🐾Chapter 15
ဖြေရှင်းရခက်သည့် တရားလွန် ပေါင်လုံးဖက်မှု
သတိလစ်သွားခြင်းမှာ ထိခိုက်မှုမရှိသော်ငြား သတိလစ်အောင် ရိုက်ခံရခြင်းမှာ ထိခိုက်ဒဏ်ရာ ရစေနိုင်သော အပြုအမူပင်။ ထိုဖြစ်ရပ်နှစ်ခု၌ တူညီမှု တစ်ခုသာလျှင်ရှိသည်။
မည်သို့ပင်ဖြစ်စေ လူတစ်ယောက်အနေဖြင့် ကံဆိုးသည့် အခြေအနေများအား ရှောင်ရှားနိုင်စွမ်းရှိသည်။ ဥပမာအားဖြင့် အိပ်ရာပေါ်၌ အဖမ်းခံရခြင်း၊ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာ ရနေချိန်တွင် ချစ်သူနှင့် ရန်သူ တစ်ပြိုင်နက်တည်း ပေါ်လာခြင်းမျိုး ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် မည်သို့သော ဖြေရှင်းချက် ပေးစေကာမူ အဆုံးသတ်ရလဒ်မှာ မကောင်းနိုင်ပေ။ ထိုကြောင့် သတိလစ်သွားခြင်းမှာ အကောင်းဆုံးသော ရွေးချယ်မှုပင်။
ကျင်းယွီအတွက်မူ ရိုက်နှက်၍ မရသလို အမူအရာကင်းမဲ့သည် ရက်စက်ကြမ်းကြုတ်သော ဘော့စ်နှင့် ရင်ဆိုင်ရသည့်အခါ သတိလစ်သွားရန်သာ ဆုံးဖြတ်လိုက်သည်။ ယင်းမှာ အကောင်းဆုံး ရွေးချယ်မှုပင်။
သို့သော်..။
သတိလစ်သွားခြင်း ဆိုသည်မှာ သေဆုံးသွားခြင်း မဟုတ်ပေ။ သတိလစ်မေ့မျောသွားရာတွင် အချိန်အကန့်အသတ်ရှိသည်။ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရခြင်းကြောင့် မေ့မျောနေလျှင်ပင် ပတ်ပတ်လည်၌ အခြားသူများ ရှိနေမည် ဆိုပါက အများဆုံး သုံးရက်သာ ဖြစ်သည်။ ထို့ကြောင့် သတိလစ်နေသူ နိုးလာသည်နှင့် မည်သို့ တိုက်ခိုက်ခံရကြောင်း၊ မည်သည်ကြောင့် ပြန်လည်တိုက်ခိုက်ရန် လိုအပ်ကြောင်းနှင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်ပေးရန်လိုကြောင်း ရှင်းပြရပေမည်။
ကျင်းယွီသည်လည်း ထိုသို့သာဖြစ်သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် မနှစ်မြို့မှုများ ပြည့်နှက်နေသော ရွှေရောင်မျက်လုံးတစ်စုံနှင့် ရင်ဆိုင်လိုက်ရသည်။ ဆိုလိုသည်မှာ ကျင်းယွီအနေဖြင့် ဤကံမကောင်းအကြောင်းမလှခြင်းမှ မလွတ်မြောက်နိုင်တော့ ဟူ၍ပင်။ ရွှေရောင်မျက်လုံးပိုင်ရှင်မှ ပါးစပ်ဖွင့်ကာ ပြောလေသည်။
“မင်းသာ ဆက်ပြီးတော့ သတိလစ်နေဦးမယ်ဆိုရင် ငါက တက်နင်းပြီးတော့ နှိုးမလို့ ကြံနေတာ..”
“....”
ဒီထက်ပိုပြီး သာယာနာပျော်ဖွယ်ကောင်းတဲ့ စကားလုံး မရှိတော့ဘူးလားဟင်..
“မင်းက အချိန်မီလေး နိုးလာလိုက်တာပဲ..”
“....”
အချိန်မီမနိုးဘူးဆိုရင် ပြဿနာတက်နိုင်တယ်ပေါ့.. ငါ့ခန္ဓာကိုယ်က ဒင်း တက်နင်းခံရမယ့် အရေးက အချိန်ကိုက် ရှောင်လိုက်နိုင်တာပဲ..
“ဘာလို့ ပြန်မဖြေတာလဲ..”
အနက်ရောင်ချီလင်သည် ကျင်းယွီ၏ မျက်နှာအမူအရာအားကြည့်နေသည်။ ချီလင်၏ လေသံ၌ မကျေနပ်သည့် အရိပ်အယောင်တို့ သိသိသာသာ ထင်ဟပ်နေသည်။
“အာ.. ကျွန်တော့်ကို ဘာပြောစေချင်လဲ..”
အခုလေးတင် ငါ့ရဲ့ အသက်လေးက ဒင်းလက်ထဲမှာလေ.. သူက တက်နင်းမယ်ဆို တကယ်ကြီး တက်နင်းမဲ့ရုပ်.. ငါ့ရဲ့ သနားစရာအသက်လေး တိုတော့မလို့.. အဲလိုမိစ္ဆာနဲ့ ဘယ်သူက စကားပြောချင်နေလို့လဲ..
အနက်ရောင်ချီလင်သည် ကျင်းယွီ၏ စကားအား ကြားပြီးနောက် မည်သည့် တုံ့ပြန်မှုမျှ မပြုသော်ငြား သိုလှောင်ခန်းအတွင်းရှိ အပူချိန် အနည်းငယ် လျော့ကျလာသည်။ ကျင်းယွီ ချောင်းအသာဟန့်လိုက်မိသည်။
ဖြပ်.. ဖြပ်.. ဖြပ်..
ပေါ့ပါးသွက်လက်ကာ စည်းချက်ကျသည့် ခြေသံများ တဖြည်းဖြည်း ကျယ်လာသည်။ အဆိုပါခြေသံကြောင့် ကျင်းယွီသည် အနက်ရောင်ချီလင်၏ ခြေထောက်အား မကြည့်ဘဲ မနေနိုင်တော့ချေ။ ထိုစဉ်မှာပင် ခြေသံပိုင်ရှင်မှာ သူ၏အရှေ့သို့ ရောက်နှင့်ပြီးဖြစ်ကာ သူ၏ အနက်ရောင်ခွာ(ခြေထောက်) အား ကျင်းယွီ ရင်ဘတ်ပေါ်သို့ ဖြည်းညင်းစွာ တင်လိုက်သည်။
“အာ့..”
အရမ်းပဲ တရားလွန်တာ မဟုတ်ဘူးလား.. သတ်ပြီးမှ စကားပြောချင်တာပေါ့..
ကျင်းယွီရင်ဘတ်ပေါ်ရှိ ခြေထောက်ထံမှ အမျိုးအမည်မသိရသော အလင်းရောင်ထွက်ပေါ်လာသည်။ ရုတ်တရက်ဆိုသလို အနက်ရောင်ချီလင်၏ မကျေမချမ်းဖြစ်နေသည့် အသံအား ကြားလိုက်ရသည်။
“ဘာကြောင့်များ ဒီလောက်တောင် အားနည်းရတာလဲ..”
“....”
တော်လောက်ပြီထင်တယ်... တော်လောက်ပြီထင်တယ်... အေး.. နောက်တစ်ခါထပ်ပြီး အားနည်းတယ်လို့ ပြောရင်တော့ ငါခံနိုင်ရည်ရှိတော့မှာ မဟုတ်ဘူးနော်..
“မင်းရဲ့ ခန္ဓာကိုယ်မှာ ဖရိုဖရဲစွမ်းရည် အရမ်းနည်းနေတယ်.. လုံလောက်တယ်လို့ ပြောလို့တောင် မရဘူး..”
အနက်ရောင်ချီလင်၏ အသံ၌ စိတ်မရှည်မှုများ ကပ်ငြိနေသည်။
“အားနည်းလွန်းတယ်..”
“နင့်မေ...”
“အားနည်းသည်” ဆိုသော စကားအား ထပ်မံကြားလိုက်ရသော ကျင်းယွီမှာ သူ၏ဒေါသအား မထိန်းချုပ်နိုင်တော့ပေ။
“အားနည်းတယ် အားနည်းတယ် အားနည်းတယ် အားနည်းတယ် မင်းဖင်ကို အားနည်းလိုက်.. စောက်တုံးကောင်.. မင်းက နတ်သားရဲဆိုတာနဲ့ပဲ မင်းကို မအော်ရဲဘူး ထင်နေတာလား.. မင်းကိုယ်မင်း မွေးလာကတည်းက မီးကိုရှိုက်ပြီး ရာသီဥတုကို ထိန်းချုပ်နိုင်တယ်လို့ ထင်နေတာလား.. ဘယ်သာမန်လူမှာ အားနည်းချက်မရှိဘဲ နေလို့လဲ.. ပြီးတော့ ငါက အရမ်းပဲ အားနည်းနေလို့ မကြိုက်ဘူးဆိုရင်လည်း မင်းကို ဘယ်တော့မှ ခြေသလုံးဖက်ပြီး တောင်းပန်မှာ မဟုတ်ဘူး.. ရှင်းတယ်နော်.. တခြားသူကို သွားရှာလိုက်.. ငါ့ရဲ့ ချစ်ဖို့ကောင်းတဲ့ သားရဲတွေနဲ့ပဲ နေလိုက်မယ်.. ငါ့ကိုလာပြီး နှောင့်ယှက်ပါလို့ မင်းလိုမျိုး ပြဿနာကောင်ကို ပြောမနေဘူးနော်..”
ကျင်းယွီ အသက်တစ်ချက်မျှ မရှူဘဲနှင့် မကျေနပ်ချက်များအား ပြောလိုက်သည်။
မကျေနပ်ချက်အားလုံး ထုတ်ဖော်ပြီးနောက် ကျင်းယွီ အလုအယက် အသက်ရှူလိုက်ရသည်။ ရုတ်တရက် သူ၏ပတ်ဝန်းကျင်ရှိ အပူချိန်မှာ သိသိသာသာ လျော့ကျသွားသည်။ အပူချိန် ကျဆင်သွားခြင်းမှာ အနည်းငယ်မျှပင် အရေးမပါပေ။ သူ၏ ပတ်ပတ်လည်ရှိ လေထုမှာ သတ်ဖြတ်လိုစိတ်ဆန္ဒတို့ ပါဝင်နေသည်က ပိုအရေးကြီးသည်။
ထိုအချိန်တွင် ကျင်းယွီ ခေါင်းငုံ့နေမိပြီး ရွှေရောင်မျက်လုံးများအား မကြည့်ချင်တော့ပေ။ ထို့အပြင် ကျင်းယွီ နောက်တစ်ဖန် သတိလစ်သွားချင်သော်ငြား အလွန်စိတ်လှုပ်ရှားနေသောကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ သူစေလိုရာ အတိုင်း ဖြစ်မလာသဖြင့် မေ့မျောသွားခြင်း မရှိချေ။
ဤသို့ဖြင့် ကျင်းယွီ တုန်ယင်စွာဖြင့် သတိမကပ်ဘဲ သတိလစ်သင့်၊ မသင့်ကိုသာ တွေးနေမိတော့သည်။
“မင်း အခု သတိမေ့သွားမယ်ဆိုရင် ငါကိုယ်တိုင် နှိုးရလိမ့်မယ်..”
“.....”
ကျင်းယွီ တိတ်တဆိတ် ငိုကြွေးမိသည်။
“ဒါဆို ဘာလုပ်ရမှာလဲ.. တမင်ရည်ရွယ်တာမှ မဟုတ်ဘဲ..”
“မင်းရဲ့ လေသံကို နားထောင်ရတာတော့ မင်းက ဒေါသထွက်ပေမဲ့ အတော်ကြာအောင် ထိန်းချုပ်ထားခဲ့ရပုံပဲ..”
လေသံမှာ ယခင်အတိုင်း အေးစက်စက်ဖြစ်သော်ငြား ကျင်းယွီအတွက်မူ အပူ၊ အအေး နှစ်မျိုးလုံး တစ်ပြိုင်တည်း ခံစားလိုက်ရသလိုပင်။
“ငါ.. အင်း.. ဘာလို့ဆို ခင်ဗျားက ရုတ်တရက်ကြီးရောက်လာပြီး ကျွန်တော့်ကို အကူအညီတောင်းသလို ကြည့်လာတော့ အတော်လေး အံ့အားသင့်သွားလို့ပါ..”
“ငါက ကပ်ဆိုးအဖြစ် မွေးလာတာပေါ့လေ..”
“ကပ်ဆိုးတွေကို ဖြေဖျောက်ဖို့ မွေးလာတာပါ..”
ကျင်းယွီ တည်ငြိမ်စွာဖြင့် ရှင်းပြသည်။
“ကျွန်တော်က အံ့ဩနေမိလို့ပါ.. အဲဒါကြောင့် ပါးစပ်က လွှတ်ခနဲ ထွက်သွားတာ..”
“ဆရာလေး ဟုတ်လား..”
“ဘယ်ကသာ ဆရာကြီးပါ.. ဆရာလေးက ဆရာကြီးရဲ့ စကားကို နားထောင်ရတယ်ဆိုတာ အသိသာကြီးကို..”
ထိုသို့ပြောရင်း ကျင်းယွီမှာ မြေပြင်ပေါ်၌ ခရမ်းရောင်ဒင်္ဂါးများ ရှိသကဲ့သို့ အတင်းအကြပ် ခေါင်းကိုငုံ့ထားသည်။ သို့သော် ကျင်းယွီသာ မော့ကြည့်မည် ဆိုပါက အသက်မပါသော ရွှေရောင်မျက်လုံးတစ်စုံမှာ အလွန်တောက်ပစွာ ပြုံးလျက်ရှိကြောင်း မြင်တွေ့ရပေလိမ့်မည်ပင်။
“ဆိုတော့ ငါ့ပေါင်ကိုဖက်ဖို့ တခြားသူတွေကို ရှာသင့်လား..”
ကျင်းယွီ စိတ်ထဲ၌ ငိုကြွေးနေမိသည်။ အံတင်းတင်းကြိတ်ကာ ချီလင်၏ ပေါင်အား လက်နှစ်ဖက်ဖြင့် ဖက်ကာ အော်ပြောလိုက်သည်။
“ကျွန်တော် ရှိပါတယ်.. တခြားသူ မရှာပါနဲ့.. တခြားသူတွေက ကျွန်တော့်လောက် တော်မှာ မဟုတ်ဘူး.. တကယ်ပြောတာ..”
“ဆိုတော့ မင်းအခုလိုလုပ်တာ ငါက မင်းကိုအနိုင်ကျင့်တဲ့ ကပ်ဆိုးကြီး ဖြစ်နေလို့မဟုတ်ဘူးပေါ့..”
အနက်ရောင်ချီလင်၏ မျက်လုံးများမှာ ရယ်ချင်စိတ်အပြည့်ပင်။
“ဒါပေါ့.. ဒါပေါ့.. ဒီဆရာလေးက ကပ်ဘေးဖြေဖျောက်သူ ဆရာကြီးကို တွေ့ပြီး အခုတော့ ပေါင်လုံးဖက်ထားလိုက်ပြီ.. လုံးဝ လွှတ်မပေးတော့ဘူး..”
အလွန်အမင်း ရိုးသားသော စကားလုံးများနှင့်အတူ ကျင်းယွီ နှလုံးသားထဲ၌ တိတ်တဆိတ် ကျဆင်းနေသည့် မျက်ရည်များမှာ နိုင်းမြစ်ဝှမ်းကိုပင် ရေလွှမ်းစေနိုင်သည်။ ဤအနက်ရောင်ချီလင်နှင့် တွေ့ဆုံရခြင်းသည် ဘဝပေါင်းများစွာ ကံဆိုးမှုအား ဖြစ်စေနိုင်သည်အထိပင်။ သူ၏ အသက်အား ဆုံးရှုံးလုနီးနီး ဖြစ်ရသည်သာမကဘဲ အမှန်တရားကိုလည်း ပြောနိုင်ခြင်း မရှိချေ။ ဤချီလင်အား ဆုတ်ဖြဲနိုင်မည့် နဂါးတစ်ကောင် လိုချင်မိသည်။
“ဆရာကြီးကို ပေါင်ဖက်ထားတဲ့သူက ကျွန်တော် မဟုတ်ရင် ဘယ်သူဖြစ်မှာလဲဟင်.. နဂါးလား..”
အနက်ရောင်ချီလင်သည် နာကျင်စိတ်ထိခိုက်နေပုံရသည့် ကျင်းယွီ၏ မျက်နှာအား နက်မှောင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“အစစ်အမှန် နဂါးတစ်ကောင်ရဲ့ သွေးမျိုးဆက် ဖြစ်နေရင်တောင် ငါ့ကို မနိုင်ဘူး..”
ရုတ်တရက် ကျင်းယွီ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာသည်။
အမှိုက်ကောင်.. ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ရက်စက်ကြမ်းကြုတ်တဲ့ အနက်ရောင်ချီလင်တစ်ကောင် ရှိနေရတာလဲ.. သိမ်မွေ့ပြီး နူးညံ့တဲ့ အဖြူရောင်ချီလင်လေးဆို ပိုမကောင်းဘူးလား..
“အင်း.. ငါ့ပေါင်ကို ဖက်ထားတာတော့ တော်တော်လေး ဇိမ်ကျတာပဲ.. ဆိုတော့ မင်းက ငါ့လူဖြစ်သွားပြီနော်.. တကယ်လို မင်း ထွက်ပြေးဖို့ ကြိုးစားတာ ငါသိခဲ့လို့ရှိရင်တော့..”
ရုတ်တရက် အနက်ရောင်ချီလင်၏ ပတ်ပတ်လည်ရှိ လေထုမှာ ရုတ်တရက် အပူချိန်မြင့်လာသည်။ ရွှေရောင်မျက်လုံးတစ်စုံမှာလည်း အရိပ်အမြွက် ပြနေသယောင်ပင်။
“မင်းကို အရိုးပါမကျန်အောင် တစ်ကိုက်ပြီးတစ်ကိုက် ဝါးစားပစ်မယ်..”
!!!!!
“ထွက်ပြေးမိခဲ့ရင်တောင် ကျွန်တော့်ကို ထွက်ပြေးအောင် လုပ်တဲ့ကောင်တွေကို ကိုက်ပစ်ပြီး ဆရာကြီးဆီကို ပြန်ပြေးလာခဲ့မှာ..”
ကျင်းယွီ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လျက်နှင့် အော်ပြောသည်။ ဦးခေါင်းထက်ရှိ ဆံပင်များပင် အနည်းငယ် ထောင်နေသည်။
“စကြဝဠာတစ်ခုလုံးကတောင် ဆရာကြီးရဲ့ပေါင်ကို မဖက်ပါနဲ့လို့ တားမရဘူး..”
ကျင်းယွီ၏ စကားလုံးများမှာ ချီလင်အား စိတ်ကျေနပ်စေပုံ မရဟန်ရှိသည်။ ကျင်းယွီမှာ ထိတ်လန့်နေဆဲ ဖြစ်သောကြောင့် ‘ငါ့လူ’ နှင့် ‘နံရံကိုတွယ်တက်သည်’ ဟူသည့် စကားများအား ရှင်းရှင်းလင်းလင်း တွေးနိုင်ခြင်း မရှိချေ။ အနက်ရောင်ချီလင်သည် နောက်တစ်ဖန် ရှေ့ခြေအား ကျင်းယွီ၏ ရင်ဘတ်ပေါ်တင်ပြီးနောက် နူးညံ့စွာ ပြောလိုက်သည်။
“မင်းရဲ့ ဖရိုဖရဲစွမ်းရည်က အရမ်းနည်းနေပေမဲ့လည်း ဒီပမာဏလောက်ကတော့ အဆင်ပြေလောက်ပါတယ်..”
“အာ..”
“နည်းနည်းတော့ နာနိုင်တယ်.. ခံနိုင်ရည်ရှိဖို့ ကြိုးစားထား..”
“အာာာာ”
“မကြာခင် ပြန်လာခဲ့မယ်..”
“အိုး အိုး အိုး အိုး အိုးးးး”
ငါ့ဖင်ကြီးကို နည်းနည်းပဲနာလိုက်.. ရိုးတွင်းခြင်ဆီတွေ ခမ်းခြောက်သွားသလို ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ပြီး ထုံထိုင်းနေရောပဲ.. အသတ်ခံရတာထက်တောင် ပိုနာသေးတယ်ဟ.. ငါ့ဖင်ကြီးကို နည်းနည်းပဲနာ..
ကျင်းယွီ နောက်တစ်ကြိမ် မေ့မျောမသွားခင် တွေးမိသည်မှာ ဤမိစ္ဆာကောင်နှင့် မည်သည့်အခါတွင်မျှ ထပ်မံမတွေ့လိုတော့ ဟူ၍ပင်။
ကျင်းယွီ၏ ခန္ဓာကိုယ်ထဲရှိ ဖရိုဖရဲစွမ်းအင်များအား စုပ်ယူပြီးနောက် အနက်ရောင်ချီလင်သည် ရှေ့ခြေအား အောက်သို့ချကာ မေ့မျောနေသည့် ကျင်းယွီအား ကြည့်လိုက်သည်။ ယင်း၏ မျက်လုံးများမှာ အနည်းငယ် နောင်တရနေဟန်ပင်။
မခုခံဘူးလား.. ဒီလူက ဘာလို့များ အခုလောက် နာကျင်နေရတာလဲ.. တကယ်ပဲ အားနည်းလွန်းတယ်..
.....
ကျင်းယွီ သတိပြန်လည်လာချိန်တွင် မနက်လင်းနေပြီ ဖြစ်သည်။
သို့သော် အလင်းရောင်မှာ ကျင်းယွီ၏ ခံစားချက်အား ပိုမိုကောင်းမွန်လာစေခြင်း မရှိချေ။ ခန္ဓာကိုယ်တစ်ခုလုံး၌ ခွန်အားဟူ၍ အနည်းငယ်မျှပင် မရှိပေ။ နှလုံးသားမှာ နာကျင်နေပြီး ခေါင်းတစ်ခုလုံး ချာချာလည်နေသဖြင့် အချိန်ကြာအောင် မူးဝေလျက်ရှိသည်။ ကျင်းယွီ သားရဲများ၏ အခြေအနေအားကြည့်ရန် အားတင်း၍ မျက်လုံးဖွင့်လိုက်သည်။ ရုတ်တရက် ထူးဆန်းသည့် ဖြစ်ရပ်တစ်ခုအား တွေ့ရှိလိုက်လေသည်။
အလိုလိုက်ခံထားရသော ကလေးများကဲ့သို့ ချစ်စဖွယ်ကောင်းစွာ ပြုမူရင်း အလွန်အမင်းတက်ကြွကာ အားအင်အပြည့်ရှိနေတတ်သည့် သားရဲများသည် ဘာကြောင့်များ သူနှင့်ဝေးဝေး၌ နေကြတာများလဲ.. ဘာကြောင့် သေတ္တာကြီးတစ်ခုထဲ၌ တိုးဝှေ့နေကြတာလဲ..
ဆက်လက်ရှင်သန်လိုစိတ် မရှိတော့ဟန်ဖြင့် ဝမ်းနည်းပက်လက်နှင့် အမြီးကိုက်နေသော ပေါင်းဇီအား မြင်သည့်အခါ ကျင်းယွီ နှုတ်ခမ်းမဲ့မိလိုက်သည်။
A အဆင့် သားရဲတစ်ကောင်ဖြစ်ပြီး ဘာကိစ္စနဲ့ အခုလို ဖြစ်နေရတာတုန်း.. ပိုကြမ်းတဲ့ကောင် မရှိဘဲနဲ့ မင်းက ဘာကိစ္စ တုန်ယင်နေရတာတုန်း..
ပိုကြမ်းတဲ့ကောင် ရှိနေတာများလား..
အလျင်အမြန် နောက်သို့လှည့်ကြည့်ချိန်တွင် ကျင်းယွီ၏ မျက်လုံးများ ပြူးကျယ်လာတော့သည်။
ယခင်မြင်တွေ့ဖူးသည့် အနက်ရောင်ချီလင်နှင့် မတူစွာပင် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် သိုလှောင်ရုံအတွင်းရှိ သေးငယ်သည့် သေတ္တာတစ်ခုပေါ်၌ ဧကရာဇ်တစ်ပါးသဖွယ် ထိုင်နေလေသည်။ ထိုလူ၏ ပြစ်ချက်ကင်းမဲ့သည့် ရုပ်ရည်သွင်ပြင်အား သတိမမူမိဘဲ ကျင်းယွီအား ဆွဲဆောင်ထားသည်မှာ ရွှေရောင်တောက်နေသော မျက်လုံးတစ်စုံဖြစ်သည်။
“...”
“နိုးပြီလား..”
“အင်း..”
“နိုးရင် ဒါကိုစား.. မင်းရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းလွန်းတယ်..”
A+ အဆင့် ခွန်အားရှိသော လူဖြူတစ်ဦးမှ မြွေသည်းခြေတစ်အိတ်အား ယူလာသည်ကို မြင်သည့်အခါ ကျင်းယွီ နှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားလေသည်။
ဤရင်းနှီးကျွမ်းဝင်နေသော အသံသည် သူ့အား ဒေါသတကြီးဖြစ်လာစေသည်။ လိမ္မာသည့် သားရဲတစ်အုပ်အား ကျိုးနွံ့မှုရှိအောင် ရက်ရက်စက်စက် ပြုလုပ်ထားသူမှာ သေသွားသင့်သည့် ရက်စက်သော သားရဲဘော့စ် ဖြစ်နေသည်။
ဘာကြောင့်လဲ.. ဘာကြောင့် ဒီမိစ္ဆာကောင်က မျက်တောင်တစ်ချက် ခတ်လိုက်ရုံနဲ့ သားရဲကနေ လူဖြစ်လာရတာလဲ..
🐾🐾