Ch 10
Viewers 5k

🌹Chapter 10

ရှောင်ရှီး



စုန့်ယွီက သူမည်မျှပင် မိုက်မဲခဲ့ကြောင်း မကြာမီပင် သဘောပေါက်သွားခဲ့သည်။ သူ့ပါးစပ်က ပွင့်လိုက်၊ ပိတ်လိုက်ဖြစ်နေပြီးနောက် စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်သည်။ 

"မင်း အလုပ်ဆင်းပြီလား…"


"မဆင်းသေးဘူး…" 

ရှဲ့ဆွေ့က သူ့မျက်နှာချင်းဆိုင်တွင် ထိုင်ပြီး ခေါင်းခါသည်။

 "မင်း လေ့ကျင့်ခန်းမေးခွန်းတွေ လုပ်နေတာလား…"


စုန့်ယွီက သူ၏ သင်္ချာဖတ်စာအုပ်ကို မြှောက်ပြလိုက်သည်။

"အင်း…"


သူတို့နှစ်ယောက် တွေ့ဆုံဖူးသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်၍ သူတို့၏ ဆက်ဆံရေးက နေရမခက်တော့ပေ။ စုန့်ယွီက ညည်းညူလိုက်သည်။

"ဒါကို ကြိုးစားလုပ်ကြည့်ဖို့ ငါ တကယ်ကို ပျင်းနေပြီ…အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်… လုပ်လေ ပိုအိပ်ချင်လေပဲ…"


"စိတ်ရှုပ်စရာ မဟုတ်ပါဘူး….အဲ့ဒါက A66, 6 ရဲ့ ဖက်တိုရီရယ် (factorials) တွေပဲ…"


ရှဲ့ဆွေ့က ခပ်တိုးတိုး ရယ်လိုက်သည်။ သူ၏ သွယ်လျသောလက်က ဘောပင်တစ်ချောင်းနှင့် စာရွက်တစ်ရွက်ကို လှမ်းယူလိုက်သည်။ သူက စာရွက်ပေါ်တွင် ပုံသေနည်းတစ်ခုကို ချရေးပြီး စုန့်ယွီကို ကမ်းပေးလိုက်သည်။

"ခုနက မေးခွန်းပဲ…"


စုန့်ယွီက တကယ် ရှက်သွားခဲ့သည်။ သူ့နားရွက်များက နီရဲလာပြီး လက်ခံလိုက်သည်။ 

"ကျေးဇူးတင်ပါတယ်…"


ကံကောင်းစွာနှင့် နို့လက်ဖက်ရည်ဆိုင်ကို ဧည့်သည်များ ထပ်ရောက်လာသောကြောင့် ရှဲ့ဆွေ့က သူ့အလုပ်ကို သွားလုပ်ရတော့သည်။


စုန့်ယွီက သူ့နောက်ကျောကို ကြည့်ရင်း ပိုက်ကို ခွက်ထဲသို့ ထိုးထည့်ပြီး သံပရာရည်တစ်ငုံ သောက်လိုက်သည်။ သူ့ပါးစပ်ထဲတွင် နွေရာသီ၏ အေးစက်ချဉ်စုပ်မှုများနှင့် ပြည့်သွားလေသည်။


သူ့ရင်ထဲတွင် စိတ်ဓာတ်ကျနေသည်။ 


ဇာတ်လိုက်က ငါ့ကို စိတ်ရောဂါရှိတယ်လို့ ထင်နေတာလား… မူလတန်းကျောင်းသားလေးတောင် အဲဒီလို တွက်ချက်တာမျိုး မလုပ်ဘူး…


သူတွေးလေလေ ပို၍ စိတ်တိုလေလေ ဖြစ်သည်။


အချိန်က ညနေစောင်းတော့မည်ဖြစ်သည်။


စုန့်ယွီ၏ စာမေးပွဲမေးခွန်းစာရွက်က သူ၏ အမျိုးမျိုးသော တီထွင်ဖန်တီးမှုရှိသည့် အဖြေပေးနည်းများနှင့်အတူ အချို့အပိုင်းများကို မှားယွင်းစွာ ဖြည့်ဆည်းထားခြင်းအားဖြင့် နောက်ဆုံးတွင် ပြီးသွားခဲ့သည်။


အဖြေရှည်သုံးခုနှင့် အဖြေတိုတစ်ခုရှိလျှင် သူက အတိုဆုံးကို ရွေးမည်ဖြစ်ပြီး အဖြေတိုသုံးခုနှင့် အဖြေရှည်တစ်ခုရှိလျှင် သူက အရှည်ဆုံးကို ရွေးမည်ဖြစ်သည်။


သူက အဓိကအားဖြင့် ကူးချခြင်းဖြင့် ပြီးစီးခဲ့ပြီး၊ ရှုပ်ထွေးသော မှားယွင်းဖြေဆိုမှုများနှင့် ဖြည့်စွက်ခဲ့သည်။


ငါ့မှာ ယဉ်ကျေးမှုမရှိဘူး… တခြားသူတွေကိုပဲ အားကိုးနိုင်တယ်…


စာမေးပွဲမေးခွန်းစာရွက်ကို ပြီးစီးပြီးနောက် စုန့်ယွီက သူ့ဝိညာဉ်က ပိုမိုမြင့်မားသောအဆင့်ကို ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။


ခဏအကြာတွင် ဆိုင်မန်နေဂျာက ရှဲဆွေ့ကို စတော်ဘယ်ရီသွားဝယ်ခိုင်းခဲ့သည်။


တိတ်ဆိတ်ပြီး ဗလာနတ္တိဖြစ်နေသော နို့လက်ဖက်ရည်ဆိုင်ထဲတွင် အမျိုးသမီးလက်ထောက်တစ်ဦးက နောက်ဆုံးတွင် သူ့ကို စိတ်အားထက်သန်စွာနှင့် ချဉ်းကပ်ပြီး စကားပြောရန် အခွင့်အရေးရသွားခဲ့သည်။


“မောင်လေး…ငါ မေးလို့ရမလား….နင်နဲ့ ရှဲ့ကောက ဘယ်လို ဆက်ဆံရေးမျိုးရှိတာလဲ…."


အမျိုးသမီးလက်ထောက်၏ နာမည်က ရှောင်ရှီးဖြစ်ပြီး သူမက အလွန်လှပသည်။ သူမ၏ မျက်လုံးများက ကြီးမားပြီး လိမ္မော်ရောင် နှုတ်ခမ်းနီအနည်းငယ် ဆိုးထားသောကြောင့် စင်ကြယ်ပြီး တောက်ပနေပုံရသည်။


စုန့်ယွီက သူ့စာမေးပွဲမေးခွန်းစာရွက်ကို ပြီးစီးသွားပြီဖြစ်၍ စိတ်ချမ်းသာနေသည်။ သူက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"သူငယ်ချင်းပါ… ကျောင်းဖွင့်ရင် ငါတို့ အတန်းဖော်တွေတောင် ဖြစ်ချင်ဖြစ်ဦးမှာ…"


ရှောင်ရှီးက ဤစကားကို ကြားသောအခါ ပြုံးလိုက်ပြီး ချိုမြိန်သည့် ပါးချိုင့်နှစ်ခု ပေါ်လာကာ သူမ အလွန်ပျော်နေပုံရ၏။

"ကောင်းတာပေါ့… ရှဲ့ကောမှာ သူငယ်ချင်းတွေ ရှိတာပဲ…"


သူမ တစ်ချိန်လုံး ကိုင်ထားသည့် သိမ်မွေ့သောလက်ဆောင်ဘူးလေးကို စားပွဲပေါ်တင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"တစ်ခုလောက် ကူညီပေးလို့ရမလား…”


စုန့်ယွီ အံ့ဩသွားသည်။

"ဝန်ခံစာလား….ဒီလိုကိစ္စမျိုးကို မင်း ကိုယ့်ဘာသာကိုယ် ပြောသင့်တယ်…"


ရှောင်ရှီးက ရယ်ရခက်၊ ငိုရခက် ဖြစ်သွားခဲ့သည်။

"မဟုတ်ဘူး… ရှဲ့ကောက ငါနဲ့ စကားတောင် မပြောဘူး… ငါ ဘယ်လိုလုပ် သူ့ကို ဝန်ခံရဲမှာလဲ…”


သူမက ခေါင်းငုံ့လိုက်ပြီး သူမ၏ ဆံပင်များက နားရွက်ပေါ်သို့ ကျလာခဲ့သည်။ သူမ အမှတ်တရတစ်ခုကို ပြန်လည်အမှတ်ရနေပုံရ၏။

"ပြီးခဲ့တဲ့အပတ်က ရှဲ့ကောက ငါ့ရဲ့အသက်ကို ကယ်ခဲ့တာလေ… ငါ အမြဲတမ်း ကျေးဇူးတင်ချင်ခဲ့တာ… ဒါပေမဲ့ ငါ သူ့ကို နည်းနည်းကြောက်တယ်…ဒါကြောင့် ငါ တိုက်ရိုက်ပြောဖို့ ခုထိ မရဲသေးဘူး…"


စုန့်ယွီက မမျှော်လင့်ဘဲ အံ့အားသင့်သွားပြီး ရုတ်တရက် ရှောင်ရှီးဆိုသည့်နာမည်က အနည်းငယ် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။


ရှောင်ရှီးက သူမ၏ နှုတ်ခမ်းကို ကိုက်ရင်း ဆက်ပြောသည်။

 "ဒီလက်ဆောင်ကို သူ့ကို ကူညီပြီး ပေးပေးလို့ရမလားလို့ မေးချင်တာပါ…ရှဲ့ကောက အဲဒါကို မေ့သွားလောက်ပြီ… ဒါပေမဲ့ ငါ တကယ်၊ တကယ်၊ တကယ် ကျေးဇူးတင်ချင်တာ…"


သူမက ကြောက်ရွံ့သောအရာတစ်ခုကို တွေးမိသွားပုံရပြီး သူမ၏ မျက်လုံးများက နီရဲလာပြီး နှာမှုတ်လိုက်သည်။


 "အဲဒီနေ့က ငါ ညဘက်တစ်ယောက်တည်း လမ်းလျှောက်နေတုန်း လူဆိုးဂိုဏ်းတွေရဲ့ ဖမ်းခေါ်ခံရလုနီးပါး ဖြစ်ခဲ့တာ…. သူကပဲ ငါ့ကို ကယ်ခဲ့တာ… ရှဲ့ကောက တကယ်ကို အရမ်း၊ အရမ်း ကောင်းတဲ့သူ…."


စုန့်ယွီ အဆုံးတွင် ဤဖြစ်ရပ်ကို ပြန်မှတ်မိသွားခဲ့သည်။


မူရင်းဝတ္ထုထဲတွင် ရှဲ့ဆွေ့က နွေရာသီကျောင်းပိတ်ရက်အတွင်း ထိုလူဆိုးဂိုဏ်းများနှင့် ပြဿနာဖြစ်ခဲ့ပြီး ရှောင်ရှီးဟု ခေါ်သည့် မိန်းကလေးတစ်ဦးကို ကယ်တင်ခဲ့သဖြင့် သူ့လက်ချောင်းများ ကျိုးခဲ့ရသည်။


စုန့်ယွီ၏ ရင်ထဲတွင် ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် ရောထွေးနေသည်။ သူ ပိုက်ကို ခဏကိုက်ပြီးနောက် ရှောင်ရှီးကို ခေါင်းခါရင်း ပြောလိုက်သည်။

"သူက အရမ်းကောင်းတဲ့သူလို့ မင်းထင်ရင် ဘာလို့ ခုထိ သူ့ကို ကြောက်နေတာလဲ…"


ရှောင်ရှီးက ကြောင်သွားခဲ့သည်။


စုန့်ယွီ၏ မျက်တောင်များက တုန်ယင်သွားခဲ့သည်။

"ဘာလို့ သူ့ကို ကိုယ်တိုင်ကျေးဇူးမတင်တာလဲ…သူ မမေ့သေးတာလည်း ဖြစ်နိုင်တယ်… မင်းရဲ့ကျေးဇူးတင်စကားက သူ့ကို အကြာကြီး ပျော်ရွှင်စေတာလည်း ဖြစ်နိုင်တယ်… သူ မင်းကို အမြဲတမ်း စောင့်နေတာလည်း ဖြစ်နိုင်တယ်…"


ရှောင်ရှီး၏ မျက်နှာအမူအရာက တအံ့တဩဖြစ်ကာ ရှုပ်ထွေးနေသည်။


စုန့်ယွီ၏ စကားလုံးများက သူမနားထဲသို့ တစ်လုံးချင်းစီ ဝင်လာ၏။


ထိုမိန်းကလေး၏ နီရဲနေသော မျက်လုံးများ ဖြည်းဖြည်းချင်း ကြည်လင်လာပြီး ခိုင်မာသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမက သိမ်မွေ့စွာ ထုပ်ပိုးထားသော လက်ဆောင်ဘူးကို ပြန်ယူလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ကာ ထရပ်လိုက်ပြီး စုန့်ယွီကို ဦးညွှတ်လိုက်သည်။

 "ကျေးဇူးတင်ပါတယ်…ငါ နားလည်ပါပြီ…"


စုန့်ယွီက ခွက်ထဲရှိ သံပရာသီးနှင့် သံပရာသီးအချပ်များကို ပိုက်သေးသေးလေးဖြင့် မွှေနေသည်။


သူက မှာထားသော စတော်ဘယ်ရီများကို သယ်လာစဉ် တံခါးဝတွင် ရုတ်တရက် လက်ဆောင်ရလိုက်သောကြောင့် မျက်နှာအမူအရာက တောင့်တင်းပြီး ဗလာနတ္တိဖြစ်နေသော ရှဲ့ဆွေ့ကို ကြည့်လိုက်သည်။


သူ ခေါင်းငုံ့ပြီး မပြုံးဘဲ မနေနိုင်ခဲ့ပေ။


သူက ဤစာအုပ်ထဲသို့ ကူးပြောင်းရောက်ရှိလာပြီး ရှဲ့ဆွေ့ ဘေးနားသို့ ရောက်လာခဲ့ရခြင်းမှာ ဤရိုးသားဖြူစင်ပြီး ကြင်နာတတ်သော ဆယ်ကျော်သက်လေးကြောင့် သူ့ နှလုံးသားနာကျင်ခံစားရ၍ ဖြစ်ပြီး၊ မူရင်းဇာတ်လမ်းမှ ကံဆိုးမှုများကို ဖယ်ရှားပေးလိုကာ သူ့အသက်အရွယ်နှင့်အညီ နေထိုင်နိုင်စေရန် ဖြစ်သည်။


၎င်းက ရှဲ့ဆွေ့၏ မျက်နှာသာကို ရယူရန်အတွက် မဟုတ်သကဲ့သို့၊ သူ့ပတ်ဝန်းကျင်တွင် မရှိမဖြစ်အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာရန်လည်း မဟုတ်ပေ။


သူက ရှဲ့ဆွေ့ကို ကမ္ဘာကြီး၏ နူးညံ့သိမ်မွေ့မှုနှင့် ကြင်နာမှုတို့ကို မြင်တွေ့စေလိုသည်။ 


သူကိုယ်တိုင်၏ နူးညံ့သိမ်မွေ့မှုတစ်မျိုးတည်းကို မဟုတ်ပေ။


နို့လက်ဖက်ရည်ဆိုင်က ည ၉ နာရီတွင် ပိတ်သည်။


စုန့်ယွီက ယာဉ်မောင်းကို လမ်းဆုံတစ်ခုတွင် သူ့ကို စောင့်ခိုင်းလိုက်သည်။


ရှောင်ရှီး၏ ပါးပြင်များက ရှဲ့ဆွေ့ကို လက်ဆောင်ပေးခဲ့စဉ်ကကဲ့သို့ နီမြန်းနေဆဲဖြစ်သော်လည်း သူမက သတ္တိများ အများကြီး မွေးထားခဲ့သည်။ စုန့်ယွီ ထွက်သွားတော့မည်ကို မြင်သောအခါ သူမက တိုက်တွန်းလိုက်သည်။

"ရှဲ့ကော...နင် သူ့ကို လိုက်ပို့ပေးသင့်တယ်…" 


ရှဲ့ဆွေ့က မျက်မှောင်ခဏ ကြုတ်လိုက်သည်။


ဤနေရာက အတော်လေး ဝေးလံခေါင်သီသည်ဟု သတ်မှတ်နိုင်သည်။ လမ်းပေါ်တွင် လမ်းမီးတိုင်များက ရိုးတိုးရိပ်တိတ်သာ ရှိပြီး လမ်းက မှောင်မိုက်၍ အရိပ်ကျနေသည်။


စုန့်ယွီက တစ်ခုခုကို သတိရသွားခဲ့သည်။

"မင်း ဖုန်းဝယ်ချင်လား…"


ရှဲ့ဆွေ့က လက်ဆောင်ကို သူ့လက်ထဲတွင် ကိုင်ထားဆဲဖြစ်သည်။ အမှောင်ထဲတွင် သူ့မျက်နှာအမူအရာက လျစ်လျူရှုဟန်ရှိသော်လည်း အရိပ်ကျနေသော မျက်လုံးအောက်ခြေတွင် ဒေါသအနည်းငယ် ပေါ်လာခဲ့သည်။


စုန့်ယွီ ရောက်ရှိလာခြင်းက အရာများစွာကို ပြောင်းလဲစေခဲ့ပြီး ပုံမှန်မဟုတ်သော အဖြစ်အပျက်များ ဖြစ်ပျက်နေသည်ကိုလည်း သူ မကြိုက်ခဲ့ပေ။


"ဟေး…မင်း ငါပြောတာ ကြားလား…"

အကြောင်းပြန်မရသည့် စုန့်ယွီက သူ့မေးခွန်းကို ထပ်မေးလိုက်သည်။


ရှဲ့ဆွေ့က သူ့အကြည့်ကို ချလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ငါ ပိုက်ဆံလုံလုံလောက်လောက်ရှိလာရင် တစ်လုံးဝယ်လိုက်မယ်…"


စုန့်ယွီ ခဏရပ်ပြီး မေးလိုက်သည်။

"ငါ့ အိမ်မှာ ဖုန်းဟောင်းတစ်လုံးရှိတယ်… ဘယ်လိုပဲဖြစ်ဖြစ် လွှင့်ပစ်တော့မှာဆိုတော့ မင်းကို တစ်ရာနဲ့ ရောင်းလိုက်မယ်…မင်း လိုချင်လား…"


တစ်ရာဆိုသည်က အခမဲ့ ပေးခြင်းနှင့် မထူးခြားနားပင်ဖြစ်သည်။


ရှဲ့ဆွေ့၏ မျက်လုံးအောက်ခြေတွင် အေးစက်မှုများ ပြည့်နှက်နေပြီး သူ့ရင်ထဲတွင် စိတ်တိုမှုများက ပို၍ တိုးလာခဲ့သည်။ သူ သူ့လျှာနှင့် သွားကို တို့လိုက်ပြီး ခပ်တိုးတိုးရယ်လိုက်သည်။

"ကောင်းပြီ…"


ရှဲ့ဆွေ့က ဤမျှလောက် မြန်မြန်ဆန်ဆန် သဘောတူလိုက်သောကြောင့် စုန့်ယွီက အံ့ဩသွားလေသည်။ ရှဲ့ဆွေ့၏ လက်ရှိ ထိခိုက်လွယ်သည့် စရိုက်နှင့် ရှုပ်ထွေးသော သိမ်ငယ်မှုတို့ကြောင့် သူ့ကို 'မင်း မသုံးရင် ငါ ပစ်လိုက်မယ်’ စသဖြင့် များစွာ ကြိုးစားပြီး စည်းရုံးရလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။


"ကောင်းပြီ ဒါဆို မနက်ဖြန် မင်းဆီ ယူလာခဲ့မယ်… ပြီးရင် မင်းနဲ့အတူ ဖုန်းကတ်သွားလုပ်မယ်…"


စုန့်ယွီက အနည်းငယ် စိတ်လှုပ်ရှားနေသည်။

ဒီလိုဆိုရင် ငါ ရှဲ့ဆွေ့ကို ဖုန်းနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်တော့မယ်…


သူ နောက်ထပ် ပြောချင်သေးသည်များ ရှိသော်လည်း ရှေ့မှ လေချွန်သံတစ်ချက် ထွက်ပေါ်လာပြီး လူငယ်များ၏ စကားသံများက လွင့်ပျံ့လာခဲ့သည်။


"အိုး၊ ဒါက ငါတို့ရဲ့ သူရဲကောင်းကြီး မဟုတ်လား…လောင်ဇီက မင်းကို ရှာနေတာ ကြာပြီ… မင်းက ငါတို့တံခါးရှေ့ကို ကိုယ့်ဘာသာကိုယ် ပို့လိုက်တာပဲ…"


စုန့်ယွီက ခေါင်းလှည့်ပြီး ကြည့်လိုက်သည်။


လမ်းမီးတိုင်အောက်တွင် လူဆိုးဂိုဏ်းသားအနည်းငယ် ရှိနေသည်။ ဆံပင်အရောင်ချွတ်ထားပြီး သားရေဂျာကင်ဝတ်ထားသည့် ဂိုဏ်းသားတစ်ယောက်က သူ့ခြေထောက်နှင့် ဆေးပြင်းလိပ်ဖင်စီခံကို ချေလိုက်ပြီး တည်ကြည်သောမျက်နှာနှင့် သူတို့ဆီ လျှောက်လာခဲ့သည်။ ပိုပြီးတိတိကျကျပြောရလျှင် သူက ရှဲ့ဆွေ့ထံသို့ ဦးတည်နေခဲ့သည်။


ရှေ့ဆုံးက ရပ်နေသော လူငယ်က ဖြူဖျော့ပြီး ပိန်ပိန်ပါးပါးနှင့် သူ့မျက်နှာပေါ်တွင် ကြောက်စရာကောင်းသည့် အမာရွတ်တစ်ခု ရှိနေသည်။ သူက ရှဲ့ဆွေ့ကို စိုက်ကြည့်ပြီး လှောင်ပြောင်လိုက်သည်။

"ကောင်ဆိုးလေး၊ မင်း ပြီးခဲ့တဲ့တစ်ခေါက် ကံကောင်းသွားခဲ့တာ… ဒီတစ်ခေါက်တော့ ငါ့လူတွေ အကုန်ပါလာပြီ… မင်း ဒီည မသေရင်တောင် မင်းရဲ့လက်မောင်းကို ငါ့အတွက် ချိုးပစ်မယ်…"


သူတို့က ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ရှိပြီး သူတို့လက်ထဲတွင် လက်နက်များ ကိုင်ထားကြသည်။ သူတို့၏ န္ဓာကိုယ်များထံမှ ကြောက်စရာကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်နေပြီး သူတို့အဝတ်အစားများမှ သံကြိုးများက အလင်းရောင်နှင့် ဝင်းလက်နေကာ သူတို့မျက်လုံးများက ရက်စက်ကြမ်းကြုတ်ဟန်ရှိသည်။


စုန်ယွီ: အိုးဟိုး၊ မူရင်းဝတ္ထုထဲက အရေးကြီးတဲ့ ဇာတ်ဝင်ခန်းကြီးတစ်ခု ရောက်လာပြီ… လက်စားချေဖို့ ရှာနေတဲ့ ဒီလူတွေ ဒီကို ရောက်လာတာပဲ… ငါ ဒီနေ့ bodyguardကို မခေါ်လာမိတာ နည်းနည်း နောင်တရမိတယ်…


ရှဲ့ဆွေ့၏ နှုတ်ခမ်းထောင့်စွန်းများက အမှောင်ထဲတွင် အေးစက်စွာ ကွေးညွှတ်နေခဲ့သည်။ သူ၏ ကြမ်းကြုတ်ရက်စက်သော အမူအရာက ဤဂိုဏ်းသားအုပ်စုထက်ပင် ပို၍ ပြင်းထန်နေခဲ့သည်။ 


အချိန်ကိုက်ပဲ….ငါ အခု အရမ်းစိတ်တိုနေတာ… ဒီလူအုပ်စု ရောက်လာတာက ငါ့ ဒေါသကို ပေါက်ကွဲပစ်ဖို့ အခွင့်အရေးပဲ…


သူက စုန့်ယွီ၏ လက်ကောက်ဝတ်ကို ဆွဲရန် လက်လှမ်းလိုက်ပြီး၊ သူ၏ အသံက နိမ့်ပြီး အေးစက်နေသည်။

"ဒါ ငါ့ပြဿနာပဲ... မင်း အရင်သွားနှင့်လိုက်…"


စုန့်ယွီက သူ့ကို ဘယ်လိုထားခဲ့နိုင်မှာလဲ…


သူ့ကို တစ်ယောက်တည်း ထားခဲ့ရင် ရှဲ့ဆွေ့ရဲ့ လက်က ပြတ်သွားတော့မှာ…


စုန့်ယွီက သူ့(ရှဲ့ဆွေ့)ကို သူ့နောက်သို့ ပြန်ဆွဲထားလိုက်သည်။ သူ့မျက်နှာအမူအရာက အေးစက်နေသည်။

"ပါးစပ်ပိတ်ထား.. ငါပဲ ရှင်းလိုက်မယ်…"


ရှဲ့ဆွေ့: "......"


ရှေ့က ဆံပင်နီဂိုဏ်းသားကောင်က ကျယ်လောင်စွာ ရယ်လိုက်သည်။


စုန့်ယွီက အဝတ်အစားကို လူလိမ္မာလေးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားပြီး၊ သူ့လက်ထဲတွင် သင်္ချာစာအုပ်ကို ကိုင်ဆောင်ထားဆဲပင်။ သူက သန့်ရှင်းသပ်ရပ်ပြီး ကျက်သရေရှိလှကာ၊ အန္တရာယ်ဖြစ်စေမည့်ပုံစံ အနည်းငယ်မျှ မရှိပေ။


လူဆိုးဂိုဏ်းဝင်တစ်ဦးက မြေပြင်ပေါ်သို့ တံတွေးထွေးချလိုက်ပြီး၊ ရှေ့သို့တိုးကာ စုန့်ယွီ၏ ကော်လံကို ဆွဲကိုင်လိုက်သည်။

 "မင်းနဲ့ မဆိုင်တဲ့ ကိစ္စတွေကို ဝင်မစွက်ဖက်နဲ့… ကိုယ့်ကိုယ်ကိုယ် ဒုက္ခမရောက်အောင် သတိထား… ဒါပေမဲ့ မင်း ဝင်ပါပြီးပြီဆိုတော့ မင်းကံဆိုးတာကိုပဲ ဝန်ခံလိုက်တော့… ကြက်ပေါက်လေး… လောင်ဇီက စာဂျပိုးတွေကို ရိုက်ရတာ အကြိုက်ဆုံးပဲ...မင်းကို ရူးသွားအောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ.."


သူ ပြုံးပြီး သူ့လက်မောင်းကို ရွှေ့လိုက်သည်။ သူက စုန့်ယွီကို ဓာတ်တိုင်တစ်ခုထံသို့ တွန်းကပ်တော့မည့် ပုံရ၏။


ရှဲ့ဆွေ့၏ မျက်နှာအမူအရာက အေးစက်သွားသည်။


သို့သော် နောက်တစ်စက္ကန့်တွင် လမ်းပေါ်တွင် အော်သံတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။ မြေပြင်ပေါ် လဲကျသွားသည်က ဆံပင်နီဂိုဏ်းသား ဖြစ်နေခဲ့သည်။


လျှပ်စီးတစ်ပြက်အတွင်း စုန်ယွီက အခြေအနေကို ပြောင်းပြန်လှန်လိုက်ပြီး ခြေတစ်ချက်ကန်သွင်းလိုက်သည်။ ဆယ်ကျော်သက်၏ အညိုရောင်သမ်းနေသော ဆံပင်တို့က သူ၏နဖူးကို ဖြတ်သန်းသွားပြီး၊ ယဉ်ကျေးသိမ်မွေ့သော မျက်နှာသွင်ပြင်တို့က ကြမ်းတမ်းသော အမူအရာဖြင့် ပုံပျက်နေသည်။


ဆံပင်နီက ဗိုက်ကိုဖိလျက် မြေပြင်ပေါ်လဲကျနေသည်။ သူ ခေါင်းထောင်ပြီး စိုက်ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။ 

"မင်း သေချင်နေတာလား…"


"ဘယ်သူ အရင်သေမလဲ ကြည့်ကြတာပေါ့…"


စုန့်ယွီက လှောင်ပြောင်လိုက်ပြီး၊ သူ့လက်ထဲရှိ သင်္ချာစာအုပ်ကို လိပ်လိုက်ကာ ဆံပင်နီ၏ လက်မောင်းကို နင်းရင်း စာအုပ်ဖြင့် သူ့ခေါင်းကို ရိုက်ချလိုက်သည်။ ရိုက်ချက်တိုင်းက ပြင်းထန်စွာ ထိမှန်သွားသည်။


သူတို့ပတ်ဝန်းကျင်ရှိ လူများအားလုံး ပါးစပ်အဟောင်းသားနှင့် မြင်ကွင်းကို စိုက်ကြည့်နေကြသည်။


နှစ်ပေါင်းများစွာ ငြိမ်သက်တည်ငြိမ်ခဲ့သည့် ရှဲ့ဆွေ့ပင် ဤကလေးကြောင့် စက္ကန့်အနည်းငယ်ကြာ မှင်သက်သွားခဲ့ရသည်။


ဆံပင်နီက ဆက်အော်ပြီး ရုန်းကန်နေဆဲပင်။ သို့သော် စုန့်ယွီက ကြောက်စရာကောင်းလောက်အောင် သန်မာသည်။ သူက အလွန်အမင်း စိတ်ပျက်ဒေါသထွက်ပြီး ကျန်သည့်အဖွဲ့ကို နောက်လှည့်အော်လိုက်သည်။

"မင်းတို့အားလုံး အဲ့ဒီမှာ ရပ်ကြည့်နေတုန်းပဲလား…ဒီကောင့်ကို ဖမ်းပြီး ငါ့အစား သတ်ပစ်လိုက်စမ်း…”


နောက်လိုက်လေးများအားလုံးက သတိပြန်ဝင်လာပြီး အလုအယက် ပြေးလာကြသည်။ သူတို့တွင် အဖော်များရှိမှန်း သတိရပြီး ချက်ချင်း သံတုတ်များ၊ ဓားများနှင့် ဝိုင်းအုံလာကြသည်။

"ကောင်စုတ်၊ မင်းတော့ ပြီးပြီ… ငါတို့ အစိမ်းရောင်နဂါးဂိုဏ်းကို ပြစ်မှားရဲတယ်ပေါ့…"


"ဒီည မင်း ဒူးထောက်ပြီး အဖေလို့ ခေါ်ရင်တောင် အသုံးမဝင်တော့ဘူး…"


စုန်ယွီက ဆံပင်နီကို နင်းထားသည့် ခြေထောက်ကို လွှတ်လိုက်ပြီး သူ့ဖုန်းထဲက နံပါတ်အနည်းငယ်ကို ရိုက်ထည့်လိုက်သည်။ ဖုန်းခေါ်ဆိုမှု ချိတ်ဆက်ရန် စောင့်နေဆဲတွင် ဂိုဏ်းသားအုပ်စုကို အေးစက်သည့် အပြုံးတစ်ခု ပြုံးပြလိုက်သည်။

"မင်းတို့ အဖေကို ခေါ်ချင်တာလား…"


သူ သင်္ချာစာအုပ်ကို မြှောက်ကိုင်လိုက်ပြီး ဆံပင်နီ၏ မျက်နှာကို ပုတ်ရင်း လှောင်ပြောင်လိုက်သည်။

 "လမ်းတွေပေါ် လျှောက်သွားနေတာ ရပ်ပြီး အိမ်စာအရင်လုပ်ကြဦး… မြို့ရဲ့ မြောက်ဘက်နဲ့ တောင်ဘက် လမ်းတွေက အတူတူပဲ… ဘယ်သူက တကယ့်အဖေလဲဆိုတာ သွားမေးကြည့်လိုက်ကြဦး…"


"..."


ဤဂိုဏ်းသားများက ဤမျှလောက်ရူးသွပ်သည့် စကားများကို တစ်ခါမျှ မကြားဖူးကြပေ။ သူတို့က ဒေါသထွက်ပြီး မျက်နှာများက စိမ်းတော့မတတ် ဖြစ်နေကြပြီဖြစ်သည်။


သေစမ်း… ဘယ်သူကများ ဒီလောက် မာနကြီးရဲတာလဲ…


ရှဲ့ဆွေ့မူကား ဤကလေးကြောင့် တကယ်ကို ရယ်မောမိခဲ့သည်။


သူ့ရင်ထဲရှိ စိတ်တိုမှုများကလည်း ညလေညှင်းအေးနှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ စုန့်ယွီ ရောက်လာခြင်းက ပြောင်းလဲမှုများစွာ ယူဆောင်လာခဲ့သော်လည်း၊ သူ့ကို အတွေ့အကြုံသစ်များစွာလည်း ပေးခဲ့သည်။


အနည်းဆုံးတော့ ငါ ဒီခံစားချက်ကို မုန်းတီးမနေခဲ့ဘူး…


ဆံပင်နီက အလွန်ဒေါသထွက်သောကြောင့် ဤနေရာတွင် ခုန်ပေါက်ချင်နေပြီဖြစ်သည်။ 

"မင်း ဘယ်သူ့ကို ခေါ်နေတာလဲ… လူတွေ ခေါ်လာရင်တောင် အသုံးမဝင်ဘူး… ဒီည မင်းသေမလား ငါရှင်မလားပဲ…"


စုန့်ယွီက ဖုန်းပြောနေပြီဖြစ်သည်။

 "ဟေး၊ ဦးလေးမာ ကားကို မောင်းလာခဲ့ပါဦး… ဒီမှာ လူမိုက်လေးတွေ လမ်းပိတ်နေလို့ ဦးလေး လာရင်း လမ်းမှာ သူတို့ကို ဝင်တိုက်ပစ်လိုက်လို့ ရတယ်…"



🌹🌹🌹