Unicode
စုချီယွဲ့တစ်ယောက် ဒီဘဝဟာ သည်းမခံနိုင်စရာပဲဟု ခံစားနေမိသည်။ သူ့အမေရင်းဖြစ်သူ မစ္စလင်းက ယွမ်၅သိန်းအတွက်နဲ့ သူမသားကို ရောင်းလိုက်တယ်တဲ့...
စုချီယွဲ့ သူ့နားသယ်ကို ပွတ်သပ်ရင်း
"မားမပြန်ဘူးဆိုရင် မားမှာကျွန်တော့်လိုသားမျိုးမရှိတော့ဘူးပဲ!"
လင်းကွေ့ကျီးလည်း အလွန်ခေါင်းမာလှသည်။
"မရှိဘူးဆိုလည်း မရှိဘူးပေါ့။ အရူးကသာ ယွမ်၅သိန်း မယူမှာ!"
စုချီယွဲ့ သူ့ရင်ဘတ်သူ တင်းတင်းဆုပ်ကိုင်ထားရသည်။ သူ့နှလုံးကလည်းနာကျင်သလို ဝမ်းဗိုက်လည်းနာတယ်၊ တစ်ကိုယ်လုံးလည်း နာကျင်နေတယ်၊ သူ ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ။
"ရထားပေါ်က ဆင်းပြီးရင် ဘူတာရုံမှာ ကျွန်တော့်ကိုစောင့်နေ။ ကျွန်တော်ရောက်တဲ့အထိ ဘယ်မှသွားခွင့်မရှိဘူး"
စုချီယွဲ့က ပြောပြီးသည်နှင့် ဖုန်းချလိုက်တော့သည်။
ဖန်းပိုင်က စုချီယွဲ့ကို တစ်ချက်ကြည့်လိုက်ရာ သူ့မျက်နှာက တချိန်တည်းမှာပင် ဖြူဖျော့သွားလိုက် ပြာနှမ်းသွားလိုက်ဖြစ်သည်ကို တွေ့လိုက်ရသလို သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားပုံမှာ နှလုံးဖောက်လုလုနီးနီးဖြစ်နေဟန်။
"မင်း ဆေးရုံသွားချင်လား?"
သူ အလွန်စိုးရိမ်သွားရ၏။ ဒါက သူ့ဘော့စ်ရဲ့ ရတနာလေးလေ။
စုချီယွဲ့ အသက်ပြင်းပြင်းရှူလိုက်ပြီး
"မသွားဘူး၊ ကျွန်တော် အသက်ရှင်နေပါသေးတယ်"
စုချီယွဲ့ အမြန်ရထားစီးပြီး လင်းကွေ့ကျီးထက်စော၍ ဘူတာရုံသို့ ရောက်လာခဲ့သည်။
သူ ဘူတာရုံမှ ထွက်လာသည်နှင့် ထန်ယဲ့ဆီမှ WeChatမက်ဆေ့ခ်ျ ဝင်လာခဲ့သည်။
ထန်ယဲ့ :[မင်း ရထားပေါ်က ဆင်းလာပြီလား?]
စုချီယွဲ့ : [အခုတင်ပဲ]
ထန်ယဲ့ : [ယာဉ်မောင်းက ပါကင်မှာရှိနေတယ်၊ လိုင်စင်နံပါတ်ပြားက xxxxx]
စုချီယွဲ့ : [တောင်းပန်ပါတယ် ထန်လောင်ရှီး၊ ကျွန်တော့်မားက ရထားပေါ်မှာပဲရှိသေးတယ်၊ ခုထိရောက်မလာသေးလို့ဗျ။ ကျွန်တော် သူမကိုကြိုဖို့လိုသေးတယ်။ ကျွန်တော် အကြာကြီးစောင့်ရဦးမှာဆိုတော့ ယာဉ်မောင်းကို အရင်ပြန်ခိုင်းလိုက်နော်။ ကျွန်တော်တို့ တက္ကစီစီးလို့ရပါတယ်]
ထန်ယဲ့သည် ကားကို အမြဲကြိုစီစဉ်ထားတတ်၏။ စုချီယွဲ့က မလိုအပ်ကြောင်း ပြောသော်လည်း ထန်ယဲ့အား မဖြောင်းဖြနိုင်ခဲ့ဘဲ ယာဥ်မောင်းက အမြဲကြိုရောက်နေသောကြောင့် သူလည်း ဘာမှမတတ်နိုင်ပါချေ။
သူ အလွန်အားနာနေမိ၍ ယာဉ်မောင်းကို နောက်ထပ်တစ်နာရီကြာအောင် မစောင့်စေချင်တော့။
ထန်ယဲ့ : [ကိစ္စမရှိဘူး၊ ယာဉ်မောင်းက ဒီနေ့ တခြားအလုပ်တွေမရှိဘူး]
စုချီယွဲ့ : ... [ကျေးဇူးတင်ပါတယ် ထန်လောင်ရှီး]
ထန်ယဲ့ : [ကိုယ် မင်းကို နောက်ဆုံးတစ်ခေါက်တုန်းကပေးခဲ့တဲ့ တိုက်ခန်းသော့ကို ယူလာခဲ့လား?]
စုချီယွဲ့ သော့အားလုံးကို အတူတူပေါင်းထားသည်ကြောင့် အမှန်ပင် သူနှင့် အတူတူပါလာခဲ့လေ၏။
[ဟုတ် ယူလာတယ်]
ထန်ယဲ့ : [အန်တီက အဆောင်မှာနေလို့မရဘူးဆိုတော့ ဒီနေ့ည မင်းတို့ တိုက်ခန်းကို သွားလိုက်နော်]
စုချီယွဲ့ မည်သို့ငြင်းဆန်ရမည်လဲဟု အချိန်အတော်ကြာစဉ်းစားနေစဥ် ထန်ယဲ့ဆီက နောက်ထပ်စာတစ်စောင် ဝင်လာခဲ့သည်။
[ကိုယ့်ကို ဘယ်လိုငြင်းရမလဲဆိုတာ စဉ်းစားမနေနဲ့၊ ပရိုဂရမ်ရိုက်ကူရေးပြီးရင် ဒီပြဿနာကို ပြောကြတာပေါ့]
စုချီယွဲ့ က သူ့ကို ကျေးဇူးတင်လိုက်ပြီးနောက် လင်းကွေ့ကျီးကို ထွက်ပေါက်မှာ စောင့်နေလိုက်သည်။
တစ်နာရီခွဲကြာပြီးနောက် ဘူတာရုံဆီသို့ ရထားဆိုက်ရောက်လာပြီး လင်းကွေ့ကျီးသည် ပြုံးပျော်နေသောမျက်နှာဖြင့် သူမသားကို ကြည့်လိုက်၏။
ကားပေါ်တက်ပြီးနောက် လင်းကွေ့ကျီးက သူမသားကို တစ်ချက်ကြည့်လိုက်ကာ
"ရှောင်ယွဲ့ရယ် အရမ်းစိတ်တိုပြီး မကျေမချမ်းဖြစ်မနေပါနဲ့ကွယ်"
"ကျွန်တော့်မှာ ဒုက္ခမပေးတတ်တဲ့ အမေရှိရင်တော့ ကျွန်တော်ပျော်မှာသေချာတယ်"
ကားသည် တစ်လမ်းလုံး အရှိန်ပြင်းပြင်းနှင့်မောင်းနှင်နေပြီး နောက်ဆုံးတွင် မြို့လယ်ခေါင်ရှိ လူနေမှုအဆင့်အတန်းမြင့်မားသည့်ရပ်ကွက် ယွီရန်းအဆောက်အဦးတွင် ရပ်တန့်သွားလေပြီ။
စုချီယွဲ့ ဝင်ရောက်ခွင့်ကတ်ကို ပွတ်ဆွဲလိုက်ကာ လင်းကွေ့ကျီးအား အထဲခေါ်သွားခဲ့သည်။ လင်းကွေ့ကျီးမှာ ဥယျာဥ်မြင်ကွင်းအခန်းထဲ ဝင်သွားသည့် အဖွားလျိုကဲ့သို့ လှည့်ပတ်စူးစမ်းကြည့်နေလျက်။ စုချီယွဲ့က သူမအရှေ့မှ လျှောက်နေသော်လည်း သူမက လမ်းကိုသေချာမကြည့်သည်ကြောင့် သူမသားကို ဝင်တိုက်မိပါတော့သည်။
"ရှောင်ယွဲ့ရေ ဒီပတ်ဝန်းကျင်က အရမ်းကောင်းတာပဲနော်။ စိမ်းလန်းစိုပြေတဲ့သစ်ပင်တွေ၊ ခမ်းနားတဲ့ အဆောက်အဦးတွေနဲ့ ပြတင်းပေါက်ကြီးတွေကို ကြည့်ပါဦး။ ဒါ ဘယ်လောက်ရှိလဲဟင်?"
လင်းကွေ့ကျီး ဤနေရာကို တစ်ခါတည်း သဘောကျသွားလေပြီ။
စုချီယွဲ့ : "မားမှာ အမြင်ကောင်းရှိတာပဲ။ ဒါက ကျန်းချန်မှာ ဈေးအကြီးဆုံးဖြစ်လိမ့်မယ်။ ကျွန်တော်စဥ်းစားကြည့်ပါရစေဦး၊ မားရော ကျွန်တော်ပါ ကျောက်ကပ်နှစ်ခုစီ ထုတ်ရောင်းရင်တောင် ဒီက အိမ်သာတစ်လုံးဝယ်ဖို့လောက်မယ်မထင်ဘူး"
လင်းကွေ့ကျီး သူ့ကို စူးစိုက်ကြည့်ကာ
"ဒါဆို မင်းမှာ ဘာလို့ ကဒ်ရှိနေတာလဲ?"
စုချီယွဲ့ : "ဒါ ကျွန်တော့် သူငယ်ချင်းဟာ။ ခဏငှားထားတာလေ"
စုချီယွဲ့လည်း ဤသို့သောပတ်ဝန်းကျင်ကို ပထမဆုံး အကြိမ်ရောက်လာခြင်းပင်။ အဆောက်အဦးကို ရှာမတွေ့ခင် ဟိုဟိုဒီဒီကြည့်ရှုလိုက်ပြီး လင်းကွေ့ကျီးကို အပေါ်ထပ်သို့ ခေါ်သွားလိုက်၏။
ထန်ယဲ့၏ တိုက်ခန်းမှာ ၁၇ထပ်တွင်ရှိပြီး ဓာတ်လှေကားပါရှိသည်။
စုချီယွဲ့ သက်ပြင်းချလိုက်မိသည်။ ဘော့စ်တစ်ဦးက 'မင်း ငါ့တိုက်ခန်းမှာ နေနိုင်တယ်။ မင်းအခန်းက အရမ်းသေးနေရောကွာ။ ၂၀၀စတုရန်းမီတာကျယ်တဲ့ နှစ်ခန်းတွဲဆိုတော့ အိမ်ခြောက်အိမ်စာကျယ်ဝန်းတဲ့ ၅၀၀စတုရန်းမီတာနီးနီးရှိတယ်' လို့ ပြောလိုက်သည့်အလား။
စုချီယွဲ့ တံခါးဖွင့်ကာ အထဲဝင်လိုက်ပြီးနောက် စူပါဧည့်ခန်းကျယ်ကြီးကို တွေ့လိုက်ရ၏။ ကြမ်းပြင်မှ မျက်နှာကျက်အထိ ပြတင်းပေါက်များဟာ ကျန်းချန်ရှိမြစ်ကိုပင် မြင်နိုင်သည်။ နေရောင်ခြည်က မြစ်ရေမျက်နှာပြင်ပေါ်မှာ ရောင်ပြန်ဟပ်နေသည်ကြောင့် အလွန်လှပနေလေ၏။
အောက်ထပ်တွင် ဧည့်ခန်း၊ မီးဖိုချောင်၊ ရုပ်ရှင်ခန်း၊ ရေချိုးခန်းနှစ်ခန်း၊ လက်ဖက်ရည်ခန်းနှင့် ကလေးထိန်းအခန်းရှိပြီး အပေါ်ထပ်တွင်မူ ကိုယ်ပိုင်ရေချိုးခန်းနှင့် အဝတ်လဲခန်းတွဲလျက်ပါသည့် Suiteနှစ်ခန်း၊ စာကြည့်ခန်း၊ ဧည့်သည်ခန်းနှင့် ဧည့်သည်ရေချိုးခန်းရှိလေသည်။
အခန်းတိုင်းက အရမ်းကြီးနေရောပဲ။
ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က အခန်းများကို နေ့တိုင်း သန့်ရှင်းရေးလုပ်ထားပုံရ၏။ အခန်းတိုင်းက သပ်ရပ်သန့်ရှင်းနေပြီး ဖုန်တစ်စက်ပင်မရှိချေ။ စုချီယွဲ့အား ပို၍အံ့အားသင့်သွားစေသည်ကား ရေခဲသေတ္တာထဲ၌ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ ငါး၊ ပုစွန်၊ ကြက်ဥ၊ နွားနို့တို့ရှိနေကာ မကြာသေးခင်ကမှထည့်ထားမှန်း သိသာထင်ရှားနေလျက်။
စုချီယွဲ့ ဓာတ်ပုံရိုက်ပြီး ထန်ယဲ့ဆီ ပို့လိုက်သည်။ [ကျေးဇူးပါ တကော.jpg]
သူ လင်းကွေ့ကျီးကို ပြောလိုက်သည်။
"ဒါက သူငယ်ချင်းတစ်ယောက်ဆီက ကျွန်တော်ငှားထားတဲ့အိမ်။ ဒီအိမ်ကပရိဘောဂတွေက အရမ်းဈေးကြီးတယ်နော်။ ဈေးကြီးလွန်းလို့ မားရော ကျွန်တော့်ကိုပါ ရောင်းရင်တောင် တတ်နိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့ ဒီမှာ ရက်နည်းနည်းပဲနေမှာ၊ ဘာမှမပျက်စီးစေနဲ့ဦး"
လင်းကွေ့ကျီး အားလုံးနားလည်ကြောင်း အားပါးတရ ခေါင်းညိတ်ပြကာ
"စိတ်မပူပါနဲ့ ရှောင်ယွဲ့ရယ်၊ မား အဲ့လောက်မတုံးပါဘူးနော်"
လင်းကွေ့ကျီး သူမပစ္စည်းများကို အပေါ်ထပ်ရှိ ဧည့်သည်ခန်းထဲမှာ ထည့်လိုက်ပြီး
"ရှောင်ယွဲ့ရေ ညစာကိုအပြင်ထွက်စားရအောင်လေ။ ကိုယ်တိုင်ချက်ပြုတ်ရတာ ဒုက္ခများပါတယ်။ မား ဗိုက်လည်းဆာနေပြီကွယ်"
စုချီယွဲ့ လှည့်ပတ်ကြည့်ပြီးနောက်
"မားရေ မား Suiteအခန်းမှာ နေသင့်တယ်နော်၊ ရေချိုးခန်းတွဲလျက်ပါတော့ မားအတွက် ပိုအဆင်ပြေတယ်လေ။ ကျွန်တော် ဒီအခန်းမှာနေလိုက်မယ်"
စုချီယွဲ့ ပြောပြီးသည်နှင့် လင်းကွေ့ကျီး၏ ပစ္စည်းများကို အခြားအိပ်ခန်းဆီ ရွှေ့ပေးလိုက်ပြီးနောက် သားအမိနှစ်ယောက်သား ညစာထွက်စားကြလေသည်။
သူတို့နှစ်ယောက် ဝေးဝေးမသွားတော့ဘဲ ယွီရန်းအဆောက်အဦးအနီးရှိ စီချွမ်စားသောက်ဆိုင်မှာပင် အမြန်စားလိုက်ကြသည်။
လင်းကွေ့ကျီး ပျော်ရွှင်နေသဖြင့် စားသောက်ပွဲကြီး စားချင်နေသော်လည်း စုချီယွဲ့ စိတ်ထဲတွင်မူ ယွမ်၅သိန်းအကြောင်း တွေးတောနေမိဆဲ။ သူ လင်းကွေ့ကျီးနှင့် စကားကောင်းကောင်းပြောရန် ညစာစားပြီသည်နှင့် အိမ်ပြန်ခေါ်သွားခဲ့သည်။
စုချီယွဲ့ အသီးအနှံများကို ရေဆေးကာ ခွဲလိုက်ပြီး အခွံမာသီးတချို့ကိုပါ ယူကာ ကော်ဖီစားပွဲပေါ် တင်လိုက်၏။
"မစ္စလင်းကွေ့ကျီးရေ ကျွန်တော် မားနဲ့ အလေးအနက် စကားပြောဖို့လိုနေပြီ"
လင်းကွေ့ကျီး ခေါင်းအုံးကိုပွေ့ဖက်ကာ စပျစ်သီးစားရင်း သူ့ကို စိုက်ကြည့်နေလျက်
"မား မင်းကိုပြောမယ်၊ တခြားဟာဘာမဆိုရတယ်၊ ယွမ်၅သိန်းကို မင်းလိုချင်ရင်တော့ မားသေလိုက်မယ်!"
"သေခြင်းရှင်ခြင်းတွေ မပြောပါရစေနဲ့။ နှစ်ထောင်ပေါင်းများစွာကြာတဲ့ သဘာဝဘေးဒုက္ခကို မားကြားဖူးလား?"
စုချီယွဲ့လည်း ထိုမျှမလွယ်ကူကြောင်း သိပြီးသားပင်။
"ပိုက်ဆံတွေရော?"
လင်းကွေ့ကျီး ချက်လက်မှတ်ယူပြီး ဘဏ်ကိုသွားကာ ဘဏ်ကတ်ထဲသို့ တိုက်ရိုက်ထည့်လိုက်၏။ သူမ ချက်လက်မှတ်ပျောက်သွားမှာ စိုးရိမ်နေခဲ့ရသည်လေ။
"ဒါပေါ့ မား သိမ်းထားတာပေါ့၊ မင်းရဲ့မားက ဥာဏ်ကောင်းပြီးသား"
"ကောင်းပြီ မနက်ဖြန် မား ကျွန်တော်နဲ့အတူတူ ပိုက်ဆံနဲ့ စာချုပ်တွေပြန်ပေးဖို့ ဟိုင်နမီဒီယာကို သွားကြမယ်။ ကိုယ့်သားကိုယ် ငွေနဲ့ရောင်းစားတာမျိုး ကျွန်တော် တစ်ခါမှမကြားဖူးဘူး!"
စုချီယွဲ့ ဒေါသတကြီးပြောလိုက်၏။ လင်းကွေ့ကျီးက စုချီယွဲ့ စိတ်ဆိုးနေသည်ကိုမြင်သည့်အခါ မျက်လုံးလှိမ့်ကာ
"ကောင်းပြီ၊ ကောင်းပြီ၊ မား မင်းပြောတာ နားထောင်မယ်။ တကယ်ပါပဲ မိုက်မဲလိုက်တဲ့သား... မင်းက ငွေတောင်မရှာချင်တော့ဘူး"
စုချီယွဲ့သည် သူမ၏ စိတ်အေးလက်အေးလေသံကို ကြားလိုက်ရသည့်အခါ ပို၍ပင် စိတ်မသက်မသာဖြစ်သွားရ၏။
ထို့ကြောင့် သူလည်း လင်းကွေ့ကျီး ရေချိုးခန်း၊ အိမ်သာသွားသည့်အချိန်မှလွဲလို့ သူမနောက်တစ်ကောက်ကောက် လိုက်ကြည့်နေရသည်။
လင်းကွေ့ကျီး ရေချိုးပြီး အိပ်ရာဝင်ရန် ပြင်ဆင်လိုက်ပြီးနောက် ပြတင်းပေါက်နားရှိ တစ်ယောက်ထိုင်ဆိုဖာပေါ်မှာ ထိုင်နေသော စုချီယွဲ့ကို တွေ့လိုက်ရသဖြင့်
"ရှောင်ယွဲ့ရေ မားတော့ အိပ်တော့မယ်နော်၊ သားရော မအိပ်သေးဘူးလား?"
စုချီယွဲ့ : "မားရဲ့ ဘဏ်ကတ် ဘယ်မှာလဲ? ကျွန်တော့်ကို အခုပေးထားလိုက်"
လင်းကွေ့ကျီး လွန်စွာတွန့်ဆုတ်နေလေ၏။
"သားရယ် မားက မင်းကောင်းဖို့အတွက် လုပ်နေတာပါ။ ဖိအားတွေကြုံလာမှ လှုံ့ဆော်မှုရတတ်တယ်လို့ လူတွေပြောကြတယ်မဟုတ်လားကွယ်"
စုချီယွဲ့ နှာခေါင်းရှုံ့လိုက်ပြီး
"မားလိုမျိုး အမေမရှိရင် ပူပန်စရာတွေကင်းဝေးပြီး ဒုက္ခတွေနည်းသွားလိမ့်မယ်လို့လည်း လူတွေပြောကြပါသေးတယ်! မားက ကျွန်တော့်အမေမဟုတ်ဘူးဆိုရင် ကျွန်တော် နောက်ဆယ်စုနှစ်တွေထိ ကောင်းကောင်းဆက်နေနိုင်မယ်လို့ ထင်တယ်"
လင်းကွေ့ကျီးကို သူ့အမေမဟုတ်ခဲ့ရင်လို့ ပြောချိန်တွင် သူမမျက်လုံးတွေ တဖျပ်ဖျပ်လှုပ်သွားကြောင်း စုချီယွဲ့ သတိမထားမိလိုက်။
လင်းကွေ့ကျီးက သူ့ကို ဘာတစ်ခွန်းမှမပြောဘဲ ဗလာအကြည့်တို့ဖြင့်စိုက်ကြည့်နေသဖြင့် သူပြောလိုက်သည်မှာ ကြမ်းတမ်းလွန်းသွားသည်ဟု စုချီယွဲ့ တွေးလိုက်မိသည်။
"မား?"
လင်းကွေ့ကျီး ဣနြေ္ဒဆည်ကာ မူလပုံစံအတိုင်းပြန်နေလိုက်ပြီး ကတ်ကိုရှာ၍
"မင်းကို ပေးမယ်၊ ပေးလိုက်ပြီနော်။ တကယ်ပါပဲ မားရဲ့ ကံကြမ္မာကောင်းတွေကို မင်းကြောင့် ပျက်စီးသွားရပြီ။ ဘာမှကိုမလုပ်နိုင်တော့ဘူး!"
စုချီယွဲ့သည် သူ့ဖုန်းမှာ လက်ကျန်ငွေကို စစ်ဆေးကာ မှန်ကန်ကြောင်းအတည်ပြုပြီးသည်နှင့် ဘဏ်ကတ်နှင့်အတူတူ အခန်းထဲဝင်ကာ အိပ်လိုက်တော့သည်။
နောက်နေ့မနက်၌ စုချီယွဲ့ စောစောထကာ မနက်စာပြင်ဆင်ပြီးနာက် အပြင်သွားရန် ပြင်လိုက်၏။ အပြင်မထွက်ခင်တွင် လင်းကွေ့ကျီး အတွက် စာတစ်စောင် ချန်ထားပေးခဲ့သည်။
[ကျွန်တော် ပိုက်ဆံသွားပြန်ပေးလိုက်ဦးမယ်။ မားနိုးလာရင် ထမင်းကောင်းကောင်းစားပြီး ကျွန်တော့်ကို အိမ်မှာပဲစောင့်နေနော်]
စုချီယွဲ့ အပြင်ထွက်ကာ လင်းကွေ့ကျီး ပိုက်ဆံလွှဲပြောင်းခြင်းမှ ကာကွယ်ရန်အတွက် ဘဏ်ကိုသွားပြီး ယွမ်၅သိန်းကို သူ့ဘဏ်ကတ်ထဲသို့ ရွှေ့လိုက်၏။
သူ မြေပုံကို ကြိုတင်ကြည့်လိုက်ရာ ဟိုင်နမီဒီယာတည်ရှိရာ ဟိုင်ယွဲ့အဆောက်အဦးသည် အနီးအနားတွင်ရှိကြောင်း သိလိုက်ရ၏။ ၁၅မိနစ်လောက်ပဲ လမ်းလျှောက်ဖို့လိုတယ်...
ဟိုင်နမီဒီယာသည် ဟိုင်ယွဲ့အဆောက်အဦး၏ ၃၀ထပ်မှ ၃၂ထပ်တွင် တည်ရှိသည်ကြောင့် သူလည်း ၃၀ထပ်ရောက်သည့်အခါ ဓာတ်လှေကားမှ ထွက်လိုက်သည်။ သူ ဓာတ်လှေကားမှ ထွက်လာချင်းချင်းမှာပင် အရှေ့ကောင်တာကို တွေ့လိုက်ရ၏။
"မင်္ဂလာပါ လူကြီးမင်း၊ ရှင် ဘယ်သူ့ကို ရှာနေတာလဲ? ချိန်းထားတာရှိပါသလား?"
စုချီယွဲ့လည်း သူတို့အိမ်ရောက်လာတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ လင်းကွေ့ကျီးကို မေးထားပြီးဖြစ်၍ ခဏလောက်စဉ်းစားပြီးနောက်
"ကျွန်တော် ကျောက်ယွီဖေး ဒါမှမဟုတ် ချန်ရှင်းကို လာတွေ့တာပါ။ ကျွန်တော်က စုချီယွဲ့လို့ သူတို့ကို ပြောလိုက်ပါ"
"ခဏစောင့်ပါဦးရှင်"
စုချီယွဲ့ စောင့်ဆိုင်းရန် နေရာတစ်ခုရှာလိုက်ပြီး ထိုင်လိုက်၏။ သူ ခဏလောက်စောင့်ရဦးမည်ဟု ထင်ထားသော်ငြား ထိုင်ပြီးပြီးချင်းမှာပင် Suitဝတ်စုံနှင့် အမျိုးသမီးတစ်ဦးက သူ့ရှေ့မှာ လာရပ်ကာ
"မင်္ဂလာပါ မစ္စတာစု၊ ကျွန်မက HRဌာနခေါင်းဆောင် ချန်ရှင်းပါ"
စုချီယွဲ့ နှင့် ချန်ရှင်း ဟိုင်နမီဒီယာထဲသို့ ဝင်လာခဲ့သည်။ ဤနေရာဟာ အခင်းအကျင်းကောင်းမွန်လှသလို အပျံစားအလှဆင်ထားပြီး ရှုခင်းကောင်းကောင်းလည်းရှိသည်ပင်။ တကယ့်ကို လူတွေအများကြီးလိုချင်နေတဲ့နေရာတစ်ခုပဲ။ ဤနေရာဟာ ကြယ်ပွင့်များ၏ အိပ်မက် စတင်ရာ နေရာတစ်ခု ဖြစ်နိုင်လေသည်။
"မစ္စတာစု စာချုပ်မှာ လက်မှတ်ထိုးဖို့ စဉ်းစားပြီးပြီလား?"
ချန်ရှင်း လမ်းလျှောက်နေရင်း မေးလိုက်သည်။
စုချီယွဲ့ : "ကျွန်တော့်မားက မင်းတို့ငွေတွေကို ယူထားလို့ ကျွန်တော်စိတ်မကောင်းပါဘူးဗျာ။ ကျွန်တော် ယွမ်၅သိန်းပြန်လာပေးတာပါ။ စာချုပ်ကိစ္စကတော့ ကျွန်တော် လက်မှတ်ထိုးဖို့ အစီအစဉ်မရှိသေးလို့"
ချန်ရှင်း ခဏလောက်စဉ်းစားလိုက်ပြီး
"ကျွန်မတို့ရဲ့ လက်ထောက်အထွေထွေမန်နေဂျာက ဒီနေ့ ဒီမှာရှိနေတာပဲ။ သူက ယွမ်၅သိန်းကို အတည်ပြုပေးလိုက်တာဆိုတော့ ရှင် သူနဲ့ပြောလို့ရတယ်"
(T/N: ကျောက်ယွီဖေးကို အရင်အပိုင်းတုန်းက မိန်းကလေးထင်လို့ အသုံးအနှုန်းတွေမှားသုံးမိသွားတယ်၊ ဒီကျမှ 'သူ'ဆိုတဲ့ စာလုံးပါလာတော့ ယောကျ်ားလေးနာမ်စားသုံးထားတာတွေ့လိုက်ရလို့နော်)
ချန်ရှင်းပြောပြီးသည်နှင့် စုချီယွဲ့ကို အတွင်းပိုင်းဓာတ်လှေကားဆီ ခေါ်သွားကာ ၃၂ထပ်ကို တိုက်ရိုက်တက်သွားလိုက်၏။
သူတို့နှစ်ယောက်က အတွင်းပိုင်းအကျဆုံးရုံးခန်းဆီသို့ လျှောက်သွားကာ ချန်ရှင်းရပ်လိုက်ပြီး
"ဒုဥက္ကဌထန်က ရှင့်ကို အထဲမှာ စောင့်နေတယ်၊ ဝင်သွားလိုက်ပါ"
စုချီယွဲ့ အလွန်အံ့အားသင့်သွားရလျက်။
ဟိုင်နမီဒီယာရဲ့ ဒုဥက္ကဌက ဘယ်လိုဖြစ်ပြီး ထန်မျိုးရိုးဖြစ်နေရပြန်တာတုန်းဟ? သူတို့ဒုဥက္ကဌက ကျောက်ယွီဖေး မဟုတ်ဘူးလား?
စာရေးသူမှာ ပြောစရာရှိပါတယ်။
စုချီယွဲ့ : ဒီစာအုပ်ထဲမှာ ထန်မျိုးရိုးနာမည်တွေ အရမ်းများနေတာပဲနော်၊ မင်း ကြုံသလို တစ်ယောက်နဲ့ ဆုံတွေ့နိုင်တယ်၊ သူတို့အားလုံး ချမ်းသာကြတယ်!
xxx