Unicode
စုချီယွဲ့ တံခါးဝသို့ရောက်သည့်အခါ သူ့စိတ်မထိန်းနိုင်တော့ဘဲ ခေါင်းလှည့်ကာ မေးလိုက်သည်။
"ကျွန်တော်တို့ နောင်မှာ ထပ်တွေ့လို့ရဦးမလား?"
ထန်ယန့်ချန်က သူ့ကို business cardတစ်ခုပေးလိုက်ကာ
"ဒါ ငါတို့ကံကြမ္မာပဲ။ မင်းမှာ တစ်ခုခုရှိရင် ငါ့ကို အချိန်မရွေးဆက်သွယ်လို့ရတယ်နော်"
စုချီယွဲ့ business cardကို ယူလိုက်ပြီး တောက်ပစွာပြုံးပြလျက်
"ကောင်းပါပြီဗျာ"
စုချီယွဲ့ ၃၂ထပ်မှ ဆင်းလာခဲ့သည်။ ချန်ရှင်းက သူ့ကို အစည်းအဝေးခန်းဆီ ခေါ်သွားရန် ဓာတ်လှေကားအပေါက်ဝ၌ စောင့်ဆိုင်းနေလေ၏။ လမ်းတစ်လျှောက်လုံး လူများစွာ ရပ်တန့်သွားကြပြီး မိန်းကလေးအများအပြားဟာ အချစ်မှာပျော်ဝင်နေကြသည့်နှယ်။ မည်သို့ပင်ဖြစ်စေကာမူ စုချီယွဲ့၏ အသွင်အပြင်ဟာ ဖျော်ဖြေရေးနယ်ပယ်မှာ ထိပ်တန်းအဆင့်ပင်။
အရှေ့ကောင်တာမှ အမျိုးသမီးက စုချီယွဲ့အတွက် ကော်ဖီတစ်ခွက် ချပေးပြီးနောက် ပြန်ထွက်သွားခဲ့သည်။ ချန်ရှင်းက စုချီယွဲ့ စာချုပ်မှာ လက်မှတ်ထိုးနေသည်ကို စောင့်ကြည့်ခဲ့ပြီးနောက် အစည်းအဝေးခန်းရှိ အခြားလူတစ်ဦးနှင့် မိတ်ဆက်ပေးလာ၏။
"ဒါက ကျွန်မတို့ ဟိုင်နမီဒီယာက ရွှေတံဆိပ်အေးဂျင့် ဟယ်ချောင်းပါ၊ သူက ရှင့်ကို အခုချိန်ကစပြီး ဂရုစိုက်ပေးမှာပါ"
စုချီယွဲ့က ဤအကြောင်းအရာများကို သိပ်မသိသော်လည်း အနုပညာရှင်အားလုံးတွင် မန်နေဂျာကိုယ်စီရှိကြကြောင်း၊ အခြေခံအားဖြင့် မန်နေဂျာများဟာ အနုပညာများစွာကို စီမံခန့်ခွဲတတ်ပြီး အရင်းအမြစ်များလည်း မမျှမတဖြစ်တတ်ကြောင်း သူသိပါသည်။
စုချီယွဲ့ ဟယ်ချောင်းကို ကြည့်နေစဥ် ဟယ်ချောင်းသည်လည်း သူ့ကို ကြည့်နေလေရာ နှစ်ယောက်သား အချင်းချင်း ကြည့်ရှုအကဲခတ်နေကြသည်။
ဟယ်ချောင်းဟာ အသက် ၃၀စွန်းစွန်းပဲရှိပုံပေါ်ကာ ပရော်ဖက်ရှင်နယ်suitကို ဝတ်ဆင်ထားပြီး အားအင်ပြည့်ဝပုံရသည်။ သူသည် သေသေသပ်သပ် ဆံပင်တိုတိုနှင့် အလွန်ခန့်ညားသော်လည်း သူ့မျက်နှာထားမှာ အလွန်လေးနက်နေပုံရ၍ သူနှင့်ပေါင်းသင်းရန် မလွယ်ကူသလို ခံစားရစေ၏။
ဟယ်ချောင်းသည် အရပ်မြင့်ကာ ကျစ်လစ်သွယ်လျ၏။ စုချီယွဲ့ဆီသို့ သူ့၏ခြေတံရှည်ရှည်တို့ဖြင့် လျှောက်လာခဲ့ပြီး ညာလက်ကို ဆန့်လျက်
"ဟယ်ချောင်းပါ"
စုချီယွဲ့သည် ဒီလူက အရပ်တအားမြင့်လိုက်တာဟု တွေးနေမိလျက်။ သူက 185cmရှိသော ထန်ယဲ့ထက် အနည်းငယ်ပိုပုပေမယ့် ဟယ်ချောင်းက အရပ်ပိုမြင့်လိမ့်မည်ဟု မထင်မှတ်ထားမိခဲ့။ သူ့အရပ်က 190cmနီးနီးရှိလောက်တယ်ရော။ သူ့အရှေ့မှာ လာရပ်နေတော့ သူ့ကို တအားဖိနှိပ်ထားသလိုပဲနော်။
စုချီယွဲ့လည်း သူ့ညာလက်ကိုဆန့်လျက် ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။
"စုချီယွဲ့ပါ"
သူတို့နှစ်ယောက် အချင်းချင်းသိကျွမ်းသွားကြသည်ကို ချန်ရှင်းတွေ့လိုက်ရ၍ စုချီယွဲ့ဆီ ဖောင်တစ်ခု ကမ်းပေးလိုက်ပြီး
"ဒါက ရှင် နောက်ပိုင်းပြင်ဆင်ရမယ့်အရာတွေပဲ။ ရှင်အချိန်ရရင် ကျွန်မဆီ အီးမေးလ်ပို့ထားလိုက်နော်။ ရှင့်အတွက် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ကျွန်မစီမံပေးထားမယ်။ ဒါဆို ရှင်တို့နှစ်ယောက် အေးအေးဆေးဆေးစကားပြောလိုက်ကြဦး၊ ကျွန်မ အရင်အလုပ်သွားလုပ်လိုက်ဦးမယ်"
အစည်းအဝေးခန်းထဲ၌ ဟယ်ချောင်းနှင့် စုချီယွဲ့ နှစ်ယောက်သာ ကျန်ခဲ့တော့သည်။ စုချီယွဲ့သည် လေထုက တစ်ခဏမျှအဆင်မပြေသလို ခံစားလိုက်ရပြီး လေအေးပေးစက်၏ အပူချိန်လည်း ကျဆင်းသွားပုံရသည်။
ဟယ်ချောင်းက စုချီယွဲ့ကို အပေါ်အောက်ကြည့်ရှုကာ
"မင်းရဲ့ အချက်အလက်တွေကို ငါဖတ်ပြီးပြီ၊ နောက်ကျ မင်းအတွက် သင့်တော်တဲ့ အသက်မွေးဝမ်းကြောင်းအစီအစဉ်တစ်ခုကို ငါလုပ်ထားပေးမယ်။ မင်းမှာ လိုအပ်တာတွေရှိရင်၊ တခြားအကြံဉာဏ်တွေရှိရင် ငါ့ကို အချိန်မရွေး ပြောနိုင်တယ်"
ဟယ်ချောင်းက သူ့ဖုန်းကိုထုတ်ကာ
"ဒါ ငါ့ရဲ့ WeChat"
စုချီယွဲ့ သူ့ဖုန်းကို ထုတ်လိုက်ပြီး သူ့ကိုအပ်ရန် QRကုဒ်ကို စကင်န်ဖတ်လိုက်၏။
"ကျွန်တော့်မှာ တောင်းဆိုစရာနည်းနည်းတော့ရှိတယ်"
"ပြောလေ"
ဟယ်ချောင်း သူ့အိတ်ထဲက တက်ဘလက်နှင့် penကိုထုတ်ကာ လေးလေးနက်နက် ရေးမှတ်ရန်ပြင်လိုက်သည်။
စုချီယွဲ့ ပထမတော့ အများကြီး မတွေးထားသော်လည်း ဟယ်ချောင်းက အရမ်းformalဆန်ဆန်လုပ်နေသည်ကို သူမြင်လိုက်ရ၍ သူ့စိတ်ကို စတင်အလုပ်ပေးကာ
"အရက်သောက်ဖို့ အဖော်ပြုခိုင်းတာ၊ လူမှုရေးပွဲတွေသွားတက်တာ၊ ဒါမှမဟုတ် CP hypeလုပ်တာမျိုး ကျွန်တော်မလုပ်ဘူးနော်။ နောင်တစ်ချိန်မှာ ထောက်ခံချက်တွေ ရှိလာခဲ့ရင် တရားဝင်မဟုတ်တဲ့ထုတ်ကုန်တွေကို လက်မခံဘူး..."
"ထောက်ခံချက်ကဏ္ဍနဲ့ပတ်သက်ပြီး ပြဿနာမရှိဘူး။ မင်းတစ်ယောက်တည်းတင်မကဘူး၊ ကုမ္ပဏီက အနုပညာရှင်တိုင်း ထောက်ခံကြေညာပေးရတဲ့ ထုတ်ကုန်တွေကို စစ်ဆေးလိမ့်မယ်။ ကျန်တာတွေအတွက်တော့ ငါပြောနိုင်တာတစ်ခုက အကောင်းဆုံးကြိုးစားပေါ့"
ဟယ်ချောင်းက ကုမ္ပဏီ၏ အခြေအနေကို စုချီယွဲ့အား အကြမ်းဖျင်းမိတ်ဆက်ပေးခဲ့ပြီး နှစ်ယောက်သား စုချီယွဲ့ ရိုက်ကူးလက်စ 'မြင်မြင်ချင်းချစ်မိသွားတယ်'ရသစုံရှိုးအကြောင်း ဆွေးနွေးနေခဲ့ကြသဖြင့် တစ်နာရီကျော်ကျော် အချိန်ကုန်သွားခဲ့သည်။
"ဒါဆို ဒီလောက်ပဲ။ ကျန်တာ ငါကြည့်လုပ်လိုက်မယ်"
ဟယ်ချောင်း မတ်တပ်ထရပ်ကာ
"ငါ မင်းကိုလိုက်ပို့ပေးမယ်"
ထွက်လာကြပြီးနောက် ဟယ်ချောင်း သူ့အား မေးလာခဲ့သည်။
"မင်းဘယ်မှာနေတာလဲ?"
"ကျောင်းအဆောင်မှာ"
ဟယ်ချောင်း : "ကျောင်းအဆောင်က မကောင်းဘူး၊ ပြောင်းရမယ်"
စုချီယွဲ့ : "ဒါဆို ဘယ်မှာသွားနေရမှာလဲ? ကျွန်တော့်မှာ နေစရာနေရာမရှိဘူး" ဒါ့အပြင် ကျောင်းအိပ်ဆောင်က အရမ်းစျေးပေါတယ်လို့...
ဟယ်ချောင်း : "အိမ်တလုံးငှားလိုက်၊ အနည်းဆုံး အိပ်ခန်းသုံးခန်းပါရမယ်၊ အဆင့်မြင့်ရပ်ကွက်ဖြစ်ရမယ်၊ ပတ်ဝန်းကျင်လည်း ကောင်းရမယ်၊ အတွင်းပိုင်းဖွဲ့စည်းပုံ၊ အလင်းရောင်၊ အလှဆင်တာ အားလုံးကောင်းရမယ်"
စုချီယွဲ့ : "... ကျွန်တော်က အဲလိုအိမ်မျိုး တတ်နိုင်မယ်လို့ ခင်ဗျားထင်နေတာလား! ကုမ္ပဏီက ကုန်ကျစရိတ်ပြန်ပေးမှာလား?"
ဒီလောက်တောင်းဆိုမှုတွေအများကြီးနဲ့ဆို လစဉ် ငှားရမ်းခက အနည်းဆုံး ယွမ် ၇၀၀၀ - ၈၀၀၀ လောက်ရှိမှာပဲ၊ သူ့ကို ဆာလောင်ပြီး သေအောင်သတ်နေတာလားနော်?
ဟယ်ချောင်း : "ကုမ္ပဏီက ပြန်မပေးဘူး၊ မင်းကိုယ်တိုင်ပဲ ကုန်ကျစရိတ်အားလုံးခံရမှာ"
စုချီယွဲ့ : "ကျွန်တော်က ဘာမှမတန်ဘူးလို့ ခင်ဗျားထင်နေတာလား?"
ဟယ်ချောင်း မျက်မှောင်ကြုတ်လျက်။
"အိမ်ငှားဖို့ ငါနည်းလမ်းရှာလိုက်မယ်။ မင်း မနက်ဖြန် စန်းယကို သွားရတော့မှာဆိုတော့ ငါ မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်"
စုချီယွဲ့ လွန်စွာအံ့အားသင့်သွားရလျက်။
"ခင်ဗျားက ဘာလို့သွားမှာလဲ? ဘယ်ဧည့်သည်ကို ခင်ဗျားရွေးလိုက်လို့လဲ?"
ဟယ်ချောင်း : "မင်းမှာ လက်ထောက်တစ်ယောက်လိုတယ်လေ။ အခု အချိန်ကျပ်နေတော့ မင်း စန်းယမှာ ရိုက်ကူးရေးလုပ်ပြီး ပြန်လာမှပဲ တစ်ယောက်ရွေးလို့ရတော့မယ်"
စုချီယွဲ့ : "လက်ထောက်ရဲ့လစာကို ဘယ်သူပေးရမှာလဲဟင်?"
ဟယ်ချောင်း : "မင်းပေါ့"
စုချီယွဲ့ : ... ကြည့်ရတာ သူကတော့အရှုံးချည်းပဲနော်။ ပိုက်ဆံတောင်မရှာရသေးဘူး၊ အများကြီးသုံးနေရပြီလို့!
ဟယ်ချောင်း : "မင်းမှာ ကားရှိလား?"
စုချီယွဲ့ : "မရှိဘူး"
ဟယ်ချောင်း : "ကြည့်စမ်း၊ မင်းမှာ ဘာမှမရှိဘူး၊ ဒါကြောင့် ပိုက်ဆံရှာဖို့ ဘာလို့မကြိုးစားရတာလဲကွာ?"
စုချီယွဲ့ : စောင်းပြောခံနေရပြီ၊ ဒေါသထွက်လိုက်တာနော်...
စုချီယွဲ့ : "ခင်ဗျားမှာ အနုပညာရှင်ဘယ်နှစ်ယောက်ရှိလဲ? ကျွန်တော့်ကို လိုက်ပို့ပေးဖို့ ခင်ဗျားမှာ အချိန်ပိုတွေကျန်နေသေးတယ်ပေါ့"
ဟယ်ချောင်း : "မင်းအပါအဝင် အားလုံးပေါင်းသုံးယောက်ရှိတယ်။ ကွာခြားချက်ကတော့ သူတို့အားလုံးက ရင့်ကျက်တဲ့အနုပညာရှင်တွေပဲ"
စုချီယွဲ့ : ......
စာရေးသူမှာ ပြောစရာရှိပါတယ်။
စုချီယွဲ့ : အနှစ်သက်မခံရဘူးလို့ ငါခံစား
ရတယ်နော်!
ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်။
ကဲ.... တို့စုစုလေး အနုပညာလောကထဲဝင်ရပါတော့မယ်နော် ~ နောက်တပိုင်းကတော့ ချစ်ချစ်ကြီးထန်ယဲ့နဲ့ ရှိုးဆက်ရိုက်ရမှာပါနော်...
xxx