"ဒါကို လွယ်တာလေးကစားကြရအောင်။ ကတ်ပြားတစ်ပုံရှိတာဆိုတော့ ကျွန်မတို့ အလှည့်ကျကတ်ပြားတွေဆွဲရမယ်။ အကြီးဆုံးကတ်ရတဲ့ဘယ်သူမဆို ဘုရင်ဖြစ်မယ်။တစ်ခုခုလုပ်ခိုင်းဖို့ ဒါမှမဟုတ် မေးခွန်းတစ်ခုဖြေခိုင်းဖို့ ကတ်အသေးဆုံးရတဲ့သူကို ဘုရင်က သတ်မှတ်ပေးနိုင်တယ်။"
"ဒါပေမယ့် ကြိုပြောထားဖို့တော့လိုမယ်။ကျွန်မတို့က မှန်မှန်ပြောရဲလားနဲ့ပြောတဲ့အတိုင်းလုပ်ရဲလားဆိုတဲ့ဂိမ်းကိုကစားနေတာဖြစ်တဲ့အတွက် ဘုရင်က မေးတာတွေခိုင်းတာတွေကို ငြင်းလို့မရဘူး။ အမှန်အတိုင်းပြောရမယ်။"
ယွီဇစ်ကျန်းက ယခုကဲ့သို့ဂိမ်းမျိုးကို အကြိမ်ပေါင်းများစွာကစားဖူးပြီး ထိုဂိမ်းဖြင့်အရင်းနှီးဆုံးသူလို့ပြောလို့ရပေသည်။ ထို့ကြောင့် စည်းမျဥ်းစည်းကမ်းများကိုရှင်းပြသောအခါ သူမသည် ၎င်းတို့နှင့်ပတ်သက်၍အလွန်ရှင်းရှင်းလင်းလင်းရှင်းပြနိုင်သည်။
သဘောမတူသောသူ မရှိပေ။
ယွီဇစ်ကျန်းသည် ကတ်များကိုကျွမ်းကျင်စွာမဖြန့်မီ ကတ်များကိုစတင်မွှေလိုက်သည်။ "ကဲ အားလုံးအလှည့်ကျကတ်ပြားယူရမယ်"
[ဒီဂိမ်းက ပျော်စရာကောင်းမယ့်ပုံပဲ။]
[ပျော်စရာကောင်းမယ်လို့ ပြောလိုက်တာလား။ အနုပညာရှင်တွေက ဒီဂိမ်းကိုကစားတဲ့အခါ အရမ်းပျင်းစရာကောင်းတယ် ဟုတ်ပြီလား။]
[ကင်မရာရှေ့မှာ သူတို့ရှိနေတာလေ။ အထိမခံနိုင်တဲ့မေးခွန်းတွေကို သူတို့မေးမယ်လို့ ထင်နေရလောက်အောင် မင်းတို့နုံအနေတာတော့မဟုတ်ဘူးမလား။]
[အပျော်ကြည့်ရုံပါပဲ။]
မကြာခင် လူတိုင်းက သူတို့ကတ်များဆွဲပြီးသွားကြသည်။
"ကျွန်မက စိန်ဆယ်လုံးရတယ်" ယွီဇစ်ကျန်းသည် ကတ်ကိုပထမဆုံးလှန်သူဖြစ်သည်။
တခြားသူများလည်း ထိုအတိုင်းလုပ်သည်။
"ရှီရန်က အသေးငယ်ဆုံးကတ်စိန်တစ်ခုရတာမို့ အကြီးဆုံးကတ်ကို ဖေးဖေးရတယ်။ ဒါ့ကြောင့် ရှီရန်က အမှန်တရားကို ရွေးချယ်မလားဒါမှမဟုတ် ခိုင်းတာလုပ်ရဲလား အခု ရွေးရမယ်"
"အမှန်တရားကို ရွေးမယ်။"
ရှီဝန်ဖေးက ရှက်ရွံ့စွာဖြင့် နှုတ်ခမ်းကိုကိုက်ကာ ဟန်ဆောင်လိုက်သည်။ "ဘာမေးရမှန်းမသိဘူး။"
ယွီဇစ်ကျန်းနားလည်သွားသည်။ "ကျွန်မတို့က အမှန်တရားကိုလိုချင်တာကြောင့် လူတိုင်းက ဘယ်မေးခွန်းကိုမဆိုဖြေဆိုဖို့ ကြိုတင်သဘောတူပြီးသားမို့ ကျွန်မတို့သိချင်တဲ့ အထိမခံနိုင်တဲ့မေးခွန်းကိုလည်းမေးနိုင်ပါတယ်။"
"ဒါဆို..." ရှီဝန်ဖေးက ရှီရန်ကို အားပျော့စွာကြည့်လိုက်သည်။ "မေးခွန်းမကောင်းရင်ကော ညီမလေးကို အပြစ်တင်မှာလား။"
"မေးသာမေးလေ" ရှီရန်က တည်ငြိမ်စွာပြောသည်။
"မမ ကြိုက်နေတဲ့သူရှိလား"
ဤမေးခွန်းကို တကယ်မမျှော်လင့်ထားကြပေ။
အားလုံး၏မျက်လုံးများသည် ရှီရန်ကို ချက်ခြင်း ကြည့်နေကြသည်။
ချူးကျင်းချန်းသည် ခြေတစ်ချောင်းကိုကွေးတင်ပြီးလက်ကိုနိမ့်ချလိုက်ကာ ရှီရန်ကိုစိတ်ဝင်တစားကြည့်နေသည်။
ပိုင်ကျင်းထျန်၏အမူအရာက ပြောင်းလဲမသွားပေ။ သူ့မျက်နှာက အပြုံးမပျက်ပေ။
တစ်ဖက်တွင် ကျူယီဖေးက စိတ်လှုပ်ရှားနေပုံရသည်။ သူက အသာစီးရဆုံးပြိုင်ဘက်ဖြစ်သူချူးကျင်းချန်းကိုတောင် လျှို့ဝှက်ကြည့်လိုက်သည်။
[ငါတို့ကလေးရဲ့အသုံးမကျပုံကို ကြည့်လိုက်ကြဦး။]
[အခြားပြိုင်ဖက်နှစ်ယောက်ဆီကနေ သင်ယူပြီး စိတ်အေးအေးထားလို့မရဘူးလား။]
[ကျူယီဖေးရဲ့စိတ်လှုပ်ရှားနေတဲ့အမူအရာ ဟားဟားဟားဟားဟား]
[တတိယမြောက်သခင်လေးက ငြိမ်သက်နေဆဲပဲ။]
[ငါ ခန့်မှန်းရသလောက် တတိယသခင်လေးဖြစ်မယ်]
[ဒီနေ့ မာစတာရန်က တတိယသခင်လေးကို ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာမမြင်ဘူးလား။]
[အဖြေကမရှိဘူးလို့ ငါထင်တယ်။ ပြီးတော့ သူမ ကြိုက်တဲ့လူရှိတယ်ဆိုရင်တောင် ဒီလူသုံးယောက်ထဲကတစ်ယောက်ဖြစ်မယ်ဆိုတာမဖြစ်နိုင်ဘူးလေ။]
"မရှိဘူး" ရှီရန်က ပြတ်ပြတ်သားသား ပြန်ပြောသည်။
"မရှိဘူး?!" ရှီဝန်ဖေးအံ့သြသွားပုံပေါ်ပြီး သတိထားစွာအသိပေးသည်။ "မမ အမှန်အတိုင်းပြောရမယ်လေ"
"အမှန်အတိုင်းပြောနေတာပဲလေ။" ရှီရန်သည် ရှီဝန်ဖေးကို အပြုံးတစ်ဝက်ပြုံးပြကာကြည့်လိုက်သည်။
'သူမ တစ်ခုခုကြံနေပြီ မဟုတ်လား'
"ဒါပေမယ့် မမမှာ ကြိုက်တဲ့လူရှိတယ်ဆိုတာ ကို ညီမလေး ရှင်းရှင်းလင်းလင်းမှတ်မိပါတယ်။ အဲဒီလူက မမရဲ့အချစ်ဦးလို့လည်း မမ ပြောဖူးတယ်"
ချူးကျင်းချန်းမအံ့သြမိပေ။
"အချစ်ဦးလား?" ပိုင်ကျင်းထျန်က ရှီရန်ကိုတစ်ချက်ကြည့်လိုက်သည်။
"ဘယ်သူလဲ?" ကျူယီဖေးတုံ့ပြန်မှုက အပြင်းထန်ဆုံးဖြစ်ပြီး ရှီရန်ကို ဝမ်းနည်းစွာကြည့်နေသည်။
[ အချစ်ဦး?? ငါ့မာစတာရန်မှာ တစ်ဖက်သတ်ကြိုက်နေရတဲ့သူရှိတယ်!]
[တတိယသခင်လေးက အရမ်းတည်ငြိမ်နေတယ်လို့ ငါဘာလို့ခံစားရတာလဲ။]
[ကြိုက်နေတဲ့သူရှိတာကပုံမှန်ပဲ မဟုတ်လား]
[ဒါကအရမ်းများသွားပြီ။ ရှီရန်က ဒီဂိမ်းကို ကစားနေပြီးလိမ်ချင်နေသေးတယ်။]
[ဂိမ်းရဲ့ စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာတဲ့သူတွေကို ငါမုန်းတယ်။ ကစားမယ်ဆိုရင်တော့ ကောင်းကောင်းကစားကြလေ။]
[ဖေးဖေးကသာ သူမကိုမထောက်ပြရင် သူမ တကယ်ပဲ ဖော်ထုတ်ခံရမှာမဟုတ်ဘူး!]
[+1 ကစားဖို့တောင်မတတ်ဘူး]
ရှီဝန်ဖေးပါးစပ်ကို ထိတ်လန့်စွာ ဖုံးလိုက်သည်။ "ဒါတွေကို ညီမ ပြောခွင့်မရှိဘူးလား။ အဖြေက ဘာပဲဖြစ်နေဖြစ်နေ ညီမတို့လက်ခံရမှာပဲ"
ယွီဇစ်ကျန်းက ပြောသည်။"အမှန်တရားကို ပြောဖို့ရွေးချယ်ပြီးကတည်းက အမှန်အတိုင်းပြောရမယ်။ တခြားသူတွေဆီကနေ လိမ်ညာနေတာကိုဖော်ထုတ်ခံရရင် အခန်းထဲပတ်ပတ်လည်တွားသွားရမယ်။"
"ဒါဆို မမ ပြစ်ဒဏ်ခံရမှာမလား" ရှီဝန်ဖေးသည် မိမိကိုယ်ကို ကဲ့ရဲ့ရှုတ်ချသည်။ "ညီမသာ ဒီလိုမှန်းသိရင်ဘာမှမပြောပါဘူး"
ရှီဝန်ဖေး၏ကြောင်သူတော်ပုံသဏ္ဍာန်ကို ကြည့်ပြီး ရှီရန်က မျက်ခုံးပင့်လိုက်သည်။ "ငါ့ရဲ့ အချစ်ဦးကဘယ်သူလဲဆိုတာကိုလည်း ငါသိချင်မိသား။"
"မမ တကယ်မေ့သွားပြီလား။ အရင်တုန်းက မမက ကျူးလီကိုကြိုက်တယ်လို့ပြောဖူးတယ်လေ။ အဲဒီတုန်းက မေမေကောဖေဖေကော မမ သူ့ကိုသွားတွေ့တာ သဘောမတူပေမဲ့ မမ သွားတွေ့ခဲ့တယ်လေ"
ရှီဝန်ဖေးက အပြစ်ကင်းစွာမျက်တောင်ခတ်လိုက်သည်။
ချူးကျင်းချန်း၏မျက်လုံး မဲမှောင်သွားသည်။
'ကျူးလီ?'
တခြားသူသာဖြစ်ခဲ့ပါက ၎င်းကရှီဝန်ဖေး၏လှည့်ကွက်ထဲက တစ်ခုလို့ သူထင်ကောင်းထင်နိုင်သည်။ သို့သော် ကျူးလီဖြစ်ပါက...
" ကျူးလီက ဘယ်သူလဲ။ အနုပညာနယ်ပယ်ကပဲလား" ယွီဇစ်ကျန်းက စိတ်ဝင်တစား မေးသည်။
"သူက Jade Hunter နိုက်ကလပ်ရဲ့အကြီးစားအမျိုးသားပြည့်တန်ဆာ။" အဖြေပေးသူမှာ ကျုံးယူဖန်ဖြစ်သည်။
လူတိုင်း :????!!!
[ -ီး ၊ Jade Hunter???!!!!]
[Jade Hunter နိုက်ကလပ်က ဘာဖြစ်လို့လဲ။]
[မှတ်တမ်းအရ Jade Hunter နိုက်ကလပ်က နိုင်ငံအတွင်းအကြီးဆုံးအမျိုးသားပြည့်တန်ဆာကလပ်ပဲ။]
[အမျိုးသားပြည့်တန်ဆာ???]
[ချီး မာစတာရန်ရဲ့အချစ်ဦးက ပြည့်တန်ဆာလား??]
[အိမ်း...]
[ရှီဝန်ဖေးက ငါတို့မာစတာရန်ကို ထပ်ပြီးချောက်ချဖို့ကြိုးစားနေတာလား။]
[ဘာပဲဖြစ်ဖြစ် ငါမယုံဘူး။ တတိယသခင်လေးအစား အမျိုးသားပြည့်တန်ဆာတစ်ယောက်ကို သူမ ဘာလို့ကြိုက်ရမှာလဲ။]
ချူးကျင်းချန်းမော့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းပေါ်ကအပြုံးက အနည်းငယ် အေးစက်သွားသည်။ "CEO ကျုံး တော်တော်သိတာပဲ"
"CEO ကျုံးလည်း အဲ့နေရာကို ရောက်ဖူးတာလား" ကျူယီဖေးက မေးသည်။
စခရင်၏မှတ်ချက်များကဲ့သို့ပင် လက်ရှိအချစ်ဦးသည် Jade Hunter ၏အမျိုးသားပြည့်တန်ဆာဖြစ်သည်ကို သူ မယုံပေ။
ကျုံးယူဖန်က ရယ်မောလိုက်သည်။ "ဟုတ်ပါတယ် ကျွန်တော် သိတယ်။ ရှီရန်နဲ့ကျူးလီကို ကျွန်တော့်မျက်စိနဲ့မြင်ခဲ့တာကြောင့် သူ့အကြောင်းကို စုံစမ်းဖို့ တစ်ယောက်ယောက်ကိုခိုင်းခဲ့တယ်"
ရှီရန်က ငါ သူမကို ဖောက်ပြန်ကြောင်း သက်သေပြဖို့အတွက် မနေ့ကခေတ်စားနေတဲ့ ရှာဖွေမှုတွေကို အားကိုးနိုင်မယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမလား။
နုံအလိုက်ပုံများ
ရှီရန်က နောက်ပိုင်းငြင်းမည်မှာ သေချာသည်။
ထိုအချိန်တွင် သူသည် အထောက်အထားများကို တိုက်ရိုက်ထုတ်ပေးနိုင်မည်။ ရှီရန်ကို ဆန့်ကျင်ပြောနိုင်မည့်သက်သေအများကြီး သူ့တွင်ရှိသည်။
ကင်မရာက ရှီရန်ကို ရိုက်ကူးလိုက်သည်။
သူမ နှုတ်ခမ်းကွေးတက်သွားသည်။ "အဲ့တော့?" သူမက ပွင့်ပွင့်လင်းလင်း မေးသည်။
လူတိုင်း ဆွံအသွားသည်!!
'အဲ့တော့????'
'ဘာကိုဆိုလိုတာလဲ?'
ဝန်ခံလိုက်တာလား???
[အဲဒါက အမှန်လား?!!]
[အမှန်တကယ်လား!!!!]
[ချီး၊ ဘယ်လိုတောင် အပျော်ရှာနိုင်ရတာလဲ။]
[ ဘုရားရေ။ ဖန်ခွက်တွေ ကြမ်းပြင်ပေါ်ကွဲကြေနေပြီ။]
[ရွံစရာကောင်းလိုက်တာ]
[ငါက သူမနဲ့တတိယမြောက်သခင်လေးကို တောင် ပေးစားနေခဲ့ရတယ်လို့။ သူမက တတိယမြောက်သခင်လေးနဲ့ လုံးဝမထိုက်တန်ဘူး။]
[နင့်ကြောင့် ငါ့ကလေးကို အစွန်းအထင်းပေသွားပြီ။ ကလေးလေးယီဖေးရေ ကျေးဇူးပြုပြီး ဒီလိုမိန်းမမျိုးကိုမကြိုက်ပါနဲ့!!]
[ငါ စကားတောင်ပြောမထွက်တော့တတ်ဘူး။ ငါ စကားရှာမရတဲ့အဆင့်ကိုတောင်ရောက်နေပြီ။]
[ဒီလိုအနုပညာရှင်မျိုးက ဖျော်ဖြေရေးနယ်ပယ်က ထွက်သင့်တယ်မဟုတ်လား။ တခြားကလေးတွေအပေါ် မလွှမ်းမိုးစေနဲ့။]
[ဒါပေမယ့် ရှီရန်က အရမ်းရိုးသားတယ်လို့ ငါထင်တုန်းပဲ။]
[ ပြတ်ပြတ်သားသားငြင်းနိုင်တာကို ဘာကြောင့်ဝန်ခံလိုက်တာလဲ။ အဲ့ဒီအရာတွေကို ဘယ်သူမှယုံမှာမဟုတ်ဘူး။]
"အိုဘုရားရေ!" ယွီဇစ်ကျန်းအံ့အားသင့်စွာဖြင့် ပါးစပ်ကို အုပ်လိုက်သည်။"ဒါက Jade Hunter ဆိုရင် အဲဒီမှာကုမ္ပဏီရှာနေတာမဟုတ်ဘူးလား။"
"ကျွန်မက သန့်သန့်ရှင်းရှင်းနေတတ်လူတစ်ယောက်မို့ ဒီလိုအပြုအမူမျိုးကိုလက်မခံနိုင်တာဖြစ်မယ်။ ဒီလိုမျိုးမဆိုနဲ့ လက်မထပ်ခင်လိင်ဆက်ဆံတာကကောင်းတယ်လို့တောင် မထင်ဘူး။ ရှီရန်က ပြည့်တန်ဆာတစ်ယောက်ကို တကယ်ရှာတွေ့ခဲ့တာလား။"
ထိုစကားကို ပြောပြီးနောက် ယွီဇစ်ကျန်းသည် ချူးကျင်းချန်းကို တစ်ချက်ခိုးကြည့်လိုက်ပြီး သူမ၏မျက်လုံးများပေါ်တွင် ဘဝင်ခိုက်နေသောအပြုံးတစ်ခုတောက်ပလာသည်။
ရှီရန်းသည် Jade Hunter ကဲ့သို့ ညစ်ပတ်သောနေရာရှိပြည့်တန်ဆာနှင့် ပတ်သက်နေမည်ဟု သူမ မျှော်လင့်ခဲ့ပေ။
အမှန်တရားကိုသိလိုက်ရတဲ့တတိယသခင်လေးလည်း ဒီအချိန်မှာတော့ သူမကို ရွံရှာနေသင့်ပြီ မဟုတ်လား?
ဆန့်ကျင်ဘက်အားဖြင့် သန့်ရှင်းပြီးမိမိကိုယ်ကို လေးစားမှုရှိသောသူမသည် အလိုအလျောက် ပို၍ဆွဲဆောင်မှုရှိပေမည်။
"တတိယသခင်လေး၊ စိတ်မဆိုးပါနဲ့။ မမက ကျူးလီကို အတိတ်မှာကြိုက်ခဲ့တာပါ။ အခု သခင်လေးရှိနေတော့ ကျူးလီကို မမက ဘာလို မမေ့နိုင်ရမှာလဲ။"
ရှီဝန်ဖေးသည် ချူးကျင်းချန်းဆီကို တိုက်ရိုက်မီးစပစ်လိုက်သည်။
အကယ်၍ သူမသည် တတိယမြောက်သခင်လေးဖြစ်ခဲ့ပါက သူမသည် ရှီရန်ကို သတ်ပစ်မိလိမ့်မည်ဖြစ်သည်။
သူမ ဘဝင်တက်လာသည်။
ရှီရန်သည် တတိယသခင်လေးကို စော်ကားမိခဲ့ပါက သူမသည် ဖျော်ဖြေရေးနယ်ပယ်တွင် ဆက်လက်ရှိနေနိုင်မည်မဟုတ်ပေ။
ရှီဝန်ဖေးတစ်ယောက်တည်း ယခုကဲ့သို့ ခံစားနေရသည် မဟုတ်ပေ။
ချူးကျင်းချန်းက ရှီရန်ကို စိတ်ဝင်စားနေကြောင်း လူတိုင်းသိသည်။
ချူးကျင်းချန်းရဲ့ မာနက ဒါကို ဘယ်လိုလက်ခံနိုင်မှာလဲ။
တတိယသခင်လေး နောက်ပိုင်း သူမနဲ့ဝေးရာကိုထွက်သွားမှာလား။
ထိုအချိန်တွင် ဒါရိုက်တာအပါအဝင်လူတိုင်းသည် ချူးကျင်းချန်းကိုစိုးရိမ်တကြီးကြည့်နေကြသည်။