Chapter 11
Viewers 2k

🐾Chapter 11

ဒဏ္ဍာရီတွေအားလုံးက အလိမ်အညာတွေချည်း



သူ၏ ခန္ဓာကိုယ်အတွင်း၏ ဆဲလ်များအားလုံးမှာ နာကျင်မှုအောင် အော်ဟစ်နေပြီး အားကုန်လာသည်။ တစ်ကိုယ်လုံး တုန်ယင်လာပြီး နာကျင်မှုအား လျော့ကျစေလိုသည်။ သို့သော် သတိမမူမိချိန်မှာပင် သူ၏ပတ်ဝန်းကျင်၌ နွေးထွေးမှုအား ခံစားမိသောကြောင့် တဖြည်းဖြည်းချင်း တည်ငြိမ်လာသည်။


အိုး.. ဒါက ရှုံးနိမ့်မှုပဲ..


သာ့ပိုင်၏ ခန္ဓာကိုယ်အတွင်းရှိ အနက်ရောင်အစက်မှာ အလွန်များသောကြောင့် တုံ့ပြန်မှုရှိခြင်း ဖြစ်သည်။ 


သာ့ပိုင်သည် သူ့အတွက် စိန်ခေါ်မှုအရှိသော သားရဲနာ ဖြစ်လိမ့်မည်မှန်း မျှော်လင့်ထားပြီးသည့်တိုင်အောင် လွန်စွာခက်ခဲလိမ့်မည်ဟု မထင်မိခဲ့ချေ။


ဟမ်.. ငါက ဘာကိစ္စနဲ့ မြေပြင်ပေါ် လှဲနေရတာတုန်း.. လှုပ်လို့လည်း မရပါလား..


တဖြည်းဖြည်း အသိစိတ်ပြန်ဝင်လာသူ ကျင်းယွီသည် ခက်ခက်ခဲခဲနှင့် မျက်လုံးနှင့် ပါးစပ်ပွင့်လာသော်ငြား မည်သည့်အသံမျှ ထွက်မလာချေ။ 


ရှောင်ပိုင်.. သာ့ပိုင်.. ပေါင်းဇီ...


ကျင်းယွီ နာကျင်စွာ ပြုံးလိုက်သည်။ ဤတစ်ကြိမ် ပေးဆပ်ရသည့် တန်ဖိုးမှာ အတော်လေး မြင့်မားလှသည်။ နောက်တစ်ကြိမ်၌ ပြင်ဆင်မှုမရှိဘဲနှင့် ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်အစက်များ ပြည့်နေသည့် သားရဲများအား ကုသပေးတော့မည် မဟုတ်ပေ။


လှုပ်ရှားမှု မပြုနိုင်ဘဲ အသံပင်မထွက်နိုင်သည့်တိုင်အောင် ကျင်းယွီသည် ရင်းနှီးသော သားရဲများ၏ အသက်ရှုသံနှင့် အမွေးများအား ခံစားနိုင်ဆဲပင်။ အသံတိတ်ရယ်မောလိုက်မိသည်။ မျက်လုံးမှိတ်ကာ အနားယူတော့မည် ပြင်ဆင်မှာပင် သူ၏အရှေ့၌ အထက်စီးဆန်ကာ မောက်မာသော ရွှေရောင်မျက်လုံးတစ်စုံနှင့် အကြည့်ချင်းဆုံသွားလေသည်။ ထိုမျက်လုံးများမှာ အလွန်အေးစက်သောကြောင့် ကျင်းယွီအား တုန်ယင်လာစေ၏။


မင်းဘယ်သူလဲ။ ကျင်းယွီ မေးလိုက်သည်။ အသံထွက်မလာသည့်တိုင်အောင် ထိုမျက်ဝန်းပိုင်ရှင် နားလည်မည်ဟု သူယုံကြည်သည်။


ထပ်.. ထပ်.. ထပ်..


အလွန်ပေါ့ပါးသော ခြေလှမ်းလှမ်းသံအား ကြားရသည်။


လရောင်ဖြာကျလာပြီး ကျင်းယွီ၏ မျက်လုံးများ အလွန်အမင်း ပြူးကျယ်လာသည်။ သူ၏ မျက်နှာတွင် တုန်လှုပ်ခြောက်ခြားမှုနှင့် မယုံကြည်နိုင်မှုတို့ ထင်ဟပ်နေပြီး ဤကမ္ဘာသို့ ရောက်ရှိလာသည့် အချိန်မှစကာ ပထမဆုံးအကြိမ် ထိုသို့ဖြစ်ရခြင်းပင်။


“ဒါ... က... မ.. ဖြစ်.. နိုင်.. ဘူး..”


ကျင်းယွီ၏ အက်ရှရှအသံ ထွက်ပေါ်လာသည်။ သူ၏အသံမှာ အလွန်အမင်း ဖျော့တော့ကာ အားနည်းနေလေသည်။


ကြီးမားသည့် ကြောင်များ၊ အင်းစက်များ၊ လူတစ်ယောက်နီးနီး ကြီးမားသည့် တောင်ပံပါ မြင်းများ၊ ကျားများအား လက်ခံနိုင်သည့်တိုင်အောင်၊ လူသားများထံ၌ ရှိနေသည့် စွမ်းရည်များအား လစ်လျူရှုထားနိုင်သည့်တိုင်အောင် သူ၏မျက်လုံးများရှေ့၌ ရှိနေသည့် သားရဲမှာ မယုံကြည်နိုင်စရာ ကောင်းလှသလို စိတ်ကူးယဉ်နိုင်မှုထက် ကျော်လွန်နေသည်။ ယင်းမှာ မမျှော်လင့်ဘဲနှင့် သူ၏ မျက်စိရှေ့ ရောက်ရှိလာသလို အမှန်တကယ် တည်ရှိနေလေသည်။


“အနက်ရောင်.... ချီလင်... လား..” 


သောက်ကျိုးနည်း ဟာသတစ်ခုလား..


နဂါးခေါင်း၊ သမင်ချို၊ ခြင်္သေ့မျက်လုံး၊ ကျားကျောရိုး၊ မြင်းခန္ဓာ၊ ငါးကြေးခွံများနှင့် ပေါင်းစပ်ထားသော သားရဲသည် ကျင်းယွီ၏ အရှေ့၌ ရပ်ကာ ငုံ့ကြည့်လေသည်။ ကျင်းယွီ သူ့ကိုယ်ပိုင်မျက်လုံးများနှင့် မြင်တွေ့ရခြင်း မဟုတ်ပါက သူ၏ ဦးနှောက် ပျက်သွားအောင် တွေးကြည့်လျှင်ပင် ကမ္ဘာပေါ်မှ မင်္ဂလာ ချီလင်အား အခြားဂြိုဟ်တွင် တွေ့မြင်ရလိမ့်မည်ဟု မည်သည့်အခါတွင်မျှ စိတ်ကူးကြည့်မိမည် မဟုတ်ပေ။


ချီလင်သည် သားရဲများ၏ အစစ်အမှန် ဘုရင်တစ်ပါးဖြစ်သည်။ ယင်းသည် သူ၏ ကောင်းကျိုးပြုမှုများကြောင့် ထင်ရှားကျော်ကြားသော မင်္ဂလာသားရဲဖြစ်သည်။


ကျင်းယွီ သူ၏အရှေ့ရှိ ချီလင်အား ကြည့်လေလေ ဒဏ္ဍာရီအားလုံးမှာ အလိမ်အညာများဖြစ်သည်ဟု ခံစားရလေလေပင်။ ဒဏ္ဍာရီများမှာ ချီလင်အမျိုးအစားအား ဖော်ပြရန် ကျရှုံးခဲ့ကြလေသည်။ ဤချီလင်မှာ အနက်ရောင် ရွှန်းရွှန်းစိုနေပြီး မျက်လုံးများမှာ ခံစားချက်ကင်းမဲ့နေသည်။ အဆိုပါမျက်လုံးများနှင့် ကြည့်လိုက်ပါက တစ်ကိုယ်လုံး အေးခဲသွားနိုင်သည်။ ထို့ကြောင့် ကျင်းယွီသည် သူ၏အရှေ့ရှိ ချီလင်မှာ မင်္ဂလာသားရဲအမျိုးအစား မဟုတ်ဘဲ final ဘော့စ် အမျိုးအစား မွန်းစတားဖြစ်မည်ဟု ထင်မြင်မိသည်။


ကျင်းယွီ ဤချီလင်၏ အမျိုးအစားအား အလွန်မြန်ဆန်စွာ သတ်မှတ်နိုင်ခြင်းမှာ သူ၏ အသွင်အပြင်ထက် ယင်းထံ၌ ဘုရင်တစ်ပါး၏ အာဏာကြီးစိုးသော အော်ရာရှိနေသောကြောင့်ပင်။


ဤချီလင်နှင့် တွေ့ဆုံရသဖြင့် စိတ်လှုပ်ရှားလာသောကြောင့် ကျင်းယွီ၏ အဒရီနယ်ဂလင်းများပင် ထွက်လာသည်။ ထို့နောက် လှုပ်ရှားနိုင်နေပြီဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။ နာကျင်စွာဖြင့် ထထိုင်ရန် ကြိုးစားပြီးနောက် ပတ်ပတ်လည်အား ကြည့်လိုက်လေသည်။ မျှော်လင့်ထားသလိုပင် ပေါင်းဇီနှင့် အခြားသူများမှာ သတိလစ်နေဆဲပင်။ ကျင်းယွီ၏ လှုပ်ရှားမှုများသည် ကြောင်အနေသည့် သားရဲများအား လှုပ်နှိုးရန် လုံလောက်သော်ငြား သားရဲအားလုံးမှာ သတိလစ်နေဆဲပင်။ ဆိုလိုသည်မှာ ဤဘော့စ်၏ စွမ်းအားမှာ ဖော်ပြ၍ မရနိုင်လောက်အောင် ဖြစ်သည်။


အနက်ရောင်ချီလင်... ဘာလို့များ အဖြူရောင်ကြေးခွံတွေ မဖြစ်ရတာလဲနော်..


ကျင်းယွီ သူ၏ကံဆိုးမှုကြောင့် အသက်ပြင်းပြင်း ရှိုက်လိုက်မိသည်။ ဒဏ္ဍာရီများ၌ ချီလင်သည် ကောင်းကျိုးပြုသားရဲဖြစ်သည်ဟု ဆိုသည်။ သို့သော် ယင်း စိတ်ဆိုးဒေါသဖြစ်သည့်အခါ ကောင်းကင်နှင့် မြေကြီးအား တုန်ခါစေသည်။ သူ၏အရှေ့ရှိ ချီလင်မှာ ရက်စက်ကာ အေးစက်သည်ဟူသော အချက်အား ထည့်သွင်းထားခြင်းပင် မရှိချေ။ နာကျင်မှုမရှိဘဲ အသေဆိုးနဲ့ မသေရအောင် နာခံမှုရှိရှိ ရွေးချယ်လို့ မရနိုင်ဘူးလား။


မဟုတ်ဘူး.. မဟုတ်ဘူး.. မဟုတ်ဘူး..။ သေလို့မရသေးဘူး။ 


အသက်ရှင်နေသည့် နေ့ရက်တိုင်းမှာ ကံကောင်းမှုဖြစ်သည်။ သို့သော် ဤသားရဲများမှာ သေလို့မဖြစ်ချေ။ ချီလင်သည် ပေါင်းဇီ၊ အမြီးကြီးဝံပုလွေ၊ သာ့ပိုင်နှင့် ရှောင်ပိုင်တို့၏ ဘော့စ် မဟုတ်လား။ ဘော့စ် ဟူသည်မှာ သူ၏ နောက်လိုက်ငယ်သားများအား သတ်ဖြတ်လိမ့်မည် မဟုတ်ချေ။


ထိုအကြောင်းအား စဉ်းစားပြီးနောက် ကျင်းယွီ တံတွေးမျိုချလိုက်သည်။ ရွှေရောင်မျက်လုံး၊ အစင်းကြောင်းများနှင့် မလှုပ်မယှက် ချီလင်အားကြည့်ကာ ပြောလေသည်။


“မင်း.. အာ.. ကျေးဇူးပြုပြီး ငါ့ကိုပဲစားပါ.. သာ့ပိုင်.. ရှောင်ပိုင်.. ပေါင်းဇီ.. ရှောင်ရွှယ့်.. ရှောင်လွယ် နဲ့ တခြားသူတွေကို မစားပါနဲ့.. သူတို့က လူသားတွေ မဟုတ်ပါဘူး.. သူတို့က မင်းကို သစ္စာဖောက်မှာမျိုး နာကျင်စေမှာမျိုး မလုပ်နိုင်ကြပါဘူး..”


ကျင်းယွီ၏ စကားများအား ကြားပြီးနောက် အနက်ရောင်ချီလင်၏ မျက်လုံးထဲ၌ အလင်းတစ်ချက် လက်သွားသည်။ ကျင်းယွီ၏ တုန်လှုပ်နေသော အကြည့်အောက်မှာပင် သူ၏ စိတ်ထဲ၌ အင်အားကြီးကာ ခံ့ညားသည့်အသံတစ်သံ ထွက်ပေါ်လာသည်။


“မင်းက သူတို့နေရာမှာ သေဖို့ ဆန္ဒရှိတယ်ပေါ့.. သူတို့က လူသားတွေတောင် မဟုတ်ဘူးလေ..”


ကျင်းယွီ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။ သူ၏နှုတ်ခမ်းများ မဲ့ကျသွားပြီးနောက် ခေါင်းယမ်းလိုက်သည်။


“ငါက စိတ်ပျော့ပြီး နူးညံ့တဲ့သူတော့ မဟုတ်ဘူး.. ဒါပေမဲ့ တိတွေနဲ့ ပတ်သက်လာရင် ငါ့မှာ နောက်ဆုံးစည်းဆိုတာ မရှိဘူး.. သူတို့က လူသားတွေ မဟုတ်ပေမဲ့ အရေးကြီးတဲ့သူတွေ ဖြစ်နေတုန်းပဲ.. ပြီးတော့ အခုလေးမှ သူတို့ကို ကုသပြီးတာ.. သူတို့ ဘဝအသစ်မှ နေနိုင်တော့မယ်.. အခုသာ သေသွားမယ်ဆိုရင် ဆုံးရှုံးမှုအတော်လေး ကြီးသွားမှာ..”


အနက်ရောင်ချီလင်၏ မျက်လုံးများ အရောင်လက်လာပြီး နဂါးနှင့်တူသည့် ဦးခေါင်းအား ခပ်သာသာ ညိတ်လိုက်သည်။


“ဒါဆိုလည်း မင်းအသက်က ငါ့ဟာပဲ..”


ထိုသို့ဖြင့် ကျင်းယွီ အမူအရာမဲ့စွာဖြင့် မျက်လုံးမှိတ်ကာ ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် လေအေးတစ်ချက် တိုက်လာသည်။ မျက်လုံးဖွင့်လိုက်ချိန်တွင် ပိန်းပိတ်အောင်နက်မှောင်နေသည့် သားရဲမှာ အရိပ်ပင် မမြင်ရအောင် ပျောက်ကွယ်သွားပြီး စကားတစ်ခွန်းသာ ချန်ရစ်သည်။


“သုံးရက်ကြာရင် ပြန်လာမယ်.. အဲဒီကျ မင်းရဲ့ ဖရိုဖရဲစွမ်းအင် ငါ့ကို ပေးရလိမ့်မယ်..”


ကျင်းယွီ ဗလာဖြစ်နေသည့် ကွက်လပ်ကိုသာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိပြီး ထိုစကားများကြောင့် သူ၏ စိတ်မှာ တက်လိုက်ကျလိုက် ဖြစ်နေရသည်။


ဖရိုဖရဲစွမ်းအင်က ဘာလဲ.. ငါ့မှာ အဲဒါ ရှိလို့လား..


သို့သော် ဤတစ်ကြိမ် အသက်ရှင်ခွင့်ရခဲ့သည့် ကျင်းယွီမှာ ထိုအကြောင်းအား စဉ်းစားရန် အချိန်ပိုမရှိချေ။ ချီလင်၏ ပစ်မှတ်အဖြစ် သတ်မှတ်ခံရပြီးနောက် ထိတ်လန့်တကြားဖြင့် ကမ္ဘာကြီး၏ ထောင့်တစ်နေရာ အဝေးဆုံးသို့ ပြေးသွားပြီး ပုန်းအောင်းမည် ဆိုလျှင်ပင် ယင်း၏ ရှာဖွေခြင်း ခံရမည်ပင်။ ထိုသို့ဖြစ်လာမည့်အစား ဤနေရာတွင်သာ နာခံမှုရှိရှိ စောင့်နေလိုက်မည်။ သူ၏ ဖရိုဖရဲစွမ်းအင်ကို ဆုံးရှုံးရမည်ဆိုလျှင်ပင် အသက်ရှင်ကောင်း ရှင်နိုင်ဦးမည်။


ဝူးးးးးး


ဂါးးးးးး


သားရဲများ၏ အော်သံသည် ကျင်းယွီ၏ အာရုံအား ပြန်လည်ဆွဲယူလိုက်နိုင်သည်။ ပေါင်းဇီက စိတ်လှုပ်ရှားစွာဖြင့် ကျင်းယွီအား ခေါင်းဖြင့်ပွတ်နေသည်။ ရှောင်ပိုင်သည် ကျင်းယွီ၏ လက်မောင်းအတွင်းသို့ ခုန်ဝင်ကာ ပွတ်သပ်ရင်း နှစ်သိမ့်မှု တောင်းခံလျက်ရှိသည်။


စိတ်လှုပ်ရှားနေသည့် သားရဲများအား နှစ်သိမ့်ချော့မြှူပြီးနောက် ကျင်းယွီသည် ရှောင်ပိုင်အားပွေ့ကာ သာ့ပိုင်ရှိရာသို့ သွားလိုက်သည်။ သာ့ပိုင်မှာ မျက်လုံးများပွင့်နေပြီးဖြစ်သည်။ ကျားမျက်လုံးများမှာ ပျော်ရွှင်မှုနှင့် စိတ်သက်သာရာ ရမှုတို့ ပြည့်နှက်နေသည်။ ကျင်းယွီ ယင်း၏ ဦးခေါင်းအား မထိဘဲ မနေနိုင်တော့ချေ။


“ကြည့်ရတာ မင်းရဲ့ အခြေအနေက မဆိုးတော့ဘူးပဲ.. အင်း.. သုံးရက်အတွင်း အားပြန်ပြည့်ဖို့ အကောင်းဆုံး ကြိုးစားရမယ်နော်.. ပြီးရင် ငါတို့တွေ အိမ်နည်းနည်းလောက်ကို လုယက်ကြတာပေါ့.. ငါတို့ရဲ့ စွမ်းအားနဲ့ဆိုရင် ပြဿနာမဟုတ်ဘူးလေ.. ဟုတ်တယ်မလား..”


သာ့ပိုင်၏ မျက်လုံးထဲ၌ ရယ်ချင်စိတ်အပြည့်ဖြင့် ဟိန်းလိုက်သည်။ ကျင်းယွီ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သားရဲများနှင့် ခက်ခဲသည့် အချိန်အား ကျော်ဖြတ်ပြီးနောက် ကမ္ဘာပေါ်သို့ တစ်နေ့တာ၏ ပထမဆုံးနေရောင်ခြည် ဖြာကျလာသည်။ နေ့သစ်တစ်ရက် အစပြုလေပြီ။


“အင်း.. မနက်စာစားဖို့ အချိန်ကျပြီ.. သာ့ပိုင်ကို နေပူဆာလှုံဖို့ ခေါ်လာခဲ့ကြ.. ပြီးတော့ ပေါင်းဇီ၊ ရှောင်လုနဲ့ အမြီးကြီးဝံပုလွေက အဲဒီကောင်တွေကို စောင့်ကြည့်ရမယ်.. ရှောင်ရွှယ့်နဲ့ ရှောင်ပိုင်က လယ်သမားဈေးကိုသွားဖို့ ငါ့နောက်လိုက်ခဲ့.. မင်းတို့ရဲ့ ဘော့စ်.. ငါ က မနက်စာ မဝယ်ခင် ပိုက်ဆံရှာချင်တယ်..”


သုံးရက်ကြာပြီးနောက် သူစီစဉ်ထားသည့် အရာများနှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာ ရှိလာမည်ဟု မထင်သော်ငြား ယင်းတို့ကို စွန့်လွှတ်မည် မဟုတ်ပေ။ ယခုအခါ သူ့ထံ၌ အချိန် သုံးရက် ရှိနေသည်။ ဤသုံးရက်အတွင်း၌ အချိန်ကို အကျိုးရှိအောင် အသုံးချချင်သည်။ 


ထိုသို့ဖြင့် တစ်နာရီ ကြာပြီးနောက် စားသောက်ပြီးစီးကာ နေပူဆာလှုံနေသော ရှောင်လုနှင့် အမြီးကြီးဝံပုလွေ အပါအဝင် ဒဏ်ရာရသားရဲ ၂၈ ကောင်သည် ကျင်းယွီအနီး၌ စနစ်ကျကျ ဝိုင်းပတ်ကာထိုင်နေကြသည်။ သူတို့သည် အလယ်၌ရှိသည့် သစ်သားကားကြီးအား စူးစမ်းမှုအပြည့်နှင့် စိတ်ဝင်တစား ကြည့်နေကြလေသည်။


“အင်း.. မင်းတို့က ဒီအရာကို မြင်ပြီးကြပြီ ဟုတ်.. မင်းတို့ရဲ့ ဘော့စ် ငါက ဒီဟာကိုဝယ်ဖို့ အသားပေါက်စီ သုံးရာ တန်ကြေးရှိတဲ့ ပိုက်ဆံကို သုံးခဲ့ရတာ..”


ကျင်းယွီ စကားစ ရပ်ချိန်မှာပင် နှလုံးကွဲကြေမတတ် အူသံများ ထွက်ပေါ်လာသည်။


“ကျွတ်.. တိတ်စမ်း.. အသားပေါက်စီ သုံးရာတည်းလေ.. ဒီကားဝယ်ပြီးတော့ ငါတို့မှာ အသားပေါက်စီတွေ နေ့တိုင်း စားရတော့မယ်.. ငါတို့သာ ကောင်းကောင်းလုပ်မယ်ဆိုရင် ကြက်ကင်တောင် စားရနိုင်တယ်..”


ထိုသို့ဖြင့် နှလုံးကွဲကြေမတတ် အူသံများမှ စိတ်လှုပ်ရှားသည့် အသံများအဖြစ် ပြောင်းလဲသွားသည်။ ထို့အပြင် စိတ်လှုပ်ရှားနေသည့် အသံများထဲ၌ ကြောက်ရွံ့နေသည့် ကြက်တွန်သံလည်း ကပ်ပါလာသည်။


“ဟုတ်ပါပြီ.. ခုနစ်ရောင်ခြယ်တေးသံကြက် ရယ်.. မင်းကိုစားမယ်လို့ ပြောတာ မဟုတ်ပါဘူး.. မင်းလုပ်ရမှာက ငါတို့ကို မင်းရဲ့ အတောင်တွေ ပေးဖို့ပဲ.. သူတို့ပြောတာတော့ မင်းရဲ့ အတောင် တစ်ခုက အသားပေါက်စီ သုံးရာနဲ့ လဲလို့ရတယ်တဲ့..”


ထိုသို့ဖြင့် ခုနစ်ရောင်ခြယ်တေးသံကြက်မှာ သူ၏ ပတ်ဝန်းကျင်ရှိ စိတ်လှုပ်ရှားနေသော သားရဲများအား လစ်လျူရှုရင်း မေ့မျောသွားတော့သည်။ ထို့နောက် ကျင်းယွီသည် သားရဲများ၏ မျှော်လင့်စောင့်စားနေသော အကြည့်များအောက်မှာပင် ပါးစပ်ဖွင့်လာသည်။


“အခုကစပြီး ငါတို့က အန်ကျဲရဲ့ အမှိုက်သိမ်း သားရဲအုပ်စု ဖြစ်လာလိမ့်မယ်.. ငါတို့ရဲ့ ကျွမ်းကျင်မှုတွေကို ရောင်းချပြီး အမှိုက်တွေကို လုံးဝ ရှင်းထုတ်ပစ်မယ်.. ငါတို့ရဲ့ ရိုးသားမှုကို အဲဒီလူတွေ သိစေရမယ်.. ငါတို့ကို အသားပေါက်စီ သုံးရာအတွက် ပိုက်ဆံအလုံအလောက် ပေးစေရမယ်..”


ဝူး...


ကတော်..


ကျလိ...


ကျလိ.. မြောင်... ကတော်.. ဝူးးးးးး


(ငါတို့အတွက် အသား ပေါက်စီ သုံးရာဖိုး ပိုက်ဆံပေးကြရမယ်..)



🐾🐾