Ch-33
Viewers 3k

Unicode


စုချီယွဲ့ တံခါးဆီ လျှောက်လာသည့်အခါ အတွင်းရေးမှုးတစ်ယောက်က တံခါးကိုလာဖွင့်ပေး၍ အမြန်လျှောက်ဝင်လာခဲ့သည်။ ရုံးခန်းတစ်ခုလုံးဟာ အလွန်တရာကြီးမားသလို ကြမ်းပြင်မှ မျက်နှာကျက်ထိအပြည့် ပြတင်းပေါက်များကြောင့် ရုံးခန်းတစ်ခုလုံးမှာ လင်းထိန်နေသည်။ 


ရုံးခန်းမှာ businessစတိုင်ဖြစ်ပြီး ရိုးရိုးရှင်းရှင်း အလှဆင်ထားပေသည်။ 


စုချီယွဲ့ ဝင်လာသည့်အခါ စားပွဲကြီးကြီးရှေ့မှာ ထိုင်နေပြီး ခေါင်းငုံ့လျက် စာရွက်စာတမ်းတချို့ကို စစ်ဆေးနေသော Suitဝတ်စုံနှင့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရ၏။ 


ထိုသူဟာ အသံကြားလိုက်သဖြင့် ခေါင်းမော့လာရာ နှစ်ယောက်သား အကြည့်ချင်းဆုံသွားရပြီး မျက်လုံးများကို မခွာနိုင်ကြတော့။ 


သူ့ရှေ့မှ လူငယ်သည် စုချီယွဲ့ထက် နှစ်နှစ်ခန့်သာ ပိုကြီးပုံရပြီး သူ့၏ အထက်တန်းဆန်သောစိတ်နေစိတ်ထားကို ပြသနေသည့် အဆင့်မြင့်suitတစ်စုံကို ဝတ်ဆင်ထားလေ၏။ 


ဒီလူ၏ မျက်နှာအသွင်အပြင်ဟာ ချောမောခန့်ညားသော်ငြား အလုံးစုံပြတ်သားမှုမျိုးမရှိသဖြင့် လူများကို အလွန်သက်တောင့်သက်သာရှိသော ခံစားချက်တို့ ပေးစွမ်းနိုင်လျက်။ 


စုချီယွဲ့ သူ့ကိုမြင်လိုက်သည့်အချိန်တွင် သူ့လည်ချောင်းထဲမှာ တစ်ခုခုရှိနေသလိုမျိုး သူ့နှလုံးတွေတုန်လှုပ်သွားရ၏။ ဘယ်လိုဖြစ်သလဲဆိုတာကို သူလည်းရှင်းမပြတတ်ချေ။  


စားပွဲမှာထိုင်နေသော ထန်ယန့်ချန်သည် စုချီယွဲ့ကို သေသေချာချာ ကြည့်ရှုနေ၏။ ဒီလူက ဗီဒီယိုထဲကလူနဲ့ ဘာမှမကွဲပြားဘူးပဲ၊ သူသည်  အသက်၂၀ကျော် ဘွဲ့မရသေးသော ကောလိပ်ကျောင်းသားတစ်ဦးဖြစ်သလို ဒီအသက်အရွယ်လေးမှာ သန့်ရှင်းသပ်ရပ်မှုရှိသူတွေ ရှားပါးလှသည်။ 


ခြားနားချက်သည်ကား သူက ဗီဒီယိုထဲကထက် ပို၍ဆွဲဆောင်မှုရှိပုံရလေ၏။ အထူးသဖြင့် သူ့မျက်လုံးများပင်။ အဆိုပါမျက်လုံးများဟာ သူ့ကို ဖော်ပြလို့မရနိုင်သည့် ခံစားချက်မျိုးဖြစ်ပေါ်စေသည်။ 


ထန်ယန့်ချန် မတ်တပ်ထရပ်ပြီး စုချီယွဲ့ဆီသို့ လျှောက်လာကာ ညာလက်ကိုဆန့်ထုတ်လျက် 


"ထန်ယန့်ချန်ပါ" 


စုချီယွဲ့ ပြန်သတိဝင်လာကာ သူနှင့်လက်ဆွဲနှုတ်ဆက်လိုက်၏။ 


"စုချီယွဲ့ပါဗျ" 


ထန်ယန့်ချန်နှင့် စုချီယွဲ့တို့က အရပ်အမောင်း တူညီကြသော်လည်း သူသည် စုချီယွဲ့ထက် ၃ နှစ်ပိုကြီးသည်။ ထို့အပြင် သူ ငယ်စဉ်ကတည်းက စီးပွားရေးလောကထဲမှာ ကျင်လည်ရသည်ကြောင့် စုချီယွဲ့ထက် အများကြီးပို၍ရင့်ကျက်ပုံရ၏။ 


စုချီယွဲ့ သူ့ကိုကြည့်နေသေးဆဲဖြစ်ကြောင်း ထန်ယန့်ချန် တွေ့လိုက်ရ၍ အပြုံးလေးနှင့်


"ငါတို့အရင်က တွေ့ဖူးလား?" 


စုချီယွဲ့လည်း သိပ်မသေချာပါချေ။ မူလကိုယ်၏ မှတ်ဥာဏ်ထဲတွင် ထန်ယန့်ချန်ဟုခေါ်သည့်လူမရှိသောကြောင့် ခေါင်းခါပြလိုက်၏။ 


"မတွေ့ဖူးလောက်ပါဘူး" 


"ငါလည်း ငါတို့ တစ်ခါမှမတွေ့ဖူးဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ကွာခြားတာကတော့ ငါက မင်းကို အင်တာနက်မှာ တွေ့ဖူးတာပေါ့" 


ထန်ယန့်ချန် ဆက်ပြောလိုက်သည်။ 


"အမှန်အတိုင်းပြောရရင် မင်းက ဗီဒီယိုတွေ၊ ဓာတ်ပုံတွေထဲကနဲ့ အရမ်းကွာခြားတာပဲ။ ငါအမြဲတမ်း ခံစားနေရတာက... ငါတို့ ဆင်တူနေသလိုလို" 


ထန်ယန့်ချန်၏ စကားလုံးများဟာ စုချီယွဲ့၏ နှလုံးသားကို ထိရှသွားစေလျက်။ သူသည်လည်း ထို့အတူ ခံစားနေရခြင်းပင်၊ တနည်းအားဖြင့် ထန်ယန့်ချန်သည် သူနှင့်အရမ်းဆင်တူနေသည်ဟု ခံစားရခြင်းပင်၊ အထူးသဖြင့် သူ့မျက်လုံးတွေ... မျက်လုံးတွေဟာ မိုလ်တစ်ခုထဲက ထွင်းထုထားသည့်နှယ်... 


သူ့မျက်လုံးမှ ထွက်လာသော အလင်းတန်းများပင် ပုံတူကူးထားသည့်အလား... 


စုချီယွဲ့ အချိန်ကြာမှ သတိပြန်ဝင်လာကာ ပြုံးပြလိုက်၏။ 


"ကျွန်တော်က သာမန်မျက်နှာပေါက်မျိုးနဲ့ မွေးလာလို့ဖြစ်မယ်ဗျ၊ လူတိုင်းက ကျွန်တော်နဲ့ ဆင်တူသလို ခံစားရတာလေ။ တကယ်လို့ ကျွန်တော်သာ ခင်ဗျားလိုမြင့်မြတ်တဲ့လူကို သိခဲ့မယ်ဆိုရင် အနှစ်၈၀ကြာရင်တောင် မှတ်မိနေဦးမှာပေါ့၊ ပြီးတော့ ကျွန်တော် တစ်ခုခုဖြစ်ရင် ခင်ဗျားကို ဒုက္ခပေးမယ်ဗျာ" 


စုချီယွဲ့ ဟာသလုပ်လိုက်သဖြင့် ထန်ယန့်ချန်လည်း ရယ်မောလိုက်ပြီး 


"ထိုင်ပါဦး" 


ဆိုဖာပေါ်ထိုင်လိုက်ပြီးနောက် ထန်ယန့်ချန်က စုချီယွဲ့အတွက် အအေးတစ်ခွက်ပေးလိုက်ပြီး 


"မင်း ဒီကို စာချုပ်လက်မှတ်ထိုးဖို့လာတာလား?" 


ဤသည်မှာ သူ့အဖေပေးထားသည့်တာဝန်ဖြစ်ပြီး ရက်ပေါင်းများစွာကြာသည့်တိုင် မပြီးမြောက်သေးချေ။ သူ့အဖေက စုချီယွဲ့ကို သွားတွေ့ပြီးတဲ့နောက် သူ့အစ်ကိုနဲ့ မထိုက်တန်ဘူးလို့တွေးကာ ဖြစ်နိုင်သမျှ နည်းမျိုးစုံနဲ့ သူ့ကို ပိတ်ပင်တားဆီးလိမ့်မယ်လို့ သူထင်ခဲ့ပေမယ့် ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိခဲ့။ 


စုချီယွဲ့ ဘဏ်ကတ်ကို တွန်းပေးလိုက်ပြီး 


"ဒါက ယွမ် ၅သိန်းပါဗျာ။ ကျွန်တော့်မားက ကျွန်တော့်ခွင့်ပြုချက်မရှိဘဲ ပိုက်ဆံယူသွားတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော် အခုလောလောဆယ် စာချုပ်ချုပ်ဖို့ အစီအစဉ်မရှိသေးလို့ပါ" 


ထန်ယန့်ချန် မျက်ခုံးတွေကို ပွတ်သပ်နေလျက်။ 


ဟင်း... လူငယ်လေးတွေကို ငွေနဲ့ လှုပ်ကိုင်ဖို့တောင် ခက်ခဲလိုက်တာကွာ။ 


"'Red Earth'တုန်းက မင်းရဲ့ auditionကို ငါအရင်ကမြင်ဖူးတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းက သရုပ်ဆောင်ပိုင်းမှာ အရမ်းထူးချွန်တယ်။ မင်းသာ စနစ်တကျ လေ့လာနိုင်ရင် အနာဂတ်မှာ တောက်ပလာမှာ အသေအချာပဲ" 


ထန်ယန့်ချန် စိတ်ရင်းနှင့် ပြောလိုက်၏။ 


"ဒါ့အပြင် မင်းရဲ့အသွင်အပြင်က ဖျော်ဖြေရေးနယ်ပယ်မှာတောင် ပေါ်လွင်နေတာ။ ငါတို့ကုမ္ပဏီမှာ အကောင်းဆုံး အရင်းအမြစ်တွေနဲ့ ဖွဲ့စည်းမှုတွေလည်းရှိတယ်။ မင်း လက်မှတ်ထိုးဖို့အတွက် တခြားဘယ်ပြည်တွင်းကုမ္ပဏီဖြစ်ဖြစ် ငါတို့ ဟိုင်နမီဒီယာလောက်ကောင်းမှာမဟုတ်ဘူး" 


စုချီယွဲ့ ၄င်းအား ယုံကြည်ပါသည်။ ဟိုင်နမီဒီယာမှာ အရင်းအနှီးရှိသည်လေ။ 


စုချီယွဲ့ ချီတုံချတုံဖြစ်နေသည်မှာ ထင်ရှားသော်လည်း ထန်ယန့်ချန် သူ့ကို အတင်းအကြပ်မလုပ်ဘဲ 


"မင်း 'မြင်မြင်ချင်းချစ်မိသွားတယ်'ပရိုဂရမ်ကို ရိုက်ကူးနေသေးတယ်မဟုတ်လား?" 


စုချီယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ 


ထန်ယန့်ချန် ဆက်ပြောလာ၏။ 


"ငါ မင်းကို အကောင်းဆုံးစာချုပ်သတ်မှတ်ချက်တွေပေးမယ်၊ ပြီးတော့ မင်း တစ်နှစ်စာချုပ်ကို လက်မှတ်ထိုးလို့ရတယ်။ နောက်တစ်နှစ်ဆို မင်း ကောလိပ်က ဘွဲ့ရတော့မယ်လေ။ အဲဒီအချိန်ထိ မင်းက ဖျော်ဖြေရေးနယ်ပယ်နဲ့ မသင့်တော်သေးဘူးလို့ ခံစားရရင် ဒါမှမဟုတ် တိုးတက်မှုမရှိဘူးဆိုရင် ဘာလျော်ကြေးမှပေးစရာမလိုဘဲ စာချုပ်ဖျက်သိမ်းဖို့ ရွေးချယ်လို့ရတယ်" 


စုချီယွဲ့ အလွန်စိတ်ရှုပ်ထွေးနေမိလျက်။ 


"တကယ်တော့ ဖျော်ဖြေရေးနယ်ပယ်နဲ့ သင့်တော်တဲ့သူတွေ အများကြီးရှိတာလေ။ ဘာလို့ ကျွန်တော့်ကိုမှ ဒီလောက်တန်ဖိုးထားနေရသလဲဆိုတာ နားမလည်လို့" 


ထန်ယန့်ချန်သည် သူ့အဖေ ထန်ကျုံ့ဟိုင် ကြောင့်လို့ မပြောနိုင်သောကြောင့် ဤသို့ပြောလိုက်ရလေသည်။


"မကြာသေးခင်က မင်း အရမ်းနာမည်ကြီးတယ်လေ။ မင်းလည်းသိပါတယ်၊ တစ်ချို့လူတွေက နာမည်ကြီးဖို့ မွေးဖွားလာကြတာ၊ တစ်ချို့လူတွေက ဘယ်လောက်ပဲကြေငြာနေပါစေ နာမည်ကြီးလာကြတာမဟုတ်ဘူးလေ" 


ထန်ယန့်ချန် ယင်းကို စိတ်ရင်းမှန်ဖြင့် ပြောနေခဲ့သည်ကြောင့် စုချီယွဲ့ ငြင်းဆန်ရန် ပိုမိုရှက်ရွံ့လာရကာ သေချာစဉ်းစားကြည့်ပြီးနောက် တစ်နှစ်လောက် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ သူမကြိုက်ရင် အခြားလမ်းကို ရွေးချယ်နိုင်မှာပဲလေ။ 


ဒါဆို သူ ထန်ကျုံ့ဟိုင် ကတိပေးထားတဲ့အတိုင်း ဖြည့်ဆည်းပေးနေဆဲပဲပေါ့နော်။ 'မြင်မြင်ချင်းချစ်မိသွားတယ်' ရိုက်ကူးပြီးသွားတဲ့အခါ ထန်ယဲ့မှာ လုပ်စရာတွေအများကြီးရှိမယ်လို့ ခန့်မှန်းရတယ်။ အနာဂတ်မှာ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက သာမန်သူငယ်ချင်းတွေဖြစ်လာပြီးတော့ အဆက်အသွယ်လည်း အများကြီးရှိတော့မှာ မဟုတ်ပါဘူးလေ။ 


"ကောင်းပါပြီ၊ တစ်နှစ်ပေါ့" 


စုချီယွဲ့ နောက်ဆုံး လက်လျှော့လိုက်သည်ကြောင့် ထန်ယန့်ချန်လည်း စိတ်သက်သာရာရသွားတော့သည်။ 


xxx