🐾Chapter 12
အမှိုက်မှ စတင်သော လူသတ်မှုနှင့် ပတ်သက်၍
လွန်ခဲ့သော နှစ်ရက်အတွင်း၌ အန်ကျဲရှိ လူအိုကြီးတစ်သိုက်မှာ စိတ်အခြေအနေ မကောင်းကြပေ။ သူတို့၏ ဆိုးဝါးလှသော စိတ်အခြေအနေကြောင့် အန်ကျဲ၏ ပတ်ဝန်းကျင်မှာ အထိမခံ ဖြစ်လာစေသည်။ လူအိုကြီးများမှာ ပုံမှန်မဟုတ်ဘဲ စိတ်အလိုမကျ ဖြစ်နေသဖြင့် အားနည်းသူများနှင့် လက်အောက်ငယ်သားများမှာ အဆိုပါအခြေအနေအား သည်းခံနိုင်ဖို့ပင် ခက်ခဲလှသည်။
သိသာစေရန်မှာ လွန်ခဲ့သော နှစ်ရက်အတွင်း အန်ကျဲ၌ သိသာထင်ရှားသော ပြောင်းလဲမှုများ မရှိခဲ့ချေ။ လူအိုကြီးများသည် သူတို့၏ ဆိုင်ခန်း၌ထိုင်ကာ နှုတ်ခမ်းဖျား၌ စီးကရက်ခဲရင်း ပိုကာကစားနေကြပြီး သူတို့ရှေ့မှ ဖြတ်သွားသူများကိုပင် ဖိနပ်ချွတ်ကာ ရိုက်နိုင်ကြသေးသည်။ ယင်းတို့၏ ဇနီးသည်များမှာ ရောင်းမကုန်သည့် သကြားလုံးများအား အိမ်သို့ပြန်သယ်ကာ လူအိုကြီးများအတွက် ချန်ထားသည်။ အကယ်၌ ထိုဇနီးသည်များအား အိမ်သို့ သကြားလုံးများ ပြန်သယ်လာခွင့်မပြုလျှင် သူမသည် မီးဖိုချောင်သုံးဓားအား ဆွဲကိုင်ကာ အပိုင်းပိုင်း ခုတ်သတ်ပစ်လိမ့်မည်။
ထိုအချက် နှစ်ချက်မှတပါး လွန်ခဲ့သော အချိန်များကပင် အန်ကျဲရှိ NPC များအတွက် ပြောင်းလဲရန်မလိုအပ်သော အကျင့်စရိုက်များ ရှိနှင့်ပြီး ဖြစ်သည်။ ဤနှစ်ရက်အတွင်း အန်ကျဲတွင် ယင်း၏ NPC များအတွက် အများပြည်သူဝန်ဆောင်မှု အမျိုးအစားတစ်ခု အသစ်တိုးလာသည်။ ပြောရမည်ဆိုလျှင် NPC သည် အများပြည်သူ ဝန်ဆောင်မှု၌ အလွန်ကျော်ကြားသင့်သော်ငြား ဂိမ်းမာ (gamers) များအားလုံး သိထားသည့်အချက်မှာ NPC များအား အများပြည်သူဝန်ဆောင်မှု ပေးခိုင်မည် ဆိုလျှင်ပင် မကြာခဏ ချို့ယွင်းမှုနှင့် ကြုံနိုင်သဖြင့် အကူအညီမဖြစ်နိုင်ပေ။
ရလဒ်အနေဖြင့် ကျင်းယွီသည် ပေါင်းဇီ၏ ကျောပေါ်တွင် သက်သောင့်သက်သာရှိစွာ ထိုင်ရင်း သာ့ပိုင်၊ ရှောင်ပိုင်၊ ရှောင်ရွယ့်နှင့် ကျန် ဒဏ်ရာရသားရဲ ၂၀ ကျော်အား ညွှန်ကြားကာ ဧရာမ အမှိုက်သိမ်းယာဉ်အား ဆွဲစေကာ လူအိုကြီးများနှင့် အဖွားအိုများ၏ တံခါးများအား ခေါက်သဖြင့် လူအိုကြီးများ စိတ်မကြည်တော့ဘဲ ခွက်များအား မြေပြင်သို့ ပစ်ပေါက်ကာ စားပွဲများကို လက်ဖြင့်ရိုက်ကြသည်။
“အမှိုက်သိမ်းချိန်..”
ဝုဖ်.. ဝုဖ်..
“အမှိုက်ထုတ်ထားကြပါ..”
ဂါးးးး
“အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပါ..”
ကျလိ.. ကျလိ...
“စိတ်ကျေနပ်စေရပါမယ်..”
ဝေါင်းးးး
ရင်းနှီးပြီးသားဖြစ်သော ကျင်းယွီ၏ အသံမှာ လူအိုကြီးများနှင့် အဖွားအိုများ၏ တံခါးဝ၌ ထွက်ပေါ်လာသည်။ ကျင်းယွီ အော်ဟစ်ချိန်တိုင်း၌ သားရဲတစ်ကောင်၏ အူသံ သို့မဟုတ် ဟိန်းသံ ကပ်ပါလာလေသည်။ ခေါင်းပြောင်လူအိုကြီးများထဲမှ တစ်ဦးသည် အဆိုပါ ဟိန်းသံအား ကြားချိန်၌ ချက်ချင်းပင် သောက်နေသောရေပါ ပြန်အန်ထွက်လာသည်။ ထို့နောက် မျက်နှာအားသုတ်ကာ မျက်နာတွင် ဖော်ပြ၍ မစွမ်းသာသော အမူအရာမျိုး ရှိနေပြီး လွန်ခဲ့သော နှစ်ရက်က ထိုအသံအားကြားချိန်တွင် တံခါးဖွင့်ကာ ‘ရိုက်ကြစမ်း’ ဟု အော်ဟစ်ခဲ့ပုံကို မည်းမှောင်သော မျက်နှာထားဖြင့် ပြန်တွေးမိသည်။ ယခုအခါတွင်မူ သူတို့အားလုံးမှာ A အဆင့် သားရဲ လေးကောင်၏ ရိုက်နှက်ခြင်းအား ခါးသီးစွာ ခံခဲ့ကြရသည်။
မင်းဘာသာမင်း အမှိုက်သိမ်းချင်တယ်ဆိုလည်း လာသိမ်းလေ.. ကိုယ့်ဘာသာ လာပေါ့.. မင်း စိတ်ကော မှန်ရဲ့လား.. အခုတော့ အော်ဟစ်နေတဲ့အပြင် A အဆင့် သားရဲ လေးကောင်ကော ဒဏ်ရာရ သားရဲတစ်သိုက်ကိုပါ ခေါ်လာသေးတယ်.. တစ်ချို့ရက်တွေများ ရှောင်လုနဲ့ အမြီးကြီးဝံပုလွေကပါ အဲဒီ ရွံဖို့ကောင်းတဲ့ အသံတွေထဲ ပါလာကြတာ.. ဒါက သိသိသာသာကြီး လူတွေကို အနိုင်ကျင့်နေတာပဲကွ..
မင်းဘာသာမင်း အမှိုက်ရှင်းလင်းရေးကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ချင်တာ ငါတို့ ဘာမှမပြောပါဘူး.. ငါတို့ကလည်း အမှိုက်ကို လမ်းဘေးပစ်တာ အသားကျနေပြီးသားလေ.. ဒါပေမဲ့ မင်းက ဘာကိစ္စနဲ့ အရမ်းတွေ တော်ကြောင်း တတ်ကြောင်း ကြွားချင်နေရတာလဲ.. ပြီးတော့ အမှိုက်စွန့်ပစ်ဖို့ စည်းကမ်းတောင် ထုတ်လိုက်သေးတာ..
ဘာဖြစ်တယ်.. မင်းရဲ့ အမှိုက်သိမ်း လုပ်ဆောင်ချက်က စေတနာနဲ့ လုပ်အားပေးတာ ဟုတ်လား.. ဘယ်သူကမှ တောင်းဆိုလို့ မဟုတ်ဘူးပေါ့..
ငါ့-င်ကြီးကို လုပ်အားပေးလိုက်..
မနေ့က မင်းတို့ လုပ်အားပေးတယ်ဆိုတုန်းက မင်းတို့ ဘာပြောလဲ မှတ်မိလား.. ငါ့မှာ ဒီနေ့ အမှိုက်မရှိဘူးဆိုတော့ A အဆင့် သားရဲ ခြောက်ကောင်နဲ့ B ကနေ F အဆင့်ရှိ သားရဲတစ်အုပ်က ငါ့တံခါးရှေ့မှာ အတန်းလိုက် ညီညီစီ ရပ်နေပြီး တစ်နေ့လုံး ထွက်မသွားဘူးတဲ့လေ.. မင်းက ငါတို့ကို အံတင်းတင်းကြိတ်ခိုင်းနေတာပဲ.. ပြီးတော့ အဲဒီကောင်တွေက တစ်ကောင်ပြီးတစ်ကောင် အူလိုက် ဟိန်းလိုက်နဲ့.. ဒါက ဘယ်လိုလုပ်ပြီး စေတနာနဲ့ လုပ်အားပေးတယ် ဆိုနိုင်မှာလဲ.. ငါ့အမှိုက်ငါ မပစ်ချင်တာတောင် အမှိုက်မပစ်ရင် အရှင်လတ်လတ်ဝါးစားတော့မတတ် လုပ်နေကြတာလေ..
လူအိုကြီးများအတွက် စိတ်ဓာတ်ကျစရာ အကောင်းဆုံးအရာမှာ ယမန်နေ့က သူတို့ထံ၌ အမှိုက် မရှိသလောက် ဖြစ်သောကြောင့် တောလိုက်မုဆိုးဟောင်း မိသားစုမှ အဒေါ်ကြီးတစ်ယောက်သည် အမှိုက်အိတ်အစားထိုး လွှင့်ပစ်ခဲ့ရသည်။ ဂျုံတစ်အိတ်မှာ ဒေါ်လာအနည်းငယ်မျှသာ တန်ကြေးရှိသော်ငြား ယင်းကိုသာ သိမ်းဆည်းထားလိုက်လျှင် သူတို့မည်သို့မျှ ဆက်နေနိုင်မည် မဟုတ်ပေ။
လူအိုကြီးများ၏ မကျေနပ်ချက်များအတွက်မူ ကျင်းယွီသည် သူ၏ အမှိုက်သိမ်းခမှာ မြင့်မားခြင်းမရှိဘဲ သူ၏ အပြုအမူမှာလည်း လူအများအတွက် အထူးအကျိုးများစေလေသည်။ အထူးသဖြင့် သူ၏ ကိုယ်ပိုင်သားရဲများအား ဦးဆောင်လာချိန်၌ ဖြစ်သည်။
အသားပေါက်စီ ၃၀၀ ၏ ကျသင့်ငွေမှာ ရွှေဒင်္ဂါး ၁၀ ပြားသာလျှင် ဖြစ်သည်။ ခရမ်းရောင်ရွှေဒင်္ဂါး ထောင်နှင့်ချီ အလွယ်တကူ ရရှိနိုင်သည့် ကိုယ်ရံတော်များ သို့မဟုတ် မြို့၏ GDP အား ကျဆင်းစေသည့် လူအိုကြီးများသည် သူတို့၏ ခြေထောက်များအား အလုပ်ပေးရန် ထိုမျှသာ ကျသင့်လေသည်။
တကယ့် ပြဿနာမှာ ရွှေဒင်္ဂါး ၁၀ ပြား မဟုတ်သလို အသားပေါက်စီ ၃၀၀ လည်း မဟုတ်ပါ။ လူအိုကြီးများမှာ ပိုက်ဆံပြတ်လပ်နေခြင်း မဟုတ်ဘဲ လုံခြုံမှု ကင်းမဲ့နေခြင်းပင်။
နေ့စဉ်နေ့တိုင်း တံခါးအပြင်၌ အူလိုအူ ဟိန်းလိုဟိန်း သွားဖြဲလိုသွားဖြဲနှင့် သားရဲအကောင် ၂၀ ကျော် ရှိနေမည်ဆိုပါက ရင်တထိတ်ထိတ်နှင့် နေရပေမည်။
ထို့ကြောင့် ကျင်းယွီ သုံးရက်ကြာ သားရဲများအား ပျော်ရွှင်စွာ ဦးဆောင်ကာ တစ်အိမ်တက် တစ်အိမ်ဆင်း အမှိုက်သိမ်းပြီးနောက် လီရှောင်နှင့် လိမ္မော်ရောင်ဖြူခေါင်း ချန်လျန့်တို့သည် ရှင်းသန့်၍ ခေတ်မီသော လေထုအားသယ်ဆောင်ကာ မျက်မှန်တပ်ထားသည့် လူကြီးလူကောင်းဆန်ဆန် အမျိုးသားတစ်ဦးအား ခေါ်ဆောင်ကာ အမှိုက်စွန့်နယ်မြေသို့ ရောက်ရှိလာသည်။
“အာ.. သာ့ကောလား.. ဘာကိစ္စရှိလို့ ချန်ဇီပါ အတူပါလာတာလဲ.. ဒီလူကကော..”
ထိုအချိန်၌ ကျင်းယွီနှင့် သားရဲတစ်သိုက်မှာ ပျော်ရွှင်စွာဖြင့် ရွှေဒင်္ဂါးများအား ရေတွက်နေခြင်းဖြစ်သည်။ ကျင်းယွီ၏ မျက်နှာတွင် ကျေနပ်ပီတိဖြစ်နေသော အပြုံးတစ်ခုလည်း ရှိနေသည်။ ထိုအပြုံးမှာ သူ၏ဘေးရှိ ရွှေဒင်္ဂါးပုံလေးကဲ့သို့ တလက်လက် တောက်ပနေသည်။
“ဟဟ.. ဟုတ်ပါပြီ.. မင်္ဂလာပါ..”
ကျော့ရှင်းကာ ပညာတတ်ဆန်သည့် မျက်မှန်တပ်ထားသူမှာ ကျင်းယွီအား ပြုံးလျက် ကြည့်လာသည်။ သူ၏မျက်နှာမှာ အနည်းငယ် နီနေသည်။ ချောင်းနှစ်ချက် ဟန့်ပြီးနောက် လက်ဆန့်ကာ သူ့ကိုယ်သူ မိတ်ဆက်လေသည်။
“ကိုယ်က ဝူရှောင်ပါ.. အန်ကျဲလမ်းလုံခြုံရေးဌာနရဲ့ အဖွဲ့ဝင်ပေါ့..”
......
ထို့နောက် အနေရခက်ကာ တိတ်ဆိတ်သွားသည်။
ပေါင်းဇီသည် သခင်ဖြစ်သူကိုယ်စား ဝူရှောင်အား လက်ကမ်းပေးလိုက်သည်။ ထိုအချိန်မှသာ ကျင်းယွီ ညာဘက်လက်မြှောက်ကာ နားရွက်အားဆွဲလိုက်ပြီးနောက် ပြုံး၍ပြောလေသည်။
“နောက်တစ်ခေါက်လောက် ထပ်ပြောပေးလို့ ရမလားဗျ..”
ဒီလိုခေတ်အခြေအနေမျိုးမှာ သောက်သုံးမဝင်တဲ့ လမ်းလုံခြုံရေးဌာန ဆိုတာမျိုး ရှိနေသေးတာလား..
“အာ.. ကျင်းယွီရေ.. မင်းရဲ့ ခံစားချက်ကို ကိုယ် လုံးဝနားလည်တယ်.. ဒါပေမဲ့ ဒီလိုမျိုးက မဖြစ်သင့်ဘူးလေ..”
လီရှောင်သည် ပေါင်းဇီ၏ လက်ကလေးအား စိုက်ကြည့်နေကာ ကိုးရိုးကားယားဖြစ်နေသည့် မျက်နှာနီနီနှင့် လေးလုံး ဝူရှောင်အစား ရုတ်တရက် ပြောလိုက်သည်။
ဤစာကြမ်းပိုးမှာ အနိုင်ကျင့်ရန် လွယ်ကူသည့်ပုံ ရှိသည်ဆိုသော်ငြား သူ့အား အနိုင်ကျင့်သူပင်လျှင် မကျေမချမ်း ဖြစ်စေနိုင်သည့် လူစားမျိုးပင်။ သို့သော် မည့်သည့်ခေတ် မည်သည့်ကာလ၌ ရှိစေကာမူ လွှမ်းမိုးနိုင်စွမ်းရှိသူတစ်ဦးအား အထောက်အပံ့အဖြစ် ရရှိထားခြင်းမှာ ကောင်းပေသည်။
ကျင်းယွီသည် လီရှောင်၏ အပြုအမူနှင့် မျက်နှာအမူအရာအားကြည့်ကာ လက်ရှိအခြေအနေအား အကြမ်းဖျင်း နားလည်လိုက်သည်။ အရေးပါသူတစ်ဦး၏ ထောက်ပံ့မှုရှိနေသည် ဆိုပါက ထိုလူမှာ စိတ်ရှုပ်စရာမကောင်းတော့ပေ။ ထိုသို့ဆိုလျှင် သူ၏စကားအား နားထောင်ခြင်းမှာ အန္တရာယ်မရှိနိုင်။
ကျင်းယွီ လက်ဆန့်ကာ ပေါင်းဇီအား ပြန်ခေါ်လိုက်ပြီးနောက် သွားပေါ်အောင် ပြုံးလိုက်သည်။
“မင်္ဂလာပါ.. ကျွန်တော်က ကျင်းယွီပါ.. အာ.. ကျွန်တော်က အခုပဲရောက်တာပါ.. မစ္စတာ ဝူက ကျွန်တော့်အကူအညီများ လိုလို့ပါလား..”
ကျင်းယွီရယ်သည်အား ကြည့်နေရင်း ဝူရှောင် ရှက်သွေးဖြာလာပြန်သည်။ ခပ်ကျယ်ကျယ် သက်ပြင်းရှိုက်ပြီးနောက် ပြောသည်။
“အင်း.. ဒီသုံးရက်အတွင်း မင်းရဲ့ အမှိုက်သိမ်းတဲ့ အပြုအမူနဲ့ ပတ်သက်ပြီး တိုင်စာတွေ အများကြီး ရထားတယ်.. မင်းရဲ့ အပြုအမူက သူတို့ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်တဲ့.. ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် အန်ကျဲရဲ့ လူအိုကြီးတွေက လူငယ်တွေရှိတဲ့ ကိုယ်တို့ဌာနမှာ လာငိုကြလိမ့်မယ်.. ငိုတာက မဖြေရှင်းနိုင်ရင်တော့ နိုင်းမြစ်ထဲ ခုန်ချသွားလိမ့်မယ်..”
“ပြီးတော့ကော..”
“ဒါကြောင့် ကိုယ်တို့ရဲ့ ငြိမ်းချမ်းရေးနဲ့ အငယ်လေးတွေရဲ့ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့အတွက်.. မစ္စတာ ကျင်းက အမှိုက်သိမ်းတာကို ရပ်ပေးနိုင်မလားလို့.. ကိုယ်.. ကိုယ် လေးလေးနက်နက် တောင်းဆိုချင်ပါတယ်..”
ဝူရှောင် လေးနက်စွာ မေးသည်။
ကျင်းယွီ၏ အမူအရာမှာ မပြောင်းမလဲ ရှိနေပြီး ပြုံးကာမေးလေသည်။
“ကျွန်တော်လည်း သားရဲတွေကို ခေါ်ပြီး ခင်ဗျားတို့ဌာနရဲ့ တံခါးဝမှာ လာငိုပြီး မကျေနပ်ချက်တွေ တိုင်တန်းလို့ရမလား.. ပြီးရင် ရေကူးဖို့ နိုင်းမြစ်ကို ခေါ်သွားလိုက်မယ်လေ..”
ဝူရှောင်မှာ ထိုသို့ တွေးထားပုံမရမှန်း သိသာသည်။ အကျိုးဆက်အနေဖြင့် မည်သည့်စကားမျှ မဆိုနိုင်ဘဲ ဆွံ့အသွားတော့သည်။
“ဒီတစ်ခုပဲ.. ကျန်တာက မကောင်းလောက်ဘူး..” (အဆက်အစပ်မရှိဘဲ ရုတ်တရက်ကြီး ဒီလိုထပြောတော့ ဘာပြောချင်မှန်းမသိ)
“ဒါပေမဲ့.. ကျွန်တော့် မိသားစုက ကြီးပြီး ပါးစပ်ပေါက် ၂၀ ကျော်လောက်ကို ကျွေးမွေးဖို့ လိုအပ်တယ်ဗျ.. ကျွန်တော့်အတွက် မလွယ်ကူပါဘူး..”
ကျင်းယွီ လက်ဆွဲနှုတ်ဆက်ရင်း သက်ပြင်းချလိုက်သည်။
“အဲဒါဆို အခုကစပြီး သားရဲတွေကို ဦးဆောင်ပြီး အမှိုက်သိမ်းထွက်ဦးမယ်ပေါ့..”
ဝူရှောင် ခေါင်းကုတ်ပြီးနောက် လုံးလုံးလျားလျား နားမလည်နိုင်သဖြင့် ပြဿနာတက်နေသည်။
“မင်းမှာ A အဆင့် သားရဲ လေးကောင်တောင် ရှိတယ်လေ.. သူတို့ကိုခေါ်ပြီး ဘယ်တာဝန်မဆို လုပ်နိုင်တယ်.. ဒါဆို သူတို့ကို ကျွေးမွေးလို့ ရပြီလေ..”
ကျင်းယွီ ခေါင်းယမ်းလိုက်သည်။
“တည့်တည့်ပဲပြောတော့မယ်.. အခု သူတို့အားလုံးက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြတာ.. ဒါကြောင့် အပြင်ခေါ်သွားပြီး အလုပ်မလုပ်နိုင်ဘူး.. တကယ်တမ်း... ကျွန်တော်က သားရဲစတိုးဖွင့်ဖို့ စဉ်းစားနေခဲ့တာ.. ဒါပေမဲ့လည်း ပိုက်ဆံမရှိဘူးဖြစ်နေတယ်..”
ဝူရှောင်သည် မူလက ကျင်းယွီ၏ ငြင်းဆိုမှုကြောင့် မသက်မသာဖြစ်မိသည်။ လက်တွေ့တွင် လမ်းလုံခြုံရေးဌာန ဆိုသည်မှာ အန်ကျဲရှိ သာမန်နေရာတစ်ခုထက် မပိုပေ။ သူ၏ဌာနသည် ဤအခြေအနေအား ဖြစ်စေကြောင်း သူသဘောပေါက်သည်။ မူလက အန်ကျဲရှိ မည်သည့် ရန်ပွဲ၊ သတ်ပွဲမဆို ပါဝင်ခြင်းမရှိဘဲ အေးငြိမ်းသော ဘဝ၌သာ နေထိုင်လိုခဲ့ခြင်း ဖြစ်သော်ငြား ယမန်နေ့က သူတို့၏ သစ်သားသေတ္တာသည် တိုင်တန်းမှုများကြောင့် ပြည့်လျှံသွားခဲ့သည်။ ရလဒ်အနေဖြင့် ဤပြဿနာမှာ အမှန်တကယ် လေးနက်လွန်းသည်ဟု ဝူရှောင်ခံစားမိပြီး နှစ်ပေါင်းများစွာအတွင်း ပထမဆုံးသော ပြဿနာကြီးတစ်ခုလည်း ဖြစ်သဖြင့် ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ရမည်။
သို့သော် ဤအခြေအနေမျိုးအတွက် ဖြေရှင်းနည်း မရှိဟု သူမထင်မိခဲ့ချေ။ လူသားများ၏ ဘဝများအား အဆုံးမသတ်စေချင်သော်ငြား အဆိုပါ မကျေနပ်ချက်များအား ငြိမ်သက်ကာ ငြိမ်းချမ်းရေးအားလည်း ထိန်းသိမ်းလိုသည်။
ဒါတွေကို ဘယ်လိုများ အောင်မြင်အောင် လုပ်ရပါ့မလဲနော်..
ဝူရှောင် ခေါင်းကိုက်လာတော့သည်။ သို့သော် ‘သားရဲစတိုးဖွင့်ရန်’ ဟူသည့် စကားအား ကြားပြီးနောက် ချက်ချင်းပင် အကြံပေါ်လာသည်။
“အာ.. ပိုက်ဆံကိစ္စဆိုရင်တော့ ကိုယ်ချေးပေးနိုင်ပါတယ်..”
ဒီလိုဆိုရင်တော့ ပြဿနာကို ဖြေရှင်းနိုင်ပြီပေါ့..
သို့သော် ကျင်းယွီသည် စာကြမ်းပိုး၏ ခံစားချက် အတက်အကျအား သူ၏အမူအရာမှတဆင့် မြင်တွေ့ပြီးဖြစ်သည်။ ထို့ကြောင့် ခေါင်းအသာယမ်းလိုက်သည်။
“ခင်ဗျားတို့ဌာနရဲ့ ငွေကြေးကို စီမံတာ ဘယ်သူလဲ..”
“....”
ထိုစကားတစ်ခွန်းနှင့်ပင် ကျင်းယွီသည် စာကြမ်းပိုး လေးလုံးအား ဆွံ့အသွားစေသည်။
“ဒီလိုဆိုရင်လည်း ကျွန်တော်ကတော့ ဆက်ပြီး အမှိုက်ကောက်နေရဦးမှာပဲ..”
ကျင်းယွီ ခေါင်းညိတ်လိုက်သည်။
“ခဏ.. ခဏလေးပါ.. ကိုယ်.. ကိုယ်.. ကိုယ်လုပ်နိုင်.. ကိုယ်လုပ်နိုင်.. မင်း ass..”
ဝူရှောင်သည် ကျင်းယွီ၏ စကားများကြောင့် စိတ်လှုပ်ရှားပြီး ဒေါသထွက်လာသည်။ ခံ့ညားထည်ဝါသော အပြုအမူရှိသူထံမှ ထိုသို့သော ကြမ်းကြမ်းတမ်းတမ်း စကားလုံးများ ထွက်ကျလာပြီးနောက် ကျင်းယွီ၏ အာရုံအား ဆွဲဆောင်လိုက်နိုင်သည်။
မျက်မှန်အသာပင့်တင်ကာ ခံ့ညားထည်ဝါသည့် အပြုအမူမှာ လုံးလုံးလျားလျား ပြောင်းလဲသွားပြီးဖြစ်သည့် ဝူရှောင်သည် ကျင်းယွီအား စိတ်ဝင်တအား ကြည့်လိုက်ပြီးနောက် ပြောသည်။
“ကိုယ်တို့က ပိုက်ဆံထုတ်ပေးတာ မဟုတ်ပါဘူး.. ကိုယ့်ဘာသာ ရန်ပုံငွေ ရှာခွင့်ပေးတာပါ.. ကိုယ်ထင်တာကတော့ သူတို့ရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကြောင့် မင်းရဲ့ စတိုးအတွက် ပျော်ပျော်ကြီးကို ရန်ပုံငွေထည့်ပေးကြလိမ့်မယ်..”
ဝူရှောင်ထံမှ ဤကဲ့သို့သော သဘောထားမျိုး မြင်သည့်အခါ ကျင်းယွီ မျက်ခုံးပင့်မိသည်။ ပြီးနောက် ယခင်အတိုင်း ခပ်ပြုံးပြုံးနှင့်ပင် ဆိုသည်။
“ကိုယ်က သူနဲ့ ခန္ဓာကိုယ်တစ်ခုတည်း မျှဝေသုံးစွဲတာကြောင့် ငွေကြေးစီမံတဲ့သူက ကိုယ်ပဲပေါ့..”
အကျိုးဆက်အနေနှင် ကျင်းယွီမှာ နောက်တစ်ဖန် ကြောင်အကာ တိတ်ဆိတ်သွားပြန်သည်။
ကောင်းပါပြီ.. ဒီကမ္ဘာကြီးမှာ ကိုယ့်ကိုယ်ကိုယ် ပြန်တပ်မက်တာတို့ နှစ်ကိုယ့်တစ်စိတ်တို့ အမှန်တကယ် ရှိနေတာပဲလေ..
ကျင်းယွီ မလိုအပ်ဘဲ ရေးကြီးခွင်ကျယ် မလုပ်လိုချေ။
လီရှောင်နှင့် ချန်လျန့်တို့သည် ကျင်းယွီ တိတ်ဆိတ်ကာ တွက်ချက်နေသည့် အမူအရာအား မြင်သည့်အခါ နှစ်ဦးစလုံး အသက်ရှူနိုင်ကြတော့သည်။ သူတို့အရှေ့၌ ရှိနေသည့်လူမှာ အန်ကျဲ၏ အမှောင်ဘက်ခြမ်းမှ တစ်ဦးဖြစ်သည်။ သူ၏ခွန်အားမှာ တောလိုက်မုဆိုး အဆင့် ၈ ဖြစ်ပြီး လီရှောင်ထက် ၂ ဆင့် ပိုမြင့်သဖြင့် ပစ်မှားသင့်သူ မဟုတ်ပေ။
“ဖြေရှင်းနည်းရပြီ ဆိုတော့လည်း ရန်ပုံငွေရှာဖို့ အင်တိုက်အားတိုက် လုပ်ရတော့မှာပေါ့.. ကျွန်တော့်မှာက ပိုက်ဆံမရှိဘူးဆိုတော့ ရန်ပုံငွေရှာဖွေရေးအဖွဲ့ခကိုတော့ မကောက်ပါနဲ့နော်.. အာ.. မေ့လို့.. ကျွန်တော့်သားရဲတွေနဲ့ ရန်ပုံငွေရှာဖို့ သွားလို့ရတာပဲ.. ဒီလိုပဲ လုပ်လိုက်တော့မယ်.. ဟုတ်တယ်.. ဒါဆိုလည်း အဖွဲ့ရဲ့ နောက်ဆုံး အမှိုက်သိမ်းလုပ်ငန်းလေးပေါ့..”
ဝူရှောင်၊ လီရှောင်နှင့် ချန်လျန့်တို့မှာ မည်သည့်စကားမျှ မပြောနိုင်ဘဲ ရှိနေသည်။ ချန်လျန့်၏ နှလုံးသားတစ်ခုလုံး လေးလံနေပြီး စိတ်ထဲမှ တွေးမိသည်။
မင်းက အတော်လေး ပိုက်ဆံကြိုက်တဲ့အပြင် မင်းဆီက ပိုက်ဆံနည်းနည်းလောက် အလိမ်ခံရမှာကိုတောင် ကြောက်နေလိုက်သေးတယ်ပေါ့.. မင်းအဖွဲ့ထဲက ငတုံးကောင်လေးတွေက အမှိုက်သိမ်းရင်း ပျော်စရာလေးတွေကို တွေ့ကြုံချင်သေးတာလား.. မင်းအမှိုက်မင်းသိမ်းလိုက်..
အန်ကျဲက ထုံထိုင်းတဲ့ ဘိုးဘေးတွေရေ.. ခင်ဗျားတို့ မကောင်းမှုတွေ ဘယ်လောက်တောင် ကျူးလွန်ထားကြတာလဲနော်..
🐾🐾