Chapter 10
Viewers 2k

🐾Chapter 10

ရွှေရောင်မျက်လုံး



သာ့ပိုင်အား ကုသပေးရန် ဆုံးဖြတ်ထားသည့်အတွက် သဘာဝကျစွာပင် ကျင်းယွီက ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်နေသည်။


ကျင်းယွီက အဖြူရောင်သဲကျားကို နေ့အလင်းရောင်အောက်၊ ထိုလူအုပ်စုကြီး၏ အရှေ့တွင် ကုသပေးရန် မစီစဉ်ထားပေ။ ထုတ်ဖော်ပြသရန် ရှိထားသင့်သည့် ချမ်းသာကြွယ်ဝမှုများလည်း မရှိသည့်ကျင်းယွီသည် လက်ထဲတွင် ပေါင်မုန့်ကိုကိုင်ကာ လုံခြုံစိတ်ချစွာ စားသောက်နိုင်ရန်အတွက် ဘေးဘီသို့ သုံးကြိမ်သုံးခါ စစ်ဆေးရသည့် ကမ္ဘာဟောင်းမှ သာမန်လူသားတစ်ယောက်နှင့် တူနေသည်။ သဘာဝကျစွာပင်၊ ကျင်းယွီက ဤအမှန်တရားကို ယခုထက်ပို၍ နားမလည်နိုင်စရာ မရှိပေ။


တစ်နေ့တည်းဖြင့် သူ့ခွန်အားကို ထုတ်ပြလိုက်မိပါက မည်သို့သော ကြောက်စရာကောင်းသည့် အကျိုးရလဒ်များ ဖြစ်ပေါ်လာနိုင်သည်ကို မည်သူမှ မသိနိုင်ပေ။ ထို့အပြင် သူက မှတ်ပုံမတင်ထားသည့် နိုင်ငံသားဖြစ်နေ၏။ တစ်နည်းဆိုရပါက သုတေသီများက တိတ်တဆိတ်ဖြင့် လူများရှာကာ သူ့အား သတိမေ့မျောရန် ပြုလုပ်ပြီး ဖမ်းချုပ်ပိတ်လှောင်ပစ်လိုက်နိုင်သည်။ ထိုသို့ဖြစ်ပါက သူ့မှာ ငိုနေနိုင်မည်ပင် မဟုတ်ပေ။ ထို့ကြောင့် သာ့ပိုင်အား ကုသရန်အတွက် ညအချိန်ရောက်သည်အထိ စောင့်ရမည်ဖြစ်သည်။


ကုသရေးပြုလုပ်မည့် နေရာက အမှိုက်များ မရှိတော့သော စွန့်ပစ်နေရာအပြင်ဘက်တွင် ရှိသည့် သိုလှောင်ရုံငယ်လေးထဲတွင်ပင်။ ယခင်က ထိုနေရာတွင် နေထိုင်သွားသူများ ရှိပုံရ၏။ သိုလှောင်ရုံက ယခုအချိန်တွင် ဟောင်းနွမ်းနေသော်လည်း ပုန်းကွယ်နေရန်အတွက် နေရာကောင်းတစ်ခု ဖြစ်နေဆဲပင်။ ထို့အပြင် ပေါင်းဇီနှင့် ရှောင်ရွှယ့်တို့အတွက် ကင်းလှည့်ရန် နေရာလည်း ရှိပြီး မည်သူမှ ကျူးကျော်ဝင်ရောက်မလာစေရန် စိတ်ချရသည်။


ကျင်းယွီက ပေါင်းဇီ၏ ကိုယ်ပေါ်တွင် လှဲကာ မျက်လုံးမှိတ်လျက် ခဏ အနားယူလိုက်သည်။ သူ အနားယူနေချိန်တွင် နေမင်းက တဖြည်းဖြည်း တောင်တန်းအနောက်သို့ ဝင်ရောက်သွားကာ အနီရောင်အလင်းတန်းသာ ကျန်ရစ်ခဲ့သည်။ ထိုအချိန်မှသာ စွန့်ပစ်နေရာအား အရပ်မျက်နှာပေါင်းစုံမှ သေချာစွာ စောင့်ကြည့်နေသူများက နေရောင်အောက်တွင် သားရဲများ နေရောင်ခံနေသည့် မြင်ကွင်းကို ဆက်မကြည့်နိုင်တော့ပေ။


စောင့်ကြည့်နေသူများ၏ မျက်နှာရှေ့တွင် ပေါ်လာသော အစိမ်းရောင်အရိပ်တစ်ခုက မပြောပြနိုင်လောက်သည့် ကြင်နာမှုကို ခံစားမိစေသည်။ အစောပိုင်းတွင် သားရဲအုပ်ကြီးက သေဆုံးခါနီးဖြစ်နေသကဲ့သို့ မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲနေခဲ့ကြသည်။ လူငယ်လေးကပါ ထိုနေရာတွင် လှဲလျောင်းပြီး သက်တောင့်သက်သာ အိပ်နေသည်။ ထိုမြင်ကွင်းက စောင့်ကြည့်နေသည့် လူအုပ်ကြီးအတွက် မယုံကြည်နိုင်စရာ ဖြစ်နေ၏။ သူက မည်သည့်အရာဖြစ်ပျက်နေကြောင်းကို လူအုပ်ကြီးမှ သိသွားစေနိုင်သော မည်သည့် အပြုအမူကိုမှ မပြုလုပ်ခဲ့ပေ။


အဆိုပါ ကြီးမားသည့် အစိမ်းရောင်ခေါင်းကြီးတစ်ခု ပျံသန်းလာသည်ကို မြင်မှသာ လူအုပ်ကြီးက အဆုံးတွင် တစ်စုံတစ်ခု ဖြစ်ပွားတော့မည်ဖြစ်ကြောင်း တွေးလိုက်ကြသည်။ 


အာ… အဲဒါက Aအဆင့် တောင်ပံပါ ကျားလား… တောင်ပံပါကျားရဲ့ ခေါင်းပေါ်မှာ အဖြူရောင် အမြီးနှစ်ချောင်းညဉ့်ကြောင်က ထိုင်နေတာလား… … တောင်ပံပါကျားရဲ့ နောက်ကျောပေါ်မှာလည်း တစ်ခုခု ရှိနေတယ်… …


“အိုး… အဲဒီတောင်ပံပါကျားကို အတော်လေး ရင်းနှီးနေတယ်လားလို့…”


လူအုပ်ထဲမှ တစ်ယောက်က ပြောလိုက်သည်။


“အင်း အင်း… ငါလည်း အတော်လေး ရင်းနှီးနေတယ်လို့ ထင်တာပဲ… အာ… ဆူးချွန်အမြီးဝံပုလွေရော ရှိနေတာလား… ဒီအမြီးကြီးနဲ့ ဝံပုလွေကိုလည်း အရမ်းရင်းနှီးနေတယ်နော်…”


ဒုတိယတစ်ယောက်က ပြောသည်။



“ဘုရားသခင်… … ဒါက တွေ့ရာလူကို လိုက်ကိုက်တတ်တဲ့ ဘိုးဘေးကြီး နှစ်ကောင် မဟုတ်ဘူးလား… … အား… အား အား အား… သူတို့ ငါတို့ကို ကြည့်နေပြီ… … ငါ ဆက်မစောင့်ကြည့်တော့ဘူး… ငါ အိမ်ပြန်တော့မယ်…”


သတိပေးရန်ပင် မလိုအပ်ဘဲ လူအုပ်ထဲရှိ အမည်မသိ လူတစ်ဦး၏ မျက်နှာအမူအရာက မည်းမှောင်သွားသည်။ မည်သည့် တုံ့ပြန်မှုမှ မရှိခဲ့သော လူအုပ်ထဲရှိ ကြည့်ရှုနေကြသူများက ရုတ်တရက် သူတို့ကိုယ်ပေါ်မှ အမွေးအမျှင်များက ချွေးစေးများဖြင့် ထောင်တက်လာကာ ခန္ဓာကိုယ်တစ်ခုလုံးက ပြင်းထန်မှုအဖုံဖုံဖြင့် အကိုက်ခံနေရသကဲ့သို့ ခံစားနေရသည်။ ဖြတ်သွားဖို့ရန်ပင် ဆိုးရွားလွန်းသော လမ်းဖြစ်နေ၏။


အာဝူး အာဝူး အာဝူး အာဝူး… ငါတို့တွေက သတင်းအချက်အလက်တွေ နည်းနည်းလောက် ရောင်းနိုင်ဖို့ လာစောင့်ကြည့်နေကြရုံပဲမလား… … တကယ်ကြီး ငါတို့ရဲ့ ပျော်စရာနေရာကို ကိုက်ပစ်ဖို့ လိုလို့လား… … တောင်ပံပါကျားနဲ့ ဆူးချွန်အမြီးဝံပုလွေက တကယ် အဆိုးဆုံးပဲ… … ငါတို့ လူအုပ်ကြီးကလည်း ယဉ်ပါးတဲ့သားရဲတွေကိုပဲ သဘောကျတာပါနော်…


ရှောင်လုနှင့် အမြီးကြီးဝံပုလွေတို့ ပေါ်လာပြီး မျက်လုံးတစ်ချက် ဝင့်ကြည့်ရုံဖြင့်ပင် စောင့်ကြည့်နေကြသည့် လူတစ်အုပ်ကို ခြောက်လွှတ်လိုက်နိုင်သည်။ လူအုပ်ကြီး၏ တင်ပါးများကို လိုက်ကိုက်တော့မယောင် ကြောက်လန့်ဖွယ်အငွေ့အသက်က ကျင်းယွီအား အားရပါးရ ရယ်မောစေသည်။


“ဟေး… ဘယ်လိုလုပ်ပြီး မင်းတို့နှစ်ကောင် ရောက်လာတာလဲ… လီရှောင်နဲ့ လိမ္မော်ရောင်ဖြူခေါင်းရော ဘယ်မှာလဲ…”


ကျင်းယွီက လက်တစ်ဖက်ဖြင့် ရှောင်လုခေါင်းကို ပွတ်ပေးကာ ကျန်လက်တစ်ဖက်က ရှောင်လုကျောပေါ်တွင် ရှိနေသော အိတ်အား ဖွင့်လိုက်သည်။


အသား၏ ရနံ့က ကျင်းယွီ၏ မျက်နှာကို လွှမ်းခြုံလိုက်သည်။


ဝုဖ် ဝုဖ်…

(သခင်ပြောတာတော့ သူ ရှောင်လုလုနဲ့အတူ ဘားသွားပြီး ကိစ္စတစ်ခု လုပ်စရာ ရှိတယ်တဲ့… ကျွန်တော်တို့က အရမ်းကြီးတော့ လိုက်သွားခွင့် မရဘူးလေ… တကယ်တော့ သခင့်ရဲ့ ရည်ရွယ်ချက်တွေက ကောင်းလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး…)


ဘန်း…


အမြီးကြီးနှင့် ဝံပုလွေက ရှောင်လုကြောင့် နံရံနှင့် ရိုက်မိသွားသည်။ ရှောင်လုက ဝံပုလွေအား မာန်ဖီလိုက်ပြီး ကျင်းယွီအား ခေါင်းဖြင့် ပွတ်သပ်လိုက်သည်။


ဝေါင်း…


(အဲဒါက လုံးဝကို အပုတ်ချတာပဲ… သခင်ပြောတာတော့ အဲဒီလိမ္မော်သီးကို အဖွဲ့ထဲကနေ ထုတ်ပယ်မဲ့ ရက်က မဝေးတော့ဘူးတဲ့…)


“အာ… ကောင်းပါပြီ… ငါ့အထင်တော့ မင်းရဲ့သခင်က ဆက်ပြီး ကြိုးစားလုပ်ဆောင်ဖို့ လိုအပ်တယ်… အဲဒီလိမ္မော်သီးက ပုံစံကပဲ လိမ္မော်သီးနဲ့ တူတာ မဟုတ်ဘူး… သူ့မှာ အရေထူတဲ့ အခွံလည်း ရှိတဲ့အပြင် အရမ်း လုံးလုံးဝိုင်းဝိုင်းကြီး ဖြစ်နေသေးတာ… အဲဒါကြောင့် လှီးဖြတ်လို့ မကောင်းဘူး…”


ထိုသို့ ပြောပြီးနောက် ကျင်းယွီက ရယ်မောကာ အနာဂတ်တွင် တစ်ဦးတည်းသော လိမ္မော်ရောင်ဖြူကောင်အား လှည့်စားဖို့ရန် နည်းလမ်းများကို တွေးတောလိုက်သည်။ အမှန်တကယ်တွင် အကယ်၍ တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်ကို စကားလုံးများမှတစ်ဆင့် အလွယ်တကူ သိနိုင်မည်ဆိုပါက သူတို့အကြား အလွန်အလှမ်းဝေးနေလိမ့်မည် မဟုတ်ပေ။


“ငါ့ကို ကူပြီး သာ့ပိုင်ကို ပြန်ခေါ်သွားပေးပါဦး… အပြင်ဘက်မှာက မှောင်နေပြီ… ငါ စားပြီးတာနဲ့ သာ့ပိုင်ကို ကုသပေးမယ်… အပြင်းအထန် မထိခိုက်ထားတဲ့ အကောင်တွေက ကိုယ့်အသားပေါက်စီကို ကိုယ်တိုင်လာယူလိုက်နော်… မနက်ဖြန်ကစပြီး မင်းတို့တွေက အလုပ်လုပ်ရတော့မှာဆိုတော့ ဒီညတော့ နားလိုက်ကြ…”


ကျင်းယွီက ထိုသို့ပြောပြီးနောက် စွန့်ပစ်ရေးရုံးသို့ ပြန်သွားသည်။ တုံ့ပြန်လာသည့် ပျော်ရွှင်ကာ စိတ်လက်ပေါ့ပါးနေသော သားရဲအမျိုးမျိုး၏ အသံက လေထုထဲတွင် ပြည့်နှက်သွားလေသည်။


“ကျစ်… တကယ်လို့များ ငါ သားရဲစတိုးတစ်ခု ဖွင့်မယ်ဆိုရင် သူတို့နဲ့ ခွဲပြီး အိပ်မှရမယ်… ဒီလို ဆူညံနေတဲ့ အော်သံတွေက အရမ်းတက်ကြွလွန်းတယ်…”


ကျင်းယွီက သူ့အိတ်ကို ကိုင်ကာ သူ့ကိုယ်သူ တီးတိုးပြောလိုက်သည်။


ဤသားရဲများ အားလုံးက လိမ္မာကြသော်လည်း သူတို့ စိတ်လှုပ်ရှားလာသောအခါ သူတို့အား စိတ်တည်ငြိမ်သွားစေရန်မှာ စိန်ခေါ်မှုတစ်ခုလိုပင် ဖြစ်နေ၏။ သူက စတိုး၏ ဘုရင်အဖြစ် ပြုမူရန်အတွက် ပို၍ ခက်ထန်သော သားရဲတစ်ကောင်ကို ရှာသင့်သည်၊ သို့မဟုတ်ပါက သူ့ထံသို့ ပွတ်သပ်ပေးရန် လာရောက်တောင်းဆိုသည့် သားရဲများ ပိုပိုတိုးလာပေလိမ့်မည်။ တွေးကြည့်ရုံဖြင့်ပင် သူ့လက်အား နာကျင်ကိုက်ခဲစေသည်။


အသားပေါက်စီကို စားသောက်ပြီးနောက် ကျင်းယွီက ရှောင်လု၊ အမြီးကြီးဝံပုလွေ၊ ရှောင်ပိုင်၊ ပေါင်းဇီနှင့် ရှောင်ရွှယ့်တို့အား သိုလှောင်ရုံဘေးတွင် နေခိုင်းလိုက်သည်။ သာ့ပိုင်က အခန်းတွင်းသို့ ရောက်ရှိပြီးဖြစ်ကာ ကြမ်းပြင်ပေါ်၌ နာနာခံခံ လှဲလျောင်းနေသည်။


“အရင်ဆုံး မင်းရဲ့ ခြေလက်တွေကို ကြပ်စည်းပေးထားမှ ဖြစ်မယ်… အဲဒီလိုဆိုရင် ခြေလက်တွေက ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မှာ…”


ကျင်းယွီက သာ့ပိုင်၏ ခြေလက် ၄ချောင်းလုံးကို စတင်ကာ ကြပ်စည်းပေးလိုက်သည်။ လုပ်ပြီးသည်နှင့် သူက လက်လှမ်းကာ သူ့လက်အား သာ့ပိုင်၏ နှလုံးပေါ်တွင် တင်လိုက်သည်။


သာ့ပိုင်က ရှားပါးသော A+အဆင့်ရှိသည့် အဖြူရောင်သဲကျားဖြစ်သည်။ ဤသတ္တဝါများက သဲကို ထိန်းချုပ်နိုင်သည်ဟု ပြောကြသည်။ အစပိုင်းတွင် ကျင်းယွီက သာ့ပိုင်အား သူ၏ ထင်ထင်ရှားရှား ရှိနေသေးသော ခွန်အားကြောင့် မကုသပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ပေါင်းဇီနှင့် ရှောင်ရွှယ့်တို့က ဒဏ်ရာများကြောင့် သေဆုံးလုနီးပါး ဖြစ်နေကာ ရလဒ်အနေဖြင့် သူတို့က ကျင်းယွီ၏ ဦးစားပေးစာရင်းတွင် သာ့ပိုင်အား နံပါတ်၃နေရာအထိ ဆွဲချမိခဲ့ခြင်း ဖြစ်သည်။


လက်ရှိအချိန်တွင်တော့ သာ့ပိုင်က အခြေခံအားဖြင့် သေဆုံးလုနီးပါး ဖြစ်သွားရတော့သည်။ အကယ်၍ ကျင်းယွီသာ သူ့အား ပို၍ နောက်ကျမှ ကုသပေးမည်ဆိုပါက သာ့ပိုင်က သွေးဆုံးရှုံးမှု သို့မဟုတ် အဆိပ်ကြောင့် နောက်တစ်နေ့တွင် သေဆုံးသွားနိုင်သည်။ ကျင်းယွီက ယခင်က သူ မွေးခဲ့ဖူးသော ကျားဖြူလေး သေဆုံးသွားသည်ကို တွေးလိုက်ပြီးနောက် စိုးရိမ်လာခဲ့သည်။


သာ့ပိုင်၏ ကိုယ်တွင်းအင်္ဂါအားလုံးက အနက်ရောင်ဖြစ်နေကြသည်။ ကျင်းယွီအား အစပိုင်းတွင် ထိတ်လန့်စေခဲ့သည်မှာ သာ့ပိုင်၏ ကိုယ်တွင်းအင်္ဂါများထဲတွင် မီးခိုးရောင်တစ်ခုမှ မရှိပေ။ သားရဲတစ်ကောင်က အဆင့်နိမ့်လေလေ၊ မီးခိုရောင်ကိုယ်တွင်းအင်္ဂါများ ပါရှိလေဖြစ်သည်ကို တွေးလိုက်ပြီး ကျင်းယွီက ဤသည်မှာ သားရဲများ အဆင့်ကွာခြားမှု၏ အဓိကဇစ်မြစ်ဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်သည်။ အမှန်တကယ်တွင် စွမ်းအားများက မီးခိုရောင်ကိုယ်တွင်းအင်္ဂါများကို မဖြတ်သွားနိုင်ရုံသာ ဖြစ်သည်။ ဤသည်က သားရဲတစ်ကောင်၏ ခွန်အားကို သိသိသာသာ တိုင်းတာပေးသည်။


သို့သော်လည်း ကျင်းယွီက မီးခိုရောင်ကိုယ်တွင်းအင်္ဂါများနှင့် ပတ်သက်ပြီး သူ့သုံးသပ်ချက်ကို အတည်ပြုရန် နည်းလမ်းမရှိသေးပေ။ ကိစ္စများစွာအား ဖြည်းဖြည်းချင်း အဖြေရှာကာ အလျင်မလိုသေးပေ။ ယခုအချိန်တွင် ပထမ ဦးစားပေးက သာ့ပိုင်၏ မည်းနက်သွားသော အင်္ဂါများအားလုံးကို ကုသပေးရန် ဖြစ်သည်။


“သာ့ပိုင်… အခုကစပြီး မင်းရဲ့ ဘော့စ်အပေါ်ကို ကောင်းပေးမှ ရမယ်နော်… သားရဲအကုန်လုံး သောင်းကြမ်းကြတဲ့အခါ မင်းက ဦးဆောင်ပေးမှ ရမယ်…”


ထိုသို့ ပြောပြီးနောက် ကျင်းယွီက မျက်လုံးမှိတ်ကာ သူ၏ စိတ်စွမ်းအားကို စတင် စုစည်းလိုက်သည်။ သေးငယ်ကာ အားနည်းသော စွမ်းအား အနည်းငယ်က သူ့ဘေးဘက်တွင် ပေါ်လာလေသည်။ စွမ်းအားက အပြည့်အဝ စုစည်းသွားသောအခါ ကျင်းယွီ၏ အစိမ်းရောင် အလင်းဖောက်သော နက်ပြာရောင်လည်ဆွဲက စတင်တောက်ပလာ၏။ လွှမ်းမိုးနိုင်သော စွမ်းအားများက မြေပြင်ပေါ်တွင် လှဲလျောင်းနေသော အဖြူရောင်သဲကျားဆီသို့ ဦးတည်သွားလေသည်။


ဝေါင်း… …


အဖြူရောင်သဲကျားက ကျယ်လောင်စွာ ဟိန်းလိုက်ပြီးနောက် အနက်ရောင်အငွေ့များက ကျား၏ ခန္ဓာကိုယ်ပေါ်မှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည်။ ချက်ချင်းပင် ကျားက ထရပ်ရန် အတွေးတစ်ခု ပေါ်လာသည်။ သို့သော်လည်း ကျိုးပဲ့နေသည့် ခန္ဓာကိုယ်က မရပ်နိုင်ရန် တားဆီးထား၏။ ကျားက ထမရပ်နိုင်သည့်အတွက် စိတ်ဖိစီးနေသော်လည်း ခန္ဓာကိုယ်တစ်ခုလုံး အလွန်အမင်း နာကျင်နေမှုက ကျားအား ခေတ္တယာယီ ပျော်ရွှင်သွားစေသည်။ ယခုအချိန်တွင် နာကျင်မှုအား ခံစားနေမိ၏။ တစ်လလုံးလုံး (အကြောများ အလုပ်မလုပ်တော့သောကြောင့်) နာကျင်မှုကိုပင် မခံစားနိုင်ခဲ့ပေ။


အဖြူရောင်သဲကျား၏ ထိန်းချုပ်မရနိုင်သော စိတ်လှုပ်ရှားမှုနှင့် ဟိန်းဟောက်မှုအတွင်း လေးလံသော တစ်စုံတစ်ရာ ပြုတ်ကျသွားသံကြောင့် ကျားက အံ့အားသင့်သွားကာ လှမ်းကြည့်လာသည်။ ကျင်းယွီက ကြမ်းပြင်ပေါ်တွင် လဲနေကာ မျက်နှာတစ်ခုလုံး ဖြူလျော်နေပြီး ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်နေလေတော့သည်။


… …


ဘော့စ်… …


အဖြူရောင်သဲကျားက အလွန်ထိတ်လန့်သွားပြီး သားမွေးများက တောက်ပသွားသည်။ ကျားက ပါးစပ်ဟကာ ဟိန်းလိုက်ချင်သော်လည်း ပြင်းထန်သော နာကျင်မှုတစ်ခုက သူ့ခေါင်းအား ဆုတ်ဖြဲနေကာ မလှုပ်ရှားနိုင်အောင် ဖြစ်နေ၏။ ဘန်း… နောက်တစ်ခဏမှာပင် ကျားပါ လဲကျသွားတော့သည်။


အဖြူရောင်ကျား၏ လဲကျသွားသံက အပြင်ဘက်ရှိ မီးတောက်ကျားသစ်နှင့် နှင်းသိမ်းငှက်အား စိုးရိမ်သွားစေသည်။ သို့သော်လည်း သူတို့က တံခါးအား စောင့်ကြပ်နေရာမှ မခွာရဲသေးပေ။ ရှောင်ပိုင်မှ ပြတင်းပေါက်ပေါ်သို့ ခုန်တက်၍ ကျင်းယွီကို မြင်လိုက်ရချိန်မှသာ သားရဲအုပ်ကြီးက သိုလှောင်ရုံအတွင်းသို့ ပြေးဝင်သွားကြတော့သည်။


အာဝူး အာဝူး… မြောင် မြောင်…


မြောင်…


ကျီ ကျီ … …


ဝေါင်း…


သားရဲများစွာက ကျင်းယွီကို စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်နေကြပြီး ကျင်းယွီအား ပွတ်သပ်ကာ၊ လျှာဖြင့် လျက်ခြင်း သို့မဟုတ် လက်ဖဝါးဖြင့် ပုတ်ခြင်းတို့ ပြုလုပ်နေသော်လည်း အရာမထင်ပေ။ ကျင်းယွီက ငါးသေတစ်ကောင်ကဲ့သို့ ကြမ်းပြင်ပေါ်တွင် သတိမေ့လျက် တုန်ယင်နေသည်။ ဤသည်က သားရဲများကို ကျင်းယွီက သေသွားသည်အထိ ကိုက်ခံလိုက်ရသည်ဟု ထင်မြင်သွားစေ၏။ အဆုံးတွင် သားရဲအုပ်ကြီးက သနားစရာကောင်းစွာ အော်ဟစ်မြည်တမ်းနေကြပြီး နူးညံ့သော သားမွေးများနှင့် ငှက်မွေးများကို အသုံးပြုကာ ကျင်းယွီအား နွေးထွေးစေရန် စက်ဝိုင်းသဏ္ဍာန် ဝန်းရံထားလိုက်ပြီး သူ နိုးထလာမည်ကိုသာ ကူကယ်ရာမဲ့လျက် စောင့်ဆိုင်းနေကြရရှာသည်။


မှန်ပေသည်၊ သာ့ပိုင်အား သားရဲအုပ်ကြီးမှ ဖယ်ထုတ်ထားသည်။ အကယ်၍ သာ့ပိုင်ကြောင့်သာ မဟုတ်ပါက ဘော့စ်က ဤသို့ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သူတို့က ကျားဖြူအား သေအောင် ကိုက်မသတ်ကြရန် ဆုံးဖြတ်ထားသော်လည်း သားရဲအားလုံးတွင် အသန်မာဆုံး ဖြစ်နေသည့် ကျားကို မျက်နှာသာ ပေးကြမည် မဟုတ်ပေ။


သို့သော်လည်း တံခါးနားတွင် လှဲနေသော အမြီးကြီးဝံပုလွေက မနက်ရောက်လျှင် သူ့သခင်ဖြစ်သူကို ရှာမည်ဟု ဆုံးဖြတ်လိုက်သည်။ ဝံပုလွေက ထိုအချိန်တွင် သူ့သခင် ပြန်ရောက်နေစေရန်သာ မျှော်လင့်နေမိ၏။


ညတာနက်လာပြီး ကျင်းယွီအား ဝန်းရံထားသည့် သားရဲအုပ်ကြီးက အမြီးကြီးဝံပုလွေပင် မျက်လုံးမဖွင့်နိုင်တော့သည်ကို မြင်ပြီးနောက် သူတို့ပါ ဖြည်းဖြည်းချင်း အိပ်ပျော်သွားကြသည်။


ထိုအချိန်တွင် မည်းမှောင်နေသော ညယံတွင် သိုလှောင်ရုံအား နူးညံ့သော လရောင်ကသာ အလင်းဖျော့ဖျော့လေး ပေးထား၏။ 


ရုတ်တရက် ရွှေရောင်အလင်းတန်းများက အတောက်ပဆုံးသော ကျောက်မျက်ရတနာကဲ့သို့ လင်းလက်တောက်ပလာသည်။ မျက်လုံးနှစ်လုံးမှ ထွက်ပေါ်လာသော ထိုတောက်ပသည့် အလင်းရောင်ကို မြင်လိုက်ရသူတိုင်းက သက်ပြင်းချကာ လှပမှုကို ချီးမွမ်းကြလိမ့်မည်။ သို့သော်လည်း အလင်းရောင်က တောက်ပနေရသည့် အကြောင်းအရင်းမှာ ထိုမျက်လုံးနှစ်လုံးတွင် ခံစားချက်များ လုံးဝ မရှိသောကြောင့် ဖြစ်သည်။ ဤသည်က ယခင်စွန့်ပစ်ခံခဲ့ရသော သားရဲများ၏ မျက်လုံးတွင် ရှိနေခဲ့သော လစ်ဟာနေခြင်းနှင့် လုံးဝကွာခြားသည်။ ဤအလင်းရောင်က ပို၍ သန်မာကာ ကောင်းကင်ဘုံမှ ရောက်ရှိလာသကဲ့သို့ တစ်စုံတစ်ယောက်၏ ခံစားချက်များကို ဆုတ်ဖြဲပစ်နိုင်သည်။


ထိုရွှေရောင်မျက်လုံးတစ်စုံအား သိုလှောင်ရုံအတွင်းရှိ Aအဆင့် သားရဲငါးကောင်မှ မြင်တွေ့သွားသည်။ ထူးဆန်းစွာပင် ထိုမျက်လုံးတစ်စုံက သားရဲများကို ထိတ်လန့်တကြား သို့မဟုတ် သတိတကြီး မဖြစ်သွားစေပေ။ အနည်းငယ် လင်းလက်သွားပြီးနောက် ရွှေရောင်မျက်လုံးတစ်စုံက ကျင်းယွီအား ဝန်းရံထားသော သားရဲများကို ဖြည်းညှင်းစွာ စိုက်ကြည့်နေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ရွှေရောင်မျက်လုံးများတွင် ခံစားချက်များ မရှိဘဲ သားရဲများအပေါ် သံသယဝင်နေသည့် အရိပ်အယောင်သာ လက်သွားခဲ့သည်။


အဆုံးတွင် လရောင်က တိမ်များ ကင်းစင်သွားသောကြောင့် သိုလှောင်ရုံအတွင်း တောက်ပလာလေသည်။ ပြီးပြည့်စုံသော အလင်းရောင်အောက်တွင် အဆုံးအစွန်ကိုပင် ကျော်လွန်သည်အထိ မြင့်မြတ်ထူးကဲလှသော သားရဲတစ်ကောင်၏ ပုံရိပ်ထွက်ပေါ်လာလေတော့သည်။




🐾🐾