Ch 7
Viewers 5k

🌹 Chapter 7

ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း



[ယွီယွီ…သား အဆင်ပြေရဲ့လား…ကျင်းမြို့ရောက်တာနဲ့ ဘာလို့ ပြဿနာဖြစ်တာလဲ… သား မြို့တော် Aကို ပြန်လာတာ ပိုကောင်းမယ်ထင်တယ်… သားတစ်ယောက်တည်း ရှိနေတာကို မား စိတ်မချဘူး… ]


စုန့်ယွီက တက္ကစီထဲတွင် ထိုင်နေစဉ် မာမားစုန့် ပို့လိုက်သည့် မက်ဆေ့ချ်ကို တွေ့လိုက်သည်။ သူ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

[ ဘာမှမဟုတ်ပါဘူး… အဖွားက သားကို ကောင်းကောင်း ဂရုစိုက်ပါတယ်…ဒီတစ်ခါတော့ သား တစ်ဇွတ်ထိုးဆန်သွားတာပါ… တောင်းပန်ပါတယ် မား…]


သူ အကြာကြီး စောင့်ခဲ့သော်လည်း မည်သည့်အကြောင်းပြန်စာမှ မရခဲ့ပေ။ မာမားစုန့်က အလုပ်များနေသောကြောင့် ဖြစ်နိုင်သည်။


စုန့်ယွီက ဖုန်းမျက်နှာပြင်ကို လမ်းပြမြေပုံသို့ ပြောင်းလိုက်သည်။


ဇူလိုင်လတွင် ကျင်းမြို့တော်က ပူပြီး ခြောက်သွေ့နေသည်။ ပုစဉ်းရင်ကွဲများကလည်း သူတို့ ပင်ပန်းလာသည်အထိ အော်မြည်နေကြ၏။


တက္ကစီပေါ်မှ ဆင်းပြီးနောက် စုန့်ယွီက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အရိပ်ရသောနေရာမှ လျှောက်သွားခဲ့သည်။


လမ်းကြား၏ အဆုံးထိ သူ မြင်နေနိုင်သည်။ မြေပြင်ပေါ်တွင် ဟင်းသီးဟင်းရွက်များ ပြန့်ကျဲနေသည်ကိုတွေ့ရသောအခါ မနက်ပိုင်းတွင် ဟင်းသီးဟင်းရွက်ဈေးရောင်းခဲ့ခြင်းဖြစ်ကြောင်း တွေးလိုက်မိသည်။ လမ်းဘေးက အဆောက်အဦးများက ဟောင်းနေပြီး၊ အထဲသို့ လျှောက်ဝင်လိုက်လျှင် နံရံများက မည်းညစ်နေကာ ထုံးသုတ်ထားသည်များက အက်ကွဲနေသည်ကို မြင်ရသည်။ ဓာတ်တိုင်ပေါ်တွင် 'လိမ်လည်မှုကြော်ငြာများ’ ကပ်ထားပြီး၊ မြေပြင်ပေါ် ပစ်ချထားသည့် လက်ကမ်းကြော်ငြာများပေါ်တွင် မည်သူမှန်းမသိသော်လည်း တစ်ယောက်ယောက်က အန်ထားသည်ကို တွေ့လိုက်ရသည်။ လမ်းလျှောက်နေစဉ် လမ်းပေါ်တွင် ကားများ သိပ်မရှိပေ။ သူ ကြားနိုင်သော အသံအများစုက အမျိုးသမီးများ၏ ဆဲဆိုကြိမ်းမောင်းနေသည့် အသံများပင်ဖြစ်သည်။


စိတ်မချမ်းမသာဖြစ်စရာကောင်းပြီး ဆင်းရဲကာ ဆူညံလှသည်။ ဤသည်က ရှဲ့ဆွေ့ ကြီးပြင်းလာခဲ့သည့် နေရာဖြစ်သည်။


စုန့်ယွီက လမ်းကြားကို ကျော်ပြီး ပုံမှန်လမ်းမကြီးသို့ ရောက်လာခဲ့သည်။


ဤအချိန်တွင် ရှဲ့ဆွေ့က အလုပ်လုပ်နေလောက်မည်ဟု သူ ထင်သောကြောင့် လမ်းမပေါ်တွင် လမ်းလျှောက်နေခဲ့သည်။


သူ ရှဲ့ဆွေ့ကို တွေ့သောအခါ သေးငယ်သည့် စားသောက်ဆိုင်လေးတစ်ဆိုင်ရှေ့တွင် ဖြစ်သည်။ သို့သော် တစ်ခုခု ဖြစ်ပျက်နေပုံရ၏။ 


လမ်းတစ်နေရာတွင် လူများ ဝိုင်းထားကြသည်။


အလယ်တွင် မှောက်နေသော စက်ဘီးတစ်စီးနှင့် ပြန့်ကျဲနေသည့် အာလူးနှင့် ငရုတ်သီးများ ရှိသည်။ ရှဲ့ဆွေ့က တိတ်ဆိတ်စွာနှင့် ဟင်းသီးဟင်းရွက်များကို ကောက်ရန် ကုန်းလိုက်သည်။ ကလေးတစ်ယောက်ကို ချီထားသော အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်မူကား ရပ်ပြီး သူ့ကို အော်ဟစ်ဆဲဆိုနေခဲ့သည်။


"ကျွန်မကလေးနဲ့ ကျွန်မ လမ်းလျှောက်နေတုန်း သူ့စက်ဘီးနဲ့ လာတိုက်တာ…ဒီရက်စက်တဲ့ ကလေးဆိုးက တမင်တကာ လုပ်တာ… ကျွန်မကလေးက ဒီလောက်ငယ်ငယ်လေးကို သူ့အသက်ကို ယူဖို့ကြိုးစားနေတာလား…"


"အဲဒီစက်ဘီးက ကျွန်မကလေးကို တိုက်မိလုနီးပါးပဲ…သူ့မှာ မျက်လုံးမရှိဘူးလား… သူ တမင်တကာ လုပ်တာဖြစ်ရမယ်…"


"ကျွန်မတို့ မိသားစုက ဘာများမှားလို့ သူ့ကိုရော သူ့အမေနဲ့ရော ဆုံခဲ့ရတာလဲ…"


"သူက တကယ်ပဲ ပြည့်တန်ဆာမရဲ့သားပဲ…သူ့အမေက လာတာနဲ့ ယောက်ျားတွေကို ဖြားယောင်းတယ်… သူလည်း ဘာမှ မကောင်းဘူး… သူက ညစ်ပတ်ပြီး ရက်စက်တဲ့ကောင်ပဲ… အဲဒီ ကြင်နာတတ်တဲ့ အဖွားအိုကြီးက သူ ဘာတွေလုပ်နေလဲ တကယ် မသိဘူး… ဒီလမ်းထဲက လူတိုင်း သူ့ကို ရွံကြတာကို…"


အိမ်ထောင်ရှင်အမျိုးသမီးက ထိုသို့ ညစ်ညမ်းသည့်စကားလုံးများကို ထွေးထုတ်ပြောဆိုသူဖြစ်သည်။


ရှဲ့ဆွေ့က မြေပြင်ပေါ် ဒူးထောက်နေစဉ် သူ့ကျောပြင်က တောင့်တင်းပြီး နုနယ်နေပုံရ၏။ သူ့ဆံပင်နက်များက သူ့မျက်နှာအမူအရာကို ဖုံးကွယ်ထားသော်လည်း ထိုအမျိုးသမီးက သူ့အမေအကြောင်း စပြောသည်နှင့် လူငယ်လေး၏ လက်များက လက်သီးဆုပ်များ ဖြစ်သွားပြီး ထောင်ချောက်ဆင်ခံရသည့် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ခေါင်းမော့ကာ ဟိန်းဟောက်လိုက်သည်။

"ကျွန်တော့်အမေ အဲဒီလို မလုပ်ခဲ့ဘူး…"


သူ၏တည်ရှိမှုက အမျိုးသမီးကို ကြောက်ရွံ့စေခဲ့သည်။ သူမက တစ်လှမ်းနောက်ဆုတ်လိုက်ပြီး ချက်ချင်း အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။

"ကြည့်စမ်း… ကြည့်စမ်း…ဒီခွေးမသားက သူ့ရဲ့ မျက်နှာအစစ်ကို ပြနေပြီ…သူ လူတွေကို ရိုက်တော့မယ်… သူ လူတွေကို ရိုက်တော့မယ်…"


ရှဲ့ဆွေ့က အံကြိတ်လိုက်သည်။ သူက မတ်တတ်ရပ်ချင်နေပုံရ၏။


ထိုအမျိုးသမီးက ပို၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဒီကောင်လေးက တစ်ယောက်ယောက်ကို ရိုက်နေတယ်…သူ တစ်ယောက်ယောက်ကို ရိုက်နေတယ်…"


နောက်တစ်စက္ကန့်တွင် ရှဲ့ဆွေ့က လူအုပ်ထဲမှ ပြေးထွက်လာသည့် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်၏ ခြေထောက်နှင့် ခေါင်းကို ကန်ခံလိုက်ရသည်။

"တိရစ္ဆာန်ကောင်…"


ဤအချိန်တွင် ရှဲ့ဆွေ့က ဆယ့်ငါးနှစ်သားပင် ရှိသေးပြီး သူ့ကိုယ်လုံးက ပိန်ပိန်ပါးပါးနှင့် သွယ်လျသည်။ ဤကန်ချက်က သူ့ကို ဘေးဘက်က တိုင်ဆီ လွင့်သွားစေပြီး သူ့နဖူးကို ပွန်းပဲ့သွားကာ သွေးထွက်စေခဲ့သည်။


အရွယ်ရောက်ပြီးသား အမျိုးသားက ရှဲ့ဆွေ့၏ လက်ကို နင်းလိုက်သည်။

 "မင်း လူတွေကိုတိုက်ပြီးတော့ အခုလည်း ရိုက်ချင်သေးလား…"


ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများက လက်ညှိုးထိုးပြီး ရယ်မောကြလေသည်။


"အစတုန်းက သူ့ကို သနားစရာကောင်းတယ်လို့ ထင်ခဲ့တာ… ဒါပေမဲ့ အခုတော့ သူ ဒီလိုဖြစ်ရတာ သူ့မှာ မကောင်းတဲ့အရာ တစ်ခုခုရှိလို့ ဖြစ်ရမယ်လို့ ခံစားရတယ်…"


"လူတိုင်းက သူ့ကို မုန်းနေကြတယ်ဆိုရင် သူ သူ့ကိုယ်သူ ဘာမှားနေလဲဆိုတာ အရင်ကြည့်သင့်တယ်…"


"သူက ဒီလောက်ကလေးငယ်လေးကိုတောင် ရိုက်ဖို့ လုပ်ရဲတယ်…ရှဲ့ဆွေ့ရဲ့ စိတ်က တကယ်ကို ယုတ်မာတယ်…"


"အဲဒီအဖွားကြီး သူ့ကို အဝေးပို့ပစ်လို့ မရဘူးလား… သူက ကပ်ဆိုးကြယ်လိုပဲ… သူဒီမှာရှိနေတော့ ဘာကောင်းတာမှ မဖြစ်ခဲ့ဖူးဘူး…"


အမျိုးသမီးက ဆက်ပြီး ဆဲဆိုကြိမ်းမောင်းနေခဲ့သည်။

"သူ့စက်ဘီးနဲ့ ကျွန်မကလေးကိုပါ သတ်လုနီးပါးလုပ်ခဲ့တာ…ပြီးတော့ ကျွန်မကိုပါ ရိုက်ချင်သေးတယ်…သူ့မှာမျှော်လင့်ချက်မရှိတော့ဘူး…မျှော်လင့်ချက်မရှိတော့ဘူး…ဘယ်သူ ရဲကို သတင်းပို့မလဲ… သူ့လိုလူမျိုးက ထောင်ထဲမှာ တစ်သက်လုံးနေသင့်တယ်… သူ့ကို အပြင်ထွက်ခိုင်းပြီး တခြားသူတွေကို ဒုက္ခမပေးပါစေနဲ့..."


စုန့်ယွီက လာသောလမ်းတစ်လျှောက်တွင် သူမ၏စကားများကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။ လူအုပ်ကို တိုးဝှေ့ဖြတ်သန်းလာသောအခါ သူ ဤမြင်ကွင်းကို မြင်လိုက်ရသည်။


ရှဲ့ဆွေ့အတွက် ဤသို့သောအရာများက နေ့စဉ် မရေမတွက်နိုင်အောင် ဖြစ်ပျက်နေခဲ့သည်။ 


အသရေဖျက်မှု၊ ပါးစပ်ဖြင့် စော်ကားမှု၊ ရိုက်နှက်မှု…


မူရင်းဝတ္ထု၏ စာရေးသူက ရှဲ့ဆွေ့၏ အလွန်နူးညံ့သိမ်မွေ့သည့် စိတ်ဓာတ်ကို ဖန်တီးရန်၊ အနာဂတ်၏ စိတ်ခံစားမှုဆိုင်ရာ ပြဿနာများအတွက် လမ်းခင်းရန်၊ Gong #1၊ Gong #2၊  Gong #3 တို့က စကားလုံးများနှင့် သူ၏ ဒဏ်ရာများကို ကုစားပေးနိုင်ရန်အတွက် သူ၏ ဆင်းရဲဒုက္ခရောက်ခဲ့သည့် ကလေးဘဝကို ထပ်ခါတလဲလဲ အလေးပေးဖော်ပြခဲ့သည်။ 


ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ…


စာကြောင်းအနည်းငယ်သာ ရှိသော်လည်း အလွန်အမင်း ထိခိုက်ခံစားထားရသည့် ရှဲ့ဆွေ့က ထိုကြင်နာမှုများက သူ့အတွက် အလွန်တန်ဖိုးရှိလွန်းသောကြောင့် သူက ကိုယ့်ကိုယ်ကိုယ် အသည်းအသန်အပ်နှံပြီး အရာအားလုံးကို စွန့်လွှတ်လိမ့်မည်ဖြစ်သည်။


ဒါက တကယ်ကို ရူးတာပဲ… စာအုပ်ထဲက လူတိုင်း ရူးနေကြတာ…


အရွယ်ရောက်ပြီးသား အမျိုးသားက သူက တရားမျှတပြီး ဖြောင့်မတ်သောသူဟု ခံစားနေပုံရပြီး ကြမ်းတမ်းစွာနှင့် ရှဲ့ဆွေ့ကို ထိုးရန်ကြိုးစားနေခဲ့သည်။

"မင်းမှာ အဖေမရှိဘူး… အမေလည်းမရှိဘူး… ငါ မင်းအဖေနေရာကနေ မင်းကို ယောကျ်ားတစ်ယောက်က ဘယ်လိုနေရမယ်ဆိုတာကို သင်ပေးမယ်..."


စုန့်ယွီက မြေပြင်မှ ဂေါ်လီလုံးအနည်းငယ်ကို ကောက်ယူကာ ချက်ချင်းပင် ထိုလူ၏မျက်နှာသို့ ပစ်ပေါက်လိုက်သည်။


ဂေါ်လီလုံးတစ်လုံးက ထိုလူ၏မျက်လုံးကို ထိလုနီးပါးဖြစ်သွားခဲ့သည်။ ထိုလူက ကြောက်လန့်တကြား အော်ဟစ်ကာ နောက်သို့ ဆုတ်သွားပြီး သူ့ခြေထောက်အောက်မှ ရှဲ့ဆွေ့၏လက်ကို လွှတ်ပေးလိုက်သည်။

"ဘယ်သူ ငါ့ကို ရိုက်တာလဲ…"


သူက ဒေါသထွက်နေ၏။ သူ ခေါင်းမော့ကြည့်လိုက်ပြီး စုန့်ယွီကို မြင်လိုက်ရသောအခါ သူ့ဒေါသက မခံမရပ်နိုင်အောင် ပို၍ကြီးမားလာသည်။

"ကောင်ဆိုးလေး…မင်းက သူ့အတန်းဖော် မဟုတ်လား…ငါ မင်းတို့နှစ်ယောက်လုံးကို တစ်ခါတည်း သင်ခန်းစာပေးမယ်…"


သူက အင်္ကျီလက်များကို လှန်တင်ပြီး ခြိမ်းခြောက်ဟန်ဖြင့် လှမ်းလျှောက်လာသည်။ ထိုလူ၏ ခြိမ်းခြောက်မှုက အလွန်အားကောင်းသော်လည်း စုန့်ယွီက သူ့ကို လှည့်ပင်မကြည့်ပေ။ သူက ဖုန်းပြောနေသည်။

"ဟေး…110 ကလား….ကျွန်တော် ကိစ္စတစ်ခု သတင်းပို့ချင်ပါတယ်…"


{T/N: 110 - 911 နဲ့ တူညီတဲ့ တရုတ်နိုင်ငံရဲ့ အရေးပေါ်ဖုန်းနံပါတ်ပါ}


"လျန်ယွင်လမ်းပေါ်မှာ လူတစ်ယောက် ရန်ဖြစ်နေပါတယ်… အရွယ်ရောက်ပြီးသား ယောကျာ်းတစ်ယောက်က အထက်တန်းကျောင်းသားတစ်ယောက်ကို အနိုင်ကျင့်နေပါတယ်….ပြီးတော့ သူ့ကို သေအောင် ရိုက်တော့မယ်…မြန်မြန်လာပါ…"


ဖုန်းတစ်ဖက်မှ ရဲများက အသေးစိတ်အချက်အလက်များကို မေးမြန်းနေပုံရသည်။


စုန့်န်ယွီက ဖုန်းကို အော်ပြောလိုက်သည်။

"အဲဒီအထက်တန်းကျောင်းသားက ကျွန်တော်ပါ…အသက် အန္တရာယ်ရှိနေတယ်… ခင်ဗျားတို့ ဂရုစိုက်မှာလား…မစိုက်ဘူးလား…"


လူတိုင်း : "......"


တီ…


ဖုန်းချပြီးနောက် စုန့်ယွီ၏ မျက်လုံးများက အေးစက်နေပြီး ထိုလူ၏အကြည့်နှင့် ဆုံလိုက်သည်။


သူ ရဲခေါ်သည့် အပြုအမူက အလွန် ထင်ရှားပေါ်လွင်လွန်းသဖြင့် ကြည့်ရှုသူ လူအုပ်ကို မှင်တက်အံ့ဩသွားစေသည်။ အရွယ်ရောက်ပြီးသား အမျိုးသားလည်း သူ့ထံမှ သုံးလှမ်းအကွာတွင် ရပ်တန့်သွားသည်။ သူ မြှောက်တင်ထားသည့် လက်သီးများက ထိုး၍မရတော့ပေ။


စုန့်ယွီက သူ့ကို ဂရုစိုက်ရန် ပျင်းရိနေသည်။ သူက အမေနှင့်သားထံသို့ တည့်တည့်လျှောက်သွားပြီး မိခင်နောက်တွင် ပုန်းနေသည့် ကလေးကို ပြောလိုက်သည်။

"လက်ဖြန့်စမ်း…"


ထိုအမျိုးသမီးက ကြက်မကြီးတစ်ကောင်က သူ့သားသမီးကို ကာကွယ်သလိုပင် သူမ၏ကလေးကို ကာကွယ်ရင်း အော်ဟစ်လိုက်သည်။

"မင်း ဘာလုပ်နေတာလဲ…"


စုန့်ယွီက သူမကို ကျော်တက်သွားပြီး ကလေးကို တိုက်ရိုက်ဆွဲထုတ်လိုက်သည်။ ထို့နောက် သူ့လက်ဖဝါးကို ဖြန့်လိုက်ရာ သူ့လက်ထဲရှိ ဂေါ်လီလုံးလေးများ ပေါ်လာသည်။


အိမ်ထောင်ရှင်အမျိုးသမီး၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားလေသည်။


စုန့်ယွီက ရယ်လိုက်သည်။

"အိုး…မဆိုးဘူး...ကလေးလေး… မင်းရဲ့ဂေါ်လီတွေက တော်တော် တိကျတာပဲ…" 


သူ ခေါင်းကိုစောင်းကာ ထိုအမျိုးသမီးကို ပြောလိုက်သည်။

"အန်တီ...အန်တီ လိုချင်တဲ့အတိုင်း ဖြစ်ပြီနော်…ကျွန်တော် ရဲကို ခေါ်ထားတယ်… နောက်ဆုံး ဘယ်သူက အဖမ်းခံရမလဲဆိုတာ ကြည့်ကြတာပေါ့…"


ကြည့်ရှုနေသူများအားလုံးက ထိုအချိန်တွင် အံ့ဩမှင်တက်သွားကြရသည်။ ရှဲ့ဆွေ့၏ မျက်နှာပေါ်တွင် သာမန်မျက်စိဖြင့် မြင်နိုင်သည့် အမှတ်အသားတစ်ခု ရှိနေပြီး၊ ၎င်းမှာ ဂေါ်လီလုံးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းက မျက်လုံးအောက်တွင် တည့်တည့်ဖြစ်ပြီး ကံမကောင်းပါက သူ မျက်စိကွယ်သွားနိုင်သည်။


အိမ်ထောင်ရှင် အမျိုးသမီးက ထိတ်လန့်တကြား ပုံစံဖြင့် ပြောခဲ့သည်။

"ငါ့ကလေး ဂေါ်လီကစားတာ ဘာဖြစ်လို့လဲ… သူက ငါးနှစ်ပဲ ရှိသေးတာ… ဘာတွေ နားလည်ဦးမှာလဲ…" 


စုန့်ယွီ: "သူ အများကြီး နားမလည်ရင်တောင် သူ့အမေကတော့ ဒီအရာတွေကို နားလည်ရမယ်…"


ကလေးက စုန့်ယွီ၏ မျက်နှာအမူအရာနှင့် လေသံကြောင့် ကြောက်လန့်သွားပြီး ရုတ်တရက် ငိုချလိုက်သည်။


သူ ငိုစပြုသည်နှင့် အမျိုးသမီးက ချက်ချင်းပင် ရန်တွေ့တတ်သော မိန်းမတစ်ဦးကဲ့သို့ ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။

"မင်းတို့အားလုံး အဲဒီပြည့်တန်ဆာမ မွေးထားတဲ့ ကောင်ဆိုးနဲ့ ပေါင်းနေကြတာ ထင်တယ်.. တစ်ယောက်က တိုက်မိပြီးမှ လူတွေကို ရိုက်တယ်… နောက်တစ်ယောက်က တရားမျှတမှုကို မှားယွင်းစေပြီး ငါ့သားနဲ့ ငါ့ကို အနိုင်ကျင့်ဖို့ လာတယ်.. သေချာတာပေါ့… ပညာမတတ်တဲ့သူတွေက ပညာမတတ်တဲ့သူတွေနဲ့ပဲ ပေါင်းကြလိမ့်မယ်… မြွေနဲ့ ကြွက်သိုက်လို အတူတူပဲ…"


{T/N: (snakes and mice) မြွေနဲ့ ကြွက် - မကောင်းတဲ့၊ မနှစ်မြို့စရာကောင်းတဲ့ လူတွေကို ရည်ညွှန်းပါတယ်}


"အန်တီကလည်း နှလုံးသားမည်းနက်နေတဲ့သူပဲလေ… ပုပ်ပွနေတဲ့ မိန်းမပျက်…"


စုန့်ယွီက တင်းမာသောအမူအရာဖြင့် မျက်ခုံးကြားရှိ စုကျုံ့ထားသော အမျိုးသမီးကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ရဲရောက်လာရင် ရှင်းပြဖို့ အားချန်ထားဦး…"


အိမ်ထောင်ရှင် အမျိုးသမီးက ဆဲဆိုလိုက်သည်။

"ငါ့ကလေးက ငါးနှစ်ပဲ ရှိသေးတာ…သူက ဘာမှ နားမလည်ဘူး.. ဘာကြောက်စရာရှိလို့လဲ…ရှဲ့ဆွေ့ရဲ့ အမေက စောစောစီးစီးဆုံးသွားတဲ့သူပဲ… သူက ပညာမတတ်တဲ့ အဖွားကြီးက မွေးထားတဲ့သူ… သူ့နှလုံးသားက အရမ်းကို ဆိုးရွားတယ်…" 


သူမ ယခုပြောသောအခါ စက်ဘီးနှင့်တိုက်မိသည့် ကိစ္စကို ထည့်မပြောတော့ပေ။


စုန့်ယွီက ဒေါသထွက်လွန်း၍ ပြုံးနေခဲ့သည်။ သူ၏ဟန်ပန်က ကျက်သရေရှိပြီး သိမ်မွေ့လှသည်။

"အန်တီ…ကျွန်တော် အခု ဆယ့်ငါးနှစ်ရှိပြီ…အရွယ်ရောက်သေးတာ မဟုတ်ဘူး… ကျွန်တော်လည်း ဘာမှ နားမလည်သေးဘူး…ဘာများ ကြောက်စရာရှိလို့လဲ…"


သူက ရှေ့သို့ တိုးသွားသည်။ သူ၏နက်မှောင်သော မျက်လုံးများက အရိုးခိုက်သည်အထိ အေးစက်မှုကို ပြသနေ၏။

"ကျွန်တော် လူသတ်ရတာကိုတောင် မကြောက်ဘူး…"


ထိုအချိန်တွင် ထိုအမျိုးသမီးက လုံးဝစကားမပြောနိုင်ဖြစ်သွားသည်။ သူမ၏ ရက်စက်သောစကားလုံးများကို သူမ၏ဗိုက်ထဲသို့ ပြန်မျိုချလိုက်ပြီး သူမ၏ကလေးလက်ကို ဆုပ်ကိုင်ကာ နောက်ဆုတ်သွားသည်။

 "ရူးနေတာ… နင် ရူးနေတာ..."


စုန့်ယွီက လှောင်ပြောင်သရော်ဟန်ဖြင့် ရယ်လိုက်သည်။


မြေပြင်ပေါ်တွင် ထိုင်နေသော ရှဲ့ဆွေ့က ခေါင်းမော့လိုက်ပြီး နွေလယ်ဇူလိုင်ကောင်းကင်ကို နောက်ခံပြုထားသည့် စုန့်ယွီ၏ ဘေးတိုက်ပုံပန်းကို အတွေးနယ်ချဲ့ရင်း ကြည့်နေခဲ့သည်။ သူက သူ့ဆယ့်ငါးနှစ်သားအရွယ်၏ ထိတ်လန့်ကြောက်ရွံ့ပြီး သနားစရာကောင်းသော အသွင်အပြင်ကို ထုတ်ဖော်ပြသရန် အခွင့်အရေး မရခဲ့သေးဘဲ၊ သူ၏မျက်လုံးများက ပြန့်ကျဲနေသော ဆံပင်နက်များအောက်တွင် ကျောက်မျက်ရတနာများကဲ့သို့ပင် အေးစက်ပြီး လှပနေသည်။


ရှဲ့ဆွေ့က အမူအရာမဲ့စွာနှင့် သူ့နဖူးပေါ်မှ သွေးစများကို သုတ်လိုက်ရာ ရုတ်တရက် စိတ်ပျက်ဖွယ်ကောင်းပြီး စိတ်ဝင်စားစရာမကောင်းဟု​ ခံစားလိုက်ရသည်။


ထိုမိသားစုကို သေခြင်းထက် ဆိုးရွားသော ကံကြမ္မာနှင့် ကြုံတွေ့စေရန် သူက ထိုကဲ့သို့ ထိခိုက်ဒဏ်ရာများ ခံခဲ့ရသည်။


... တကယ်ကို မတန်ဘူး…


မကြာမီတွင် ဖက်ရှင်ကျကျဝတ်ဆင်ထားသော ဇနီးမောင်နှံတစ်တွဲက လမ်းတစ်ဖက်ရှိ စျေးဝယ်စင်တာမှ ထွက်လာသည်။ အမျိုးသားက ဗိုက်ပူပူနှင့် အမျိုးသမီးက စိတ်ဓာတ်မကောင်းကာ ရိုင်းစိုင်းသောပုံ ပေါက်သည်။ အမျိုးသမီးက ဒေါက်မြင့်ဖိနပ်စီးထားပြီး ကျင်းမြို့တော်၏ ကျိန်စာသင့်သော ရာသီဥတုကို ဆဲဆိုနေသော်လည်း ကားရှေ့သို့ ရောက်သည်နှင့် သူ့မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သိန်းပေါင်းများစွာပေးဝယ်ထားသည့် ကားပြတင်းပေါက်မှန်က  ကွဲကြေနေသည်ကို မြင်လိုက်ရပြီး  ပင့်ကူမျှင်ကဲ့သို့ အက်ကြောင်းများ ဖြစ်ပေါ်နေသည်။ သူမ ပြင်းထန်စွာ အော်ဟစ်လိုက်သည်။


လမ်းပေါ်မှ အိမ်ထောင်ရှင်အမျိုးသမီးက စုန့်ယွီကြောင့် ကြောက်လန့်နေပြီဖြစ်သောကြောင့် ကျယ်ကျယ်လောင်လောင် ထပ်ဆဲရန် မဝံ့ရဲတော့ဘဲ သူ့နောက်ကွယ်တွင် တိတ်တဆိတ် ဆဲဆိုနေခဲ့သည်။ 


ငါ လုံးဝမကြောက်ခဲ့ဘူး…ငါ့ သားကို စက်ဘီးစီးနေတဲ့ ရှဲ့ဆွေ့ကို ဂေါ်လီနဲ့ ပစ်ခိုင်းတုန်းကတောင် မျက်လုံးဖွင့်ပြီး မမြင်ချင်ယောင်ဆောင်ရဲခဲ့တာ… ဘာလို့လဲဆိုတော့ ငါ့မှာ အကြောင်းပြချက်ရှိတယ်… ငါ့ သားက ငါးနှစ်ပဲ ရှိသေးတာ…သူက ဒီလောက်ငယ်ငယ်လေးကို…ဘာများ ကြောက်စရာရှိလို့လဲ…


စုန့်ယွီက ရှဲ့ဆွေ့ကို ထူပေးရန် သွားလိုက်ပြီး ပြောခဲ့သည်။

"မင်း အဆင်ပြေရဲ့လား…"


ရှဲ့ဆွေ့က မျက်လွှာချလိုက်ပြီး သူ့လက်ကို ကြည့်လိုက်သည်။ အချိန်အတော်ကြာမှ သူ မျက်လုံးထဲရှိ နက်ရှိုင်းသော အတွေးများနှင့် သံသယများကို ထိန်းချုပ်လိုက်ပြီး အားနည်းစွာဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်…"


စုန့်ယွီက ဤဇာတ်လိုက်အတွက် စိတ်ရင်းမှန်ဖြင့် သောကရောက်မိသည်။ သူ သက်ပြင်းချလိုက်သည်။

"ဒီတစ်ခါတော့ မင်း ဆေးရုံကို တကယ်သွားရလိမ့်မယ်…" 


ရှဲ့ဆွေ့၏ ဒဏ်ရာက တကယ်ကိုပင် ပြင်းထန်နေသည်။ သူ့နဖူးတွင် မဲပြာနေပြီး သွေးများက စဉ်ဆက်မပြတ် စီးကျနေသည်။


စုန့်ယွီက ကိုယ်ကို ကိုင်းလိုက်ရာ အလွန်နူးညံ့သော ရနံ့လေးတစ်ခု သင်းပျံ့လာသည်။


အမှန်တွင် ဤဒဏ်ရာက ရှဲ့ဆွေ့အတွက် ကလေးကစားစရာနှင့် တူသည်။ သူ ကလေးဘဝကတည်းကပင် ပိုက်ဆံအနည်းငယ်အတွက် လမ်းဘေးလူဆိုးများအတွက် ဓားများသုံးပြီး သူ့အသက်ကို ရင်းခဲ့ဖူးပြီး သွေးထွက်ခြင်း၊ ဒဏ်ရာရခြင်းတို့နှင့် ကျင့်သားရနေပြီဖြစ်သည်။ နောက်ပိုင်းတွင်  သူ မြို့တော် A ၏ သခင်လေးရှဲ့ ဖြစ်လာပြီး ထိုကဲ့သို့သော ရွံရှာဖွယ်ရာများ၊ လူပြန်ပေးဆွဲခံရခြင်းများ၊ လုပ်ကြံသတ်ဖြတ်ခံရခြင်းများနှင့် ကြုံတွေ့ခဲ့ရသည်။ သူ သေနတ်များ ပစ်ခဲ့ဖူးပြီး ပင်လယ်ထဲသို့ ခုန်ချခဲ့ဖူးသည်။ ထို့ကြောင့် ဤသို့ သေးငယ်သော ဒဏ်ရာမျိုးက တကယ်ကို ဂရုစိုက်စရာပင် မလိုပေ။


သူ့စိတ်ထဲတွင် ဂရုမစိုက်သော်လည်း သူ့မျက်နှာပေါ်တွင်မူ အတင်းအကြပ် ကြံ့ကြံ့ခံနေသည့်ပုံစံကို ပြသနေခဲ့သည်။


ရှဲ့ဆွေ့က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။


ဖြူဖျော့နေသည့် မျက်နှာနှင့် တိတ်ဆိတ်စွာခံနိုင်ရည်ရှိသော အမူအရာက စုန့်ယွီကို ထပ်ပြီး မယုံနိုင်လောက်အောင်ပင် ရင်နာစေခဲ့သည်။


ရဲကားအသံက လမ်း၏အဆုံးမှ ထွက်ပေါ်လာခဲ့သည်။


ကြည့်ရှုနေသူအားလုံးက ရဲကားလာရာဘက်သို့ ကြည့်နေကြလေသည်။


အမျိုးသမီးတစ်ဦးက လမ်း၏ တစ်ဖက်ခြမ်းမှ ကြောက်မက်ဖွယ်ရာပုံစံဖြင့် လျှောက်လာပြီး ကလေးကိုချီထားသော အိမ်ထောင်ရှင်အမျိုးသမီးကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။


ဖြန်း…


အိမ်ထောင်ရှင်အမျိုးသမီးက ကြောင်ပြီး ရပ်တန့်သွားခဲ့လေသည်။ သူမက ရန်တွေ့တတ်ပြီး အခြားသူများကို ဆဲသောအခါ အလွန်ပြင်းထန်သော်လည်း တိုက်ရိုက်တိုက်ခိုက်ခံရသည်က ဘယ်သောအခါမှ မရှိခဲ့ပေ။


သူမ၏ အသိစိတ်များ လွင့်စင်သွားခဲ့သည်။


လမ်းဖြတ်ကူးလာသည့် အမျိုးသမီးက ကလေး၏လက်ကို မြှောက်လိုက်ပြီး သူ့လက်ထဲက ဂေါ်လီလုံးလေးကို ကြည့်လိုက်ရာ ဒေါသထွက်သွားသည်။ သူမက လက်ကို မြှောက်ပြီး ကလေးကိုလည်း ရိုက်ချလိုက်သည်။

"ခွေးမ၊ နင့်ရဲ့ ကောင်စုတ်လေးလုပ်တာ မဟုတ်လား.."


"ဝါးးးးးးး" 

ကလေးက ပို၍ ကျယ်လောင်စွာ ငိုချလိုက်သည်။


အိမ်ထောင်ရှင်အမျိုးသမီးသည်လည်း မျက်လုံးများနီရဲလာပြီး စိုးရိမ်တကြီးဖြစ်လာခဲ့သည်။ 

"မိန်းမပျက်… နင် ဘာလုပ်နေတာလဲ…အားးး…"


ဖြန်း…


နောက်ထပ် ရိုက်ချက်တစ်ခုဖြစ်သည်။


ဇိမ်ခံကားပိုင်ရှင်ကလည်း ရန်တွေ့တတ်ပြီး ဆင်ခြင်တုံတရားမရှိသော သူဖြစ်သည်။ သူမက 'မိန်းမပျက်’ ဟူသော စကားလုံးကို ကြားသည်နှင့် ပါးစပ်ဖွင့်ပြီး ပြန်ဆဲခဲ့သည်။

"နင့်ရဲ့ ဉာဏ်ရည်မမီတဲ့ အမှိုက်လိုသားက ဘာလုပ်ခဲ့လဲ မမေးကြည့်ဘူးလား…သူ ငါ့ကားကို ဖျက်ဆီးခဲ့တာ…သိန်းပေါင်းများစွာတောင်… နင်တို့လို တောသားတွေက ငါ့ကို လျော်ကြေးပေးနိုင်လား…"


သိန်းပေါင်းများစွာ…


အိမ်ထောင်ရှင်အမျိုးသမီးက ဤအချိန်တွင် တကယ်ကို ရေခဲလှောင်ကန်ထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ယခင်က သူ့သား၏ ဂေါ်လီများက ရှဲ့ဆွေ့ကို ထိစဉ်တွင် ရှဲ့ဆွေ့က လမ်းဖြတ်ကူးနေခဲ့သည်။ ဘေးနားက ကားကို ထိမထိဆိုသည်ကို သူမ သတိမထားမိခဲ့ပေ။


နောင်တနှင့် စိုးရိမ်ပူပန်မှုများက သူမကို လွှမ်းမိုးသွားခဲ့သည်။ သူမက ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် အားတင်းပြီး တိုးတိုးလေးနှင့် ရေရွတ်လိုက်သည်။

"ကျွန်မ ကလေးက ငါးနှစ်ပဲ ရှိသေးတာ... သူ့မှာ စဉ်းစား ဆင်ခြင်နိုင်တဲ့ဉာဏ် မရှိသေးဘူး..."


ဇိမ်ခံကားပိုင်ရှင်က ဒေါသတကြီး ရှေ့တိုးသွားသော်လည်း သူ့ဒေါက်မြင့်ဖိနပ်က မြေပြင်ပေါ်က ဂေါ်လီလုံးတစ်လုံးကို နင်းမိသွားခဲ့သည်။ သူမက ချော်လဲသွားပြီး ခွေးချေးစားသကဲ့သို့ မျက်နှာနှင့် လဲကျသွားခဲ့သည်။


{T/N: Dog eating dung (ခွေးချေးစား) – မျက်နှာတည့်တည့် လဲကျသွားခြင်းကို ရည်ညွှန်းတဲ့ ဟာသဆန်သော/အထင်အမြင်သေးသော တရုတ်စကားလုံးအသုံးအနှုန်း ဖြစ်ပါတယ်}


သူမ၏ စိတ်ဆိုးမှုက အဆင့်မြင့်ဆုံးကို ရောက်ရှိသွားလေသည်။ သူမ၏ မူလကတည်းက စိတ်တိုလွယ်ပြီး အနိုင်ကျင့်တတ်သည့် စိတ်ဓာတ်က အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။


ရဲကားထဲမှ ရဲအနည်းငယ် ဆင်းလာခဲ့သည်။ သူတို့က 'သေလုနီးပါး' ဖြစ်နေသည့် အထက်တန်းကျောင်းသားကို ရှာနေဆဲပင် ဖြစ်သည်။


ထို့နောက် သူတို့ အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

 "ရဲတွေရောက်လာပြီလား…ကောင်းတာပေါ့…ဒီကိစ္စ မပြီးသေးဘူး…အပြစ်တင်ချင်တယ်ဆိုရင် မင်းတို့မိသားစုထဲက ပညာမတတ်တဲ့ ကောင်စုတ်လေးကို အပြစ်တင်…အရူးတွေ…သူ ဆင်ခြင်ဉာဏ် မရှိသေးဘူးဟုတ်လား..…အဲ့ဒါတွေကို ဒီမိန်းမက မသိဘူးတဲ့လား…"



🌹🌹🌹