Chapter 6
Viewers 2k

🧶 Chapter 6

သူက ရွှီကျိကို အရမ်းချစ်တာပဲ



ရွှီကျိတွင် အကျင့်တစ်ခုရှိသည်။ ပရောဂျက်တစ်ခုပြီးဆုံးသွားသည့်အခါ နောက်တစ်ခုကို ချက်ချင်းမကူးပြောင်းဘဲ နေခြင်းပင်။ အမှန်အတိုင်းဆိုရလျှင် ဤအချိန်တွင် သူ ပိုက်ဆံရှာရသည့် ရည်ရွယ်ချက်မှာ ပိုမိုကောင်းမွန်သည့် ကိရိယာများဝယ်ရန်နှင့် ပိုမိုကျယ်ဝန်းသည့် နေရာများတွင် နှင်းလျှောစီးနိုင်ရန်သာ ဖြစ်သည်။


ဤကာလအတွင်းတွင် သူ့မိဘများထံမှ ဖုန်းခေါ်ဆိုမှုကို အကြိမ်များစွာလက်ခံခဲ့ရပြီး အကြိမ်တိုင်း၌ သူတစ်ညလုံးအပြင်ထွက်နေပြီး ဇနီးသည်ကို ပစ်ထားသည်ဟုသာ ပြောကြသည်။


ရွှီကျိအတွက်မူ နားတစ်ဖက်ကဝင်လျှင် တစ်ဖက်ကထွက်သွားသည်။


သူနှင့် ကျိဖန်းချီတို့ နှင်းလျှောစီးအပန်းဖြေစခန်းသို့ ရက်ပေါင်းများစွာဆက်တိုက်သွားခဲ့ကြပြီး အပြည့်အဝပျော်ရွှင်ခဲ့ကြသည်။


ရုံးဖွင့်ရက်များတွင် လူနည်းပါးပြီး သူတို့ မည်သည့် “ငါးခူ” များနှင့်မှ မကြုံတွေ့ခဲ့ရသလို လိထျင်းနှင့်လည်း မတွေ့ခဲ့ရပေ။


လိထျင်းကို တွေးမိချိန်တိုင်း ထိုနေ့က စကားလုံးများနှင့် ချိုမြိန်သောအပြုံးတို့မှာ သူ့စိတ်ထဲတွင် ပေါ်လာပြီး မေ့ပျောက်၍ မရနိုင်ခဲ့ပေ။


အခုကျွန်တော်က ခင်ဗျားအပိုင်လေ…


ခင်ဗျားအပိုင်လေ...


ခင်ဗျားရဲ့ ...


ရွှီကျိ၏နှင်းလျှောစီးဘုတ်ပြားက အဖုအထစ်တစ်ခုကို တိုက်မိပြီး လူက ပြင်းပြင်းထန်ထန် လဲကျသွားသည်။


ကျိဖန်းချီက သူ့ရှေ့သို့ လျှောဆင်းလာပြီး ပြောလိုက်သည်။

“ကော၊ မင်းအရည်အချင်းတွေ ကျသွားပုံပဲ ဘာလို့ အနောက်ကို ဒီလောက်အရမ်း မှီထားရတာလဲ…”


ရွှီကျိ ထရပ်လိုက်ပြီး နှင်းများကို ခါထုတ်လိုက်သည်။ စိတ်ထဲတွင် လိထျင်းက သူ့ကို တစ်ဖန်ပြန်၍ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နိုင်သွားပြန်ပြီဟု တွေးလိုက်မိသည်။


ကံကောင်းစွာဖြင့် အချိန်က ဒဏ်ရာအားလုံးကို ကုစားပေးခဲ့ပြီး သူအလုပ်များနေရင်း ထိုအဖြစ်အပျက်ကို မကြာမီ မေ့သွားခဲ့သည်။ လိထျင်းကို နောက်တစ်ကြိမ် သူပြန်တွေ့ချိန်တွင် တစ်လခွဲပင် ကြာမြင့်သွားပြီဖြစ်၏။


ထိုနေ့က သူ နှင်းလျှောစီးဘုတ်ပြားကို သယ်ထားရင်း ကားထဲမှ ထွက်လာချိန်တွင် အဝေးမှနေ၍ သူ့အိမ်ရှေ့တံခါးကို တစ်စုံတစ်ရာ ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။


သူ၏အိမ်အသစ်မှာ ဗီလာနယ်မြေထဲတွင် တည်ရှိပြီး လမ်းတစ်လျှောက်တွင် ဗီလာအသေးစားလေးများ ရှိသည်။ ဝင်ပေါက်၏ ဘေးနှစ်ဖက်တွင် ပန်းခင်းများရှိပြီး အိမ်နောက်ဘက်တွင် ကျယ်ဝန်းသော မြက်ခင်းပြင်ကြီးတစ်ခု ရှိသည်။


ဤအခိုက်အတန့်လေး၌ လိထျင်းက ခရီးဆောင်အိတ်ပေါ်တွင် ထိုင်နေပြီး ခေါင်းကို တစ်ဖက်စောင်းလျက် တံခါးကိုမှီကာ အိပ်ပျော်နေခဲ့သည်။ သူ့ဆံပင်များကို စည်းနှောင်မထားသဖြင့် အချို့က သူ့မျက်နှာပေါ်၌ ကပ်နေပြီး ဆံပင်အချို့အမူ ရင်ဘတ်ပေါ်သို့ ကျဆင်းနေသည်။ နက်မှောင်သည့် ဆံပင်တို့က သူ၏ ဖြူဖျော့နေသောမျက်နှာနှင့် ဆန့်ကျင်ဘက်ဖြစ်နေကာ ပိုမိုလှပစေသည်။ 


လအတော်ကြာပြီးနောက် သူ့ဆံပင်များက ပိုမိုရှည်လာပြီး ရင်ဘတ်ကိုပင် ကျော်လွန်လုနီးပါး ဖြစ်နေ၏။ ခရီးဆောင်အိတ်က အလွန်နိမ့်နေရာ လိထျင်း၏ ခြေထောက်ရှည်များမှာ ထားစရာနေရာမရှိဘဲ ကွေးညွတ်နေသည်။ သူက သက်တောင့်သက်သာမရှိဘဲ အိပ်ပျော်နေသဖြင့် မျက်ခုံးတို့မှာ တွန့်ချိုးနေသည်။ ပန်းရောင်နှုတ်ခမ်းဖျော့ဖျော့တို့မှာ အနည်းငယ်ပွင့်ဟနေပြီး အသက်ရှူနေ၏။ သူ့မျက်တောင်ရှည်များက အဖြူရောင်စာရွက်ပေါ်မှ မှင်ရာထူထူကဲ့သို့ ထင်ရှားနေပြီး အရာအားလုံးက ပြီးပြည့်စုံနေ၏။


ကျိဖန်းချီမှာ မှင်သက်ကာငေးမောနေမိသည်။ လူသားတစ်ယောက်သာဆိုပါက ဤနူးညံ့သိမ်မွေ့ပြီးကျိုးပဲ့လွယ်ဟန်ရသည့် လှပသောပန်းချီကားတစ်ချပ်ပမာ မြင်ကွင်းကို ဖျက်ဆီးနိုင်လိမ့်မည်မဟုတ်ဟု သူတွေးလိုက်မိသည်။


"ဟေ့…"

ရွှီကျိက လိထျင်းအနားသို့ အချိန်တိုအတွင်းရောက်လာပြီး ပြောလိုက်သည်။

"ထစမ်း…" 


ကျိဖန်းချီ၏ မျက်လုံးများမှာ ငါးသေတစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။ 

ဒါပေါ့ ရွှီကျိကောတော့ မပါဘူးပေါ့…


လိထျင်း ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ သူ့ရှေ့မှ ပုံရိပ်ကို တဖြည်းဖြည်း ထင်ရှားစွာ မြင်လိုက်ရသည်။ သူ့မျက်နှာအမူအရာ နူးညံ့သွားပြီး ပြောလိုက်သည်။

"ခင်ဗျားပြန်လာပြီပဲ…" 


ကျိဖန်းချီမှာ တစ်ဖက်လူ၏ မျက်နှာအမူအရာ ပြောင်းလဲပုံကို အစမှအဆုံးထိ မြင်တွေ့လိုက်ရပြီး တစ်ခုတည်းသာ တွေးမိသွားသည်။

သူက ရွှီကျိကောကို အရမ်းချစ်တာပဲ…


ရွှီကျိက မတုန်မလှုပ်ပင် မေးလိုက်သည်။

"ဘာလို့ ဒီရောက်နေတာလဲ…" 


လိထျင်းက ထရပ်ပြီး ဆံပင်ကို နောက်သို့ သပ်တင်လိုက်ကာ ပြောလိုက်သည်။

“ဦးလေးနဲ့ အန်တီက ကျွန်တော့်ကို နှင်ထုတ်လိုက်လို့… ခင်ဗျားကို သွားရှာလိုက်တဲ့…” 


ရွှီကျိ၏ခေါင်းမှာ ကွဲမတတ် ကိုက်ခဲသွားရသည်။ ထိုအိမ်ကို သူ့မိဘများက သူတက္ကသိုလ်ဝင်ခွင့်ရပြီးနောက် သူတို့၏ အမည်ပေါက်ဖြင့် ဝယ်ယူပေးခဲ့ခြင်းဖြစ်သည်။ သူ့အနေဖြင့် ပြောင်းရွှေ့ရန် ပျင်းရိလွန်းလှသောကြောင့်သာ ထိုနေရာတွင် နေထိုင်ခဲ့ခြင်း ဖြစ်သည်။ မကြာသေးမီက လိထျင်း ပြောင်းရွှေ့လာသောကြောင့် ရွေးချယ်စရာမရှိဘဲ သူပြောင်းရွှေ့လိုက်သည်။


သို့သော် ရွှီချန်းယွဲ့အတွက် သူ့အိမ်အသစ်လိပ်စာကို စုံစမ်းရခြင်းမှာ ခက်ခဲသော အလုပ်မဟုတ်ပေ။ လူတစ်ဦးကို စုံစမ်းခိုင်းလိုက်ရုံသာ။


ယင်းမှာ သူ့မိဘများက သူအိမ်မပြန်သည့်အတွက် အပြစ်ပေးသည့် နည်းလမ်းပင်။ ရွှီကျိက သူ့ဖခင်၏ စိတ်ဆိုးဒေါသထွက်နေသည့် မျက်နှာကိုပင် မြင်ယောင်နိုင်သည်။ သူက ဤသို့ဆိုလိမ့်မည်။

“ကောင်းပြီ သူအိမ်မပြန်ချင်ဘူးလား ရတယ်လေ သူ့မိန်းမကိုပဲ သူ့ကို သွားရှာခိုင်းလိုက်…”


လိထျင်းက ရွှီကျိ၏ဆုံးဖြတ်ချက်ကို တိတ်တဆိတ် စောင့်နေခဲ့သည်။


ရွှီကျိက ခဏအကြာတွင် ပါးစပ်ဟပြီး အတင်းညှစ်ထုတ်ကာ မေးလိုက်သည်။

"မင်းမှာ အိမ်မရှိဘူးမလား…" 


လိထျင်းက မျက်လွှာချလိုက်ပြီး အလွန်သနားစရာကောင်းသည့် ပုံစံဖြင့် ပြောလိုက်သည်။

"မရှိဘူး ကျွန်တော့်မှာ ပိုက်ဆံမှမရှိတာ တကယ်ကို ဆင်းရဲတာပါ…"  


ရွှီကျိ သူ့ကို မယုံပေ။ 


လိမိသားစုက ဒေဝါလီခံလိုက်ရသော်ငြား ယခင်က သူတို့ကုမ္ပဏီမှာ ကြီးမားသည်။ ကုလားအုတ်က ပိန်သွားလျှင်ပင် မြင်းထက်တော့ ကြီးသည်ဟု ပြောစမှတ်ရှိသည်။ 


လိမိသားစုရဲ့ သားတစ်ယောက်အနေနဲ့ စုထားတဲ့ငွေ ဒါမှမဟုတ် အိမ်မရှိဘူးဆိုတာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…


သို့တိုင် သူက ထိုသို့သော ကိုယ်ရေးကိုယ်တာ ကိစ္စများဖြင့် ငြင်းခုံမနေလိုပေ။


 “ဒါဆို မင်းဘာလိုချင်တာလဲ…”


လိထျင်းက တံခါးကို တစ်ချက်ကြည့်လိုက်ပြီး ရွှီကျိကို ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော်…” 


"လုံးဝပဲ မရဘူး…" 

ရွှီကျိက သူ့စကားကို ပြတ်ပြတ်သားသား ဖြတ်ပြောလိုက်သည်။ လိထျင်းတစ်ယောက် စိတ်ပျက်အားငယ်စွာဖြင့် တိတ်ဆိတ်သွားသည်။ 


သူ့အကြည့်က သူ့ခင်ပွန်း၏နောက်တွင်ရပ်နေသည့် ကျိဖန်းချီထံသို့ ကျရောက်သွားသောအခါ ဝမ်းနည်းဒေါသထွက်နေသည့် အမူအရာသို့ ပြောင်းလဲသွားသည်။


ကျိဖန်းချီမှာ လန့်သွားပြီး သားရဲတစ်ကောင်၏ လိုက်လံဖမ်းဆီးခံနေရသော ယုန်လေးတစ်ကောင်ကဲ့သို့ ဆံပင်များ ထောင်ကုန်သည်။


ရွှီကျိက သူ့အကြည့်ကို သတိပြုမိသွားပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။

"သူ့ကို ဘာလို့ ကြည့်နေတာလဲ…" 


သူက အရှုပ်အထွေးထဲသို့ ပါလုနီးနီးဖြစ်နေသည်ကို သတိပြုမိသည်နှင့် ကျိဖန်းချီက အလျင်အမြန် ပြောလိုက်သည်။

 “ဟားဟား ကျွန်တော် အထဲမဝင်ဖူးဘူးနော် ကျွန်တော်က ဆိုင်ကယ်လာယူတာ…”


ထိုသို့ပြောရင်း သူ ကားဂိုဒေါင်ထဲသို့ ပြေးဝင်သွားကာ ဆိုင်ကယ်တစ်စီးကို တွန်းထုတ်လာပြီး ခြေထောက်တစ်ဖက်ဖြင့် ခွတက်လိုက်သည်။ ထို့နောက် သူတို့နှစ်ဦးကို လှည့်ကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။

“ဟားဟား ကျွန်တော် သွားတော့မယ်နော် ကော၊ မရီး နောက်မှတွေ့မယ်…” 


ကျယ်လောင်သောဆိုင်ကယ်အင်ဂျင်သံက တဖြည်းဖြည်း ဝေးကွာပျောက်ကွယ်သွားသည်အထိ ရွှီကျိနှင့် လိထျင်းတို့ အချင်းချင်း တိတ်ဆိတ်စွာ ကြည့်နေကြသည်။


မည်သို့ပင်ဖြစ်စေ ရွှီကျိအနေဖြင့် လိထျင်းအား တံခါးမှဖြတ်ကာ ဝင်ခွင့်မပြုနိုင်ပေ။


ထို့အပြင် သူ့မိဘများနှင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိပ်တိုက်ရင်ဆိုင်လာရပြီးနောက် ထိုသူတို့၏ စိတ်နေစိတ်ထားကို သူ လုံးဝနားလည်ထားသည်။


"ဒီမှာပဲနေ…" 


ရွှီကျိက လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်နေစဥ် သူ့၏အရပ်ရှည်ရှည် ခန္ဓာကိုယ်က သော့ကို လုံးဝပိတ်ဆို့ထားသည်။ 

"မင်း ပိုပြီးသနားစရာကောင်းအောင် သရုပ်ဆောင်ချင်ရင် ရသေးတယ်…"


လိထျင်း: "ခင်ဗျား ဘာကိုဆိုလိုတာလဲ…"


ရွှီကျိက မေးသည်။

"မင်း ခြင်ကိုက်ခံရလား…"


လိထျင်း နားမလည်၍ ရိုးသားစွာ ပြန်ဖြေသည်။

 "မကိုက်ခံရပါဘူး…"


"အင်း…" 

ရွှီကျိ ခေါင်းညိတ်ပြီး တံခါးဖွင့်လိုက်သည်။ 

"သူတို့ မင်းကို ပြန်ခွင့်ပေးမှာပါ…"


ညှိနှိုင်းခွင့်မရဘဲ လိထျင်းရှေ့တွင် တံခါးပိတ်သွား၏။ သူက ဘာမှမပြောလိုက်သော်ငြား ခရီးဆောင်အိတ်လက်ကိုင်ကို ဆုပ်ကိုင်ထားသည့် သူ့လက်ချောင်းတို့က အားသုံးမှုကြောင့် ဖြူသွား၏။ သူက ခဏကြာမှ စိတ်လျှော့လိုက်နိုင်သည်။


ထိုအချိန်တွင် ရွှီကျိက ရေချိုးနေခဲ့သည်။


သူက ရေချိုးခန်းထဲကနေ အင်္ကျီမပါဘဲ ထွက်လာခဲကာ ပုဝါကို ပခုံးပေါ်တင်ထားသည်။ ရေစက်လေးများက သူ၏ ကျောပြင်ကြွက်သားများတလျှောက် လိုင်းငယ်လေးများနှယ် ချောချောမွေ့မွ့ စီးဆင်းသွား၏။


ထိုကြွက်သားများကက ဂျင်ဆော့ပြီး ပရိုတင်းမှုန့်များချည်း စားကာ ရလာသည့် ကြွက်သားများ မဟုတ်ပေ။ နှစ်ပေါင်းများစွာ ဆက်တိုက်လေ့ကျင့်ခန်းလုပ်ပြီးနောက်မှ ကြွက်သားများ ကွဲထွက်ဆန့်ထုတ်ပြီး ဖြစ်လာသည့် သန်မာတောင့်တင်းကာ ပျော့ပြောင်းသည့်ကြွက်သားများဖြစ်သည်။


ဘာမှမလုပ်ဘဲ ရပ်နေရုံဖြင့်ပင် သူ၏ယောက်ျားဆန်ဆန်ဟော်မုန်းများက အခန်းတစ်ခုလုံးကို ဖုံးလွှမ်းနေ၏။ ချူချီမှ သူ့အား "အောက်ပုဂ္ဂိုလ်လေးများအကြိုက်နတ်သုဒ္ဒါ" ဟု ခေါ်သည်မှာ လုံးဝ ချဲ့ကားထားခြင်းမဟုတ်ပေ။


သူက ကန့်လန့်ကာဆန်းခီးကို မတင်လိုက်ကာ ပန်းခင်းပေါ်တွင် ထိုင်နေဆဲဖြစ်သော လိထျင်းကို ငုံ့ကြည့်လိုက်သည်။ တစ်ဖက်လူ၏မျက်နှာအမူအရာကိုမူ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ရွှီကျိ မျက်ခုံးအသာအယာ ပင့်လိုက်သည်။ လိထျင်း ထွက်သွားလိမ့်မည်ဟု သူတွေးထားခြင်းဖြစ်၏။

ဖုန်းက အမှတ်မထင် မြည်လာ၍ သူကိုင်လိုက်သည်။


 “အင်း ဟုတ်ပါတယ် တံခါးဝက လူကို ပေးခဲ့လိုက်ပါ…”


မကြာမီပင် ကုန်ပစ္စည်းပို့ယာဉ်လေးတစ်စီး ရောက်လာသည်။ လိထျင်းက စိတ်ရှုပ်ထွေးနေသော အကြည့်ဖြင့် စားစရာကို ယူလိုက်ပြီးနောက် တင်းတင်းကြပ်ကြပ် ကာထားသော ခန်းဆီးများကို အမှတ်မထင် မော့ကြည့်လိုက်သည်။


ခဏအကြာတွင် တံခါးခေါက်သံကို ရွှီကျိ ကြားလိုက်ရသည်။ သူ တံခါးဖွင့်ပေးလိုက်သည်။


တစ်နာရီကျော်ကြာ အပြင်ဘက်တွင် အပိတ်ခံထားရသော်လည်း လိထျင်း၏ စိတ်အခြေအနေမှာ ကောင်းနေဆဲပင်။ သူက အစားအစာအိတ်ကို လှုပ်ယမ်းပြရင်း မေးလိုက်သည်။

 “ဒါ ခင်ဗျား မှာထားတာလား…”  


"အင်း…" 

 ရွှီကျိက ပြန်ဖြေသည်။


လိထျင်းက အခန်းထဲသို့ တစ်ချက်ကြည့်လိုက်ပြီး ဖြူစင်စွာ မေးလိုက်သည်။

"ဒါပေမဲ့ စားပွဲလည်းမရှိဘူးနော် ကျွန်တော် ဝင်လာလို့ရလားဟင်…"


"မရဘူး…" 

ရွှီကျိက မဆိုင်းမတွ ငြင်းဆိုလိုက်သည်။ 

"ထမင်းကြော် မှာပေးထားတယ် ဟင်းချိုမပါဘူး မကြိုက်ရင် မစားနဲ့…"


လိထျင်းက လှေကားထစ်ပေါ်တွင် ပြီးစီးအောင် စားသောက်လိုက်သည်။ သူ၏အသွင်အပြင်နှင့် အမူအရာကြောင့် သူက သူတောင်းစားနှင့် လုံးဝတူမနေပေ။


တစ်နာရီခန့်ကြာပြီးနောက် ရွှီကျိက တံခါးခေါက်သံကို ထပ်မံကြားလိုက်ရသည်။ လိထျင်း၏မျက်နှာထက်တွင် အပြုံးဖျော့ဖျော့လေးရှိနေပြီး သူက ဆိုလိုက်သည်။

“အမ်... ကျွန်တော် သန့်စင်ခန်းလေးသုံးချင်လို့…” 


ရွှီကျိတွင်လည်း သူ့အတွက် အစီအစဉ်ရှိနေပြီးသားဖြစ်၏။

"မီတာ ၁၀၀ လောက် တည့်တည့်လျှောက်ပြီး ဘယ်ဘက်ကို ကွေ့လိုက်ရင် အများသုံးအိမ်သာရှိတယ်…"


အနှီစကားကို ကြားပြီးနောက် လိထျင်း၏ အပြုံးလေးက အနည်းငယ် မှေးမှိန်သွားသည်။ သူက ပြောလိုက်၏။

"ကျွန်တော့် ခဏလေးပဲ ဝင်မှာ အဲဒါလေးကို ခွင့်ပြုဖို့ ဒီလောက်အထိ ခက်ခဲနေလို့လား…"


ရွှီကျိက ရယ်လိုက်သည်။

 "ငါ မေးပါရစေဦး ဘာလို့ ငါ့အိမ်ထဲကို သူစိမ်းတစ်ယောက်ကို ဝင်ခွင့်ပေးရမှာလဲ…"


လိထျင်းက ရွှီကျိ ရယ်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူ့နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားချိန်၌ သူ့၏ ထက်ရှသည့်မျက်နှာအသွင်အပြင်တို့က နူးညံ့သွားသည်ကို လိထျင်း သတိထားမိသွား၏။ သူက ပြောလိုက်သည်။

"ကျွန်တော်တို့က သူစိမ်းတွေလား ကျွန်တော်က ခင်ဗျားရဲ့ဇနီးနော်…" 


"မင်းကို ငါ့ဇနီးလုပ်ပေးဖို့လို့ ငါတောင်းဆိုခဲ့လို့လား… မင်း ငါ့မိန်းမ မဖြစ်ခင်ကဆို မင်းကိုငါ သိတောင် မသိဘူး…"

ရွှီကျိက ပြန်ဖြေလိုက်သည်။


လိထျင်း ပါးစပ်ပိတ်သွား၏။ သူ့မျက်နှာထက်ရှိ အပြုံးစစလေးက ပျောက်ကွယ်သွားကာ ဒေါသထွက်နေသည့်အမူအရာလေးပေါ်လာ၏။


"ငါ မင်းအကြောင်းကို သေချာသိလို့လား…" 

ရွှီကျိက မေးလိုက်သည်။

 "ဒါမှမဟုတ် မင်းကရော ငါ့အကြောင်းကို သေချာသိလို့လား…"


အလင်းရောင်ကို ကျောပေးထားသဖြင့် လိထျင်း၏အညိုရောင်မျက်ဝန်းလေးများက နက်မှောင်နေပြီး ဝမ်းနည်းနေပုံဖြင့် ရွှီကျိ၏ နှာတံပေါ်မှ မှဲ့နက်လေးကိုသာ တိတ်တဆိတ်စိုက်ကြည့်နေခဲ့သည်။


ရွှီကျိက ဆက်ပြောလိုက်သည်၊၊ 

“မင်း ဘာလို့ ငါ့ဆီအတင်း လာချင်နေလဲဆိုတာ ငါနားမလည်ဘူး မင်း ဘာလို့ ငါ့မိသားစုထဲကိုမှ ဝင်ချင်ရတာလဲဆိုတာကိုလည်း ငါမသိဘူး…”


သူ ငယ်စဥ်ကလေးဘဝကတည်းက လူအများက ကောင်းသောရည်ရွယ်ချက်နှင့်သာမ မကောင်းသည့်ရည်ရွယ်ချင်နှင့်ပါ သူ့ကိုကပ်တွယ်တတ်ကြသည်။ အထူးသဖြင့် သူက ရွှီမိသားစုမှ တစ်ဦးတည်းသောသား ဖြစ်နေသောကြောင့်ပင်။


သူ မူလတန်းတက်နေစဥ်က ပြန်ပေးဆွဲပင် ခံရဖူး၏။ ပြန်ပေးဆွဲသူမှာ သူတို့မိသားစုနှင့် ငါးနှစ်ကြာ အလုပ်လုပ်ခဲ့သည့် ယာဉ်မောင်းဖြစ်၏။ ကျောင်းဆင်းချိန်တိုင်း ထိုသူက cupcakeလေးများဝယ်ကာ သူ့ကိုစောင့်နေတတ်သည်။ သူ ချော်လဲကျချိန်တို့တွင်လည်း ထိုသူက သူ့မိဘများထက်ပင် ပိုပူပန်ပေးတတ်၏။ သူအနိုင်ကျင့်ခံရချိန်တိုင်းတွင်လည်း သူ့အတွက် လက်စားချေပေးတတ်သည်။ ငါးနှစ်လုံး သူတို့တစ်ယောက်နှင့်တစ်ယောက် မမြင်တွေ့ရသည့်ရက်ဟူ၍ မရှိပေ။


ငါးနှစ်ကြာ ဆက်ဆံရေးပျက်စီးသွားပြီးနောက် ရွှီကျိက သူ့ပတ်ဝန်းကျင်မှ လူများ၏အပြုံးတို့က အစစ်အမှန်ဖြစ်သည်လား အတုအယောင်ဖြစ်သည်လားဆိုသည်ကို ကောင်းကောင်းခွဲခြားနိုင်လာသည်။


အတော်ကြာပြီး နောက်ဆုံးတွင် လိထျင်း၏မျက်လုံးလေးမှာ ထပ်မံကွေးညွှတ်သွားပြီး ရန်လိုသည့် အငွေ့အသက်များ ချက်ချင်း ပျောက်ကွယ်သွားသည်။ 

“ဟုတ်ပါပြီ သိပါပြီ ကျွန်တော်က လမ်းလျှောက်ပျင်းလို့ပါ စိတ်မဆိုးပါနဲ့…”


ရွှီကျိ တိတ်ဆိတ်ကာကျန်ခဲ့၏။ အခုကဲ့သို့ပင် အတုအယောင်ဆန်လွန်းသည်။ ပြုံးနေသည့်ဟန်ဖြစ်ရန် သူ့မျက်နှာကြွက်သားများကို အတင်းအကြပ်ဆွဲဆန့်ထားခြင်းပင်။


ယင်းက အလွန်အတုအယောင်ဆန်သည်ဟု ပြော၍မရပေ။ အဘယ့်ကြောင့်ဆိုသော် အနည်းဆုံး ကျိညီအစ်ကိုနှစ်ယောက်က သတိထားမိသည်အထိ လုံလောက်အောင် အတုအယောင်မဆန်သောကြောင့်ပင်။


သူ လိထျင်းကို အဝေးသို့ လုံးလုံးတွန်းမထုတ်ပစ်ရခြင်းမှာ ထိုသူက အတုအယောင်ဆန်သော်ငြား ယင်းက သူ့အတွက်တမင်ရည်ရွယ်ကာ လုပ်ဆောင်ခြင်း မဟုတ်၍ပင်။ 


ယခင်က သူ့၏ဆန့်ကျင်မှုများနှင့် နှိုင်းယှဉ်ရပါက အခုအချိန်တွင် ရွှီကျိအနေဖြင့် လိထျင်း သူ့ကိုအဘယ်ကြောင့် ချဉ်းကပ်ရသည်ကို ပိုပြီးသိချင်နေမိ၏။



🧶🧶🧶