🐾Chapter 17
: အနမ်း သို့မဟုတ် တစ်စုံတစ်ခုအား ခိုးယူခြင်း
ကျင်းယွီက သာ့ပိုင်၏ ညင်ညင်သာသာ ကိုက်လိုက်ရာမှ ကျန်ရစ်ခဲ့သော သူ့လက်မောင်းပေါ်ရှိ သွားရာကို ကြည့်လိုက်သည်။ သူ၏ ညာဘက်လက်မောင်းက ယခုထိ အနည်းငယ် နာကျင်နေသေး၏။ ဤအရာက အိပ်မက်မဟုတ်ကြောင်း တိတ်တဆိတ် ကျိန်ဆဲလိုက်သေးသည်။
အနက်ရောင်ချီလင်၊ အာ ယခု ချီချင်းလင်ဟု ခေါ်သင့်သည့်လူက ယခုလက်ရှိအချိန်တွင် ကျင်းယွီ နားလည်နိုင်မည့် စကားများကို မပြောပေ။ အရာအားလုံးကို စုပေါင်းလိုက်သောအခါ လုံးဝ စိတ်ရှုပ်ထွေးသွားရသည်။ အကယ်၍ ကျင်းယွီက နားလည်ခဲ့လျှင်ပင် နားမလည်သကဲ့သို့ ဟန်ဆောင်နေမည်သာဖြစ်သည်။
ကျင်းယွီက စိတ်ဖိစီးလျက် ခေါင်းငုံ့လိုက်သည်။ သူ့တွင် ယခုကဲ့သို့ အမှန်တရားမှ ရှောင်ပြေးရမည့် နေ့တစ်နေ့ ရောက်ရှိလာခဲ့မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ ယခင်က မည်သို့နေထိုင်ခဲ့သည်ကို ပြန်တွေးကြည့်ပါက… သူက လူသားများကိုပင် စားသုံးကြသည့် နောက်ဆုံးနေ့ရက်များအထိ ရှင်သန်နိုင်ခဲ့သည်။ သို့သော် ယခုအချိန်တွင် သူ့စွမ်းရည်များက အတော်လေး အားနည်းကြောင်း ခံစားနေရသည်။
“ဘာလို့ စကားမပြောတာလဲ…”
ကျင်းယွီက ထူးဆန်းစွာဖြင့် အဖြူရောင်သဲကျားအား ကိုက်ခိုင်းလိုက်သည့် မြင်ကွင်းကို ချီချင်းလင်က ကြည့်နေခဲ့သည်။ ယခု သူက သုန်မှုန်သွားပြန်၏။ ချီချင်းလင်က လုံးဝ ကြောင်အနေလျက် ကျင်းယွီကို တိတ်တဆိတ် ကြည့်နေခဲ့သည်။
“စွမ်းအားတွေက အခု မင်းရဲ့ အသိစိတ် လွတ်သွားလောက်တဲ့အထိကို နိုးဆွပေးနေတာလား…”
“…”
ကျင်းယွီက ဝင်လေထွက်လေ မှန်နေစေရန် စတင်ကြိုးစားလိုက်သည်။ ဤတုံးအသော သားရဲအား အမှန်တရားကို သိခွင့်မပေးနိုင်ချေ။
“အဲဒီလိုဆိုရင်… ငါ့ကို မင်းရဲ့ လက်တွဲဖော်အနေနဲ့ လက်ခံပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စကားနည်းနည်းလောက် ပြောသင့်တာ မဟုတ်ဘူးလား…”
ချီချင်းလင်၏ အေးတိအေးစက်မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး ဖြစ်ပေါ်နေ၏။
“မင်းရဲ့ (လူသားတစ်ပိုင်း)သရုပ်မှန်ကြောင့် မင်းက ငါနဲ့ မသင့်တော်ပေမဲ့လည်း ငါ စိတ်ထဲ မထားပါဘူးလေ… တခြားလူတွေက ဘယ်လောက်ပဲ ပြဿနာရှာနေကြပါစေ ငါတို့ကို ထိခိုက်စေနိုင်မှာ မဟုတ်ဘူး…”
“… …သောက်ပေါက်ကရတွေ… …”
ကျင်းယွီက သည်းမခံနိုင်တော့ပေ။ ကျင်းယွီက မျက်နှာမည်းမှောင်လျက် ချီချင်းလင်ထံသို့ လက်သီးရွယ်ထားကာ ပြောလိုက်သည်။
“ငါ့ဖင်ကြီးကိုပဲ မင်းနဲ့ မသင့်တော်နေလိုက်… တကယ်တော့ ငါ့အထင် မင်းကသာ ငါနဲ့ မထိုက်တန်တာနော်… … ဝေးနိုင်သမျှ ဝေးဝေးသာ သွားစမ်းပါ… …”
ကျင်းယွီက ချီချင်းလင်၏ စကားများကြောင့် ပေါက်ကွဲသွားလေသည်။ သို့သော်လည်း ကျင်းယွီ၏ ညာလက်သီးက အဆိုပါ ရက်စက်ကြမ်းတမ်းသော ဘော့စ်ထံသို့ပင် မရောက်ရှိလိုက်ဘဲ ချီချင်းလင်မှ မျက်နှာသေဖြင့် ဖမ်းယူခြင်းကို ခံလိုက်ရသည်။
ချီချင်းလင်၏ မျက်နှာပေါ်မှ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက နှစ်သောင်းချီ သက်တမ်းရှိသည့် ရေခဲကျောက်ဆောင်သမျှ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
“မင်း ငါ့ကို မင်းရဲ့ လက်တွဲဖော်အဖြစ် လက်မခံရင်တောင်မှ ငါ့ကိုတော့ ရန်မစသင့်ဘူးနော်… မင်းရဲ့အရှေ့မှာ ငါ့ကို အော်ရဲခဲ့တဲ့ လူဆိုရင် ချက်ချင်း အသတ်ခံလိုက်ရတယ်ဆိုတာ မင်း သိထားသင့်တယ်…”
“…”
ကျင်းယွီ တိတ်ဆိတ်လျက် ကြောင်အသွားသည်။
ငါ့ထက်တောင် သနားဖို့ကောင်းတဲ့လူ ရှိသေးတာလား… ဒီနားမလည်ပါးမလည် နတ်ဘုရားကတော့… ငါ့ဖင်ကြီးကို ဘော့စ်တဲ့လား… ငါ Sအဆင့် သားရဲတွေ ရာနဲ့ချီ စုပြီးတဲ့အချိန်ထိသာ စောင့်စမ်းပါ… မင်းကို သေအောင် ရိုက်ခိုင်းပစ်မယ်…
ချီချင်းလင်က ကျင်းယွီ၏ ခါးသီးနေသော အမူအရာနှင့် မျက်လုံးများမှ အလိုမရှိမှုများကို မြင်လိုက်ရသည်။ သူက ကျင်းယွီ၏ လက်သီးကို ဆုပ်ကိုင်ထားရာမှ အားလျော့လိုက်သည်။ ထို့နောက် မထိန်းထားနိုင်ဘဲ သက်ပြင်းချလိုက်၏။
“ငါ အိမ်တွင်းအကြမ်းဖက်တာတွေလည်း မလုပ်ထားပါဘူး… မင်းကိုလည်း ဟိုဟာဒီဟာလုပ်ဖို့ဆိုပြီးလည်း ဖိအားမပေးထားဘူးလေ… ဒါတောင် ဘာလို့ ဒီလို လုပ်နေရတာလဲ…”
ငါ့ကို ထိခိုက်အောင်ကျ မလုပ်နိုင်ဘဲ စိတ်ဆိုးနေသေးတယ်…
ယခုတစ်ကြိမ်တွင် ချီချင်းလင်က ကျင်းယွီ၏ ကိုယ်ထဲမှ မိုးကြိုးသွားရေးရေးလေးအား ခံစားမိလိုက်ပြီး အလိုလိုသိစိတ်အရ နောက်ဆုံးစာကြောင်းကို မပြောလိုက်ပေ။
အမှန်တကယ်တွင် သူနှင့်ကျင်းယွီ သိလာသည်က တစ်နာရီမျှသာ ရှိသေး၏။ ထိုအချိန်အတွင်း သူက ကျင်းယွီကို အားနည်းသည်ဟု ပြောခဲ့သည့်အတွက် ကျင်းယွီမှ ဒေါသပေါက်ကွဲသွားသည်မှာ နှစ်ကြိမ် ရှိပြီဖြစ်သည်။ ထို့ကြောင့် ဘော့စ်ချီက ဤသို့ ဆုံးဖြတ်လိုက်သည် : “အားနည်းခြင်း”ဆိုသည့် စာလုံးနှင့် သက်ဆိုင်သမျှ စကားလုံးနှင့် စကားများက ဤငါး*အား အပြင်းအထန် ဆွေ့ဆွေ့ခုန်စေလိမ့်မည်။ အကယ်၍ ကံမကောင်းပါက ငါးအမြီးဖြင့်ပင် အရိုက်ခံရနိုင်သည်။ ထို့ကြောင့် ထိုစကားလုံးအား လုံးဝ ထုတ်မပြောတော့ပေ။
(T/N : ဒီနေရာမှာ ငါးလို့ သုံးထားတာက ကျင်းယွီရဲ့ ယွီက ငါးရဲ့ ယွီနဲ့ အသံထွက်ခြင်း ဆင်တူလို့ပါ…)
သဘာဝကျစွာပင် ယခုတစ်ကြိမ်၌ ချီချင်းလင်က ကပ်ဆိုက်စေမည့် နောက်ဆုံးစကားတစ်ခွန်းကို မပြောလိုက်သောကြောင့် သူ၏ စကားများကို ကျင်းယွီမှ လက်ခံနိုင်ချေ အလွန် မြင့်မားသွားသည်။
ချီချင်းလင်၏ စကားကို ကြားပြီးနောက် ကျင်းယွီ၏ အမူအရာက အနည်းငယ် ငိုင်သွားလေသည်။ အဘယ်ကြောင့် ပါဝင်လာမှန်း မသိသော “အိမ်တွင်းအကြမ်းဖက်ခြင်း”ဆိုသည့် စကားလုံးကို ဖယ်လိုက်လျှင် သူ ပြောသည်မှာ မှန်နေ၏။ ဤလူက သူ့ကို မြွေသည်းခြေအား အတင်းအကြပ် စားခိုင်းခဲ့သော်လည်း သူ နိုးလာချိန်မှစ၍ ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ပေ။ နာကျင်မှုကြောင့် သေလုနီးပါး ဖြစ်ခဲ့သော်လည်း ဤလူကသာ ပြန်လည် သက်သာလာစေရန် သူ့အခြေအနေအား စစ်ကြည့်ခဲ့သည့် ပထမဆုံးလူ ဖြစ်သည်။ သူ့ပြောစကားများကို ဘေးဖယ်လိုက်ပါက ထိုလူတွင် ရည်ရွယ်ချက်ကောင်းများ ရှိသေးကြောင်း ကျင်းယွီ ပြောနိုင်၏။
ထိုသို့ဆိုပါက သူကသာ ရေးကြီးခွင်ကျယ် မဟုတ်သည့်အရာကို ပြဿနာရှာနေခြင်း ဖြစ်နေသည်။ သို့မဟုတ် သူက အတော်လေး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေခြင်း ဖြစ်ရမည်။ အမှန်အတိုင်း ပြောရပါက၊ သူ့အား ထိန်းကိုင်ထားသည့် လူ၏ စကားများကို သေချာတွေးတောကြည့်လျှင် သူ့အား တစ်စုံတစ်ခုအတွက် ဖိအားပေးမည်မဟုတ်ဘဲ သူ့အား ကာကွယ်ပေးမည့်အပြင် စားစရာနှင့် အဝတ်အစားများအတွက် ပူပန်နေစရာ မလိုရန် ထားပေးမည်ဖြစ်သည်။
ဤသည်က ကောင်းကင်ပေါ်မှ ခရမ်းရောင်ခရစ္စတယ်ဒင်္ဂါးပြားကြီး ကျလာခြင်းနှင့် တူနေသည်။ “လက်တွဲဖော်”ဆိုသည့် ကိစ္စအတွက်က သူ့ဘက်မှ ကျင်းယွီအား တစ်စုံတစ်ခုအပေါ် ဖိအားမပေးသရွေ့ ထိုကိစ္စက အမည်ခံသာသာပင် ဖြစ်နေလိမ့်မည်။ ဤကိစ္စမှ ကျင်းယွီက သေချာပေါက်ပင် အကျိုးအမြတ်များများ ရရှိမည်ဖြစ်သည်ကို အလွန်အမင်း အတွေးလွန်နေမိသေးသည်။
နောက်ပြီး အရေးအကြီးဆုံးအချက်က ငါ မငြင်းရသေးဘူးမလား…
စကားမဆိုဘဲ မျက်လုံးများသာ လှိမ့်လျက်၊ ကျင်းယွီက ခန့်ညားသော်လည်း အလိုက်မသိသည့် လူ၏ မျက်နှာကို ကြည့်လိုက်သည်။ သူ စကားပြောလိုက်ချိန်တွင် မျက်နှာက မည်းမှောင်နေ၏။
“ခင်ဗျားတကယ်ပဲ ကျွန်တော့်ကို ဟိုဟာဒီဟာ လုပ်ဖို့ ဖိအားပေးမှာ မဟုတ်ဘူးမလား…”
ချီချင်းလင်က ကျင်းယွီ၏ အမူအရာက မည်သို့ နူးညံ့လာကြောင်း မြင်လိုက်ရသည်။ သူက သူ၏ ကိုယ်ပိုင်စိတ်ကျေနပ်မှုအကြောင်း သေချာ တွေးတောရမည့်အစား သုန်မှုန်စွာ ခေါင်းညိတ်လျက် ပြန်ဖြေသည်။
“သေချာတာပေါ့…”
“ခင်ဗျားက ကျွန်တော့်ကို ကာကွယ်ပေးမှာမလား… စားစရာတွေ၊ အဝတ်အစားတွေကိုလည်း ပူစရာမလိုဘဲ နေခိုင်းမှာလား…”
ဤမေးခွန်းက လိုလိုပိုပို မေးမြန်းလိုက်ခြင်းသာ ဖြစ်သည်။ အမှန်တကယ်တွင်၊ ပထမအဖြေကို ကြားလိုက်ရချိန်မှစ၍ တစ်စုံတစ်ငါး၏ နှုတ်ခမ်းထောင့်များက စတင် ကွေးတက်နေပြီဖြစ်၏။
“ဒါက လက်တွဲဖော်တစ်ယောက်ရဲ့ တာဝန်ပဲလေ…”
ချီချင်းလင်က ကျင်းယွီ၏ အပြုံးကို မြင်ကာ သူ့ဘေးပတ်လည်ရှိ အပူချိန်က အနည်းငယ်ပြန်တက်လာသည်။
“ငါနဲ့သာဆိုရင် အန်ကျဲတစ်ခုလုံးအပြင်၊ တခြား မဖွံ့ဖြိုးသေးတဲ့ အမဲလိုက်ဂြိုဟ်တွေကတောင် မင်းရဲ့ အလိုအတိုင်းပဲ… ငါ့ရဲ့ခွန်အားနဲ့ လွှမ်းမိုးနိုင်စွမ်းတွေက မင်းစိတ်ကူးထားတာထက် ကျော်တယ်…”
ထိုအနက်ရောင်ချီလင်ဘော့စ်ဖြစ်သူ၏ ဤသို့သော ထုတ်ဖော်ကြွားဝါခြင်းကို ကျင်းယွီမှ သေချာပေါက် လျစ်လျူရှုလိမ့်မည်ဖြစ်သည်။ ကျင်းယွီက သူ၏ ခွန်အား သို့မဟုတ် အာဏာအကြောင်း မည်သည့်စကားကိုမှ မပြောခဲ့ပေ။ ဤသို့သော စွမ်းအားကြီးသည့် လူမျိုးက ယခုလို တစ်ယောက်တည်း ထွက်ပေါ်လာသည်ကို မြင်ဖူးကြလိမ့်မည် မဟုတ်ပေ။ ထို့အပြင် သေချာတွေးတောကြည့်ပါက၊ ထိုလူက တစ်စုံတစ်ခု၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသကဲ့သို့ ထိုသိုလှောင်ရုံသေးသေးလေးထဲတွင် အလွန်ရုတ်တရက်ဆန်စွာ ပေါ်လာခဲ့သည်။ အကယ်၍ ထိုလူသာ သာလွန်သော စွမ်းအားမျိုး ရှိပါက ထိုသိုလှောင်ရုံလေးထဲသို့ ရောက်လာခဲ့မည် မဟုတ်ပေ။
သို့သော်လည်း ယခုအချိန်တွင် ကျင်းယွီ၏ ချီလင်ဘော့စ်အပေါ်ထားသည့် သဘောထားက ရန်လိုမှုနှင့် သတိထားမှုမှတစ်ဆင့် သည်းခံပေးကာ သူနှင့် “သက်ဆိုင်သောသူ”ကို ကာကွယ်ခြင်းအဖြစ်သို့ ကြီးကြီးမားမား ပြောင်းလဲသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပြီး သူနှင့် သူ၏ လူများအပေါ် ကာကွယ်ပေးချင်သည့် လူမျိုးနှင့် ရင်ဆိုင်ရသောအခါ ကျင်းယွီ၏ ရက်စက်သော နှလုံးသားကပင် ငြင်းဆန်နိုင်ခြင်း မရှိချေ။
တွန့်ဆုတ်မှုအချို့နှင့်အတူ သက်ပြင်းချလျက် ကျင်းယွီက သေချာရပ်လိုက်ပြီး ခေါင်းကို ငဲ့စောင်းကာ ပြောလိုက်သည်။
“ကောင်းပြီလေ… ခင်ဗျားမှာ တကယ်ပဲ ဘာစွမ်းအားမှ မရှိတာဖြစ်ဖြစ် ဒါမှမဟုတ် ခင်ဗျားကို လိုက်ဖမ်းတဲ့လူတွေ ရှိနေတာပဲဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ဘူး… ဒါပေမဲ့ ဒီနေ့ကစပြီး ခင်ဗျားက ကျွန်တော့်လူပဲ… ဒါပေမဲ့ ခင်ဗျားကို ကာကွယ်ပေးနိုင်ဖို့ကိုတော့ အာမမခံပေးနိုင်ဘူးနော်… ကျွန်တော် အာမခံနိုင်တာက ခင်ဗျား ဘယ်လိုမျိုး အန္တရာယ်တွေ၊ စိန်ခေါ်မှုတွေနဲ့ပဲ ကြုံတွေ့ရပါစေ၊ ခင်ဗျားမှာ ပိုက်ဆံတွေ၊ အင်အားတွေ ဘယ်လောက်ပဲ ရှိနေပါစေ၊ ခင်ဗျားနဲ့ နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ ခင်ဗျားသာ ရောက်လာသရွေ့ ခင်ဗျား ယုံကြည်လို့ရတဲ့ လုံးဝကို လုံခြုံပြီး သက်တောင့်သက်သာဖြစ်စေမဲ့ အိမ်မျိုး ပြင်ဆင်ပေးထားမှာ… ဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်တော်က ခင်ဗျားဘက်မှာ နေပေးမယ်… ကျွန်တော်က အားနည်းပေမဲ့လည်း သေချာပေါက် ခင်ဗျားကို သစ္စာဖောက်မှာ မဟုတ်ဘူး…”
ဖိအားပေးခံရတာမျိုးကို မကြိုက်တာကလွဲရင် ငါက စံပြလက်တွဲဖော်ပဲမလား…
မှန်သည်၊ ကျင်းယွီက ဘော့စ်အား သံသယဖြစ်ဖွယ်ကောင်းသည့် နောက်ဆုံးစာကြောင်းကို ထုတ်မပြောခဲ့ပေ။ ရလဒ်အနေဖြင့် ထိုစကားက ချီချင်းလင်၏ နားထဲတွင် သစ္စာအရှိဆုံးနှင့် အနွေးထွေးဆုံး ကျိန်ဆိုသည့်စကားနှင့် တူညီနေသည်။ ထိုစကားများက တည့်တိုးဆန်ပြီး သူ့အသည်းနှလုံးအား တိုက်ရိုက်လှုပ်ခတ်သွားစေ၏။
ရွှေရောင်မျက်လုံးတစ်စုံက လျင်မြန်စွာ မည်းမှောင်သွားလေသည်။ ကျင်းယွီမှ သူ့စကားများက မည်မျှ ပြီးပြည့်စုံလှကြောင်း ကျေနပ်နေချိန်တွင် ရုတ်ချည်း ချီချင်းလင်၏ ရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ နောက်တစ်ခဏတွင်၊ အေးစက်သော်လည်း နူးညံ့သည့် နှုတ်ခမ်းတစ်စုံက သူ့နှုတ်ခမ်းနှင့် ထိကပ်သွား၏။ ထိုနှုတ်ခမ်းများက သန်မာသော်လည်း ဂရုတစိုက်ရှိလှသည်။
… …
ထိုအချိန်တွင် ရှောင်ရွှယ့်က ခြေသည်းများဖြင့် မနက်စာများ အပြည့်ပါသောအိတ်ကို ဆွဲလျက် ရှောင်ပိုင်အား ကျောပေါ်တင်ထားကာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြန်ရောက်လာခဲ့သည်။ ရှောင်ရွှယ့်က သူ့ဘော့စ်မှ SSSအဆင့် စွမ်းအားရှိသော အမျိုးသားနှင့် အတူတူဖြစ်သည့် ကြောက်လန့်ဖွယ်ရာ သားရဲနတ်ဘုရားကို ကန်လိုက်ကြောင်း မြင်လိုက်ရပြီး သူတို့အား နေရာတွင်ပင် အေးခဲသွားစေသည်။ ကျင်းယွီ၏ မျက်နှာတစ်ခုလုံးကလည်း နီရဲနေ၏။
“ထွီ… နောက်တစ်ကြိမ်… ခင်ဗျား ရုတ်တရက်ကြီး… ဒီလိုလုပ်ရင်… ပေါင်းဇီနဲ့ သာ့ပိုင်ကို ခေါ်ပြီး ခင်ဗျားကို ကိုက်ခိုင်းပစ်မှာ…”
ယခုလေးတင် သူက ယိမ်းယိုင်သွားပြီး ရင်ခုန်သံ မြန်သွားသည့်အကြောင်းကို ဝန်ခံမည် မဟုတ်ပေ။
မွေးဖွားလာစဉ်အချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် တစ်ပါးသူ ကန်ခြင်းကို ခံလိုက်ရသော ချီချင်းလင်က သူ့ရှေ့မှ လက်တွဲဖော်အား တိုက်ရိုက်ပင် စိုက်ကြည့်လိုက်သည်။ ချက်ချင်းပင် သူက အခြေအနေများကို ပြောင်းလဲပစ်လိုက်ချင်၏။ ချီချင်းလင်က မျက်နှာမသာမယာ ဖြစ်နေလျက်... ကျင်းယွီ၏ မျက်နှာက ထမင်းချက်လို့ ရသည်အထိ နီရဲနေသည်ကို တွေ့လိုက်ရချိန်မှသာ စိတ်ဆိုးနေသည်များက ပျောက်ကွယ်သွားသည်။ ချီချင်းလင်က တွန့်ဆုတ်နေလျက် ခေါင်းယမ်းကာ အသံတိတ် သက်ပြင်းချလိုက်သည်။
ဒီလက်တွဲဖော်ရဲ့ စိတ်နေစိတ်ထားနဲ့ စွမ်းရည်တွေက မဆိုးပေမဲ့လည်း တစ်ခါတစ်လေ ပြဿနာရှာရတာကို တော်တော် သဘောကျနေတာလေး တစ်ခုပဲ… ပြီးတော့ အခုကျ သူက ရှက်နေပြန်ပြီ… မေ့လိုက်တော့… အခုလေးတင် ကျင်းယွီက ငါ့ကို ပျော်သွားအောင် ပြောထားလုပ်ထားတာဆိုတော့ ဒီကိစ္စတစ်ခုလုံးကို မေ့ထားလိုက်တော့မယ်…
လုံးဝပင် စိတ်ထဲမထားသည့် ချီချင်းလင်က ထရပ်လာကာ သူ့ကိုယ်သူ ဖုန်ခါလိုက်သည်။ သူက ပေါင်းဇီနှင့် သာ့ပိုင်ကို လှောင်ရယ်လိုက်၏။
“မင်းက သူတို့ကို အားကိုးနေတာလား… မင်း သူတို့ကို သွားအသစ်တွေ တပ်စေချင်နေတာပေါ့လေ…”
“…”
ကျင်းယွီက တိတ်တဆိတ်ဖြင့် အံကြိတ်လိုက်၏။
ခင်ဗျားက ရက်စက်တဲ့ သားရဲဘော့စ်ကြီးပဲ… ကိုယ့်သားမွေးကိုယ် သွားကုတ်နေပါ့လား… … ငါ Aအဆင့် သားရဲအုပ်ကြီး ရှာတွေ့တဲ့အထိသာ စောင့်နေလိုက်စမ်းပါ…
ဘေးဘက်တွင်၊ အပြစ်ကင်းသော်လည်း ဆွဲထည့်ခံလိုက်ရပြီး အန္တရာယ်ရှိနေသည့် ပေါင်းဇီနှင့် သာ့ပိုင်တို့က ငိုချင်သွားသည်။
ငါတို့ရဲ့ ဘိုးဘေးတွေက လူယုတ်မာတွေကိုပဲ ကိုက်ခဲ့ကြတာပါ… ဒါတောင် ငါတို့ရဲ့ ဘော့စ်ဆီကနေ အပစ်ခံရ၊ အမုန်းခံရနဲ့… ဒါက ဘယ်လိုလုပ်ပြီး အသက်ရှင်နေရတယ်လို့ ပြောလို့ရမှာလဲ…
🐾🐾