Chapter 14
Viewers 2k

🐾Chapter 14

ကြမ်းကြုတ်သည့် တိုက်ရိုက်ရေးသမားများအား ခေါ်ကာ လမ်းတစ်ပတ်လျှောက်ခြင်း



သာ့ပိုင်၏ ဦးဆောင်မှုနှင့်အတူ ပေါင်းဇီ၊ ရှောင်ရွယ့်၊ ရှောင်ပိုင်တို့က အမိန့်ပေးပြီး ကျန်ဒဏ်ရာရ သားရဲများမှ နောက်မှလိုက်ပါကာ ‘ပြင်းထန်သော အဖျက်တရား သားရဲဗားရှင်း’ ဖြစ်ပေါ်လာလေသည်။


 ကျင်းယွီသည် နဂိုမူလ လှပကာ သက်တမ်းရှည်ကြာပြီဖြစ်သော ပထမအဆင့် တရားမဝင်အဆောက်အဦကြီး တအိအိ ပြိုကျလာသည်ကို မြင်တွေ့နေရသည်။ 


ပျက်စီးသွားပြီဖြစ်သော အဆောက်အဦ၏ အုတ်မြစ်မှာ ယိုယွင်းကာ မျက်စိနှင့် ကြည့်ရန်ပင် ကြောက်ဖို့ကောင်းနေသော်ငြား ကျင်းယွီသည် ရလဒ်အား လက်ခံနိုင်လေသည်။ ဤအဆောက်အဦသည် လူသားများ၏ စိတ်ဝိညာဉ်အား အနှောင့်အယှက် မပြုသရွေ့ မည်သို့ဖြစ်နေနေ လှပသည်။


အကျိုးဆက်အနေနှင့် ၁၀ မိနစ် ကြာပြီးနောက် အဆောက်အဦဖြိုဖျက်ခ မျိုးမျိုးမြတ်မြတ် ရတော့မည်ဟု ယုံကြည်ကာ စိတ်လှုပ်ရှားနေခဲ့သော မျောက်ဝံဆောက်လုပ်ရေးအဖွဲ့သည် ကျင်းယွီ၏အရှေ့၌ ရှိနေသည့် အမှိုက်နှင့် ပြာပုံကြီးကိုသာ မြင်တွေ့လိုက်ရသည်။ အဆိုပါ အမှိုက်များအလယ်၌ စိတ်လှုပ်ရှားနေသော သားရဲအုပ်ရှိပြီး ယင်းတို့၏ ဦးခေါင်းထက်၌ ဖုန်မှုန့်များ ကပ်ညိနေကြသည်။


......


“ဝုဖ်.. ဝုဖ်.. ဝုဖ်.. ဝုဖ်.. ဂါးးးးး အားးးးး”


ထိတ်လန့်ကာ တိတ်ဆိတ်သွားပြီးနောက် မျောက်ဝံဆောက်လုပ်ရေးအဖွဲ့၏ ခေါင်းဆောင်သည် ရွှေရောင်တူအား လည်ပင်း၌ ချိတ်ဆွဲပြီးနောက် လက်နှစ်ဖက်ဖြင့် ရင်ဘတ်အား ထုကာ အော်လေသည်။ လီရှောင်နှင့် ချန်လျန့်တို့သည် သားရဲဘာသာစကားအား နားမလည်သော်ငြား အဆိုပါ အော်သံမှတဆင့် မျောက်ဝံများ၏ ဒေါသအား ခံစားမိကြသည်။


သားရဲဘာသာစကားအား နားလည်သူ ကျင်းယွီသည် ခေါင်းဆောင်မျောက်ဝံ၏ စကားများအား တစ်လုံးမကျန် နားလည်လေသည်။ သိ့သော် မျောက်ဝံ၏ စကားများမှာ ကျင်းယွီအား နှုတ်ခမ်းတွန့်ရုံသာ ဖြစ်စေသောကြောင့် သက်ပြင်းချမိသည်။ ဤ‌အဆောက်အဦအား လျင်မြန်စွာ ဖြိုဖျက်ရန် သူ၏ကိုယ်ပိုင်သားရဲများ ရှိနေခြင်းမှာ ကောင်းလှသည်။


(အားး အားးးး အားးးးး ငါတို့မလာခင် ဒီအိမ်ကို ဖြိုသွားတဲ့သူ ဘာဖြစ်လို့ ရှိနေရတာလဲ.. ဒါက ဘာလဲ နှုတ်ပိတ်ခ မရှိတော့ဘူး ဆိုတဲ့ အဓိပ္ပါယ်လား.. အန်ကျဲကလူတွေက ထူးဆန်းတဲ့ အကြိုက်တွေရှိတာကို ငါသိတယ်.. ဒါပေမဲ့ ဒီပိုက်ဆံကိုရဖို့ အချိန်အကြာကြီး စောင့်နေခဲ့ရတာကွ..) 


မျောက်ဝံများ၏ စူးစူးဝါးဝါး အော်ဟစ်သံမှတဆင့် သူတို့၏ ဆိုးယုတ်သည့် ရည်ရွယ်ချက်တို့အား ပြသနေလေသည်။


“နှုတ်ပိတ်ခ မရှိဘူးပေါ့.. ဒါပေမဲ့ ရက်နည်းနည်းကြာရင်တော့ မင်းတို့က ငါ့ကို နှုတ်ပိတ်ခ ပေးရလိမ့်မယ်လို့ ထင်တယ်.. ဟုတ်တယ် ဟုတ်..”


အိုးးး


ရင်ဘတ်အား လက်ဖြင့်ထုနေသော မျောက်ဝံ ရုတ်တရက် ကြောင်အကာ တိတ်ဆိတ်သွားသည်။ ကျင်းယွီ ရှိရာသို့ တဖြည်းဖြည်း ခေါင်းလှည့်လာသည်။ ကျင်းယွီ ပြုံးနေသည်မှာ မျက်လုံးပင် လခြမ်းကွေးလေး ပေါ်လာသည်။


“မင်းရဲ့ ဆောက်လုပ်ရေးအဖွဲ့က အားနည်းချက်ကို ရှာပြီး နှုတ်ပိတ်ခ လိုက်တောင်းနေတယ်ဆိုတာကို လူတိုင်းသိသွားမယ် ဆိုရင်တော့ မင်းတို့ကို ငှားကြဦးမယ်လို့ ထင်သေးလား..”


အွတ်...


ဒေါသတကြီးဖြစ်နေသော်ငြား ပါးစပ်ပိတ်ထားသော ခေါင်းဆောင်ဖြစ်သူ ရွှေရောင်အမွေးမျောက်ဝံသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ယင်းသည် သူ၏ မျက်လုံးနှင့် နားများအား ပိတ်ကာ ဤအရာအား မယုံကြည်နိုင်ကြောင်း ပြသနေ၏။


.....


“ငါ့မှာ အချိန်မရှိလို့ မင်းအနေနဲ့ အဖြစ်မှန်ကို ရင်ဆိုင်လိုက်တာ ပိုကောင်းလိမ့်မယ်..”


ကျင်းယွီသည် မျက်လုံးအား လက်ဖြင့်အုပ်ထားသည့် မျောက်ဝံကိုကြည့်လိုက်သည်။ ယင်းသည် ရံဖန်ရံခါ လက်ချောင်းများကြားမှ ခိုးကြည့်နေပြီး မျက်လုံးများပင် ကျွတ်ထွက်မတတ်ပင်။


ကျင်းယွီအနေဖြင့် ဤခေါင်းဆောင်မျောက်ဝံအား အနိုင်ကျင့်နေခြင်း မဟုတ်ပေ။ သို့သော် မျောက်များသည် မျက်လုံးအား လက်ဖြင့်ကာကာ လက်ကြားထဲမှ ချောင်းကြည့်နေသည့် ဤရွှေရောင်မျောက်ဝံကဲ့သို့ ချစ်စဖွယ်ကောင်းစွာ ပြုမူတတ်ကြပါသလား။ 


အဆိုပါမျောက်များမှာ သူ့ထက် အရပ်ရှည်ကာ သန်မာကြပြီး ‘ချစ်စဖွယ်ကောင်းခြင်း’ ဟူသည့် စကားလုံးမှာလည်း သူတို့နှင့် လားလားမျှ မသက်ဆိုင်ဘဲ ရှိနေတတ်ကြသည်။ ယင်းမှာ အမှားအယွင်းတစ်ခုပင်။ 


ဒီမျောက်ဝံရဲ့ လှုပ်ရှားမှုတွေက ဘာလို့ ချစ်စဖွယ်ကောင်းနေရတာတုန်း။


ဒီကောင်နဲ့ ချစ်ဖို့ကောင်းတာ ဆိုတာက လုံးဝကို ဆန့်ကျင်ဘက်ကြီးလေ..


“မင်းတို့ရဲ့ လုပ်ဆောင်ချက် ကောင်းမယ်ဆိုရင်တော့ ငါက ဘာမှမကြားသလို သတ်မှတ်ပေးလိုက်မယ်..”


အရုပ်ဆိုးဆိုး မျောက်တစ်အုပ်၏ ချစ်စဖွယ်ကောင်းစွာ ပြုမူနေမှုအား ဆက်မကြည့်နိုင်တော့သဖြင့် ကျင်းယွီ အလျော့ပေးလိုက်ရသည်။ ယနေ့အဖို့ တစ်ကြိမ် စိတ်တိုဒေါသထွက်ပြီးပြီ ဖြစ်သောကြောင့် နောက်တစ်ကြိမ် စိတ်အနှောင့်အယှက် ဖြစ်မခံနိုင်တော့ပေ။


ဤသို့ဖြင့် နှုတ်ပိတ်ခ အစားထိုးရသွားသော မျောက်ဝံဆောက်လုပ်ရေးအဖွဲ့သည် ချက်ချင်းပင် မျက်လုံးအုပ်ထားသည့် လက်များအား အောက်ချလိုက်ကြသည်။ ရွှေရောင်အမွေးမျောက်ဝံ၏ ဦးဆောင်မှုနောက်မှ လိုက်ပါက အဆိုပါမျောက်တစ်အုပ်သည် ကျင်းယွီအား လက်ဖက်ရည်ဖြင့် အစွမ်းကုန် လောကဝတ်ပြုကြသည်။ ကျင်းယွီမှာမူ သူ၏ တင်ပါးအောက်ရှိ ခုံ၏ လက်ရာမြောက် လှပမှုနှင့် ခွက်ထဲရှိ လက်ဖက်ရည်၏ အဖိုးတန်မှုအား မသိဘဲ ရှိနေသည်။ သိခဲ့မည် ဆိုလျှင်ပင် သူ၏ စိတ်အခြေအနေအား ထိခိုက်စေလိမ့်မည် မဟုတ်ပေ။


“အင်း.. ငါက ရှေးခေတ် တရုတ်အိမ်ပုံစံကို နှစ်ထပ်နဲ့လိုချင်တယ်.. အပြင်ကကြည့်ရင်တော့ ဟင်းလင်းဖွင့်ထားသလိုမျိုး ဖြစ်ရမယ်.. အတွင်းပိုင်းကတော့ သက်သောင့်သက်သာနဲ့ နွေးထွေးအေးချမ်းရမယ်.. ဒါဆို အဆင်ပြေပြီ.. အခု သေချာလေး နားထောင်နော်.. အပေါ်ထပ်မှာက လူနေမှာမို့ သီးသန့်ဆန်ရမယ်.. အောက်ထပ်ကတော့ အင်း.. အောက်ထပ်က သားရဲစတိုးပဲ..”


ကျင်းယွီ လက်ဖက်စိမ်းတစ်ခွက်အား တိတ်တဆိတ် လောင်းထည့်ရင်း ရွှေရောင်အမွေးမျောက်ဝံအား ကြည့်ကာ ပြောလေသည်။


“မင်းတို့မှာ ငါ့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ပုံကြမ်းရှိလား.. ငါ့မှာ အချိန်က မရှိသလောက်ပဲဆိုတော့ မင်းတို့ရဲ့ အတွေးတွေကို နားထောင်ဖို့ အချိန်မ‌ပေးနိုင်ဘူးနော်..”


မျက်ရည်မဆည်နိင်ဘဲ ရှိနေသေးသည့် ရွှေရောင်အမွေးမျောက်ဝံမှာ တိတ်တဆိတ် ငိုကြွေးနေဆဲပင်။ စိတ်ထဲ၌မူ ဒေါသတကြီး ပြောဆိုနေမိသည်။


ဒီမျောက်ဘုရင်က ဘယ်လိုပြစ်မှုမျိုး ကျူးလွန်မိခဲ့လို့များ ဒီလို အလုပ်မျိုးကို လက်ခံမိရတာလဲ.. နောက်ဆုံးတော့ ဒီမျောက်ဘုရင်က နှုတ်ပိတ်ခ ဆိုတာကိုလည်း မရတော့သလို လုပ်အားခလည်း မရတော့မဲ့ အခြေအနေမျိုးအထိ ခြိမ်းခြောက်ခံနေရတယ်.. နောက်တစ်ကြိမ်ဆိုရင်တော့ ငါ့ဦးနှောက်ကို ဖောက်စားမယ်ဆိုရင်တောင် အန်ကျဲက အလုပ်ဆို တာ့တာပဲဟေ့.. ဖွီ.. ငါ့ကို ဘယ်သူမှ မတားကြနဲ့..


စိတ်ထဲမှ ကျိန်ဆဲခြင်းဆိုသည်မှာ စိတ်ထဲမှ ဆဲရေးနေခြင်းသာဖြစ်သည်။ ရွှေရောင်အမွေးမျောက်ဝံသည် ကျွမ်းကျင်ပညာရှင်ဖြစ်ကြောင်း ချက်ချင်းပြသနိုင်သည်။ ပညာရှင်တစ်ဦး မဖြေရှင်းနိုင်သည့်အရာ မရှိပေ။ ရွှေရောင်အမွေးမျောက်ဝံသည် အဆောက်အဦပုံကြမ်းစာအုပ်အား ထုတ်ယူကာ အလျင်အမြန်ပင် ဒုတိယစာမျက်နှာသို့ လှန်လိုက်သည်။


တစ်ချက်ကြည့်ရုံသာ...။


ကျင်းယွီသည် ထိုစာမျက်နှာရှိ အဆောက်အဦပုံအား ကြည့်လိုက်သည်။


‌တရုတ်စံပုံစံ နှစ်ထပ်အ‌ဆောက်အဦပင်။ တံစက်မြိတ်၊ အနီရောင်သစ်စေးသုတ်ထားသော တံခါးခုံးနှစ်ခု၊ နဂါးပျံနှင့် ဖီးနစ်လမ်းလျှောက်ဟန် တိုင်လုံးနှစ်လုံး။ အဆောက်အဦ၏ အသေးစိတ်မှာ လွန်စွာ အနုစိတ်လှသည်။ သို့သော် အဆောက်အဦ တစ်ခုလုံးအား ကြည့်မည်ဆိုလျှင် ကိန်းကြီးခမ်းကြီး နိုင်လှသည်။ အဆောက်အဦ၏ အပြင်ဘက် ပုံစံမှာ ကျင်းယွီအား အလွန်အမင်း ကျေနပ်စေသည်။ ထို့ကြောင့် ပုံကြမ်းနှင့် အပြင်အဆင်အားလုံးမှာ သူ့စိတ်ကြိုက်ဖြစ်ကြောင်း ပြောနေရန်ပင် မလိုတော့ပေ။ 


“ဒီတစ်ခု.. အားလုံးပြီးစီးဖို့ဆိုရင် ဘယ်လောက်လောက် ကြာမလဲ..”


ဟိုး ဟိုး ဟိုး ဟိုးးးး(မျေက်ဝံပြန်ပြောသံ)


“ငါးရက်လား.. အချိန်က ကြပ်နေပေမဲ့လည်း လက်ခံနိုင်ပါသေးတယ်..”


ကျင်းယွီသည် မြေပြင်ပေါ်ရှိ အမှိုက်ပုံကြီးအားကြည့်ကာ သားရဲများအား အလွန်အမင်း အနိုင်မကျင့်သင့်ဟု တွေးမိသည်။


“ပိုက်ဆံကကော..”


ဟိုး ဟိုး ဟိုး ဟိုးးးး


“ခရမ်းရောင်ဒင်္ဂါး သုံးရာလား.. ဖူး.. မင်းတို့ကောင်တွေ ဘာကြောင့်များ အကျိုးအမြတ်ယူဖို့ မကြိုးစားကြတာလဲကွ..”


ဂါးးးးးးးးးး


ဝုဖ် ဝုဖ်


မြောင်-မြောင် ကျလိ ကျလိ ချပ်စ် ချပ်စ်..


များမကြာမီမှာပင် ကျင်းယွီ၏ နံဘေးမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ မြင့်မားသော ဈေးနှုန်းကြောင့် မကျေမနပ် ဖြစ်နေသည့် သားရဲများမှ ကျယ်လောင်စွာ ဆန္ဒပြကြသည်။ ကြောက်ရွံ့နေသော D အဆင့် ရွှေရောင်အမွေးမျောက်ဝံမှာ တုန်လှုပ်စွာဖြင့် မြေပြင်ပေါ် ထိုင်ချလိုက်မိသည်။


ဟိုး ဟိုး ဟိုး ဟိုးးးး (တစ်ရာ့ငါးဆယ်.. ဒီဈေးဆိုရင် အဆင်ပြေပါတယ်နော်.. ဒါက သင့်တင့်တဲ့ ဈေးပါ.. ကျွန်‌တော်လည်း နေ့လယ်စာအတွက် ပေးရဦးမှာလို့..)


နှပ်ချေးတွဲလောင်းနှင့် ဝမ်းနည်းတကြီးငိုနေသည့် ရွှေရောင်အမွေးမျောက်ဝံအား မြင်ရသည့်အခါ ကျင်းယွီ ချောင်းအသာဟန့်လိုက်မိသည်။


“ထားလိုက်ပါတော့.. ခင်မင်မှုဆိုတာက ခရမ်းရောင်ဒင်္ဂါး နှစ်ရာတော့ တန်ကြေးရှိတယ် မဟုတ်လား.. မင်းတို့က သေသေသပ်သပ်လေးတော့ လုပ်ပေးပေါ့..”


ကျင်းယွီသည် အမှိုက်စွန့်နေရာအနောက်ရှိ သိုလှောင်ရုံအသေး ရှိရာသို့ လှည့်လိုက်သည်။ ဤနေရာ၌ ဆက်နေမိမည် ဆိုပါက ရွှေရောင်အမွေးမျောက်ဝံအား ပြဿနာရှာရန် ပေါင်းဇီအား စေခိုင်းမိပေမည်။ ချစ်စဖွယ်ကောင်းစွာ ပြုမူနေခြင်းမှာ ဤမျောက်များနှင့် လားလားမျှ မသက်ဆိုင်သဖြင့် အနီးအနားရှိ လူအများအား သည်းမခံနိုင်အောင် ဖြစ်စေသည်။ 


ကျင်းယွီ ခြေလှမ်းပြင်စဉ်မှာပင် လီရှောင် ရုတ်တရက် လက်ဆွဲထားလိုက်သည်။ ကျင်းယွီ၏ သံသယမျက်လုံးများအောက်မှာပင် မေးလိုက်ရသည်။


“ကျင်းဇီ.. ခုနက အိမ်ရဲ့ အခြေအနေကို မမြင်လိုက်ရဘူးလေ.. သိချင်လို့ သေတော့မယ်.. သာ့ကောကို ပြောပြပါဦး..”


ကျင်းယွီ နှုတ်ခမ်းမဲ့လိုက်သည်။ လီရှောင်အား တည်ငြိမ်စွာ ကြည့်ကာ ဖြေလေသည်။


“အစ်ကို့ရဲ့အိမ်မှာ ပရိဘောဂအပြည့် ခင်းကျင်းထားမယ်ဆိုပါစို့.. ထမင်းစားပွဲကစလို့ ကုလားထိုင်တွေ လက်ဖက်ရည်ခွက်တွေ နံရံကပ်တွေ မီးဆိုင်းတွေ အားလုံးက အစ်ကို့ညီရဲ့ ပုံသဏ္ဌာန်၊ အရွယ်အစား၊ အရောင်တွေ ဖြစ်နေမယ်ဆိုရင် အဲဒီအိမ်ကို ဖျက်ဆီးပစ်ချင်မိမှာပဲ မဟုတ်လား..”


လီရှောင်မှာ လုံးလုံးလျားလျား စိတ်ထိခိုက်သွားပုံရပြီး ဖျော့တော့ကာ တုန်ယင်နေသည်။


“အဲဒီလိုဆိုရင်တော့ ကိုယ့်ဘာသာပဲ သတ်သေပစ်မိမှာ..”


“အခု ကျွန်တော့်ခံစားချက်ကို နားလည်သွားပြီ မဟုတ်လား..”


လီရှောင် အော်ငိုလုနီးနီးပင်။


“ဒီလျှာရှည်တဲ့ ပါးစပ်ကိုပဲ ဖြတ်ရိုက်ချင်မိတယ်.. မင်းကို စိတ်ဒုက္ခပေးမိပြီ..”


“အချိန်လွန်သွားပြီ..”


ဘယ်သူက အဲဒီ မျောက်ကို ‘ချစ်ဖို့ကောင်း’အောင် လုပ်ခိုင်းနေလို့တုန်း.. အဲကောင်က လူတွေကို ဖျက်ဆီးချင်နေတာလား..


ပြဿနာကြီးတစ်ခုအား ဖြေရှင်းပြီးပြီ ဖြစ်သဖြင့် ကျင်းယွီသည် သားရဲတစ်အုပ်နှင့်အတူ စွန့်ပစ်သိုလှောင်ရုံသို့ ပျော်ရွှင်စွာ ပြန်လာခဲ့သည်။ ထို့နောက် ယင်းတို့သည် အသားပေါက်စီစားနေရခြင်းအား အဖွဲ့လိုက် ဆန္ဒပြနေကြသဖြင့် အသားချိုချဉ်ကြော်နှင့် ထမင်းကျွေးလိုက်ရသည်။


ညစာစားပြီးနောက် ဒဏ်ရာရသားရဲများသည် နာခံစွာဖြင့် တန်းစီကာ အမှိုက်စွန့်နေရာသို့သွား၍ အိပ်ကြသည်။ သာ့ပိုင်၊ ရှောင်ပိုင်၊ ပေါင်းဇီ နှင့် ရှောင်ရွယ်တို့သည် အနာဂတ်တွင် သားရဲစတိုး၏ အစောင့်များ ဖြစ်ကြသည်။ ထို့ကြောင့် ကျင်းယွီ၏ ကိုယ်ပိုင်အပူပေးစက်သဖွယ် အနောက်၌ ကျန်နေခဲ့ကြသည်။ 


ကျင်းယွီမှာ မိမိကိုယ်ကိုယ် အနွေးဓာတ်မပေးနိုင်သောကြောင့် ရှောင်ပိုင်အားဖက်ကာ သာ့ပိုင်နှင့် ပေါင်းဇီအား မှီလိုက်သည်။ ထို့နောက် ရှောင်ရွှယ်၏ ရနံ့မွှေးမွှေးလေးအား ရှူရှိုက်ကာ အိပ်စက်သွားတော့သည်။


ထိုသို့ဖြင့် မှုန်မှိုင်းသော ညရောင်အောက်တွင် ပျော်ရွှင်စွာ အိပ်စက်နေ‌သော ကျင်းယွီမှာ သူ၏ ကတိစကားများအား မေ့လျော့နေလေ၏။ ယခုအချိန်မှာ အနက်ရောင်ချီလင် သတ်မှတ်ပေးထားသော ‘သုံးရက်’ အချိန် ပြည့်ရန် တစ်နာရီသာ လိုတော့သည်။


အကျိုးဆက်အနေဖြင့် တစ်နာရီကြာပြီးနောက်၌ ကျင်းယွီ ချွေးအေးများဖြင့် နိုးလာလေသည်။ ခေါင်းတဆစ်ဆစ် ကိုက်နေပြီး ပြင်းထန်သည့် သေစေလိုစိတ် ဆန္ဒများကြောင့် နိုးထလာပုံပင်။ အဆိုပါ ရွှေရောင်မျက်ဆံများမှာ လူတစ်ယောက်အား တိုက်ရိုက်သတ်ပစ်နိုင်စွမ်းရှိသည်။


ကျင်းယွီ နှုတ်ခမ်းမဲ့ကာ ကိုယ့်ပေါင်ကိုယ် ဆွဲဆိတ်လိုက်သည်။


“ဝိုး.. ရုတ်တရက်ကြီး ခံစားချက်မဲ့နေတဲ့ ချီလင်က ငါ့ကို သရော်နေတယ်လို့ မြင်မိလိုက်တာများလား.. အမြင်မှားတာပဲ ဖြစ်မှာပါလေ..”


ကျင်းယွီသည် အိပ်မက်မက်နေခြင်း ဖြစ်မည်ဟု စိတ်ဆုံးဖြတ်ကာ မျက်လုံးမှိတ်ကာ အိပ်ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်စဉ်မှာပင် အေးစက်သော အသံတစ်သံမှ သူ၏အတွေးအား ဖြတ်တောက်လိုက်သည်။


“ငါလှောင်ရယ်နေတဲ့သူက မင်းလေ..”


“....”


“မင်းလိုမျိုး အားနည်းလွန်းတဲ့ လူသားတစ်ပိုင်းကို တစ်ခါလေးတောင် မမြင်ဖူးဘူး..”


“....”


အေး ငါက အဲလောက်တောင် ချိနဲ့နေရင် သားရဲတစ်အုပ်ကို ထိန်းကျောင်းနိုင်ပါ့မလားကွ..


“မင်းရဲ့ ခန္ဓာကိုယ်က ဒီဖရိုဖရဲ ကမ္ဘာကြီးအတွက် အရမ်းအားနည်းလွန်းတယ်.. မင်းက အဲဒီ လူပျော့လူညံ့တွေလိုမျိုး အချစ်အတွက် ကိုယ့်ကိုယ်ကိုယ် စတေးတဲ့လူစားမျိုးပဲ ဖြစ်လာလိမ့်မယ်..”


ဘုန်း...


ထိုသို့ဖြင့် စိတ်သောကရောက်ကာ လှောင်ရယ်ခံနေရသည့် ကျင်းယွီသည် ငါးသေတစ်ကောင်သဖွယ် မြေပြင်ပေါ်သို့ လဲကျသွားသည်။ မူးဝေကာ သတိလစ်သွားပါစေဟု ဆုတောင်းနေမိသော်ငြား သတိလစ်သွားစဉ်တွင် တစ်ခုသာ တွေးမိတော့သည်။


ဒီမိစ္ဆာကောင်က အရမ်းပဲ ရက်စက်ပြီး ကြမ်းတမ်းတယ်.. အဲဒီအနက်ရောင်မိစ္ဆာကောင်ကို ပြောနေတာ..



🐾🐾