Ch 9
Viewers 5k

🌹Chapter 9 

ကျောင်းတွင်နေထိုင်ခြင်း



စုန့်ယွီ အိမ်ပြန်ရောက်သောအခါ အဖွားမုန့်က သူ ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်ပြီး မေးခွန်းအနည်းငယ် မေးခဲ့သော်လည်း အခြားဘာမျှ သိပ်မပြောခဲ့ပေ။


ရေမိုးချိုးပြီးနောက် သူ့အခန်းထဲဝင်သို့ဝင်ပြီး သင်းပျံ့သော စံပယ်ရနံ့သင်းနေသည့် စောင်ပေါ်တွင် လှဲချလိုက်သည်။


စုန့်ယွီက သူ့အမေထံမှ စာပြန်စာကို ရခဲ့သည်။

[ ကောင်းတာပေါ့…ယွီယွီ ကျင်းမြို့က ဘဝနဲ့ အကျွမ်းတဝင်ရှိနေရဲ့လား…]


စုန့်ယွီက စာရိုက်လိုက်သည်။

 [ ဟုတ်ကဲ့…သား ကျင်းမြို့ကို အရမ်းကြိုက်တယ်… ]


ခဏစဉ်းစားပြီးနောက် စုန့်ယွီက ထပ်ဖြည့်လိုက်သည်။

[ မား…ကျောင်းဖွင့်ရင် သား ကျောင်းမှာပဲ နေချင်တယ်… ]


ကျောင်းဖွင့်ရန် တစ်လသာ လိုတော့သည်။ 


အဆောင်မှာနေတာက အရမ်းအရေးကြီးတဲ့ ခြေလှမ်းတစ်ခုပဲ….


မာမားစုန့်ထံမှ ပြန်စာကို မကြာမီတွင် ရခဲ့သည်။

[ အဆောင်မှာ နေမလို့လား…ဘာလို့ အဲဒီမှာ နေချင်တာလဲ… ]


စုန့်ယွီ ပြန်ဖြေလိုက်သည်။

 [ အထက်တန်းကျောင်းရဲ့ ဘဝကို ခံစားကြည့်ချင်လို့ပါ… ]


ဤစကားများက မာမားစုန့်ကို မယုံနိုင်လောက်အောင်ပင် ရင်နာစေခဲ့သည်။

 [ ဒီလိုဆိုရင်တော့ မား သားအဖွားနဲ့ ဆွေးနွေးပြီးတော့ ကျောင်းကို ဆက်သွယ်ပြီး စီစဉ်ခိုင်းလိုက်မယ်… ]


စုန့်ယွီ ပြုံးလိုက်သည်။

[ ကျေးဇူးတင်ပါတယ် မား…]


စုန့်ယွီ မအိပ်ချင်သေးသောကြောင့် သူ့လက်ကိုင်ဖုန်းနှင့် ခဏ ကစားနေခဲ့သည်။


သူ မာရှောင်တင်းကို QQ (လူမှုကွန်ရက်တစ်ခု) တွင် ထည့်လိုက်သည်။ ဤ အသားအဝါရောင်နှင့် ကလေး၏ စိတ်ပိုင်းဆိုင်ရာ ကမ္ဘာက အလွန်ကြွယ်ဝသည်။


သူ၏ အင်တာနက်အမည်က 'ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး’  ဟု ဖြစ်ပြီး၊ သူ၏ ပရိုဖိုင်ပုံမူကား ဆံပင်များနှင့် မျက်နှာပေါ် ဖုံးအုပ်နေသည့် ယာမာမူရာ ဆာဒါကို (Yamamura Sadako) ဖြစ်သည်။


{T/N: 'ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး – ၎င်းက ဂျပန်စာရေးဆရာ ကိုဂျီဆူဇူကီး (Koji Suzuki) ရေးသားထားပြီးတော့ ၁၉၉၁ ခုနှစ်တွင် ပထမဆုံး ထုတ်ဝေခဲ့သည့် Ring (リング, Ringu) ဟုခေါ်သော ထိတ်လန့်သည်းဖိုဝတ္ထုကို ရည်ညွှန်းသည့် အင်တာနက် meme တစ်ခု ဖြစ်သည်။ ၎င်းကို "ရေသောက်တဲ့အခါ ရေတွင်းတူးသူကို မမေ့နဲ့" ဟူသော တရုတ်ဆိုရိုးစကားနှင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဤဆိုရိုးစကား၏ မူရင်းအဓိပ္ပာယ်မှာ သင့်ကို အောင်မြင်အောင် ကူညီခဲ့သူများကို ကျေးဇူးတင်ရန် ဖြစ်သည်}


စုန့်ယွီက ဤပရိုဖိုင်ပုံကြောင့် သူ့ကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။


မာရှောင်တင်း၏ ကိုယ်ပိုင်အမှတ်အသား (personal signature) က ပို၍ပင် ရင့်ကျက်မှုမရှိပေ။ 


ငါ တီဗီထဲကနေ ထွက်နိုင်တယ်…ဒါပေမဲ့ မင်းရဲ့ နှလုံးသားထဲကိုတော့ ဝင်လို့မရဘူး…


စုန့်ယွီ: "… အံ့ဩစရာပဲ…"


အင်တာနက်ပေါ်မှာ သူ့(မာရှောင်တင်း) ရဲ့ ပရိုဖိုင်ပုံနဲ့ ကိုယ်ပိုင်အမှတ်အသားလေးနဲ့တင် ဒီလို ထူးခြားတဲ့ စိတ်နေစိတ်ထားကို ဖော်ပြနိုင်တာ တော်တော်လေး အထင်ကြီးစရာ ကောင်းတာပဲ…


မာရှောင်တင်းက သူ့ကို ယခုမှ စ add (သူငယ်ချင်းအဖြစ် ထပ်ပေါင်း) ခဲ့သည်။ သူ အလွန်စိတ်လှုပ်ရှားပြီး အခြေအနေကို စမ်းသပ်ရန် အီမိုတီကွန်(emoticon) 

တစ်ခု အရင်ဆုံး ပို့လာခဲ့သည်။


စုန့်ယွီ၏ အွန်လိုင်းနာမည်ကို တွေ့လိုက်ရသောအခါ သူ တကယ်ပင် အံ့အားသင့်သွားခဲ့ရသည်။


ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး : "ဖာ့ခ်…. ယွီကော မင်းရဲ့ နာမည်က တကယ်ကို 666 ပဲ"


{T/N: 666 - အံ့ဩစရာကောင်း၊ အထင်ကြီးစရာကောင်း}


စုန့်ယွီ၏ နာမည်က သူ ကျပန်းပေးထားခြင်း ဖြစ်သည်။ မူလတွင်သူက ပိုပြီး အတန်အသင့်ဖြစ်သည်ကို ရွေးချင်သော်လည်း၊ ယခု သူက ၁၅ နှစ်သားအရွယ် ဆယ်ကျော်သက်တစ်ယောက်ဖြစ်နေသောကြောင့် ငယ်ရွယ်ပြီး မရင့်ကျက်သေးသောပုံစံကို လုပ်ရန် ဤအချိန်ထက် ပို၍ ကောင်းသော အချိန် မရှိဟု တွေးမိခဲ့သည်။ ထို့ကြောင့် သူ့နာမည်ကို 'မင်းရဲ့ ယောက်ျား ယွီကော’ ဟု ပြောင်းပစ်လိုက်သည်။ ဤသည်က ယခင်က ဆော့ဖူးသည့် ဂိမ်းတစ်ခုမှ သုံးစွဲသူအမည် (username) ဖြစ်ပြီး၊ မိန်းကလေးများနှင့် စနောက်ရန် သီးသန့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။


စုန့်ယွီက သူ ဆာဒါပရိုဖိုင်ပုံကို ကြည့်လိုက်သည်။ သူ့မျက်နှာက အမူအရာမဲ့နေ၏။


မင်းရဲ့ယောက်ျား ယွီကော: "မင်းဟာလောက် မ 6 မပါဘူး…"


ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး :  [ချစ်စရာကောင်း][ချစ်စရာကောင်း]


မာရှောင်တင်းက မကြာမီတွင် နောက်ထပ် မက်ဆေ့ချ်တစ်စောင် ပို့လာခဲ့သည်။ 


ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး :  "မဖြစ်နိုင်ဘူး…ယွီကောရဲ့ နာမည်က ပိုကောင်းတုန်းပဲလို့ ငါ ထင်နေတုန်းပဲ… ငါ တမင်တကာ နာမည်မပြောင်းရင်  တကယ်ပဲ ကိုယ့်ယောက်ျားနဲ့ စကားပြောနေတာလို့ ထင်လိမ့်မယ်…"


စုန့်ယွီ အသံကျယ်ကျယ်နှင့် ရယ်လိုက်သည်။


မင်းရဲ့ယောက်ျား ယွီကော:  "ဒါဆို မြန်မြန်ပြောင်းလိုက်တော့….ငါ  တောင်းပန်ပါတယ်…ငါနဲ့ လိင်ချစ်သူတစ်ယောက်လို သရုပ်မဆောင်နဲ့…."


ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး : "??? [စိတ်ထိခိုက်] ယွီကော…. မင်း ငါ့ကို မုန်းနေတာပဲ…"


ကံကောင်းစွာနှင့် မာရှောင်တင်းက အားနေသောကြောင့် သူ့ကို လိုက်ရှာနေခြင်း မဟုတ်ပေ။


သူက ကျင်းမြို့တော်၏ ဒေသခံတစ်ဦးတစ်ယောက်အနေနှင့် စုန့်ယွီထက် ပို၍  မြို့အကြောင်းကို ပိုသိသည်။ သူက စုန့်ယွီနှင့် အတူ အထွေထွေဗဟုသုတများ များစွာကို တတွတ်တွတ်ပြောရင်း မျှဝေခဲ့သည်။


ပထမဆုံးအနေနှင့် သူက အဖွဲ့ထဲကို ဖိတ်ခေါ်ချက်တစ်ခု ပို့လိုက်သည်။


ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး : "ယွီကော…ဒါက ကျင်းချန် အမှတ် (၁) အထက်တန်းကျောင်းက ကျောင်းသားသစ်တွေအတွက် အုပ်စုchatအသစ်ပါ… မင်း ဝင်လို့ရတယ်…"


ထို့နောက် သူက ဝက်ဘ်ဆိုက်လိပ်စာတစ်ခု ပို့လိုက်သည်။


ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး : "ယွီကော… ဒါက ကျင်းချန် အမှတ် (၁) အထက်တန်းကျောင်းရဲ့ ကျောင်းဝင်းကလပ်ကနေ ဖွဲ့ထားတဲ့ လူမှုဖိုရမ်ပါ…မင်း ဝင်ကြည့်ပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်လို့ရတယ်…ငါတော့ တော်တော်ပျော်စရာကောင်းတယ်လို့ ထင်တယ်…"


စုန့်ယွီက ကျောင်းသားသစ်အုပ်စုကို သိပ်စိတ်မဝင်စားသော်လည်း သူက တကယ်အားနေပြီး ဘာမှလုပ်စရာမရှိသည့်အတွက် မာရှောင်တင်း၏ လင့်ခ်ကို နှိပ်ပြီး သူ QQ နှင့် အကောင့်တစ်ခု မှတ်ပုံတင်လိုက်သည်။ သူ အလွန်ပျင်းနေသောကြောင့် လုပ်ခဲ့သည်ဖြစ်၍ မှတ်ပုံတင်သောအခါ သူ့နာမည်ကိုပင် မပြောင်းခဲ့ပေ။


လင့်ခ်က ဖိုရမ်များထံ တိုက်ရိုက်ရောက်သွားသည်။ ထိပ်ဆုံးတွင် တင်ထားသည်က ပုံမှန်ကျောင်းသားသစ်များ မေးလေ့ရှိသော မေးခွန်းများ၏ အဖြေများဖြစ်ပြီး ရွှယ်ကျန်း(seniors)များ အားလုံးက ထိုနေရာတွင် တက်ကြွစွာ လှုပ်ရှားနေကြသည်။


အဓိပ္ပာယ်မရှိသော ပိုစ့်များ များစွာ ရှိနေ၏။


[အမှတ် (၁) အထက်တန်းကျောင်းရဲ့ ကျောင်းပန်းကလေး နဲ့ ကျောင်းမြက်ကလေး ရွေးချယ်မှု]


{T/N: ကျောင်းပန်းကလေး & ကျောင်းမြက်ကလေး -  ‘ School flower’ – ကျောင်းမှာရှိတဲ့ အလှဆုံးမိန်းကလေး အတွက် တရုတ်စကားလုံးအသုံးအနှုန်းဖြစ်ပါတယ်။

 â€˜ School grass’  – ကျောင်းမှာရှိတဲ့ အချောဆုံးယောက်ျားလေး အတွက် တရုတ်စကားလုံးအသုံးအနှုန်းဖြစ်ပါတယ်}


[ကျောင်းသားသစ်တွေ ကိုယ့်နာမည်၊ အရပ်နဲ့ လိပ်စာတွေကို ပြောပြကြ…ကျောင်းမစခင် တွေ့ဆုံကြရအောင်… လာကစားရဲလား…]


[အရေးပေါ် အရေးပေါ် အရေးပေါ်…Honor of Kings 5v5 က လူတစ်ယောက်လိုနေတယ်… အမှိုက်လေးယောက်ကို တွဲခေါ်သွားနိုင်တဲ့ ဘော့စ်ကြီးတစ်ယောက်လောက်… ငါတို့မှာ အခု အမှိုက်လေးယောက်ရှိတယ်… ဘော့စ်ကြီးတစ်ယောက်ကိုပဲ စောင့်နေတာ… မြန်မြန်…]


[ ညီအစ်ကိုတို့ရေ… နွေရာသီကျောင်းပိတ်ရက်မှာ ဒုတိယထမင်းစားဆောင် ဘယ်အချိန်ဖွင့်လဲ ပြောပေးကြပါဦး…]


စုန့်ယွီက ပို့စ်များကို အမြန်ဖတ်နေခဲ့သည်။ တောက်ပသော ကျင်းမြို့တော်၏ လရောင်က ပြတင်းပေါက်မှတစ်ဆင့် ထိုးဖောက်ဝင်ရောက်နေပြီး ဥယျာဉ်ထဲရှိ ပိုးကောင်လေးများကလည်း တကျီကျီ အော်မြည်နေကြသည်။ သူက ခေါင်းအုံးကို မှီရင်း အောက်သို့ ငုံ့ကြည့်ကာ ပြုံးလျက် ဖတ်ရှုနေခဲ့သည်။


ဒါက တကယ့်ကမ္ဘာပဲ…. အထက်တန်းကျောင်းသားဘဝက ပူပင်သောကကင်းပြီး အရောင်အသွေးစုံလင်နေသင့်တယ်…


ဒါပေမဲ့ <နူးညံ့သောထိန်းချုပ်ခြင်း> စာအုပ်က ရှဲ့ဆွေ့ရဲ့ ကျောင်းသားဘဝကို အမှောင်မိုက်ဆုံးနဲ့ အဆိုးရွားဆုံးအပိုင်းကို ပေးခဲ့တာ…


အတန်းထဲမှာ ဖိနှိပ်ခံရတာတွေ…အေးစက်တဲ့အကြမ်းဖက်မှုတွေ… မတရားမှုတွေ…


"မင်းအတွက် ဒီလို မဖြစ်သင့်ဘူး…"

စုန့်ယွီက တိုးတိုးလေး ရေရွတ်လိုက်သည်။


ရှဲ့ဆွေ့က အလွန်ကောင်းသော ဆယ်ကျော်သက်တစ်ယောက်ဖြစ်သည်။ ဤအသက်အရွယ်တွင် ထိုသို့သော စော်ကားမှုများနှင့် အကြမ်းဖက်မှုများကို မခံသင့်ပေ။


သူက ထူးချွန်သောရလဒ်များနှင့် ရုပ်ရည်ချောမောပြီး ကျောင်း၏ နာမည်ကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်လိမ့်မည်ဖြစ်သည်။


လူများစွာက သူ့ကို တိတ်တိတ်လေး သဘောကျကြလိမ့်မည်ဖြစ်သည်။


သူ့နာမည်ကို အမျိုးသမီးငယ်လေးများက သူတို့၏ ရနံ့သင်းပျံ့သည့် ဒိုင်ယာရီထဲတွင် ရေးမှတ်ကြလိမ့်မည်ဖြစ်သည်။


သူက ဆရာများ၏ မျက်စိထဲတွင် လိမ္မာသောကျောင်းသားတစ်ယောက် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အတန်းထဲတွင် မေးခွန်းမေးသောအခါ သူတို့၏ မျက်လုံးများက ရှဲ့ဆွေ့၏ မျက်နှာပေါ်ရောက်သောအခါ သူတို့၏အကြည့်များတွင် ခိုင်မာမှုနှင့် အပြုံးများ အမြဲရှိနေလိမ့်မည်ဖြစ်သည်။


သူက စာညံ့သောသူများထံမှ လေးစားမှုကို ရလိမ့်မည်ဖြစ်ပြီး၊ စာမေးပွဲရှိတိုင်း သူ့ပတ်ဝန်းကျင်တွင် လူအုပ်ကြီးက စကားတပြောပြောနှင့် ဝိုင်းနေလိမ့်မည်ဖြစ်သည်။


ယုံကြည်မှုနှင့် ထူးချွန်ထက်မြက်ပြီး လင်းလက်တောက်ပစွာ နေထိုင်ရလိမ့်မည်ဖြစ်သည်။


ဒါက သူ(ရှဲ့ဆွေ့) ပိုင်ဆိုင်သင့်တဲ့ အထက်တန်းကျောင်းသားဘဝပဲ…


*


အဖွားမုန့်က ကျင်းချန် အမှတ် (၁) အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးကို ဆက်သွယ်ပြီး စုန့်ယွီ၏ အခြေအနေနှင့် ကျောင်းတွင်နေချင်သည့် ဆန္ဒကို ရှင်းပြခဲ့သည်။ မာရှောင်တင်းထံမှ စုန့်ယွီက စာလေ့လာရသည်ကို နှစ်သက်ကြောင်း သိခဲ့ရပြီး အထက်တန်းကျောင်းစသောအခါ မည်သည့်အရာများ ပြင်ဆင်ရန် လိုအပ်သည်ကိုလည်း မေးမြန်းခဲ့သည်။


ကျောင်းအုပ်ကြီးထံမှ  စိတ်ရင်းမှန်နှင့် လေးနက်သည့် အဖြေကိုရပြီးနောက် အဖွားမုန့်က ကျေနပ်သွားပြီး စာအုပ်များနှင့် လေ့ကျင့်ခန်းစာအုပ်များကို အပုံလိုက်ဝယ်ယူကာ စုန့်ယွီ၏ အခန်းသို့ ပို့ပေးခဲ့သည်။ သူမက အထူးတလည် ညင်သာစွာ မှာကြားခဲ့သည်။

 "ယွီယွီ…သား နိုင်သလောက် ကြိုစားပါ…ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်းပင်ပန်းအောင်တော့ မလုပ်ပါနဲ့…"


စုန့်ယွီက ခုတင်ပေါ်တွင် ထိုင်ပြီး မြေပြင်ပေါ်က စာအုပ်ပုံနှစ်ပုံကို တောင့်တင်းနေသောမျက်နှာနှင့် ကြည့်လိုက်သည်။ သူက စိတ်မပါ့တပါနှင့် နှုတ်ခမ်းထောင့်များကို ကွေးလိုက်သည်။

 "ကျေးဇူးတင်ပါတယ် အဖွား…"


စိတ်မပူပါနဲ့ အဖွား… ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ပင်ပန်းအောင် လုပ်မှာ မဟုတ်ဘူး….


စုန့်ယွီ၏ အထက်တန်းကျောင်း ဗဟုသုတများ အားလုံးက အထက်တန်းတတိယနှစ်ပြီးခဲ့သော နွေရာသီကျောင်းပိတ်ရက်တွင် အကုန်မေ့သွားခဲ့ပြီဖြစ်သည်။


အကုန်လုံးကို ပြန်လေ့လာရတာက အရမ်းပင်ပန်းတယ်…


ငါ စာတော်တဲ့သူ ဖြစ်ချင်တာ မဟုတ်ပေမဲ့ အဆင့်နိမ့်ဆုံး ရလဒ်တွေရတာကတော့ တကယ်ကို မျက်နှာပျက်စရာပဲ…


စုန့်ယွီက အိမ်တွင် စိတ်မတည်ငြိမ်နိုင်သည့်အတွက် ရှဲ့ဆွေ့ကို သွားရှာရန် သူ ဆုံးဖြတ်လိုက်သည်။ မထွက်ခွာမီတွင် သူက ဖတ်စာအုပ်တစ်အုပ်နှင့် စာမေးပွဲမေးခွန်းစာရွက်တစ်ရွက်ကို ထည့်သွားသေးသည်။


ရှဲ့ဆွေ့၏ လက်ရှိအလုပ်က နို့လက်ဖက်ရည်ဆိုင်တွင် ဖြစ်သည်။


နို့လက်ဖက်ရည်ဆိုင်က ဤအချိန်တွင် လူစည်ကား၏။ ယေဘုယျအားဖြင့် မိန်းကလေးများက နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲနှင့် နို့လက်ဖက်ရည် သောက်နေကြသော်လည်း သူတို့၏ အကြည့်များက ရှဲ့ဆွေ့ထံသို့ အမြဲလိုလို ရောက်နေခဲ့သည်။


သူတို့က မျက်စိအစာကျွေးရန်အတွက် လာခဲ့ခြင်း ဖြစ်နိုင်သည်။ သူက အရပ်ရှည်ပြီး ခြေထောက်များလည်း ရှည်သည်။ ထို့နောက် အေးစက်ပြီး ဆန္ဒထိန်းချုပ်နိုင်သည့် အငွေ့အသက် ရှိသည်။ ပူပြင်းသောရာသီဥတုတွင် သူ့ကို တစ်ချက်ကြည့်လိုက်ခြင်းက လေအေးပေးစက်ထက်ပင် ပို၍ အကျိုးသက်ရောက်နိုင်သည်။


စုန့်ယွီက သံပရာရည်တစ်ခွက် မှာပြီး ပြတင်းပေါက်နားတွင် ထိုင်လိုက်သည်။ သူ့သင်္ချာစာရွက်ကို ထုတ်ပြီး ဘောပင်ကို ကိုင်လိုက်ခြင်းက နက်နဲသည့် လက်စားချေမှုတစ်ခုကို စတင်တော့မည့်ပုံဖြစ်နေ၏။


သူ စီစဉ်တကျတွဲစပ်ခြင်းနှင့် ပေါင်းစပ်ခြင်း (permutation and combination) ပုစ္ဆာတစ်ခုတွင် ပိတ်မိသွားခဲ့သည်။ စုန့်ယွီက ပုံသေနည်းကို မေ့နေပြီး ပျင်းရိလေးတွဲသော စိတ်အခြေအနေတွင် ရှိနေခဲ့သည်။ သူ့လက်ကိုင်ဖုန်း ကို အသုံးပြု၍ Baidu တွင် ရှာဖွေကြည့်ရန်ပင် စိတ်မပါတော့ဘဲ၊ တစ်ရှူးတစ်ရွက်ကို ဆွဲထုတ်ကာ ဂဏန်းခြောက်လုံးပါ စီစဉ်တကျတွဲစပ်ခြင်းနှင့် ပေါင်းစပ်ခြင်းကို ရေးချလိုက်သည်။


တစ်ရှူးတစ်ရွက်လုံး မဖြည့်နိုင်သောကြောင့် နောက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။


ဆိုင်ထဲတွင် လူများ တဖြည်းဖြည်း လျော့သွားခဲ့သည်။


ရှဲ့ဆွေ့က စုန့်ယွီ၏ သံပရာရည်က ခွက်အောက်ခြေရောက်နေပြီဆိုသည်ကို သတိထားမိသောအခါ နောက်ထပ်တစ်ခွက် ယူလာပေးခဲ့သည်။


စုန့်ယွီက သူ့အနီးကို ရောက်လာသည်ကို သတိမထားမိခဲ့ပေ။ သူက ယခု ပုစ္ဆာဖြေရှင်းသည်ကိုသာ အာရုံစိုက်နေသည်။


စုန်ယွီ၏ မျက်တောင်များက ကလေးတစ်ဦးကဲ့သို့ ကော့ညွှတ်နေသည်။ အပြင်ဘက် လမ်းမပေါ်ရှိ ကံ့ကော်ပင်များမှတစ်ဆင့် နေရောင်ခြည်က သူ၏မျက်နှာပေါ်သို့ ကျရောက်နေပြီး၊ ထူးထူးဆန်းဆန်း ကောင်းမွန်စွာ နေထိုင်တတ်သည့် အသွင်အပြင်ကို ဆောင်ယူပေးနေသည်။


ရှဲ့ဆွေ့က သူ အလွန်လေးနက်နေသည်ကို မြင်သောအခါ စာမေးပွဲမေးခွန်းစာရွက်ကို တစ်ချက်ကြည့်လိုက်သည်။


မေးခွန်းကို ရှင်းရှင်းလင်းလင်း မြင်ပြီးနောက် ရှဲ့ဆွေ့က တွေးတောရင်း တိတ်ဆိတ်သွားခဲ့သည်။


"720"


သူ့ခေါင်းပေါ်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။


စုန်ယွီ၏ ဘောပင်က ရပ်တန့်သွားခဲ့ပြီး အနှောင့်အယှက်ပေးခံလိုက်ရ၍ စိတ်အနည်းငယ်ပင် မကျေမချမ်း ဖြစ်သွားခဲ့သည်။

 "ငါ တွက်လို့ရတော့မှာကို… မင်း ငါ့ရဲ့ အတွေးကို နှောင့်ယှက်လိုက်ပြီ…."


ရှဲ့ဆွေ့: "..."


မင်းရဲ့ ရိုးရှင်းပြီး အခြေခံကျတဲ့ အယ်ဂိုရီသမ်(algorithm) က စဉ်းစားတွေးခေါ်တာလို့တောင် သတ်မှတ်လို့ရသေးလို့လား…


*****


{စာရေးသူ၏ အတွေး : 


ရှဲ့ဆွေ့ - စိတ်မပူပါနဲ့ အနာဂတ်ကျရင် ငါ မင်းအတွက် ကူစဉ်းစားပေးမယ်။

စုန့်ယွီ - စိတ်မပူပါနဲ့ အနာဂတ်ကျရင် ငါ မင်းရဲ့ ပြဿနာတွေကို ကူရှင်းပေးမယ်။}



🌹🌹🌹