Ch 5
Viewers 5k

🌹 Chapter 5

ဆေးပေးခြင်း



<နူးညံ့သောထိန်းချုပ်ခြင်း> ၏ အစောပိုင်း အပိုင်းတွင် ဤကဲ့သို့သော ဇာတ်ကွက်များစွာပါသည်။ ဇာတ်လိုက်က သီးသန့်အခန်းထဲတွင် အလယ်အလတ်အရွယ်၊ အဆီတဝင်းဝင်းအဖိုးကြီးတစ်ယောက်၏ နှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။ စိတ်ရောဂါသည် Gong သုံးယောက်က ဤသို့သော အခြေအနေမျိုးကို ကြုံသောအခါ များသောအားဖြင့် အခြေအနေကိုဦးစွာလေ့လာပြီး ရှဲ့ဆွေ့ မခံနိုင်တော့သည်အထိ စောင့်ပြီးမှသာ ထွက်လာပြီး မျက်နှာကို ခပ်ပြုံးပြုံးလုပ်ကာ ဤသို့ပြောလေ့ရှိသည်။

"ငါ့ကို တောင်းဆိုရင် အဝေးကို ခေါ်သွားပေးမယ်…" 


ထို့နောက်တွင် အနိုင်ကျင့်ဗိုလ်ကျသော ဥက္ကဌနှင့်အတူ အန္တရာယ်ရှိသော အမဲလိုက်ဂိမ်းတစ်ခု စတင်လေသည်။


စုန့်ယွီ ဝတ္ထုဖတ်စဉ်က အလွန်ဒေါသထွက်သောကြောင့် သွားများပင် ကျိုးမတတ်ဖြစ်ခဲ့ရသည်။


ငါ့ကို တောင်းဆိုမှ ခေါ်သွားပေးမယ် ဟုတ်လား…ဘယ်လိုတောင် မိုက်မဲတဲ့ တောင်းဆိုမှုမျိုးလဲ….


ရှဲ့ဆွေ့က တကယ်ကိုပင် သနားစရာကောင်းလှသည်။သူက နှောင့်ယှက်ခံရပြီး စော်ကားခံရပြီးသောနောက်တွင်ပင် ခြိမ်းခြောက်ခံရခြင်းကို ဆက်ခံစားနေရဆဲပင်ဖြစ်သည်။


မတရားတာမြင်ရင် တစ်ယောက်ယောက်က အော်သင့်တယ်မလား…တစ်ခုခု လုပ်သင့်တယ် မဟုတ်လား…


စုန့်ယွီက ဝမ်ပေ့တန်ကို လုံးဝမကြောက်ပေ။ မြို့တော် A ၏ တတိယမြောက် သခင်လေးစုန့်၏ ချမ်းသာသော ဂုဏ်ပုဒ်က အာဏာရှိသူများအကြောင်း ရေးထားသော ဤသွေးထွက်သံယိုဝတ္ထုထဲတွင် လွတ်လွတ်လပ်လပ် သွားလာနိုင်စေသည်။


စုန့်ယွီက နောက်ထပ်ပုလင်းတစ်လုံးကို ကောက်ယူပြီး အတွင်းထဲသို့ ဆက်လျှောက်သွားလိုက်သည်။

"ခုထိ စိတ်တွေကြွနေတုန်းလား…"


ဝမ်ပေ့တန်က သူ့ကို ရူးကြောင်နေသော လူတစ်ယောက်ကဲ့သို့ ကြည့်လာခဲ့သည်။ သူက ထိန်းချုပ်မရအောင်ပင် အလွန် ဒေါသထွက်လာခဲ့သည်။ 

"လူတွေ ဘယ်ရောက်ကုန်တာလဲ…လူတွေ ဘယ်ရောက်ကုန်တာလဲ… မင်းတို့ အမှိုက်ကောင်တွေ…မြန်မြန်လုပ်ကြစမ်း…ကလေးတစ်ယောက်ကို ဘာလို့ ကြောက်နေတာလဲ…" 


သူက စားပွဲကို ကန်ပြီး ဟိန်းဟောက်လိုက်သည်။

"သူ့ကို ငါ့အတွက် ဖမ်းပေး…ငါ ဒီနေ့ သူ့ခေါင်းကို ဘီယာပုလင်းနဲ့ ရိုက်ခွဲပစ်မယ်…”


ကြောက်လန့်ပြီး ကြောင်အနေသည့် လူအုပ်စုက ယခုမှ နိုးထလာသကဲ့သို့ ဆိုဖာမှ လျင်မြန်စွာထပြီး စုန့်ယွီကို ဖမ်းရန် လုပ်ကြလေသည်။


ရှဲ့ဆွေ့က ဝိုင်များစွာ သောက်ထားသော်လည်း သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းထားရန် အတင်းအကျပ် ကြိုးစားနေခဲ့သည်။ ယခု သူက မူးဝေနေသော်လည်း သူ၏ မသက်မသာဖြစ်မှုကို ဖိနှိပ်ပြီး ရှေ့တက်ကာ စုန့်ယွီ၏ လက်ကို ဆွဲကိုင်လိုက်သည်။

 "မြန်မြန် ထွက်သွား…"


စုန့်ယွီက သူ့ ဒေါသထဲတွင် နစ်မြုပ်နေပြီး ဤလူအုပ်စုက လာရိုက်ရန် စောင့်နေစဉ် ရုတ်တရက် သူ့လက်က အကိုင်ခံလိုက်ရသည်။


ရှဲ့ဆွေ့၏ လက်က အလွန်အေးစက်နေပြီး သူ့ခန္ဓာကိုယ်မှ အရက်နံ့သင်းသင်းလေး ထွက်နေသော်လည်း ထိုအရာက တကယ့်ပင် ကြည်လင်ပြီး သင်းပျံ့သည့်ရနံ့ပင်ဖြစ်သည်။


စုန့်ယွီက ခေါင်းကို စောင်းကြည့်လိုက်သည်။


ရှဲ့ဆွေ့က သူ့ထက် အနည်းငယ် ပိုအရပ်ရှည်သည်။


သူမြင်လိုက်ရသည်မှာ ရှဲ့ဆွေ့၏ မေးစေ့နှင့် တစ်ဖြောင့်တည်း ဖိကပ်ထားသော ပါးလွှာသည့် နှုတ်ခမ်းများဖြစ်သည်။


စုန့်ယွီက ကံမကောင်းသည့် ဤကလေးအတွက် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ရပါတယ်…မင်း ငါ့အတွက် စိတ်ပူစရာ မလိုပါဘူး…" 


ဝမ်ပေ့တန်က မကျေမနပ်ဖြင့် ထရပ်လိုက်ပြီး အံကြိတ်ကာပြောခဲ့သည်။

"ထွက်သွားမယ် ဟုတ်လား.. မင်းတို့ ဘယ်သူမှ ထွက်သွားဖို့ မစဉ်းစားနဲ့…မင်းတို့ နှစ်ယောက်က ဈေးပေါတဲ့ကောင်တွေပဲ…လောင်ဇီက မင်းတို့နှစ်ယောက်လုံးကို သတ်ပစ်တာကို ကြည့်လိုက်…" 


ဤစကားများက အသံကျယ်လောင်လှ၍ 305 အပြင်ဘက်မှ လူများပါ ကြားနိုင်သည်။ ဆံပင်အဝါနှင့်လူက တံခါးကို ပိတ်ထားပြီး မန်နေဂျာကို အထဲဝင်ခွင့်မပြုပေ၊ သို့သော် သူ ရုတ်တရက် သူ့ကိုယ်သူ ရှေ့သို့ ကိုင်းညွှတ်သွားသည်ဟု ခံစားလိုက်ရပြီးနောက် စားပွဲပေါ်သို့ တည့်တည့် တိုက်မိသွားသည်။


ဘုန်း…


အခန်း305 တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်သည်။ မုန့်ကွမ်းက မှောင်မည်းနေသော မျက်နှာဖြင့် အပြင်ဘက်တွင် ရပ်နေသည်။


မုန့်ကွမ်းက စိတ်ထဲမှ ထိုမြေးလေးကို တကယ်သတ်ချင်နေသည်။ သူက စကားလုံးတစ်လုံးချင်းစီကို ရှင်းရှင်းလင်းလင်း ရွတ်ဆိုရင်း ပြောလိုက်သည်။

"ဝမ်ပေ့တန်….မင်းမေနိုး မင်း တကယ်ပဲ ငါ့ညီလေးကို ထိရဲတယ်ပေါ့….”


{T/N: Grandson (မြေး) – မြေးဆိုတဲ့ စကားလုံးက ကိုယ့်ထက် အဆင့်အတန်းနိမ့်ကျသူ ဒါမှမဟုတ် အထင်သေးခံရသူကို ရည်ညွှန်းရန် (မထင်မဲ့မြင်သဘောဖြင့်) သုံးနှုန်းခြင်းဖြစ်တယ် }


ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းအများအပြားက ဤကျင်းမြို့တော်က မင်းသားလေးနောက်မှ လိုက်ပါလာကြသည်။ သူတို့က မျက်ရည်ကျလုနီးပါး ဖြစ်နေကြသည်။


{T/N: Prince (မင်းသား) - မင်းသား ဆိုတဲ့စာလုံးက သာမန် "သခင်လေး" အဆင့်ထက်ပိုပြီး နောက်ခံ/ဇာစ်မြစ် ပိုပြီးခမ်းနားကြီးကျယ်ကြောင်း ဖော်ပြခြင်းဖြစ်တယ်}


သီးသန့်အခန်းထဲရှိ လူတိုင်းက အံ့ဩမှင်တက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ကျင်းမြို့တော်တွင် မုန့်ကွမ်း၏မျက်နှာကို မသိသူမရှိသောကြောင့်ဖြစ်သည်။ ကျင်းမြို့တော်တစ်ဝိုက် အတားအဆီးမရှိ သွားလာနိုင်သည့် ဤမင်းသားလေးကို မည်သူမျှ မစော်ကားရဲကြပေ။


ဝမ်ပေ့တန်သည်လည်း ကြောင်သွားခဲ့သည်။

 "မုန့်…မုန့်…မုန့်ကွမ်း…"


မုန့်ကွမ်းက မြေပေါ်လဲကျနေသော ဆံဝါကောင်ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ သူ အထဲသို့ ဝင်ရောက်သည်နှင့် စုန့်ယွီက အရက်ပုလင်း ကိုင်ထားသည်ကို တွေ့လိုက်ရရာ ကျင်းမြို့တော်မှ မင်းသားလေး၏မျက်လုံးများက ချက်ချင်းနီရဲလာပြီး ဒေါသထွက်လာသည်။


သူက ခြေလှမ်းကျယ်ကြီးများဖြင့် လျှောက်သွားကာ ဝမ်ပေ့တန်ကို လက်သီးဖြင့်ထိုး၍ လှဲချလိုက်ပြီး ဆိုဖာပေါ်သို့ ဖိ၍ ထိုးကြိတ်ခဲ့သည်။


မုန့်ကွမ်းက ဟိန်းဟောက်လိုက်သည်။

"မင်းမေလူး…ငါ့ညီလေး အရက်မသောက်နိုင်ဘူးဆိုတာ မင်းမသိဘူးလား…"


သူက ထိုသူ့ကို သေလောက်အောင် ရိုက်နှက်ရန် ရည်ရွယ်နေသည်။ 

"မင်း တကယ်ပဲ သူ့ကို အတင်းအကြပ် သောက်ခိုင်းရဲတယ်ပေါ့.. သေစမ်း…လောင်ဇီ ဒီနေ့ မင်းကို သေအောင်မရိုက်နိုင်ရင် ငါ့နောက်ဆုံးနာမည်က မုန့် မဟုတ်စေရဘူး…”


ဝမ်ပေ့တန်:  "???"


ဝမ်ပေ့တန်၏ ရင်ထဲမှ ထိတ်လန့်မှုက ဒေါသအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"သူ့ကို ဘယ်သူက အတင်းအကြပ် ဖိအားပေး သောက်ခိုင်းလို့လဲ… သူက အရင် ပုလင်းကို ကောက်ပြီး လောင်ဇီရဲ့ခေါင်းကို သွေးထွက်အောင် ရိုက်ခဲ့တာ…"


သို့သော် မုန့်ကွမ်းက ဒေါသဖြင့် ရူးသွပ်နေပြီဖြစ်သည်။


သူက ထိုးကြိတ် ကန်ကျောက်နေပြီး ဝမ်ပေ့တန် ဘာပြောနေသည်ကို ဂရုမစိုက်နိုင်တော့ပေ။

"မင်း တကယ်ပဲ သူ့ကို အတင်းအကြပ် သောက်ခိုင်းတာလား…"


"!!!"


ဝမ်ပေ့တန်က ဒေါသကြောင့် သေလုနီးပါး ဖြစ်နေပြီဖြစ်သည်။


သီးသန့်အခန်းထဲရှိ လူအုပ်စုအားလုံးက သူတို့ရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို ကြည့်ရင်း တောင့်တင်းနေကြသည်။ သူတို့က ထုံကျဉ်ပြီး အေးခဲနေကြကာ စုန့်ယွီနားကို ချဉ်းကပ်ရန် မဝံ့ရဲကြပေ။


မန်နေဂျာလည်း သူ မည်သည့်ဘေးအန္တရာယ်ကို စတင်လိုက်မိသည်ကို နားမလည်နိုင်ဖြစ်နေပြီး တစ်ကိုယ်လုံး ချွေးများ စိုရွှဲသည်ထိ ပူပန်နေသည်။


အဓိကအချက်မှာ ဘေးနားတွင် ရပ်နေသည့် သခင်လေးကလည်း ထိုပြဿနာများ ဖြစ်ပျက်နေသည်ကို ရိုးရိုးရှင်းရှင်း ထိုင်ကြည့်နေပြီး ပျော်ရွှင်နေပုံရ၏။


ဝေ့ကျယ်က ပြောလိုက်သည်။

"ဘာတွေ အဲ့လောက် စိတ်ပူနေတာလဲ…ငါတို့ ဝမ်ပေ့တန်ကို သင်ခန်းစာပေးချင်နေတာ ကြာပြီ… စိတ်မပူပါနဲ့… မုန့်ကွမ်းက ဘာလုပ်ရမလဲဆိုတာ သိပါတယ်… ဘယ်သူမှ သေမှာမဟုတ်ဘူး…"


မန်နေဂျာ: "......"


ဘီယာပုလင်းကို ကိုင်ထားဆဲဖြစ်သော စုန့်ယွီကလည်း သူ့အစ်ကိုဝမ်းကွဲကြောင့် လန့်သွားခဲ့ရသည်။


သူက နည်းနည်းတော့ ရက်စက်လွန်းတယ်…


သူ သတိပြန်မဝင်သေးမီမှာပင် သူ့ဘေးမှလူက ယိုင်လဲပြီး သူ့ကိုယ်ပေါ်သို့ မှီချလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။


သူ ခေါင်းစောင်းငဲ့ကြည့်လိုက်သောအခါ ရှဲ့ဆွေ့၏မျက်နှာက ဖျော့တော့နေပြီး နဖူးတွင် ချွေးများ ရွှဲနေသည်ကို တွေ့လိုက်ရသည်။


စုန့်ယွီက လန့်သွားပြီး လျင်မြန်စွာနှင့် အော်ပြောလိုက်သည်။

"မြန်မြန်လုပ်…မြန်မြန်… သူ့ကို ဆေးရုံခေါ်သွားဖို့ လာကူညီကြပါဦး…"



* *


အဆုံးတွင် ရှဲ့ဆွေ့က ဆေးရုံသို့ မသွားဖြစ်ခဲ့ပေ။ သူက အနားယူခန်းထဲတွင် ထိုင်နေခဲ့သည်။


မီးခိုးထူထပ်သော သီးသန့်အခန်းထဲက ထွက်လာပြီးနောက် အေးစက်သော အဖြူရောင်မီးရောင်ကြောင့် ရှဲ့ဆွေ့၏ မျက်နှာသွင်ပြင်များက ပို၍ ထင်ရှားပေါ်လွင်လာသည်။ မည်သို့ပင်ဖြစ်စေကာမူ သူက လူတိုင်းကို ဆွဲဆောင်နိုင်သော ရုပ်ရည်တစ်ခုတည်းနှင့်ပင် တိုက်ပွဲများကို အနိုင်ရနိုင်သည့် ဇာတ်လိုက်နှလုံးသားခိုးယူသူ {shou}ဖြစ်သည်။ သူ့မျက်တောင်များက အလွန်ရှည်ပြီး မျက်ဆံများက ကြည်လင်နက်မှောင်သည်။ သူ့မျက်လုံး၏ အတွင်းထောင့်များက အတွင်းကို စောင်းနေပြီး အပေါ်ထောင့်များက ကော့တက်နေသောကြောင့် သူ့ကို အေးစက်ပြီး လှပသည့်ပုံပေါက်စေသည်။


ယခုအချိန်တွင်မူ ရှဲ့ဆွေ့က ထိရှလွယ်ပြီး သူ့ကိုယ်သူ နိမ့်ကျသည်ဟု သဘောထားတတ်ပြီး ခေါင်းမာသည့် သနားစရာကောင်းသော ကလေးတစ်ယောက်သာ ရှိသေးသည်။ ရုတ်တရက်ပေါ်လာသည့် ကြင်နာမှုနှင့် ကြုံတွေ့ရသောအခါ သူက ကြောက်ရွံ့မှုနှင့် မတည်မငြိမ်ဖြစ်မှုကို ခံစားခဲ့ရသည်။ သူက စော်ကားမှုနှင့် လှောင်ပြောင်မှုကို လျစ်လျူရှုနိုင်သော်လည်း လူတစ်ယောက်၏ နွေးထွေးပြီး စိုးရိမ်ပူပန်သော အကြည့်ကို တိုက်ရိုက်မကြည့်ရဲပေ။


"မင်း တကယ် ဆေးရုံမသွားတော့ဘူးလား…"

စုန့်ယွီက မေးသည်။


ရှဲ့ဆွေ့ ခေါင်းငုံ့ပြီး 'အင်း' ဟူသော အသံကို ပြုလိုက်သည်။


စုန့်ယွီက စဉ်းစားပြီးနောက် နားလည်သွားခဲ့သည်။


မည်သို့ပင်ဖြစ်စေကာမူ ရှဲ့ဆွေ့က အိမ်တွင် သက်ကြီးရွယ်အိုတစ်ယောက် ရှိသေးသည်။ သူလုပ်နေသည့် အလုပ်များအားလုံးက သူ့အဖွား၏ နောက်ကွယ်မှ လုပ်နေခြင်းဖြစ်နိုင်ပြီး သူ့အဖွား စိတ်ပူမည်ကို စိုးရိမ်သောကြောင့် သိစေချင်မည်မဟုတ်ပေ။


စုန့်ယွီ: "မင်းရဲ့ ဖုန်းနံပါတ်ပေးပါဦး..."


ရှဲ့ဆွေ့က ခဏတာ ကြောင်သွားသည်။ လူငယ်လေး၏ ဖျော့တော့နေသည့် မျက်နှာပေါ်တွင် ထူးဆန်းသည့် အမူအရာတစ်ခု ဖြတ်ပြေးသွားပြီး ခေါင်းကို အချိန်အတော်ကြာ ငုံ့ထားပြီးမှပြောလာခဲ့သည်။

"ငါ့မှာ  ဖုန်းမရှိဘူး…" 


စုန့်ယွီ: "......."


ဆောရီး…ငါ မေ့သွားခဲ့တာ…


အဖွားချန်က ယခု အလွန်နည်းသော ထောက်ပံ့ကြေးနှင့် နေနေရသည်။ တစ်မိသားစုလုံးက ချွေတာပြီး နေထိုင်ကြခြင်းဖြစ်သည်။


"ဒါဆို မင်းရဲ့အိမ်လိပ်စာကို ပြောပြပါဦး…"


ရှဲ့ဆွေ့က ကြောင်သွားသည်။


စုန့်ယွီက ဆင်ခြင်တုံတရားရှိရှိ ပြောလိုက်သည်။

 "ငါ မင်းကို ကယ်ခဲ့တာပဲ…ဒါဆိုရင်တော့ ငါ အဆုံးထိ တာဝန်ယူရမှာပေါ့… မဟုတ်ရင် အချိန်တွေ၊ အင်အားတွေ အလကားဖြစ်သွားမှာပေါ့…"


ရှဲ့ဆွေ့က သူ့နှုတ်ခမ်းကို ဖိကပ်လိုက်ပြီး မျက်တောင်များကို ငုံ့ချကာ သူ့မျက်ဆံကို ဖုံးလိုက်သည်။ သူ စုန့်ယွီကို လိပ်စာတစ်ခု ပေးလိုက်၏။


စုန့်ယွီက ချရေးလိုက်သည်။ သူ့ စိတ်ထဲတွင် ပျော်နေပြီး သူ့နှုတ်ခမ်းများက ကွေးညွှတ်သွားသည်။

ကျွတ်…အသုံးမကျတဲ့ 008…မင်းက ရှိနေလည်း ဘာအသုံးဝင်လဲ…လိပ်စာက အခု ငါ့ လက်ထဲ ရောက်နေပြီ မဟုတ်လား…


လိပ်စာရလိုက်သောကြောင့် စုန့်ယွီက အလွန်ပျော်သွားလေသည်။ သူ ရှဲ့ဆွေ့ကို ပြောလိုက်သည်။

"ငါ့နာမည်က စုန့်ယွီပါ…ငါက ကျင်းမြို့တော်နဲ့ မရင်းနှီးသေးဘူး..ငါတို့ အတူတူအတန်းဖော်တွေ ဖြစ်လာဖို့ အခွင့်အရေးများတယ်…"


ရှဲ့ဆွေ့က အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ သူစိမ်းများ ပြသသော ကြင်နာမှုကြောင့် သူ ရီဝေနေခြင်းလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူ့စကားများက အနည်းငယ် နောက်ကျနေခဲ့သည်။

"ငါ…ငါ့ နာမည်က ရှဲ့ဆွေ့ပါ…"


စုန့်ယွီ၏ နှုတ်ခမ်းများက ပြုံးလိုက်သည်။

သူ့ပုံစံက ချစ်စရာကောင်းပြီး နာခံတတ်တယ်…အထူးသဖြင့် သူ သေချာ ပြုံးလိုက်တဲ့အခါ အရမ်းချစ်ဖို့ကောင်းတယ်…


"အွန်….ရှဲ့ဆွေ့.. မင်းနာမည်က တကယ်လှတာပဲ…"


သူက မွန်းလွဲပိုင်းတစ်ခုလုံးတွင် လူများသီချင်းဆိုသည်ကို နားထောင်ခဲ့ရသည်။ ဤပြဿနာများပြီးသောအခါ ညရောက်နေပြီဖြစ်သည်။ 


လင်းရွှေတွင် ဤသို့ ကြီးမားသောကိစ္စဖြစ်ပြီးနောက် သူတို့ တစ်နေ့တာအတွက် လုပ်ငန်းဆက်လုပ်ရန် စိတ်မပါတော့ပေ။ သူတို့ အခန်းကို လျင်မြန်စွာရှင်းပြီး ဝန်ထမ်းများကို အလုပ်စောစောဆင်းခိုင်းလိုက်သည်။


စုန့်ယွီက ရှဲ့ဆွေ့ကို သူ ထွက်ခါနီးတွင် ဝယ်ခိုင်းထားသည့် ဆေးဝါးများ ပေးလိုက်သည်။

"ပြန်ရောက်ရင် ဆေးသောက်ပြီး ကောင်းကောင်းအိပ်နော်… မင်း ငယ်ပေမဲ့ ခန္ဓာကိုယ်ကို ဒီလိုမကစားသင့်ဘူး…"


ရှဲ့ဆွေ့က ဆေးကို လက်ခံလိုက်သည်။ လရောင်က ထိုးကျနေပြီး လမ်းမီးတိုင်အောက်တွင် လူငယ်လေး၏ မျက်တောင်များက တုန်ယင်နေသည်။ သူ၏ နူးညံ့ပြီး အေးစက်သော မျက်နှာသွင်ပြင်များက တစ်မျိုးလေး ကြောင်အမ်းအမ်းဖြစ်နေပုံရသည်။


အချိန်အတော်ကြာမှ သူ ခေါင်းမော့လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်…”


သူ့အသံက လျစ်လျူရှုဟန်ရှိသော်လည်း သေသေချာချာ နားထောင်လျှင် အနည်းငယ် အသံဝင်နေသည်ကို ကြားနိုင်သည်။ သူ မခံစားသင့်သော ခံစားချက်အချို့ကို အတင်းအကျပ် မျိုသိပ်ထားသကဲ့သို့ ဖြစ်နေ၏။


စုန့်ယွီက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူ လက်ဝှေ့ယမ်း နှုတ်ဆက်ပြီး ပြန်လှည့်လာခဲ့သည်။


ဘာပဲဖြစ်ဖြစ်…ဖြေရှင်းစရာ ကိစ္စတစ်ခု ကျန်သေးတာကိုး…သူတို့ နောက်နေတာလား…ငါ့ အစ်ကိုဝမ်းကွဲက ပြဿနာရှာပြီး လူတစ်ယောက်ကို ဆေးရုံရောက်အောင် လုပ်ခဲ့ပေမဲ့ အားလုံးက ငါ့ အတွက်ပဲလေ…


ထို့အပြင် စုန့်ယွီက ထိုအချိန်တွင် ကျေနပ်စွာကြည့်နေခဲ့ပြီး သူ့စိတ်ထဲတွင် သူ့အစ်ကိုဝမ်းကွဲကို အလွန် ချီးကျူးနေခဲ့သည်။ သူ့ဦးလေးနှင့် အဒေါ် မေးသောအခါ သူ သေချာပေါက် ကောင်းသည့်အရာများသာ ပြောပြီး ကယ်ထုတ်ပေးမည်ဖြစ်သည်။


***


သူ လင်းရွှေမှ ထွက်ခွာလာသောအချိန်ဖြစ်သည်။


ရှဲ့ဆွေ့၏ မျက်နှာပေါ်က ကြောက်ရွံ့မှုများက လုံးဝပျောက်ကွယ်သွားပြီး သူ့ စိတ်နေသဘောထားက ချက်ချင်းဆိုသလို နက်နဲပြီး အန္တရာယ်ရှိသောပုံစံ ဖြစ်သွားခဲ့သည်။


သူ့မျက်ခုံးနှင့် မျက်လုံးများက အေးစက်နေဆဲဖြစ်ပြီး ယခုတွင် ရာထူးမြင့်နေရာတွင် အကြာကြီးရှိခဲ့သောသူတစ်ယောက်၏ လျစ်လျူရှုမှုနှင့် ဂရုမစိုက်မှုမျိုးကဲ့သို့ ဖြစ်နေသည်။


ရှဲ့ဆွေ့ သူ့လက်ကို ဖွင့်လိုက်သည်။ သူ့လက်ဖဝါးထဲတွင် အသံသွင်းကိရိယာလေးတစ်ခု ရှိနေသည်။


ဤသည်က သီးသန့်အခန်းထဲက စကားပြောဆိုမှုအားလုံးကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။


ရှဲ့ဆွေ့ သူ့အကြည့်ကို ငုံ့ချလိုက်သည်။ သူ့မျက်လုံးများက အေးစက်ပြီး လှောင်ပြောင်နေသကဲ့သို့ နှုတ်ခမ်းများက အနည်းငယ် ကော့တက်နေခဲ့သည်။


တားမြစ်ချက်တွေမရှိ…စည်းမရှိတဲ့ ဒီအသုံးမကျတဲ့ ဝမ်ပေ့တန်ကြောင့် ဝမ်မိသားစုက နောက်ဆုံးတော့ ပျက်စီးသွားမှာပဲ…


စည်ကားနေသည့် မိုးမျှော်တိုက်ကြီးများက ကောင်းကင်ကို ဖုံးအုပ်ထားသည်။


သူက ခြေလှမ်းရှည်များနှင့် ရှေ့ဆက်လျှောက်သွားခဲ့သည်။ လမ်းဆုံလမ်းခွက အမှိုက်ပုံးတစ်ခုကို ဖြတ်လျှောက်သွားသောအခါတွင် သူ့လက်ထဲက ဆေးကို လွှင့်ပစ်ရန် ရည်ရွယ်ထားခဲ့သည်။


သို့သော် ရှဲ့ဆွေ့က ရပ်တန့်သွားခဲ့သည်။ မှိတ်တုတ်မှိတ်တုတ်နှင့် လင်းလက်နေသော မီးရောင်အောက်တွင် ပေါ်လာခဲ့သည့် လူငယ်လေး၏ မျက်နှာက သူ့စိတ်ထဲ ပေါ်လာခဲ့ပြီး အဘယ့်ကြောင်းမှန်း မသိသော်လည်း သူ့လက်ချောင်းများက အနည်းငယ် တင်းကြပ်သွားပြီး ဆေးကို သူ့လက်ထဲတွင် တင်းတင်းကြပ်ကြပ် ပြန်ဆုပ်ကိုင်ထားလိုက်သည်။


သူ အသံတိုးတိုးနှင့် ရယ်လိုက်သည်။

" စုန့်ယွီလား…"



🌹🌹🌹