Chapter 13
Viewers 2k

🐾Chapter 13

ပထမတန်းစား တရားမဝင်အဆောက်အဦး



အန်ကျဲရှိ လူအိုကြီးများအား ယနေ့မတိုင်မီက တစ်နေ့လျှင် အမှိုက်နှစ်ကြိမ်ရှင်းရန် လိုအပ်သည်ဟု ပြောမည်ဆိုလျှင် ထိုလူမှာ လူအိုကြီးများ၏ လက်အောက်ငယ်သားများထံမှ သေအောင်ရိုက်သတ်ခံရမည်ပင်။


အကြောင်းအရင်းမှာ အဆိုပါကောင်စုတ်သည် သူတို့အား ကျိန်စာတိုက်ထားလေသည်။


တစ်နေ့တစ်ကြိမ် အမှိုက်သိမ်းခြင်းပင်လျှင် သူတို့အားလုံး အတူတကွစုပေါင်းကာ တိုင်စာပို့မိစေသည်။ တစ်နေ့နှစ်ကြိမ်သာ ဆိုပါက သူတို့၏ နေ့ရက်များမှာ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းနိုင်တော့မှာလဲ။ သို့သော် ယနေ့ပြီးနောက်၌ အန်ကျဲ၏ လူအိုကြီးများမှာ တစ်နေ့နှစ်ကြိမ် အမှိုက်သိမ်းပေးမည့်သူအား ကျေးဇူးတင်နေမိကြလိမ့်မည်။ မည်သူမဆို အသန့်ကြိုက်ကြသည်ချည်းသာ။


လက်တွေ့တွင်မူ ကျင်းယွီ သားရဲအုပ်အား ဦးဆောင်ကာ အမှိုက်မသိမ်းသရွေ့ အန်ကျဲရှိ လူအိုကြီးများအားလုံး ပျော်ရွှင်နေမည် ဖြစ်သည်။ 


သို့သော် ယနေ့ည၌ ကျင်းယွီ၏ ဒုတိယအကြိမ် သားဦးတစ်အုပ်အား ဦးဆောင်ကာ လမ်းတစ်လျှောက် အမှိုက်သိမ်းလေသည်။ ဤသတင်းအား ကြိုတင်ရရှိထားသည့် လူအိုကြီးများသည် ခရမ်းရောင်ဒင်္ဂါးများ အပြည့်ပါသည့် အိတ်တစ်အိတ်စီကိုင်ကာ မိမိအိမ်ရှေ့ တံခါးအပြင်၌ရပ်ရင်း ကျင်းယွီအား စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်လျက်ရှိကြသည်။


အိမ်ဝယ်ဖို့ ပိုက်ဆံမရှိလည်း စောစောပါလား ငနာကောင်ရဲ့.. ဒင်္ဂါးအပုံလိုက် ပို့လိုက်မှာပေါ့.. သောက်အမှိုက်သိမ်းပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေစရာလား.. သောက်ဦးနှောက်ပျက်နေတာပဲဖြစ်ရမယ်.. ဟူး.. သောက်ဦးနှောက်ပျက်တော့ ကိုယ့်အရည်အချင်းကိုယ် ဖြုန်းတီးနေတော့တာပေါ့..


နေ့စဉ် နံနက်ခင်းတိုင်း နေ့လယ်ဘက်တိုင်း၌ သားရဲရိုင်းများ ပွက်ပွက်ညံနေသံကို မကြားရတော့မည် ဖြစ်ကြောင်း စဉ်းစားကြည့်ရုံနှင့်တင် ကပ်စေးနှဲအဖိုးကြီးတစ်သိုက်အား ရက်ရောလာစေသည်။ ယင်းအား ခရမ်းရောင်ဒင်္ဂါး ၁၀၀ ပါသည့် အိတ်ကလေးများအား ကြည့်ရုံနှင့်ပင် သိနိုင်သည်။ 


အန်ကျဲအပြင်၌ဆိုပါက ဤခရမ်းရောင်ဒင်္ဂါး ၁၀၀ ပါသည့် အိတ်တစ်အိတ်လျှင် မိသားစု သုံးစုအား ၁၀ နှစ်ကြာအောင် ကျွေးမွေးထားရန် လုံလောက်သည်။ ဤလူအိုကြီးများအတွက်မူ တစ်နေ့တာ ငြိမ်းချမ်းရေးအတွက် ရွှေဒင်္ဂါး ၁၀၀ ဟူသည်မှာ ထိုက်တန်သည်ထက်ပင် ပိုလေသည်။ 


ဤသည်မှာ အန်ကျဲနှင့် အန်ကျဲရပ်ဝန်းမှာ လုံးလုံးလျားလျား ကွဲပြားနေရခြင်းပင်။ အန်ကျဲပြင်ပ၌ သင်၏ အိမ်နီးနားချင်းမှာ အလုပ်သွားရန်လိုသည့် သာမန်လူတစ်ချို့ ဖြစ်နိုင်သော်ငြား အန်ကျဲ၌မူ သင်၏ အိမ်နီးချင်းမှာ အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ဖြစ်မနေပါက အနည်းငယ် ကိုးရိုးကားရား နိုင်ပေမည်။ ထို့အပြင် အန်ကျဲ၏ လူအိုကြီးများသည် ‘ရိုးရှင်းသောပုံမှန်’ ဘဝတစ်ခုအား စတင်နေကြသည်။ တစ်ချိန်တည်းမှာပင် ဆန့်ကျင်ဘက်အနေနှင့် ငွေကြေးသည် အန်ကျဲ၌ ကောင်းမွန်သော ဘဝတစ်ခု ရရှိစေနိုင်သည်။  


အမှိုက်ကောက်ရုံနှင့်ပင် အန်ကျဲ၏ ခရမ်းရောင်ဒင်္ဂါးများ အလျင်အမြန် စုဆောင်းနိုင်မည်ဟု ယုံကြည်ထားပါက ကျင်းယွီ၏ ညှင်းပန်းနှိပ်စက်မှုဒဏ် ခံခဲ့ကြရသော လူအိုကြီးများမှ “သေခြင်းတရားအား ရှာဖွေနေပါသော ကြွေလုဆဲဆဲ ကြယ်အိုကြီး” ဟူသည့် စကားအား အပြုအမူဖြင့် ဖော်ပြကြလိမ့်မည်။


ဦးစွာ နားလည်ထားရမည်မှာ သင့်ထံ၌ ကျင်းယွီကဲ့သို့ နောက်မှ တကောက်ကောက် လိုက်ပါနေတတ်သော A အဆင့်သားရဲ ၄ ကောင် ရှိနေပါသလား..


အန်ကျဲရှိ လူအိုကြီးများ၏ အဆင့်အတန်းနှင့် ခွန်အားမှာ အန်ကျဲ၏ နောက်ကွယ်ရှိ တောလိုက်မုဆိုး အဆင့် ၇ နှင့် စူးစမ်းရှာဖွေသူ အဆင့် ၈ ရှိသူများနှင့် နှိုင်းယှဉ်၍ မရသည့်တိုင်အောင် လူအိုကြီးများထံ၌ ပိုက်ဆံနှင့် သစ္စာခံများ ရှိကြသည်။ ထိုသူများ၏ နယ်မြေ၌ ဆိုပါက ယခုကဲ့သို့ အမှိုက်သိမ်းရန် မဆိုနှင့် ကြမ်းတမ်းသည့် စကားတစ်လုံး ပြောမိရုံနှင့်ပင် ကန်ထုတ်ခံရနိုင်သည်။


A အဆင့် သားရဲ လေးကောင် ရှိနေ၍သာ လူအိုကြီးများထံမှ အမှိုက်သိမ်းရင်း အခကြေးငွေ ကောက်ခံနိုင်ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် အကြိမ်တစ်ရာခန့် သေသွားလောက်ပေပြီ။


အန်ကျဲ၏ ‘သာမန်လူအိုကြီး’ များမှာ အဆင်ပြေချောမွေ့နေပုံ ရသော်ငြား အန်ကျဲမှာ အန်ကျဲဖြစ်နေဆဲပင်။ ဆိုလိုသည်မှာ စွမ်းရည် သို့မဟုတ် ခွန်အားမရှိပါက အန်ကျဲ၌နေထိုင်ရန် စိတ်ကူးပင် မယဉ်သင့်ချေ။ 


ကျင်းယွီထံ၌ သားရဲများစွာ ရှိသောကြောင့် အန်ကျဲ၌ အတော်လေး ကောင်းမွန်စွာ နေထိုင်နေခြင်း ဖြစ်သည်။ အမှိုက်ကားအတွင်းရှိ ခရမ်းရောင်ဒင်္ဂါးများပါဝင်သည့် အိတ် ၃၀ ခန့်အား ကြည့်ပြီးနောက် အန်ကျဲရှိ နောက်ဆုံးဆိုင်ရှေ့၌ရပ်ကာ အဖိုးကြီးအချို့မှ ပေးလာသည့် စတုရန်းမီတာ ၃၀၀ ခန့်ရှိသည့် အထပ်နှစ်ထပ်ပါ အဆောက်အဦးအား ကြည့်ရင်း ကျင်းယွီ ပီတိဖြာနေမိသည်။


စတိုး၏နံပါတ်မှာ ၁၃၈ ဖြစ်နေသည်ဟူသော အချက်မှလွဲ၍ ကျင်းယွီသည် ကျန်အရာအားလုံးအား သ‌ဘောကျနှစ်ခြိုက်လေသည်။ အတော်လေး ကျေနပ်နေကြောင်း ပေါ်လွင်သည်။ အနည်းဆုံး ဤနံပါတ်မှာ သူ့အား ကျိန်ဆဲနေခြင်း မဟုတ်ပေ။ ဤစတိုးလေး၏ ဖောက်သည်များအား စိတ်ချယုံကြည်စေမည်။


ကျင်းယွီသည် စတိုးအတွက် လာရောက်ဂုဏ်ပြုကြသော လူအိုကြီးများအား ပျော်ရွှင်စွာ ကျေးဇူးတင်ပြီးနောက် ၁၃၈ ၏ တံခါးအား ဝမ်းမြောက်စွာဖွင့်လိုက်ချိန်တွင် သူ၏အပြုံးမှာ စက္ကန့်ဝက်ခန့် အေးခဲသွားသည်။ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီးနောက် အမူအရာမဲ့စွာဖြင့် အရှေ့တံခါးအား ပိတ်လိုက်သည်။


ကျင်းယွီသည် လီရှောင်၊ ချန်လျန့်နှင့် ဝူရှောင်ရှိရာသို့ လှည့်ကာ မေးလေသည်။


“လီသာ့ကော.. ကျွန်တော် အိမ်တစ်လုံး ဆောက်ချင်တယ်.. ဘယ်လောက်ကြာမလဲဆိုတာနဲ့ ကုန်ကျစရိတ်လေး ခန့်မှန်းပေးပါဦး..”


လီရှောင်၏ အဖြေမှာ အတော်ကြာအောင် ချီတုံချတုံဖြစ်ကာ မသေချာသော်ငြား တွေးတွေးဆဆဖြင့် ပြောလိုက်သည်။


“အခုတော့ ကိုယ်တို့မှာ ‘မျောက်ဝံဆောက်လုပ်ရေးအဖွဲ့’ ဆိုပြီးရှိတယ်.. သူတို့က E အဆင့် သားရဲတွေလေ.. အိမ်ဆောက်သားရဲပေါ့.. အမြန်နှုန်းကတော့.. မြန်သင့်သလောက် မြန်ပါတယ်.. ကိုယ့်စိတ်တိုင်းကျ ပုံစံယူလာတာပဲဖြစ်ဖြစ် သူတို့ပေးတဲ့ ဒီဇိုင်းကို သုံးတာပဲဖြစ်ဖြစ် ၂ ရက်လောက်တော့ ကြာမယ်.. ဈေးနှုန်းကတော့ ဒီနေရာက မြို့တော်ဖြစ်နေတယ်ဆိုတော့လည်း တခြားနေရာတွေထက်တော့ ဈေးကြီးတာပေါ့.. အရွယ်အစားအပေါ် မူတည်ပြီး ကွဲပြားသွားတာပဲ.. ခရမ်းရောင်ဒင်္ဂါး ၅၀ ကနေ ၁၀၀ တောင် မလောက်မှာ ဆိုးရတယ်.. ဒါပေမဲ့ မျောက်ဝံဆောက်လုပ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်က D အဆင့် သားရဲလေ.. ဆိုတော့ တန်ပါတယ်..”


လီရှောင် ပြောသည်အား ကြားပြီးနောက် ကျင်းယွီ ခေါင်းညိတ်လိုက်သည်။ ယခုအခါတွင် သူ့ထံ၌ ခရမ်းရောင်ဒင်္ဂါး အိတ် ၃၀ ရှိပြီဖြစ်သောကြောင့် ဈေးနှုန်းမှာ မများချေ။


“ဒါဆို သူတို့ကို ဘယ်လိုဆက်သွယ်ရမလဲ..”


“ဟမ်..”


လီရှောင် ထိုစကားအား ကြားသည့်အခါ ချက်ချင်းပင် တုံ့ပြန်လေသည်။


“အိမ်ကို သဘောမကျဘူးလား ကျင်းယွီ.. အတော်လေး ကောင်းပါတယ်..”


ကျင်းယွီ နှာခေါင်းရှုပ်ကာ ရယ်လိုက်သည်။


“သူ့ အခင်းအကျင်းက အတော်လေး စုတ်ပြတ်လွန်းတယ်.. ဗီလာတွင်း အပြင်အဆင်ကို ပိုပြီး ဂရုစိုက်ရမယ်..”


လီရှောင် တိတ်ဆိတ်သွားချိန်တွင် ချန်လျန့်သည် အော်ဟစ်ရယ်မောကာ အိမ်တံခါးအား ဖွင့်လိုက်သည်။ ထို့နောက် လီရှောင်သည်လည်း နေရာမှာပင် ကြက်သေသေသွားတော့သည်။


အချိန်အတော်ကြာပြီးနောက် ချန်လျန့် အရယ်ရပ်သွားပြီး ဒေါသတကြီးဖြင့် ခြေထောက်အားပုတ်ကာ အော်ဟစ်လေသည်။


“ငါတော့သွားပြီ.. ဒီအပြင်အဆင်က အတော်လေး စုတ်ပဲ့လွန်းတယ်.. ဒီအိမ်မှာ အရင်က ဘယ်သူနေခဲ့တာလဲ.. အန်ကျဲမှာ ဒီလို အစုတ်အပြတ်မျိုး ရှိနေဦးမယ်လို့ တွေးတောင် မတွေးမိဘူး..”


လီရှောင် အတွင်းသို့ စူးစမ်းကြည့်ပြီးနောက် ချန်လျန့်အား ဆူပူတော့သည်။


“မင်းကတော့.. မင်းရဲ့ ခံနိုင်ရည်က တကယ်ပဲ..”


အချိန်အတော်ကြာပြီးနောက်မှ စိတ်ရှည်သည်းခံတတ်သော လီရှောင်၏ နေရာတွင် ရိုင်းစိုင်းကြမ်းတမ်းသော လီရှောင် အရေးပေါ် ဝင်ရောက်လာသည်။ ဤလီရှောင်သည် တည်ငြိမ်စွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆန့်ဆုတ်ပြီးမှ ပြောလေသည်။


“ဒီအိမ်ရဲ့ အတွင်းပိုင်းက အိမ်တစ်လုံးရဲ့ ပုံစံမျိုး မရှိဘူးဆိုရင်လည်း အန်ကျဲရဲ့ စိတ်လုံခြုံရေးကိုခေါ်ပြီး ဖျက်ပစ်ရမှာပေါ့..”


လီရှောင်ထံ၌ ပြောစရာစကား များများစားစား မရှိပုံရသည်။ ထို့အစား ခရစ္စတယ်နှင့်တူသည့် ဆက်သွယ်ရေးကိရိယာ တစ်ခုအား ထုတ်ယူကာ ကျင်းယွီထံသို့ ပေးလိုက်သည်။ ကျင်းယွီသည် ဆက်သွယ်ရေးကိရိယာအားယူကာ တစ်ဖက်ခြမ်းမှ ကိုင်ဆောင်ထားသူအား ဖြည်းညင်းစွာ ပြောလေသည်။


“အန်ကျဲရဲ့ ၁၃၈ ကို လာပေးပါဦး.. တစ်ခုလုံး ဖြိုချပြီး ပြန်ဆောက်ဖို့ လိုအပ်တဲ့ ပထမအဆင့် တရားမဝင် အဆောက်အဦတစ်ခု ရှိနေလို့ပါ.. အဆောက်အဦနဲ့ ပတ်သက်တာတွေကိုတော့ လျှို့ဝှက်ထားဖို့ လိုပါလိမ့်မယ်.. အာ.. ဈေးနှုန်းက ပြဿနာ မဟုတ်ပါဘူး.. မြန်မြန်လေးသာ လာခဲ့ပေးပါ..”


.....


ဖုန်းချပြီးနောက် ကျင်းယွီနှင့် ကျန်လူများမှာ တိတ်ဆိတ်သွားကြသည်။ သို့သော် ကျန်လူများ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် အတော်လေး စိတ်မကြည်မသာ ဖြစ်နေကြဟန်ရှိသည်။ ဗီလာအတွင်းရှိ ထူးခြားဆန်းကြယ်ပြီး ရိုးရှင်းကာ နတ်ဆိုးဆန်လှသည့် အတွင်းပိုင်း အခင်းအကျင်းကိုသာ အခြားသူများ မြင်တွေ့သွားပါလျှင် အနာဂတ်တွင် သူ၏ စီးပွားရေးနှင့် ဂုဏ်သတင်းအား ထိခိုက်နိုင်ပေမည်။ ထို့ကြောင့် ပိုမိုသေချာစေရန် ဤနေရာအား အသစ်ပြန်လည်ဆောက်လုပ်ရပေမည်။ ကျင်းယွီသည် သူ၏သားရဲအုပ်ထံ လှည့်ကာ ပြုံးလိုက်သည်။


“မင်းတို့ကောင်တွေတော့ ဒီည ပွဲရှိမယ်နော်..”


ဝုဖ်.. ဝုဖ်..


ကျလိ...


မြောင်.. မြှောင်....


ကျလိ.. ကျလိ.. ဂီး.. ဂီး.. ကျလိ.. ကျလိ.. ဝုဖ်.. ဝုဖ်...


“အင်း.. ညစာပြီးရင် စကြတာပေါ့.. လုပ်ငန်းစဉ်ကတော့ ဒီအိမ်ကို ၁၀ မိနစ်အတွင်း ဖြိုချဖို့ပဲ.. မီးရှို့.. ရေလွှမ်း.. မိုးကြိုးပစ်.. ပစ်ဆောင့်.. မြေမြှုပ်.. ကိုက်ဖြတ်.. ကုတ်.. ဝါး.. ဝင်တိုက်.. ကြိုက်တဲ့နည်းလမ်းသုံးကွာ.. ပြိုကျသွားရင်ကို ရပြီ.. တာဝန်ပြီးရင်တော့ မနက်ဖြန်ည ကြက်ကင်ကျွေးမယ်.. အိုခေနော်..”


ထိုသို့ဖြင့် ကျင်းယွီမှ အစားကောင်းကျွေးမည်ဟု ကတိပြုပြီးနောက် အသားပေါက်စီများစားကာ ဝတုတ်နေသော သားရဲတစ်အုပ်မှာ အားဆေးကျွေးလိုက်သကဲ့သို့ အရိုင်းဆန်သွားကြသည်။ ပထမအဆင့် တရားမဝင်အဆောက်အဦထံသို့ ရဲရဲတောက်နေသော မျက်လုံးများဖြင့် အပြေးသွားကာ မီးမြှိုက်ခြင်း၊ ရေဖြန်းခြင်း စသည်တို့ ပြုလုပ်ရင်း ပရမ်းပတာမြင်ကွင်းအား ဖန်တီးကြတော့သည်။ အန်ကျဲ၏ အမှောင်ဖျက်ဆီးရေးသမားများပင်။


ရုတ်ရုတ်သဲသဲ အသံများကြောင့် အန်ကျဲ၏ လူအိုကြီးများ ထွက်လာကြသည်။ အခြေအနေအား မြင်ပြီးနောက် တုန်လှုပ်နေသည့် နှလုံးသားလေးအား ထိန်းချုပ်ကာ အိမ်ပြန်ပြီး ချစ်ဇနီးလေးများအားရှာကာ ‘ထိခိုက်မှုပြင်းထန်သည့် ဦးနှောက်လေး’ အတွက် နှစ်သိမ့်မှု တောင်းခံကြရသည်။ တစ်ချိန်တည်းမှာပင် ဖြူဖျော့နေသော လူအိုကြီးများသည် နှလုံးသားထဲ၌ တစ်စုံတစ်ခုကိုသာ အဆက်မပြတ် တွေးနေမိကြတော့သည်။


ငါတို့ပေးလိုက်တဲ့ ရွှေ့ပြောင်းစရိတ်က အရမ်းပဲ နည်းနေတာများလား..နောက်ထပ် ခရမ်းရောင်ဒင်္ဂါး တစ်‌ထောင်လောက်များ ပေးလိုက်ရမလား..



🐾🐾