Ch 2
Viewers 5k

🌹 Chapter 2 

ကျောင်းပြောင်းခြင်း



သူ ဆေးရုံတွင် သုံးရက်နေခဲ့ရသည်။


စုန့်ယွီက သူ၏ ဆဲလ်ဖုန်းကို အသုံးပြုကာ ကောင်းကင်ကို ဖုံးလွှမ်းနိုင်လောက်သည်အထိ သတင်းများကို ရှာဖွေခဲ့ရာတွင် သူက စာအုပ်တစ်အုပ်ထဲသို့ အမှန်တကယ် ကူးပြောင်းသွားကြောင်း အတည်ပြုနိုင်ခဲ့သည်။


သူက မိုက်မဲသောစာအုပ် <နူးညံ့သောထိန်းချုပ်ခြင်း> ထဲသို့ ကူးပြောင်းသွားခဲ့ပြီး သူနှင့် နာမည်တူသော အမြောက်စာကောင် ဖြစ်လာခဲ့သည်။


သူက မြို့တော် Aမှ စုန့်မိသားစု၏ တတိယမြောက်သခင်လေး စုန့်ယွီဖြစ်သည်။ သူ့လက်ကိုင်ဖုန်းကို ဘေးသို့ပစ်ချပြီးနောက် စုန့်ယွီက သူ့ဆံပင်များကို ဒေါသတကြီးနှင့် ဆုပ်ကိုင်လိုက်သည်။ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ မှန်ပြတင်းပေါက်မှ ငယ်ရွယ်သော မျက်နှာတစ်ခုက သူ့ဘက်သို့ ရောင်ပြန်ဟပ်နေခဲ့သည်။


သူ့အသားအရေက ဖြူဖျော့နေပြီး အနက်ရောင်ဆံပင်များက ပျော့ပျောင်းပြီး ချောမွတ်နေသည်။ သူ၏ မျက်နှာသွင်ပြင်မှာ အထူးသိမ်မွေ့ပြီး မျက်လုံးများက ကြီးမားပြီး ကြည်လင်နေသည်။ အဖြူနှင့် အပြာရောင် ဆေးရုံဝတ်စုံကို ၀တ်ထားသော သူက ပို၍ပင် ဖျားနာပုံပေါက်ပြီး သနားစရာ ကောင်းလှသည်။


ဤမျက်နှာက အသက်ဆယ့်ငါးနှစ်အရွယ် သူ့ကိုယ်သူနှင့်တူသည်။


သေစမ်း…စုန့်ကောကတော့ အခန်းပိတ်ပြီးပဲ နေတော့မယ်…


<နူးညံ့သောထိန်းချုပ်ခြင်း> မှ ဇာတ်ပို့တစ်ယောက်အနေဖြင့် စုန့်ယွီ၏ ရောဂါက စာရေးသူ၏ ဘောပင်နှင့် မှင်ဖြင့်ဖော်ပြရန်ပင် မထိုက်တန်ပေ။ ထို့ကြောင့် ကူးပြောင်းပြီးနောက် စုန့်ယွီက သူနာပြုများ၊ ဆရာဝန်များ၊ ကလေးထိန်းများနှင့် အိမ်အကူများအပါအဝင် သူ့ပတ်ဝန်းကျင်ရှိလူအားလုံးကို မေးမြန်းခဲ့ရာတွင် မည်သူကမျှ သူ့ရောဂါ၏အမည်ကို မပြောပြနိုင်ခဲ့ပေ။ သူတို့အားလုံးက သူ့က်ု မျက်ရည်များပြည့်နှက်နေသော အကြည့်ဖြင့် ကြည့်နေကြသည်။


သန်မာပြီး ပြတ်သားသော စုန့်မိသားစုမှ ခွန်အားကြီးသော အမျိုးသမီးတစ်ဦးဖြစ်သည့် သူ့ မာမားပင် သူ့အမေးကို ကြားသောအခါ မျက်လုံးများနီသွားခဲ့သည်။


သူမက နူးညံ့သောအပြုံးကို ခက်ခဲစွာနှင့် ညှစ်ထုတ်လိုက်ပြီး ပြောလိုက်သည်။

"ယွီယွီက လိမ္မာပါတယ်…သား ဆေးရုံကဆင်းတဲ့အချိန်ကျရင် မားက သား သွားချင်တဲ့နေရာတိုင်းကို သွားကစားဖို့ လိုက်ပို့ပေးမယ်…."


စုန့်ယွီက ယေဘုယျအားဖြင့် နားလည်သည်။


ဝတ္ထု၏မူရင်းရေးသားသူက သူ့ကို လုံးဝအသက်မရှင်စေချင်ပေ။


မမေးနဲ့….ငါ မေးရမယ်ဆိုရင် ဒါက ခေတ်ပြိုင်ဆေးပညာဆိုင်ရာ အသိပညာရဲ့ မျက်မမြင်နယ်ပယ်မှာ ရှိနေတုန်းဖြစ်တဲ့ ကုသလို့မရနိုင်တဲ့ ရောဂါတစ်ခုပဲ…


မည်သို့ပင်ဆိုစေကာမူ သူလုပ်ရမည့်အရာမှာ သေခြင်းတရားကို စောင့်ဆိုင်းပြီး ၎င်းကို ပြီးမြောက်စေခြင်းပင်ဖြစ်သည်။


အနက်ရောင် ဆီဒန်ကားက မြို့တော် A၏ မြို့ပြင်ရှိ နေအိမ်တစ်လုံးသို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။ ဤအိမ်က စုန့်ယွီ၏ မိဘများက သူ့အား အထူးချွေးသိပ်အားဖြည့်ပေးရန်အတွက် ဝယ်ပေးခဲ့သော အိမ်ဖြစ်သည်။ အနီးအနားတွင် တောင်နှင့် မြစ်များ ရှိပြီး ရှုခင်းများက လှပပြီး ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေသည်။


စုန့်ယွီက နွမ်းလျလျဖြင့် ကားထဲမှ ဆင်းလာကာ နူးညံ့သိမ်မွေ့ပြီး ဖြူဖျော့သော မျက်နှာဖြင့် ပင်ပန်းနွမ်းနယ်နေသည်။ မာမားစုန့်က ဤသည်ကိုမြင်သောအခါ ရင်တုန်ပြီး ကြောက်ရွံ့ကာ ပေါ့လျော့မှုတစ်စုံတစ်ရာကြောင့် သူမ၏ချစ်လှစွာသောသားလေး အသက်ဆုံးရှုံးမည်ကို စိုးရိမ်နေသည်။


ဗီလာအတွင်းတွင် အိမ်တော်ထိန်းက ထမင်းပြင်ဆင်ပြီးဖြစ်သည်။


ထိုညနေခင်းတွင် ပါပါးစုန့်နှင့် အစ်ကိုကြီးစုန့်တို့က ကုမ္ပဏီတွင်ရှိနေပြီး အလုပ်များကိုပစ်ထားရန် အဆင်မပြေသောကြောင့် မာမားစုန့် တစ်ယောက်သာ သူနှင့်အတူ ညစာစားပေးနိုင်ခဲ့သည်။


မာမားစုန့်က စုန့်ယွီကို စိုးရိမ်တကြီးကြည့်ပြီး သူ့ပန်းကန်ထဲတွင် စားစရာများထည့်ပေးကာ ပြောလာခဲ့သည်။

" ဆေးရုံကနေတောင် ဆင်းလာပြီးပြီကို ယွီယွီက ဘာလို့ ဒီလောက်တောင် မျက်နှာမကောင်းဖြစ်နေတာလဲ… သား အန်တီဝမ် ချက်တဲ့ဟင်းကို အကြိုက်ဆုံးပဲမလား…"


စုန့်ယွီက သိပ်ပြီးစားချင်စိတ်မရှိသကဲ့သို့ စကားလည်းမပြောချင်ပေ။


မာမားစုန့်က သူ့ရင်ထဲက ခံစားချက်များကို ထိန်းကာ ပြုံးပြီးပြောလာခဲ့သည်။

"သား မြို့တော် A ကို ပြန်ရောက်ပြီဆိုတော့ မားက သားအတွက် ကြိုဆိုပွဲပါတီကို အိမ်မှာ လုပ်ပေးမယ်… ဘယ်လိုပဲဖြစ်ဖြစ် သား မြို့တော် A မှာ အထက်တန်းကျောင်းသွားတက်တော့မှာလေ… သားရဲ့ ရွယ်တူတွေနဲ့ ထပ်တွေ့ဖို့အတွက် ဒီအခွင့်အရေးကို အသုံးချရင်ရော ဘယ်လိုထင်လဲ…ယွီယွီ…သား ဘယ်လိုထင်လဲ…."


စုန့်မိသားစုက မြို့တော် A  ရှိ ပထမတန်းစား မြင့်မြတ်သောမိသားစုဟု ယူဆနိုင်ပြီး မည်သည့်ပွဲကျင်းပမည်ကို မီဒီယာက သတင်းကြေညာမည်ဖြစ်သည်။ စုန့်ယွီက ဤကဲ့သို့ မြင့်မြတ်သောပုံစံဖြင့် ပြန်လာခြင်းက စုန့်မိသားစုက သူ့ကို မည်မျှချစ်ကြောင်း ပြသရန် လုံလောက်သည်။ 


ဒါက...ငါ့ ရွယ်တူတွေ သိအောင်လုပ်တာပဲကို….


ငါ မှတ်မိတာ မှန်ရင် Gong အမှိုက်နှစ်ကောင်က အခု မြို့တော်  A မှာ ရှိနေပြီးတော့ သူတို့ကိုလည်း တူညီတဲ့ အသိုင်းအဝိုင်းအတွင်းမှာရှိတဲ့ ရွယ်တူချင်းတွေအဖြစ် ယူဆလို့ရတယ်မလား…


စုန့်ယွီ၏ လက်ချောင်းများက အချိန်အတော်ကြာအောင် ငြိမ်နေခဲ့သည်။


ရုတ်တရက် သူ့စိတ်ထဲတွင် စက်ရုပ်သံလေး ပေါ်လာခဲ့သည်။


[ တီ… စနစ် စတင်နေသည််… ] 


စုန့်ယွီ၏ သူငယ်အိမ်က ကျုံ့သွားပြီး ရုတ်တရက် မော့ကြည့်လိုက်သည်။

"မား…သား အနားယူဖို့ အခန်းကို ပြန်တော့မယ်…"


မာမားစုန့်က အံ့ဩသွားပြီး သားဖြစ်သူက စားပွဲမှ ထွက်သွားပြီး အပေါ်ထပ်သို့ ပြေးသွားသည်ကို စောင့်ကြည့်နေခဲ့သည်။


*


စုန့်ယွီက အခန်းထဲပြန်ဝင်ကာ တံခါးကိုပိတ်ပြီး ကန့်လန့်ကာများကို ဆွဲလိုက်သည်။


လှည့်ကြည့်လိုက်ပြီးနောက် သူ့ရှေ့တွင် ရပ်နေသည့် ဖြူဖျော့ဖျော့နှင့် သိမ်မွေ့သောဝိညာဉ်ကို တိတ်တဆိတ် ကြည့်လိုက်မိသည်။


သူက မျက်မှောင်ကြုတ်လိုက်သည်။

 â€œá€™á€„်းက ငါ့ကို ဒီလောကထဲကို ဆွဲခေါ်လာတာလား…”


သူ့ရှေ့တွင် ရပ်နေသော အသွင်အပြင်က ဤကမ္ဘာက စုန့်ယွီ ဖြစ်သည်။


စုန့်ယွီက ဆေးရုံဝတ်စုံ ၀တ်ထားသည်။ သူ့မျက်နှာက လဲကျလုနီးပါးဖြစ်အောင် ဖြူဖျော့နေပြီး သူ့မျက်လုံးများက သိုးကလေးတစ်ကောင်ကဲ့သို့ အန္တရာယ်ကင်းပြီး စိုစွတ်နေသည်။ အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းကို ညင်သာစွာညိတ်ပြပြီး  ပြောခဲ့သည်။ 

“ဟုတ်တယ်… ငါပဲ…”


"ဘာလို့လဲ…"


နဂိုက ဖျော့တော့နေပြီဖြစ်သော စုန့်ယွီ၏ မျက်နှာက ပို၍ပင် နီရဲလာသည်။ သူက အနည်းသော အသံနှင့်ပြောလာခဲ့သည်။

"ငါ တောင်းပန်ပါတယ်… ငါတို့ရဲ့ပင်မကမ္ဘာမှာ ချို့ယွင်းချက်တစ်ခုရှိလို့ အခြေအနေကို ပြုပြင်ဖို့ ငါမင်းကို ဆွဲထုတ်ခဲ့ရတယ်… ငါက ဒီကမ္ဘာက စုန့်ယွီ ပါ…ဒါပေမယ့် မင်း ငါ့ကို စနစ် 008 လို့လည်း ခေါ်လို့ရတယ်… မူလကတော့ စုန့်ယွီရဲ့ တည်ရှိမှုက နောက် ၅ နှစ်မှာ ဇာတ်လိုက်နဲ့ စကားပြောနိုင်တဲ့ အပေါ် နဲ့ ဇာတ်လိုက်ကို သူ့အတိတ်ကို စွန့်လွှတ်နိုင်အောင် ပြောပေးရမဲ့အပေါ် မူတည်တယ်… ဒါပေမဲ့ မသေချာတဲ့ အကြောင်းပြချက်တစ်ခုခုကြောင့်  ဖျားနေတဲ့ စုန့်ယွီက မထိန်းနိုင်တော့ဘဲ သူ ဖျားနေတဲ့ ဆေးရုံခန်းထဲမှာပဲ သေသွားတယ်…”


"စုန့်ယွီရဲ့ ဇာတ်ကွက်ကို ပြီးအောင်လုပ်ဖို့ တစ်ယောက်ယောက်လိုတယ်…ဒါကြောင့် ငါတို့က မင်းကို အပြိုင်ကမ္ဘာကနေ  ဆွဲထုတ်ခဲ့တာ…ပထမဆုံးအနေနဲ့ မင်းကို တောင်းပန်ပါတယ်… ဒါပေမယ့် လျော်ကြေးအနေနဲ့ ဒီကိစ္စတွေပြီးရင် မင်းကို မူရင်းကမ္ဘာမှာ ငွေ ပေးချေပေးပါမယ်… မင်း ဒီကမ္ဘာမှာ ငါးနှစ်လောက်နေရမယ်… ဇာတ်ကွက်ပြီးရင် မင်းထွက်သွားနိုင်ပါတယ်…"


စုန့်ယွီက ရယ်မောလိုက်ပြီး ကြည်လင်ပြီး နက်မှောင်သော မျက်လုံးများက အေးစက်နေခဲ့သည်။

 "ငါက ပိုက်ဆံပြတ်နေတယ်လို့ မင်းထင်နေတာလား…"


008၏စကားက ရပ်သွားခဲ့သည်။


စုန့်ယွီက ဤစာအုပ်ကို မိုက်မဲသောစာအုပ်ဟု မှတ်ယူထားပြီး ဤနေရာတွင် ငါးနှစ်လောက် အချိန်မဖြုန်းချင်ပေ။ သူက စိတ်မရှည်စွာနှင့် မျက်မှောင်ကြုတ်လိုက်သည်။

"ငါ ဒါကို သဘောမတူဘူး… အခု ပြန်ပို့ပေးလို့ရမလား…"


008 က အပြစ်ရှိသကဲ့သို့ တုန်လှုပ်သွားပြီး စုန့်ယွီကို တိုက်ရိုက်မကြည့်ဝံ့ပေ။ သူက ခေါင်းငုံ့ပြီး တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်…ငါ အဲဒါကို မလုပ်နိုင်ဘူး…"


သူက စုန့်ယွီိကို သွေးဆောင်ရန် ကြိုးစားလိုက်သည်။

"တကယ်တော့ ဒီငါးနှစ်က မင်းအပေါ် သက်ရောက်မှုနည်းနည်းပဲ ရှိလိမ့်မယ်… ဇာတ်လမ်းကို မထိခိုက်သရွေ့ ငါတို့ မင်းကို ဘာအနှောင့်အယှက်မှ ပေးမှာမဟုတ်ဘူး… မင်းရဲ့မူလကမ္ဘာမှာ အချိန်က ရပ်တန့်နေပြီးတော့ ဒီကမ္ဘာမှာ မင်းက ပြီးပြည့်စုံတဲ့ မိသားစုနောက်ခံရှိပြီး မင်းစိတ်ကြိုက်အရာတွေ အများကြီးလုပ်နိုင်ပါတယ်…"


စုန့်ယွီက အေးစက်စွာ ရယ်မောလိုက်သည်။


008 က အလွန်သူရဲဘောကြောင်စွာနှင့် စုန့်ယွီအား ဤအရာများကို ရှင်းပြပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။

"ဒါဆို ဒါပဲနော်… ကောင်းကောင်း အနားယူပါ…မင်းလိုအပ်တာရှိရင် အချိန်မရွေး ငါ့ကို ခေါ်လို့ရတယ်….မင်းစိတ်ထဲမှာ 008 လို့ နှစ်ခါလောက်အော်လိုက်ရင်ရတယ်…" 


သေချာတာပေါ့ အသံထွက်ပြီးတော့ ခေါ်စရာမလိုဘူး….


စုန့်ယွီက ထိုနေရာတွင်သာ ရပ်နေခဲ့ပြီး ဒေါသထွက်ကာ သွားများပါ ကိုက်လာသည်။


ထိုအချိန်တွင် မာမားစုန့်ကလည်း အိမ်ပေါ်တက်လာသည်။ သူမ အပြင်မှ တံခါးကို ခေါက်လိုက်ပြီး ပြောလိုက်သည်။

"ယွီယွီ ဘာကိစ္စရှိလို့လဲ…မားတို့ ထမင်းစားနေတုန်း အားလုံးအဆင်ပြေနေပေမယ့် သားအခန်းထဲကို ရုတ်တရက် ပြန်သွားလို့လေ…"


စုန့်ယွီက သူ့စိတ်ခံစားချက်ကို ချိန်ညှိပြီး အပြင်ထွက်ကာ သူ့ မာမားကို ပြုံးပြလိုက်သည်။

"ဘာမှမဟုတ်ပါဘူး မား… ဆက်စားရအောင်…"


စားသောက်ချိန်တစ်လျှောက်လုံး စုန့်ယွီက ဂရုမစိုက်ဘဲ နေခဲ့သည်။


မာမားစုန့်က သူ့စိတ်ခံစားချက်ကို စောင့်ကြည့်နေပြီး ညစာ မစားနိုင်လောက်အောင်ပင် စိတ်ပူနေခဲ့သည်။ သူမက ခဏမျှ တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။

“စောစောက မား ပြောထားတဲ့ ပါတီပွဲက သားကို စိတ်မချမ်းမသာဖြစ်စေလို့လား…” 


စုန့်ယွီက ဆန်ပြုတ်ကို ဇွန်းဖြင့်မွှေလိုက်သည်။ ထိုစကားကိုကြားသောအခါ ခေတ္တရပ်လိုက်ပြီး ခေါင်းငုံ့ကာ ပြောလိုက်သည်။

“မဟုတ်ပါဘူး…”


မာမားစုန့်က စိတ်ပူနေခဲ့သည်။

"သား မကြိုက်ရင် မားတို့ မလုပ်တော့ဘူး…မား မှားသွားတယ်နော်… မားတို့ ချစ်ရတဲ့ ယွီယွီက တိတ်တိတ်ဆိတ်ဆိတ်နေရတာကို  ကြိုက်တယ်ဆိုတာ မေ့သွားလို့… နောင်မှာ ပွဲတစ်ခုခုရှိရင် မားက သား မပါဝင်နိုင်အောင် ဖယ်ထားပေးမယ်…"


စုန့်ယွီက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ မာမားစုန့်၏ နူးညံ့ကြင်နာသော အကြည့်အောက်တွင် သူ၏အတွင်းစိတ်မငြိမ်မသက်မှုနှင့် စိတ်ဓာတ်ကျမှုတို့က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။


ငါက ဒီစာအုပ်ကို စာအုပ်တစ်အုပ်ပဲလို့ မှတ်ယူထားပေမယ့် စာအုပ်ထဲမှာရှိတဲ့လူတိုင်းက ဒီတိုင်း စာရွက်ပါးပါးလေးတစ်ရွက်ပဲ မဟုတ်နေခဲ့ဘူး…သူတို့က တကယ်ကို အသက်ရှင်နေခဲ့တယ်…


ဥပမာအားဖြင့် သူ့ရှေ့မှ ကောင်းမွန်စွာထိန်းသိမ်းထားသောအမျိုးသမီးဖြစ်သည်။


သူ့သားအတွက် ဤသို့သော ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို အတုအ‌ယောင်ကဲ့သို့ ဟန်ဆောင်၍ မရနိုင်ပေ။


စုန့်ယွီက ခေါင်းငုံ့ကာ ဆန်ပြုတ်တစ်ငုံသောက်လိုက်သည်။ သူ မျက်လွှာချလိုက်ပြီး မျက်တောင်များက ကြည်လင်ပြတ်သားနေသည်။


မာမားစုန့်နှင့် ပါပါးစုန့်တို့ နှစ်ယောက်လုံးက အလုပ်များလွန်းသဖြင့် သူနှင့်လိုက်ရန် အချိန်မရှိသလောက်ပင်။ ယနေ့ မာမားစုန့်က သူ့ကို ဆေးရုံမှ ခေါ်လာပြီး ညစာစားရန် အားလပ်ချိန်ရဖို့ရန် အစည်းအဝေးများစွာကို ဘေးဖယ်ထားခဲ့သည်။ နောင်တွင် သူ အထက်တန်းကျောင်းတက်ပြီးပါက မိသားစုနှင့် အချိန်ဖြုန်းရန် အချိန်ပိုနည်းသွားမည်ဖြစ်သည်။ စုန့်ယွီက မြို့တော် A ကို မကြိုက်ပေ။ <နူးညံ့သောထိန်းချုပ်ခြင်း> တွင် မြို့တော် A ၏ လူ့အဖွဲ့အစည်း အထက်ပိုင်းရှိ ကလေးများ အားလုံးက ရူးသွပ်ခြင်း သို့မဟုတ် စိတ်ရောဂါ ရှိသူများ ဖြစ်ကြသည်။ ထို့အပြင် အကြောင်းတစ်ခုခုကြောင့် ဤစာအုပ်သို့ ကူးပြောင်းပြီးနောက် သနားစရာကောင်းသော ရှဲ့ဆွေ့လေးကို မကြာခဏ တွေးတောမိခဲ့သည်။


ဆန်ပြုတ်ကို သူ့ပါးစပ်ထဲသို့ မျိုချလိုက်သည်။


စုန့်ယွီက စာအုပ်ထဲမှ ပြန့်ကျဲနေသော ဇာတ်ကွက်အချို့ကို ပြန်တွေးလိုက်သည်။


ရှဲ့ဆွေ့က သူနှင့် အသက်တူသည်။ သူက သူ၏နွေရာသီအားလပ်ရက်များကြားတွင် ရှိနေသော်လည်း စုန့်ယွီကဲ့သို့ ကံကောင်းခြင်းမျိုးနှင့် ဝေးနေသည်။


ဤနွေရာသီအားလပ်ရက်တွင် နေထိုင်စရိတ်အတွက် ဝင်ငွေရှာရန်အတွက် ရှဲ့ဆွေ့က အချိန်ပိုင်းအလုပ်လုပ်ခဲ့သည်။ သူက လမ်းပေါ်ရှိ လူရမ်းကားအုပ်စုကို နှိုးဆော်ခဲ့ပြီး နှလုံးသားမည်းနက်နေသော သူဌေး၏လှည့်စားမှုကိုပင် ခံခဲ့ရသည်။ လမ်းဘေးလူရမ်းကားများနှင့် တိုက်ခိုက်နေစဉ် ရှဲ့ဆွေ့၏ လက်ချောင်းက ကျိုးသွားပြီး ကောင်းစွာမကုသနိုင်ခဲ့သဖြင့် တစ်သက်လုံးကျန်ခဲ့သော ဝေဒနာဟောင်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။ အထက်တန်းကျောင်းသားဘဝအစက သူအနိုင်ကျင့်ခံရချိန်တွင် လက်ဒဏ်ရာက ခံနိုင်ရည်မရှိစေခဲ့ပေ။


စုန့်ယွီက ရှဲ့ဆွေ့ ကြုံတွေ့ခဲ့ရသော ကဲ့ရဲ့မှုနှင့် အရှက်တရားအားလုံးကို တွေးတောလိုက်ပြီး အစပိုင်းတွင် ဤလူငယ်က မည်မျှ ဖြူစင်ပြီး ကောင်းမွန်ကြောင်းကို တွေးတောခဲ့သည်။ 


ရှဲ့ဆွေ့က အနိုင်ကျင့်ခံနေရသော မိန်းကလေးကို ကယ်တင်ရင်း လမ်းဘေးလူရမ်းကားများနှင့်ပင် ပြဿနာတက်ခဲ့သည်။


သူ့အကြောင်းများ ပိုတွေးလေ ပိုစိတ်ဆိုးလေလေဖြစ်သည်။


<နူးညံ့သောထိန်းချုပ်ခြင်း> စာအုပ်ကို <ရှဲ့ဆွေ့၏ ကြမ်းတမ်းသောဘဝ> ဟု အမည်ပြောင်းသင့်သည်။


မည်သို့ပင်ဆိုစေကာမူ သူက ၎င်းကိုဖတ်နေချိန်တွင် တစ်ဖက်တွင် ထိုလူမိုက်များကြောင့် သူ ဒေါသအလွန်ထွက်ကာ ခေါင်းကိုက်လာပြီး တစ်ဖက်တွင် ရှဲ့ဆွေ့အား မယုံနိုင်လောက်အောင်ပင် သနားမိသည်။


ဤစာအုပ်တွင် သူက အချိန်ငါးနှစ်သာ ရှိသည်။ သူက ရက်ပေါင်း တစ်ထောင့်ရှစ်ရာကို စားသောက်ပြီး နေ့ရက်များကို ဖြတ်သန်းနိုင်ပြီး သို့မဟုတ် လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲပစ်ခြင်းဖြင့် ဖြတ်သန်းနိုင်သည်။


စုန့်ယွီ၏ မှောင်မည်းနေသော သူငယ်အိမ်များက စိတ်ခံစားမှုများစွာနှင့် တုန်လှုပ်ခြောက်ခြားသွားသည်။ နောက်ဆုံးတွင် သူက ဇွန်းကို ချလိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။


"မား…သား ကျောင်းပြောင်းချင်တယ်…"


မာမားစုန့် : "???"


ရှဲ့ဆွေ့က ကျင်းမြို့တော်တွင် ရှိသည်။ ဤသည်က စုန့်ယွီ အဖွား၏ မွေးရပ်မြေဖြစ်သည်။


စုန့်ယွီက ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည်။

"သား အဖွားရှိတဲ့ ကျင်းမြို့တော်ကို သွားချင်တယ်…အဲဒီမှာ ခဏလောက် အချိန်ဖြုန်းချင်တယ်…"


***


စုန့်ယွီ ပြန်လာပြီဆိုသောသတင်းက မြို့တော် A ၏ ထိပ်တန်းအသိုင်းဝိုင်းများကြားတွင် ပျံ့နှံ့နေပြီဖြစ်သည်။ လူတိုင်းက နာမကျန်းမှုမှ ပြန်လည်သက်သာလာကာ သူ့မျက်နှာကို တစ်ခါမျှမပြဖူးသော စုန့်မိသားစု၏ တတိယသခင်လေး အကြောင်းကို အလွန်သိချင်နေကြသည်။ သူက အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဟု ဆိုကြပြီး အားလုံးက စုန့်မိသားစု၏ ဧည့်ခံပွဲပါတီ၌ သူ့ကို တွေ့ဆုံရန် မျှော်လင့်နေကြသည်။ စုန့်ယွီ၏အစ်မ စုန့်ဝမ်ရင်း ကသာ ဤလူအုပ်စုက သူ့ကို လုံးဝတွေ့ခွင့်ရှိမည်မဟုတ်သည်ကို သိသည်။ အဘယ်ကြောင့်ဆိုသော် သူက ဆေးရုံမှဆင်းပြီးနောက် သုံးရက်မြောက်နေ့တွင် ကျင်းမြို့တော်သို့ လေယာဉ်နှင့် ဆင်းခဲ့ပြီးဖြစ်သည်။


သူ့ဆဲလ်ဖုန်းထဲတွင် သူ့အစ်မကြီး၏ မက်ဆေ့ချ်များက ပေါက်ကွဲသံကဲ့သို့ ဝင်လာသည်။


[ စုန့်ဝမ်ရင်း: …] 


[ စုန့်ဝမ်ရင်း: ဒါက ဘာကိုဆိုလိုတာလဲ… ငါ့ကို ပစ်မှတ်ထားနေတာလား… ငါ့ကို မလေးစားဘူးလား… [ဓား] [ဓား] [ဓား]] 


[စုန့်ဝမ်ရင်း : ငါ့ညီအစ်မတွေကို အခုပဲ ကြွားလုံးထုတ်ပြီးတော့ နင့်ရဲ့ ခမ်းနားတဲ့အလှကို သူတို့မြင်နိုင်တော့မယ်လို့ အာမခံထားပေမယ့် ရလဒ်အနေနဲ့ နင်က လေယာဉ်ပေါ်တက်ပြီး ထွက်သွားခဲ့တယ်ပေါ့…. ] 


[ စုန့်ဝမ်ရင်း: [ဓား] [ဓား] [ဓား] ငါ့အတွက် ဒါကို ရှင်းပြ…မဟုတ်ရင် နင်တော့ သေပြီ…] 


ထိုအချိန်တွင် စုန့်ယွီက ကျင်းမြို့တော်သို့ ရောက်ရှိနေပြီဖြစ်သည်။ လေယာဉ်ပေါ်ကဆင်းပြီးသည်နှင့် ကားပေါ်သို့တက်ပြီး သူ့အဖွားအိမ်ဆီသို့ သွားခဲ့သည်။


ကျင်းမြို့တော်က ပြည်နယ်မြို့တော်ဖြစ်သည်။ ၎င်းက စည်ကားပြီး အသက်ဝင်သော်လည်း ပွဲတော်ကျင်းပခြင်းနှင့် မြူးမြူးကြွကြွပြည့်နေသော မြို့တစ်မြို့ကဲ့သို့ ကြီးကြီးမားမားနှင့် စိတ်အားထက်သန်မှု မရှိပေ။


အနက်ရောင် ဆီဒန်ကားက မြို့လယ်ခေါင်ဆီသို့ ဦးတည်သွားကာ လမ်း၏ တစ်ဖက်တစ်ချက်စီရှိ သစ်ပင်များကို အရှိန်ပြင်းပြင်းဖြင့် ဖြတ်သွားခဲ့သည်။


ကားမောင်းသူက အသက်ငါးဆယ်ကျော်ခန့်ရှိ ရိုးရိုးရှင်းရှင်းနှင့် ရိုးသားသူဖြစ်သည်။ သူက ပြုံးပြီးပြောသည်။

"အဖွားက ကျင်းမြို့တော်မှာ တစ်ယောက်တည်းနေနေတာ နှစ်အတော်ကြာပြီ… သူ့နေ့ရက်တွေက ပျင်းရိပြီး အေးအေဆေးဆေး ဖြစ်ပေမယ့် အထီးကျန်စရာကောင်းလွန်းတယ်… မင်းလာမယ်ဆိုတာကို ကြားလိုက်ရတော့ ဝမ်းသာလွန်းလို့ မီးဖိုချောင်ကိုသွားပြီး ကျင်းမြို့တော်က ဒေသထွက် ဟင်းအမယ်တွေ အများကြီး ချက်နေတာ…သူ ဒီအကြောင်းကို မနက်ကတည်းက ပြောနေခဲ့တာ…"


စုန့်ယွီက ပြုံးပြီး စုန့်ဝမ်ရင်း၏ မက်ဆေ့ချ်များကို ပြန်တုံပြန်လိုက်ပြီး ပြောလိုက်သည်။

"အင်း…ကျွန်တော် အဖွားရဲ့ ဟင်းချက်စွမ်းရည်ကို ယုံပါတယ်…" 


ဒရိုင်ဘာက မေးခဲ့သည်။

"သခင်လေးက ကျင်းချန် အမှတ် (၁)  အထက်တန်းကျောင်းမှာ တက်မှာလား.."


စုန့်ယွီ: "ဟုတ်ပါတယ်…"


ဒရိုင်ဘာ၏ မျက်လုံးများ တောက်ပလာခဲ့သည်။

 "ကောင်းလိုက်တာ…ဦးလေးရဲ့ သားကလည်း ကျင်းချန် အမှတ် (၁) မှာ တက်နေတယ်... သခင်လေးကို ကျောင်းမှာ စောင့်ရှောက်ပေးဖို့ အဲဒီ ကောင်စုတ်လေးကို သေချာပေါက် ပြောလိုက်မယ်…"


စုန့်ယွီ၏ ခန္ဓာကိုယ်က အားနည်းနေပြီး မကြာခဏဖျားနေသည်က လျှို့ဝှက်ထားခြင်းမရှိပေ။


စုန့်ယွီက သူ၏ ကြင်နာမှုကို လက်ခံပြီး နူးညံံ့စွာ ရယ်လိုက်သည်။

 "ကျေးဇူးတင်ပါတယ် ဦးလေး…" 


သို့သော် သူက ဤမျှလောက် နုနယ်သည်ဟု မခံစားရပေ။ ဤရောဂါက ကုသ၍မရသော ရောဂါသက်သက်မျှသာဖြစ်ပြီး စာရေးသူက သူ့ကိုသေစေရန်အတွက် ကျပန်းပေးခဲ့ခြင်းသာဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူဖျားနာခြင်း သို့မဟုတ် အားနည်းခြင်း လုံးဝမခံစားရ၍  ဤတိုက်ပွဲက ပြဿနာဖြစ်မည်မဟုတ်ပေ။


သူ့လက်ကိုင်ဖုန်းက အဆက်မပြတ် လင်းနေခဲ့သည်။ 


[ စုန့်ယွီ: ဘယ်လိုရှင်းပြချက်ကို လိုချင်တာလဲ...] 


[စုန့်ဝမ်ရင်း : ငါဘယ်လိုရှင်းပြချက်ကို လိုချင်နေလဲ ဆိုတာကို နင် ပြောပြစမ်းပါ… နင် ရုတ်တရက် ကျင်းမြို့တော် ကိုပြောင်းသွားပြီး အကြောင်းပြချက်တောင် မပေးတော့ဘူးလား….မြို့တော် A က နင့်ကို ဘာလုပ်ခဲ့လို့လဲ… ငါအဲဒီမှာ နှစ်အတော်ကြာ အေးအေးဆေးဆေးနေခဲ့တာ… အခု ငါ မြို့တော်ကနေ ထွက်သွားရင် အားလုံးက အဆင်မပြေဖြစ်နေမိမှာပဲ… ] 


[ စုန့်ယွီ: ကျွတ်… ] 


[ စုန့်ဝမ်ရင်း: ငါ့ကို မြန်မြန်ပြောစမ်း… ] 


[ စုန့်ယွီ: အကြောင်းပြချက်လား… ကမ္ဘာကြီးက ကြီးလွန်းတော့ ကျဲအတွက် သွားကြည့်ပေးချင်လို့… ] 


[ စုန့်ဝမ်ရင်း: …… ] 


ဒီမောင်နှမ ဆက်ဆံရေးကို ရှေ့ဆက်ဖို့ နည်းလမ်းမရှိတော့ဘူး…


{T/N : မြို့တော် C နဲ့ ကျင်းမြို့တော်က တစ်ခုတည်းဖြစ်ပုံရတယ်၊ အဲ့ဒါက typing မှားတာမဟုတ်ရင် နောက်ကွယ်မှာ လျှို့ဝှက်ထားတဲ့ အကြောင်းပြချက်တွေရှိနိုင်ပုံရတယ် }


*****


စာရေးသူ၏ အတွေး : 


စနစ် - ဇာတ်ကြောင်းကို မနှောင့်ယှက်သရွေ့တော့…


စုန့်ယွီ  - ငါ သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲလိုက်မှာ…

          

 á€…နစ် -  ( ゜ロ゜)



🌹🌹🌹