Ch 3
Viewers 5k

🌹 Chapter 3

လင်းရွှေ



ကျင်းမြို့တော်၏ မုန့်မိသားစုက ဒေသခံအသိုင်းအဝိုင်းတွင် ထိပ်တန်းမိသားစုများထဲမှ တစ်ခုဖြစ်သည်။ မကြာသေးမီက မျိုးဆက်သစ်များက နိုင်ငံရေးနှင့် စီးပွားရေးတွင် စတင်ပါဝင်လာသော်လည်း သူတို့၏ ပညာတတ် စိတ်ဓာတ်က အရိုးထဲတွင် ကျန်ရစ်ခဲ့သည်။


စုန့်ယွီ၏ အဖွားက ငယ်စဉ်က  ကျန်းနန် စံပြအလှမယ် တစ်ဦးဖြစ်သည်။ အသက်ကြီးလာသော်လည်း သူမ၏ နူးညံ့သိမ်မွေ့မှုက အနည်းငယ်မျှ လျော့မသွားပေ။ သူမ၏ ဖြူနေသောဆံပင်ကို သပ်သပ်ရပ်ရပ် ဘီးနှင့်သိမ်းတင်ထားပြီး သူမက လက်ရှိတွင် သံပန်းခြံတံခါးတွင် ခြေဖျားထောက်ရင်း လမ်း၏ တစ်ဖက်စွန်းသို့ စိုးရိမ်တကြီးနှင့် မျှော်လင့်တကြီး ကြည့်နေလေသည်။


{T/N: Jiangnan (ကျန်းနန်) - တိုက်ရိုက်အဓိပ္ပါယ်က ‘တောင်ပိုင်းမြစ်’ ပါ။ အဲ့ဒါက တရုတ်နိုင်ငံရဲ့ ပထဝီဒေသတစ်ခုဖြစ်ပြီးတော့ Yangtze (ယန်ဇီမြစ်) အောက်ပိုင်းတောင်ဘက်မှာရှိတဲ့ ကုန်းမြေတွေကို ရည်ညွှန်းတာပါ}


စုန့်ယွီက ကားပေါ်မှ ဆင်းလိုက်သည်။


နွေးထွေးသော အလင်းရောင်က လူငယ်လေး၏ ဖြူဖျော့ဖျော့မျက်နှာကို လင်းလက်တောက်ပစေခဲ့သည်။


အဖွားမုန့်က သူ့ကိုမြင်သောအခါ မျက်လုံးများနီရဲလာပြီး မျက်လုံးထောင့်များကို ပွတ်သပ်လိုက်သည်။

"ယွီယွီက ကြီးလာပြီပဲ… အဖွားက မင်းကို ခဏလောက် မမှတ်မိတော့မလို ဖြစ်သွားတယ်…"


စုန့်ယွီက သူမ လမ်းလျှောက်သည်ကို ကူကိုင်ပေးရင်း အနည်းငယ်ပြုံးကာ ပြောလိုက်သည်။

"အဖွား အကြာကြီးစောင့်လိုက်ရပြီ…အပြင်မှာ လေပြင်းနေတယ်… အရင်ဝင်ရအောင်…"


အဖွားမုန့်က ပြုံးပြီး မျက်လုံးများ နီနေသေးသည်။ သူမက သူ့နောက်ကျောကို ပွတ်သပ်ပြီး တိုးတိုးလေးပြောသည်။

"အကြာကြီးမစောင့်လိုက်ရပါဘူး… အခု မင်းဒီမှာရှိနေလို့ အဆင်ပြေပါတယ်…"


စုန့်ယွီက သူတို့ ဝင်သွားသောအခါ အထဲတွင် လူအများကြီးရှိနေသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးက မုန့်မိသားစုကဖြစ်ပြီး အများစုမှာ ငယ်ရွယ်သော မျိုးဆက်များဖြစ်သည်။ သူ့ညီအစ်ကိုဝမ်းကွဲ နှင့် မောင်နှမများ အားလုံးက စုဝေးနေကြသည်။


သူဝင်လာသည်ကိုတွေ့သောအခါ အားလုံးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုရန် ထလာကြလေသည််။


စုန့်ယွီက သူတို့၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း နားလည်ခဲ့သည်။ သူတို့အားလုံးက သူတို့၏မိဘများကို နာခံကြပြီး မြို့တော် A မှ စုန့်မိသားစု၏ကျော်ကြားမှုကြောင့် သူနှင့်ဆက်ဆံရေးထူထောင်ရန် ကြိုးစားလာခဲ့ကြခြင်းဖြစ်ဖွယ်ရှိသည်။


"ဒါတွေအားလုံးက မင်းရဲ့ဝမ်းကွဲတွေပဲ….ပြီးတော့ အဖွားတို့အားလုံးက တစ်မိသားစုတည်းပဲ… နောက်ကျရင် ကျင်းမြို့တော်က မင်းသွားချင်တဲ့ တစ်နေရာရာရှိရင် သူတို့ကို ရှာလို့ရတယ်… သူတို့က မင်းထက် မြို့နဲ့ ပိုရင်းနှီးတယ်…"


အဖွားမုန့်က သူတို့ကို တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးခဲ့သည်။ သူမ၏ ရည်ရွယ်ချက်မှာ အလွန်ရိုးရှင်းသည်။ စုန့်ယွီက ကျင်းမြို့တော်သို့ ပထမဆုံးအကြိမ်လာရောက်ပြီးနောက် အထီးကျန်နေမည်ကို သူမ ကြောက်ရွံ့ပြီး သူ့အသက်အရွယ်ဝန်းကျင်ရှိလူများကို ပိုမိုသိရှိစေလိုသည်။


သို့သော် စုန့်ယွီက သူတို့ကို စိတ်မဝင်စားပေ။


သူ့မူလကမ္ဘာက စုန့်ယွီ၏ မိသားစုအခြေအနေကလည်း မဆိုးပေ။ ထို့ကြောင့် ဤကဲ့သို့သော အခြေအနေမျိုးကို သူ ပေါ့ပေါ့ပါးပါး ကိုင်တွယ်ဖြေရှင်းနိုင်သည်။ သူ့အပြုံးက လိမ္မာယဉ်ကျေးသော်လည်း သဘောထားက အေးစက်ပြီး ဘာကိုမျှ ဂရုမစိုက်ခဲ့ပေ။


အကုန်ပြင်ဆင်ပြီးနောက် မိသားစုနှင့်အတူ အေးချမ်းစွာ စားသောက်ခဲ့သည်။


အဖွားမုန့်က ကောင်းမွန်သော မိသားစုမှ လူရည်သန့်အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမ ငယ်စဉ်က မိသားစုက တင်းကျပ်ပြီး စားသောက်ရင်း စကားစမြည်မပြောသည့် ဓလေ့ကို ထိန်းထားဆဲပင်ဖြစ်သည်။ သူမက စကားမပြောခဲ့၍ မိသားစုထဲက ငယ်ရွယ်သော မျိုးဆက်သစ်များကလည်း သဘာဝအတိုင်းပင် ဂုဏ်ယူဝံ့ကြွားစွာ ပြုမူဝံ့မည် မဟုတ်ပေ။ သူတို့၏ အကြည့်များက စုန့်ယွီ၏ ခန္ဓာကိုယ်တွင် အပေါက်ပင်ဖြစ်သွားလောက်အောင် စိုးရိမ်နေသော်လည်း ခွင့်ပြုချက်မရှိဘဲ စကားစမြည်ပြောရန် မကြိုးစားခဲ့ကြပေ။


စုန့်ယွီ အတွက်မူကား ဤသည်က တကယ်ကောင်းသောအရာဖြစ်သည်။


ကားထဲတွင် အချိန်အတော်ကြာ ထိုင်ခဲ့ရသောကြောင့် သူ ထမင်းစားပြီးသည်နှင့် ပင်ပန်းနွမ်းနေနေသည်ဟူသော အကြောင်းပြချက်နှင့် အိမ်ပေါ်တက်ပြီး ရေချိုးကာ အိပ်ရာဝင်ခဲ့သည်။


စကားပြောချင်သော်လည်း ဘာပြောရမှန်းမသိသော ရှုပ်ထွေးနက်နဲသော အမူအရာများဖြင့် လူအုပ်စုကို စားပွဲနောက်တွင် ထားခဲ့သည်။


ရေချိုးပြီး ဆံပင်ကို မှုတ်ပြီးနောက် စုန့်ယွီက ခုတင်ပေါ် လှဲချလိုက်သည်။


စောင်နှင့် ခေါင်းအုံးများပေါ်တွင် စံပယ်ရနံ့ သင်းပျံ့နေ၏။ ကျင်းမြို့တော်ရှိ လေက မြို့တော် A  ထက် ပိုလန်းဆန်းသည်။ အဖွားမုန့်က ဥယျာဉ်ထဲတွင် ပန်းများစွာ စိုက်ထားခဲ့ပြီး ညနေခင်းလေနုအေးက သာယာနေသောကြောင့် လေထုကို အထူးအေးချမ်းစေသည်။


စုန့်ယွီက မျက်နှာကျက်ကို စိုက်ကြည့်ရင်း ဘာဆက်လုပ်ရမည်ဆိုသည်ကို စဉ်းစားနေခဲ့သည်။


သူ ရုတ်တရက် ရှဲ့ဆွေ့ကို လိုက်ရှာခဲ့မည်ဆိုလျှင် သူက စိတ်ရောဂါရှင်တစ်ယောက်အဖြစ် မှတ်ယူခံရမည်မှာ သေချာသည်။


ကျောင်းစတက်တဲ့အချိန်အထိ စောင့်သင့်လား…


ဘာပဲဖြစ်ဖြစ် ငါတို့ တစ်တန်းထဲမှာပဲ အတူတူနေရမှာပဲကို…


မဖြစ်နိုင်ဘူး…


စုန့်ယွီက ဤနွေရာသီအားလပ်ရက်တွင် ရှဲ့ဆွေ့၏ လက်ချောင်းက မည်ကဲ့သို့ကျိုးမည်ဆိုသည်ကို တွေးကာ တစ်သက်လုံးကြာရှည်ခံသော နာကျင်မှုကို ချန်ထားခဲ့မည့်အစား သူ့ကို သွားကယ်ခြင်းက ပိုကောင်းသည်ဟု တွေးလိုက်မိသည်။


"ဒါပေမယ့် သူ ဘယ်မှာနေတာပါလိမ့်…"


အိုး…ဟုတ်သား…အရေးကြီးဆုံးအရာကို ငါ မေ့သွားခဲ့တယ်…


ရှဲ့ဆွေ့ ဘယ်မှာနေတာလဲ…


ဤသည်ကို သူစဉ်းစားလိုက်သောအခါ စုန့်ယွီက ရုတ်တရက် ထထိုင်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။


သေစမ်း… ငါ ဒီတိုင်း…


"008…008…"

စုန့်ယွီက  008 ကို ရူးသွပ်စွာ အော်လိုက်သည်။


ခဏအကြာတွင် 008 ၏ မှုန်ဝါးသော်လည်း ရှုပ်ထွေးသော အသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။

 "ငါဒီမှာပါ… ငါ မင်းအတွက် ဘာလုပ်ပေးရမလဲ…"


စုန့်ယွီက တည့်တည့်မတ်မတ်ထိုင်လိုက်သည်။

 "ရှဲ့ဆွေ့ရဲ့ လက်ရှိလိပ်စာရှိလား…"


008 က ပြောခဲ့သည်။

"ရှိတာပေါ့…" 


သို့သော် သူက လျင်မြန်စွာတုံ့ပြန်ပြီး စုန့်ယွီကို သတိတကြီးဖြင့် ပြန်မေးလာခဲ့သည်။

“မင်းက အဲ့ဒါကို ဘာအတွက် လိုချင်တာလဲ…”


စုန့်ယွီက ခဏ ရယ်လိုက်ပြီး ပြောခဲ့သည်။

“သေချာတာပေါ့….ငါ သူ့ကို သွားရှာချင်လို့လေ…"


008: "???!!!"


008 က စိုးရိမ်ပူပန်ကာ ဒေါသထွက်နေပြီး စုန့်ယွီ ရှေ့တွင် သူ၏ကိုယ်ပွားကို ပုံဖော်ထားခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သူ့နှလုံးသားက လုံးဝကို တုန်လှုပ်သွားခဲ့ရသည်။ သူက ဒေါသကို ထိန်းချုပ်လိုက်ပြီးပြောလိုက်သည်။

"ပိုင်ရှင် (Host)…မင်း ဘာလုပ်နေတာလဲ…မင်းဘာလို့ ကျင်းမြို့တော်ကို ရောက်နေတာလဲ…"


စုန့်ယွီက ပြောသည်။

"ဒီငါးနှစ်အတွင်း ငါလုပ်ချင်တာကို လုပ်နိုင်တယ်လို့ မင်းပြောတာမဟုတ်ဘူးလား…"


008 က အလွန် စိုးရိမ်ပူပန်သွားခဲ့ပြီး ဝေဝါးနေခဲ့သည်။

"ဒါပေမယ့် ငါ့ရဲ့တောင်းဆိုချက်က မင်းဇာတ်ကွက်ကို မထိခိုက်စေဖို့လေ… မင်းအခု ကျင်းမြို့တော်မှာ ရှိနေလို့မရဘူး…မင်း အခု ဇာတ်လိုက်နဲ့ဆုံလို့ မရသေးဘူး… မင်း ပေါ်လာဖို့အချိန်မတန်သေးဘူး... မြန်မြန်ပြန်သွား…"


စုန့်ယွီက မျက်ခုံးပင့်လိုက်သည်။


008 က စုန့်ယွီကို အနည်းငယ်ကြောက်သောကြောင့် လေးနက်စွာနှင့် တိုက်တွန်းရန်သာ တက်နိုင်ခဲ့သည်။

"ပိုင်ရှင်…ပြန်သွားပါ… မြို့တော် A ကို ပြန်သွားပါ…စုန့်ယွီ အဖြစ် မင်းရဲ့အထောက်အထားနဲ့ ရှဲ့ဆွေ့ ရှေ့မှာ ပေါ်လာလို့မရဘူး…ဒါက ဇာတ်လမ်းရဲ့ လမ်းကြောင်းလွဲသွားလိမ့်မယ်…"


စုန့်ယွီက ခုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်သည်။

"ဒါက ရိုးရိုးရှင်းရှင်းပဲလေ… ငါ စုန့်ယွီရဲ့ အထောက်အထားကို သုံးဖို့ မလိုဘူး… မူရင်းစာအုပ်မှာ ရှဲ့ဆွေ့က စုန့်ယွီကို အင်္ဂလိပ်နာမည်နဲ့ အမြဲမှတ်မိခဲ့တာလေ… နောက်ပြီး သူက အခု အရမ်းငယ်သေးတော့ ဟိုတုန်းက စုန့်ယွီကို အမှတ်ရစရာ မရှိဘူး… ငါ ဒီတိုင်း အထောက်အထားအသစ်လုပ်ပြီးတော့ သူ့ရှေ့ကို သွားမှာပါ…"


008 ၏ လေသံက စိုးရိမ်တကြီးဖြစ်နေခဲ့သည်။

"မင်းအဲလို လုပ်လို့မရဘူး…"


စုန့်ယွီက သူ့လက်ချောင်းများကို ချိုးလိုက်ပြီး ပြောလိုက်သည်။

"ဒါကို ငါ အတိအကျ လုပ်နိုင်တာပေါ့...ဘာမှ အမှားအယွင်း မရှိဘူးလို့ ငါထင်တယ်… ရှဲ့ဆွေ့ရဲ့ လိပ်စာကို မင်းငါ့ကို ပေးရမယ်..."


008 က အလွန်ဒေါသထွက်နေပြီး ပြောစရာမဲ့နေခဲ့သည်။ သူ့ ဦးခေါင်းထိပ်မှ မီးခိုးများ ထွက်လာခဲ့သည်။


ဤသည်ကို စုန့်ယွီက မြင်သောအခါ သူက ပြုံးပြီး ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည်။

"ငါ ဒီကိုလာဖို့ ဆန္ဒရှိလားလို့လည်း မမေးဘဲ ဒီလောကထဲကို မင်းပဲ အတင်းဆွဲသွင်းခဲ့တာလေ… နောက်ဆက်တွဲအကျိုးဆက်တွေကို မင်းစဉ်းစားသင့်တယ်…"


008 က ခေါင်းငုံ့ပြီး နှုတ်ခမ်းကို ဖိလိုက်သည်။


008 က တကယ်ပင် တုန်လှုပ်ချောက်ချားနေခဲ့သည်။ ဤသည်က လူသားများ၏ ခံစားချက်များနှင့် ပြည့်နှက်နေသော စနစ်တစ်ခုသာ ဖြစ်သည်။ အစကတည်းကပင် မှားခဲ့သောသူက သူတို့ဖြစ်သောကြောင့် ဘာမျှ မလုပ်နိုင်ခဲ့ပေ။


အချိန်အတော်ကြာပြီးနောက် သူက အံကြိတ်ပြီး ခေါင်းကုတ်လိုက်သည်။

"ဒီအကြောင်း... ငါသွားပြီး ပိုင်ရှင်ရဲ့ကမ္ဘာကို လမ်းညွှန်ခိုင်းရမယ်…မင်း…မင်း ရူးရူးမိုက်မိုက် ဘာမှ မလုပ်သင့်ဘူး... မင်း ရှဲ့ဆွေ့ရဲ့ အနားမှာ ပေါ်လာရင်တောင် မင်းရဲ့အထောက်အထားကို ထုတ်ပြလို့ မရဘူး…"


ကျေနပ်လောက်သောအဖြေကို ရရှိပြီးနောက် စုန့်ယွီက အနည်းငယ်ပြုံးပြီး ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး… ဒီကမ္ဘာမှာ မြို့တော် A ရဲ့ တတိယသခင်လေးစုန့်က စုန့်ယွီ ဆိုတဲ့ လူပဲရှိတာမဟုတ်ဘူးလေ…"


008 က ယခု စုန့်ယွီနှင့် လုံးဝ မဆက်ဆံချင်နေပေ။ ထို့နောက် မီးခိုးငွေ့တစ်လိပ်ကဲ့သို့ ဖြစ်သွားပြီး စုန့်ယွီ၏ စိတ်ထဲသို့ ပြန်ရောက်သွားခဲ့သည်။


စုန့်ယွီက ခဏလောက် အံ့အားသင့်သွားပြီး ပြောလိုက်သည်။

"ဟေး… ရှဲ့ဆွေ့ရဲ့ အိမ်လိပ်စာကို မင်း မပြောရသေးဘူးလေ…”


“ငါမသိဘူး…”


ဤအကြောင်းပြန်ချက်က ပျာယာခတ်ပြီး ဒေါသထွက်ခြင်းမှ ဖြစ်လာသော008၏ဟိန်းဟောက်သံဖြစ်သည်။


စုန့်ယွီ: "……"


ဒါဆို ငါ ဒီစနစ်ကို အတိအကျ ဘာအတွက် ခေါ်ခဲ့တာလဲ…


ငါ ဘာအချက်အလက်မှ မရလိုက်တဲ့အပြင်၊ အဲ့ဒီအစား ငါ့ကို ကန့်သတ်ချုပ်ချယ်မှုတွေ အများကြီး ပေးလိုက်သေးတယ်…


ဘယ်လို အမှိုက်စနစ်လဲ…


ငါ့ကို တားတာကလွဲလို့ တခြားဘာမှ မလုပ်နိုင်ဘူး…


စုန့်ယွီက သက်ပြင်းချကာ ပြန်အိပ်လိုက်သည်။


ထိုသို့သောမြို့ကြီးတွင် လူတစ်ဦးကို ရှာဖွေခြင်းက ကောက်ရိုးပုံတွင် အပ်တစ်ချောင်းကို ရှာဖွေနေပုံရသော်လည်း စုန့်ယွီအတွက် မဖြစ်နိုင်ခြင်းမျိုး မဟုတ်ပေ။ နောက်ဆုံးတွင် သူ့၌ မြို့တော်ဝန်ဖြစ်ခဲ့သော ဦးလေးတစ်ယောက်နှင့် သူနှင့် အဆင်ပြေရန် စိတ်အားထက်သန်နေသော ဝမ်းကွဲတစ်စု ရှိသည်။ သို့သော် သူက ဤကွန်ရက်များကို အသုံးပြုရန်ပင်မလိုအပ်ဘဲ ထူးဆန်းသောဖြစ်ရပ်များပေါင်းစပ်မှုမှတစ်ဆင့် ရှဲ့ဆွေ့နှင့် တွေ့ဆုံနိုင်ခဲ့သည်။



* * * * *


၎င်းက သူ ကျင်းမြို့တော်သို့ ရောက်ရှိခဲ့သော တတိယနေ့တွင် ဖြစ်သည်။


အဖွားမုန့်က သူ အိမ်တွင် အလွန် မွန်းကြပ်မည်ကို စိုးရိမ်သောကြောင့် အပြင်ထွက်ပြီး လျှောက်လည်ရန် တွန်းအားပေးခဲ့သည်။ 


သူ့အဖွား၏ တိုက်တွန်းမှုကို မခံနိုင်တော့၍ စုန့်ယွီက သူ့ဝမ်းကွဲ မုန့်ကွမ်း၏ ကားထဲကို ဝင်သွားသည်။


မုန့်ကွမ်း၏ပြိုင်ကားက ဝိုင်နီရောင်ဖြစ်ပြီး ပိုင်ရှင်ကဲ့သို့ တောက်ပနေသည်။


သူက နေကာမျက်မှန်ကို ချွတ်ကာ အနည်းငယ် စောင်းနေသော မက်မွန်ပွင့်မျက်လုံးတစ်စုံကို ဖော်ထုတ်၍ ယာဉ်မောင်းထိုင်ခုံဘေးတွင် ထိုင်နေသော စုန့်ယွီကို ကြည့်ကာ ပြောခဲ့သည်။


"ငါ့အဖွားက တကယ် စိတ်အနှောင့်ယှက် ဖြစ်စရာကောင်းတယ် မဟုတ်ဘူးလား.."


စုန့်ယွီက ပြောသည်။

"မဟုတ်ပါဘူး…"


"မဟုတ်ပါဘူးဆိုတာ ဘာကိုဆိုလိုတာလဲ…" 

မုန့်ကွမ်းက ရယ်ပြီး စက်ကိုနိုးလိုက်သည်။

“သူ့မှာ စည်းကမ်းတွေ အရမ်းများလွန်းလို့ ငါသေတောင်သေချင်တယ်…ငါ ရောက်ရောက်ချင်းတုန်းက ပထမနှစ်ရက်လောက်တော့ ထိန်းနိုင်သေးတယ်… ဒါပေမယ့် သုံးရက်မြောက်နေ့မှာတော့ မနက်ကနေ ညအထိ သူ ဆဲဆိုကြိမ်းမောင်းတာကို ခံခဲ့ရတာ…”


စုန့်ယွီက ရယ်မောပြီး ဘာမှပြန်မပြောပေ။ အဖွားမုန့် လုပ်သည့် စားစရာများကို သူ ကြိုက်ခဲ့ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ အလွန်သက်တောင့်သက်သာ နေထိုင်ခဲ့သည်။


မုန့်ကွမ်း၏ မျက်လုံးများက သူ့ရှေ့ကို စူးစိုက်ကြည့်နေသည်။ သူက ရုတ်တရက် ပြုံးကာ နှုတ်ခမ်းကို ကွေးလိုက်ပြီး ပြောလာခဲ့သည်။

"ဝမ်းကွဲလေး… မင်းအသက် ဘယ်လောက်ရှိပြီလဲ…"


စုန့်ယွီက အံ့ဩသွားခဲ့သည်။

 "15ပါ…"


မုန့်ကွမ်း၏အပြုံးက ပို၍ပင် ပျော်ရွှင်လာခဲ့သည်။

“ဒါဆို အဆင်ပြေပြီ… မင်းရဲ့ဝမ်းကွဲအစ်ကိုက မင်းကို ပျော်စရာကောင်းတဲ့ နေရာတစ်ခုဆီ ခေါ်သွားမယ်.. သွားချင်လား…”


မုန့်ကွမ်းက ဦးလေး၏ တစ်ဦးတည်းသောသားဖြစ်သည်။ မြို့တော်ဝန်၏သားအဖြစ်၊ သူက တစ်မြို့လုံးရှိ နေရာတိုင်းတွင် ပြေးလွှားနိုင်သော မင်းသားတစ်ဦးဖြစ်သည်။ 


သူက ပျော်စရာကောင်းတယ်လို့ ပြောရင် ထူးထူးခြားခြား နေရာတစ်ခု ဖြစ်ရမယ်…


စုန့်ယွီက အနည်းငယ်စိတ်ဝင်စားသော်လည်း သတိပေးရန် ကြိုးစားလိုက်သည်။

“ဝမ်းကွဲ၊ ကျွန်တော် မသောက်နိုင်ဘူးနော်…” 


မုန့်ကွမ်းက ရယ်လိုက်သည်။

 "စိတ်မပူပါနဲ့၊ မင်းကို အရက်တစ်စက်တောင်မှ မထိစေရဘူး… မင်း တစ်ခုခုဖြစ်ရင် ငါ့အဖွားတင်မကဘဲ ငါ့အဒေါ်တောင်မှ မြို့တော် A ကနေ အရင်ပျံလာပြီး ငါ့အရေပြားကို ခွာလိမ့်မယ်…"


စုန့်ယွီက ရွှင်မြူးသွားသည်။


မုန့်ကွမ်းက ဆက်ပြောခဲ့သည်။

 "လွန်ခဲ့တဲ့ သုံးရက်လောက်က မင်းကို လာမကြိုမိလို့ တောင်းပန်တယ်လို့ ယူဆလိုက်…ငါ မင်းကို ပျော်စရာကောင်းတဲ့ နေရာတစ်ခုဆီ ခေါ်သွားပေးမယ်… မင်းလုပ်စရာရှိတာ ခေါင်းညိတ်ရုံပဲ…သွားချင်လား…"


စုန့်ယွီတွင် ဘာမျှ လုပ်စရာမရှိပေ။ မည်သို့ပင်ဖြစ်စေကာမူ သူ ပျင်းနေသောကြောင့် တိုက်ရိုက်သဘောတူခဲ့သည်။


မုန့်ကွမ်းက ပြုံးသည်။

"ကောင်းပြီ.. ဒါက ငါတို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်ပဲ… ငါတို့ရဲ့ ညီအစ်ကို ဆက်ဆံရေးကို မေ့ပြီးတော့ ငါ့ကို မရောင်းစားလိုက်ပါနဲ့…"


စုန့်ယွီက မရယ်နိုင်ဘဲ မနေနိုင်ခဲ့ပေ။

"ကျွန်တော် အဖွားကို မပြောပါဘူး…"


စုန့်ယွီ၏ အာမခံချက်ကို ရရှိပြီးနောက် မုန့်ကွမ်းက လမ်းကြောင်းပြောင်းကာ တောင်ဘက်သို့ ကားကို မောင်းနှင်ခဲ့သည်။


မုန့်ကွမ်းက အနီးနားတွင် ဆော့ကစားရသည်ကို နှစ်သက်သော်လည်း စုန့်ယွီက သူ့ဝမ်းကွဲဖြစ်ပြီး အရွယ်မရောက်သေးပေ။ သူ့စိတ်က ဖြူစင်သန့်ရှင်းပြီး ကလေးများအတွက် မသင့်တော်သော နေရာများသို့ သဘာဝအတိုင်း ခေါ်ဆောင်သွားမည်မဟုတ်ပေ။ မဟုတ်လျှင် သူက သားရဲနှင့် ကွာခြားတော့မည်မဟုတ်ပေ။


မုန့်ကွမ်းက စုန့်ယွီကို Lin shui (လင်းရွှေ )ဟုခေါ်သော အဆင့်မြင့်ကလပ်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ သူတို့ဝင်ပြီးသည်နှင့် သူ့အဖွဲ့ဝင်ကတ်အား အရှေ့ကောင်တာကို ပြပြီး စားပွဲထိုးက အထဲသို့ ခေါ်သွားခဲ့သည်။


သူတို့က ခမ်းနားထည်ဝါစွာ အလှဆင်ထားသောခန်းမတစ်ခုမှနေ၍ မှောင်မိုက်သောစင်္ကြံကိုဖြတ်ပြီး အခြားတစ်ဖက်မှ ရှေးဟောင်းပုံစံ ခြံဝင်းဆီသို့ ဖြတ်သွားကြသည်။ အနီရောင်သစ်သားပျဉ်များဖြင့် ဖုံးအုပ်ထားသည့် လူသွားလမ်းကို ရေကန်ပေါ်တွင် တည်ဆောက်ထားသည်။ အောက်ကိုငုံ့ကြည့်လိုက်သောအခါ ကြည်လင်သည့်ရေထဲတွင် ကူးခတ်နေသော koi ငါးကိုတွေ့လိုက်ရသည်။


မုန့်ကွမ်းကပြောသည်။

"ငါ့သူငယ်ချင်းတချို့နဲ့ တွေ့ဖို့ မင်းကို ခေါ်သွားပေးမယ်…"


စုန့်ယွီက ခေါင်းညိတ်လိုက်သည်။


မုန့်ကွမ်း၏ သူငယ်ချင်းများအားလုံးက ကျင်းမြို့တော်၏ ကျော်ကြားသော သခင်ငယ်လေးများဖြစ်သည်။ ထိုနေ့က သူတို့ကြားထဲတွင် သီးသန့်ပါတီလေးတစ်ခု စီစဉ်ခဲ့သည်။


သာမာန်အားဖြင့်ဆိုလျှင် ၎င်းက တေးဂီတနှင့် မိန်းမများ ပါဝင်တတ်သော လူချမ်းသာငယ်လေးများ၏ ပွဲတော်ကြီး ဖြစ်ခဲ့ဖူးသော်လည်း စုန့်ယွီ ရှိနေသောကြောင့် ဤအစ်ကိုကြီးများက သူတို့နှင့် အဖော်ပြုခိုင်းရန် မိန်းကလေးများကို ခေါ်ခိုင်းလောက်အောင်ထိ အရှက်မရှိသောသူများ မဟုတ်ကြပေ။


ထို့ကြောင့် ကာရာအိုကေဝိုင်းကဲ့သို့ ဖြစ်လာခဲ့သည်။ သူတို့အားလုံးက မိုက်များကို လိုက်ရှာကြပြီး နတ်ဆိုးသံများက နားထဲတွင် ပြည့်နေသည်။


မုန့်ကွမ်းက စိတ်ဆိုးမာန်ဆိုးနှင့် ပြောလာခဲ့သည်။

"မင်းတို့အားလုံး ငါ့ဝမ်းကွဲရဲ့ နားရွက်ကို တိုက်ခိုက်ဖို့ ကြိုးစားနေတာလား…"


သူတို့ထဲက တစ်ယောက်က လှောင်ပြောင်လိုက်သည်။

“တကယ့် ပျက်စီးဆုံးရှုံးမှုက မင်းကို မိုက်ခရိုဖုန်း ပေးတာဖြစ်လိမ့်မယ်…” 


မုန့်ကွမ်းက ဒေါသတကြီးနှင့် စားပွဲကို ရိုက်လိုက်သည်။

 "မင်းက ဘယ်သူ့ကို အထင်သေးနေတာလဲ…"


“……”


ဆိုဖာပေါ်တွင် ရေသောက်နေသော စုန့်ယွီက အခြေအနေကို ယေဘုယျအားဖြင့် နားလည်သည်။


သူက သူ့အစ်ကိုဝမ်းကွဲ၏ ဆော့ကစားခြင်းကို ခံလိုက်ရသည်။ ထိုသူက မရေမရာနှင့် လျှို့ဝှက်ဆန်းကြယ်ဖြစ်အောင် လုပ်ပြီး သူ့ကို ဤနေရာသို့ ခေါ်လာခဲ့သည်။ အမှန်မှာ မုန့်ကွမ်းက အဖွားမုန့်ထံမှ မလွတ်မြောက်နိုင်သည့်အပြင် သူ့ညီအစ်ကိုများကိုလည်းမပစ်ထားချင်သောကြောင့် သူ့ကို လှည့်စားခဲ့ခြင်းဖြစ်သည်။


ငါလည်း သူ့လှည့်စားမှုအပေါ် ကျရှုံးသွားခဲ့တယ်…


တေးသွားကို မဆိုနိုင်ကြသော ဤလူအုပ်စုကြောင့် စုန့်ယွီက ဒေါသထွက်လာခဲ့ပြီး မသည်းခံနိုင်တော့သည့်အဆုံးတွင် အပြင်သို့ထွက်သွားခဲ့သည်။

"ဝမ်းကွဲ… ကျွန်တော် လေညှင်းခံဖို့ အပြင်ထွက်ဦးမယ်…" 


မုန့်ကွမ်းက အပျော်လွန်နေပြီဖြစ်သည်။ သူက သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"ကောင်းပြီ… ကြုံသလို ဟိုဟိုဒီဒီ လျှောက်မသွားနဲ့နော်…"


စုန့်ယွီက လေညှင်းခံချင်သကဲ့သို့ သန့်စင်ခန်းလည်း သွားချင်ခဲ့သည်။ သို့သော် သူက ကျောက်တောင်အတုများဖြင့် ပြည့်နေသည့် ဝင်းအတွင်း၌ အချိန်အတော်ကြာ လျှောက်သွားခဲ့သော်လည်း သန့်စင်ခန်းကို မတွေ့ရသေးပေ။ သူက ပတ်ပတ်လည်တွင် လျှောက်သွားရင်းနှင့် ခြံဝင်းထဲမှ လမ်းလျှောက်ထွက်ကာ မထင်မှတ်ဘဲ လင်းရွှေကလပ် ၏ ဒုတိယထပ်သို့ ရောက်သွားခဲ့သည်။



🌹🌹🌹