတည်လာသည်။


"ဒီနေ့ လမ်းတွေပေါ်မှာ သွေးတွေ မစီးမချင်း မင်းတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး…"


စုန့်ယွီ: "..."


သေစမ်း…


ရှဲ့ဆွေ့က မျက်လုံးများကို မှေးစင်းလိုက်ပြီး ဤဂိုဏ်းသားအုပ်စုကို တကယ်ပင် ရှင်းလင်းရန်လိုအပ်သည်ဟု ခံစားလိုက်ရသည်။ သူက စုန့်ယွီ၏လက်ကို ဆွဲပြီး အရင်ပြေးရန် ပြောလိုက်သည်။


ဒါပေမယ့် စုန့်ယွီက မနေ့က လုပ်ခဲ့သလိုမျိုး ငါ့ရှေ့မှာ ထပ်ရပ်တည်လာလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ…


ဆံပင်နီက ရက်စက်စွာ ရယ်မောလိုက်သည်။

 "ကြောက်သွားပြီလား…အခုမှ ကြောက်လည်း နောက်ကျသွားပြီ….”


စုန့်ယွီ: "ငါ မင်းတို့ကို ကြောက်တာက ကမ္ဘာပျက်ရင်တောင် ဖြစ်လာမှာ မဟုတ်ဘူး… သွေးတွေ မြင်ချင်လား… ရတယ်လေ…"


သူက သူ့လက်ရှည်အင်္ကျီကို ခေါက်တင်လိုက်သည်။


သူ၏လေသံက စိတ်တိုဒေါသထွက်နေရင်း အော်ပြောလိုက်သည်။

"လောင်ဇီက ဘာတွေပဲ မပြည့်စုံနေပါစေ၊ အာမခံတော့ ပြတ်လပ်မနေဘူး…ငါ့သွေးတစ်စက်လေး ကျရင်တောင် မင်းတို့မိသားစုတစ်ခုလုံး ပြန်ဆပ်ရင်း ပျက်စီးသွားရလိမ့်မယ်…"


ရှဲ့ဆွေ့: "..."


"!!"


ဆံပင်နီနှင့် သူ့ဂိုဏ်းသားများက အစပိုင်းတွင် သူ၏ စကားကို တကယ်ပင် ယုံသွားခဲ့ကြသော်လည်း နောက်ပိုင်းတွင် ယမန်နေ့က သူတို့အား မည်သို့ လှည့်စားခဲ့သည်ကို ပြန်သတိရသွားကြသည်။


သူတို့က ချက်ချင်းပင် ဒေါသများ ထွက်သွားကြသည်။


"သေတော့မှာကို ဒီလောက် မာနကြီးတုန်းပဲ…"


"မင်းတော့ ပြီးပြီ…"


ရှဲ့ဆွေ့: "ငါ..." 


ငါ ကိုင်တွယ်လိုက်မယ်…


သို့သော် ထို့နောက် စကားလုံးများက သူ့လည်ချောင်းမှ မထွက်လာတော့ပေ။


အဘယ်ကြောင့်ဆိုသော် စုန့်ယွီက သူ့လက်ကို ဆွဲကိုင်ပြီး လမ်းတစ်ဖက်ခြမ်းသို့ လေကဲ့သို့ အလျင်အမြန် ပြေးထွက်သွားခဲ့သောကြောင့် ဖြစ်သည်။


"မြန်မြန်ပြေး…"


လွန်ခဲ့သောတစ်စက္ကန့်ကပင် သူက လူမိုက်စကားများ ပြောနေသေးသည်။ 


နောက်တစ်စက္ကန့်အကြာတွင် သူက နောက်လှည့်ပြီး ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။


ဂိုဏ်းသားများက မှင်သက်သွားခဲ့ကြသည်။ သူတို့ သတိပြန်ဝင်လာသောအခါတွင် ဒေါသတကြီးနှင့် ခုန်ပေါက်နေကြလေသည်။


"ဒီနေ့ မင်း ထွက်ပြေးနိုင်ရင် ငါ မင်းကို အဖေလို့ ခေါ်မယ်…"


*****


စာရေးသူ၏ အတွေး:


အဲဒါနဲ့ စုန့်ယွီက ကလေးတွေ အများကြီး ကောက်ရလိုက်တာ...


စုန့်ယွီ: ငါ သူတို့ကို အသိအမှတ်မပြုပါဘူး…



🌹🌹🌹