🐾Chapter 9
ဘော့စ်… ဘော့စ်က နာမည်ပေးတဲ့ နေရာမှာ မတော်ဘူးနော်
ရေကျသံများက စွန့်ပစ်နေရာ၏ တံခါးမှ အပြင်အထိ ကြားနေရသည်။ ဖြတ်သွားကြသည့် အန်ကျဲဒေသခံများက ထိုကိစ္စကို အလွန် သိချင်နေကြကာ ပုန်းလျှိုးကွယ်လျှိုးနည်းလမ်းများကို အသုံးပြု၍ ကြည့်လိုက်ကြပြီးနောက် စကားဖြင့်ပင် ဖော်မပြနိုင်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရသည်။ သို့သော် သားရဲများနှင့် ကိုင်တွယ်ထိတွေ့ကြရသည့် မည်သူမဆို သားရဲတိုင်းက တစ်ကောင်နှင့်တစ်ကောင် ကွာခြားကြောင်း သိထားကြသည်။ လူသားများအားလုံးက အသားမကြိုက်ကြသလို၊ လူသားအားလုံးက အသီးအရွက်ပဲ ကြိုက်ကြသူများ မဟုတ်သကဲ့သို့ သားရဲတိုင်းကလည်း သူတို့၏ သီးသန့် အကြိုက်များ၊ မကြိုက်သည့် အရာများ ရှိကြသည်။
ထို့ကြောင့် အန်ကျဲ၏ဒေသခံများသည် ထိခိုက်ထားသည့် သားရဲတိုင်းက ကြီးကြီးငယ်ငယ်၊ တိုက်ပွဲသားရဲ သို့မဟုတ် အိမ်တွင်းမွေးသားရဲ ဖြစ်နေပါစေ၊ လှုပ်ရှားနိုင်သေးသရွေ့ နေရောင်အောက်တွင် လှဲလျောင်းကာ ရေချိုးခံရန် စောင့်ဆိုင်းနေကြသည်ကို မြင်ပြီးနောက် သူတို့၏ မျက်လုံးများကို ထိုးဖောက်ပစ်ချင်စိတ်များ ခံစားလိုက်ရသည်။
အဲဒါတွေက သားရဲတွေ မဟုတ်ဘူး… သူတို့က စိတ်ညို့ခံထားရပြီး နာခံနေကြတဲ့ တိရစ္ဆာန်တွေပဲ… ဟုတ်ပြီလား… …
သားရဲတွေက သူတို့ရဲ့ သခင်မဟုတ်ရင် မနာခံဘဲ မကြိုက်တဲ့အရာမှန်သမျှ ကိုက်ပစ်တတ်ကြတဲ့ သတ္တဝါတွေ မဟုတ်ဘူးလား… … ယဉ်ပါးတဲ့ သားရဲဆိုရင်တောင်မှ မင်းကို မကျေနပ်ရင် ကိုက်ပစ်မှာပဲလေ... …
ပြီးတော့ အမြီးနှစ်ချောင်းကြောင်ကလည်း ရေချိုးဖို့ တန်းစီနေတယ်ပေါ့… … အဲဒီလိုကြောင်တွေက ရေချိုးရတာ မုန်းကြတယ် မဟုတ်ဘူးလား… … ဘာလို့ နာနာခံခံနဲ့ သူ့ကိုယ်သူ ရေချိုးပြီးတော့ သူ့မျက်နှာသူ သန့်ရှင်းရေးလုပ်ပြီး မြေပြင်ပေါ်မှာ လှိမ့်နေတာလဲ… … ဒီနေရာမှာ စွန့်ပစ်ခံထားရတဲ့ သားရဲတွေ အကုန်လုံးက အကျင့်စရိုက်တွေ ပြောင်းလဲကုန်ကြတာလား…
ထူးဆန်းစွာ နာခံနေကြသော သားရဲများအပြင် အန်ကျဲ၏ ဒေသခံများကို ပို၍ ဝေခွဲမရဖြစ်စေသည့် မြင်ကွင်းက လူငယ်လေးတစ်ဦးသည် ရေပိုက်ကို ကိုင်ကာ မီးတောက်ကျားသစ်ပေါ်တွင် အေးအေးဆေးဆေး ထိုင်နေသည့် မြင်ကွင်းဖြစ်သည်။ ထိုလူငယ်လေး အရိပ်ထဲမှ ထွက်လာပြီး ကျားသစ်ကို စကားပြောလိုက်ချိန်တွင် ကြည့်ရှုနေကြသည့် လူတိုင်းက လတ်တလော ပြောင်းလဲမှုများ၏ လက်သည်တရားခံမှာ ထိုလူငယ်လေး ဖြစ်ကြောင်း သိလိုက်ရသည်။
လူတိုင်းက ထိုလူငယ်လေး၏ သတ္တိရှိမှုနှင့် အမှီအခိုကင်းမှုတို့အပေါ် သက်ပြင်းချမိလိုက်ကြပြီး လူငယ်လေး၏ နောက်ခံကို သိချင်နေကြသည်။
ဤစွန့်ပစ်နေရာတွင် ရှိနေသော စွန့်ပစ်ခံထားရသည့် သားရဲများကို ထိုလူငယ်လေးက အဘယ်ကြောင့် ထိန်းသိမ်းနေရသနည်းဆိုသည့် မေးခွန်း အပါအဝင် ဖြစ်၏။ ထိုရင်းနှီးမှု မရှိသည့် လူငယ်လေးကို စောင့်ကြည့်ချင်ကြသည့်အတွက် မည်သူကမှ တစ်ချက် မလှုပ်ကြချေ။ ထိုလူငယ်လေးက သူ အလိုရှိရာကို လုပ်နိုင်သည့် စွမ်းအားမျိုး ရှိနေသည်။
အမှန်တွင် ကျင်းယွီ စတင်လှုပ်ရှားလိုက်သည့် ပထမဆုံးနေ့မှာပင် အန်ကျဲရှိ စစ်မှန်သော ကျွမ်းကျင်တိုက်ခိုက်ရေးသမားများက သူ့အား သတိထားမိသွားခဲ့ပြီးဖြစ်သည်။ သို့သော်လည်း အန်ကျဲ၏ စည်းမျဉ်းများအရ တစ်စုံတစ်ယောက်က အင်အားကြီးသူကို လေးစားသင့်သည်။ ထို့ကြောင့် ကျင်းယွီဘက်မှ အခြားသူများနှင့် ထိပ်တိုက်မတွေ့သရွေ့ သူက တားဆီးခံရမည် မဟုတ်ပေ။
သို့သော် အရူးများက နေရာအနှံ့တွင် ရှိပြီး အကြမ်းဖက်မှုများ ဖြစ်ပွားနှုန်းမြင့်သော အန်ကျဲတွင် တစ်စုံတစ်ယောက်ကသာ ထိပ်တိုက်တွေ့ချင်ပါက ထိုသို့ဖြစ်ရန် အားထုတ်ရန်ပင် မလိုအပ်ချေ။ ထိုသို့သော လူများကို မလှုပ်ရှားရန် တားဆီးထားသည်က သူတို့၏ လူများက သတင်းတစ်ခု ပေးထားသောကြောင့် ဖြစ်သည်။
“ပြောကြတာတော့ ဒီလူငယ်လေးက လွန်ခဲ့တဲ့ လေးရက်လောက်က ရောက်လာပြီး သူ ရောက်ရောက်ချင်းပဲ လီရှောင်ရဲ့ ခြေသလုံးကို ဖက်လိုက်တယ်တဲ့…”
စွန့်ပစ်နေရာအနီးတွင် ပုန်းအောင်းနေကြသော လူနှစ်ဦးက သတင်းများကို တိတ်တဆိတ် ဖလှယ်လိုက်သည်။
“အိုး… အိုး… သူက အတော်လေး အင်အားကြီးတယ်ပေါ့… ဟမ်…”
“ဘာ… အဲဒါက အဓိက မဟုတ်ဘူး… အဓိကက အဲဒီလူက သေချာပေါက် လီရှောင်ရဲ့ ခြေသလုံးကို ဖက်ခဲ့ပေမဲ့ ဒုတိယရက်မှာပဲ ဒီနေရာကို ပြေးလာရောတဲ့…”
“ဟမ်… အဲဒါ… အဲဒါက သူ လီရှောင်နဲ့ တစ်မိုးတည်းအောက်မှာ မနေချင်ဘူးလို့ ဆိုလိုတာလား…”
“အရူးရဲ့ အဲဒါက ‘နောက်ထပ်အမိုးတစ်ခုအောက်မှာ နေတာ’လေ… အဲဒါက အဓိက မဟုတ်သေးဘူး… … အဓိကက သူ ဒီကို ရောက်တဲ့ ပထမဆုံးရက်မှာပဲ မီးတောက်ကျားသစ်ကို သူ့ဘေးမှာ ထားနိုင်ပြီလေ… ဒုတိယရက်ကျတော့ အဲဒီနှင်းလင်းတ*က ပေါ်လာရော… …”
နှာခေါင်းကြီးကြီးနှင့် လူက သူ့ဘေးရှိ လူကို ပြောပြရင်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
“အဲဒါ ဘာကို ဆိုလိုလဲ သိလား… …”
(T/N : သိမ်းငှက်ကို လင်းတလို့ ထင်ရတဲ့အထိ တုံးအတဲ့ အရူးနှစ်ယောက်မို့ပါ...)
“အမ်… သူက အရမ်းကံကောင်းတာလား… အမ်… အဲဒါပဲနေမှာ… ပထမရက်မှာ မီးတောက်ကျားသစ်ကို ကောက်ရတယ်… ဒုတိယရက်ကျ နှင်းလင်းတ… အဲဒီကောင်ရဲ့ ကံကောင်းမှုကတော့ ကောင်းကင်ဘုံကိုတောင် ကျော်လွန်နေပြီ… …”
ပြန်ဖြေသည့် လူက ပြောနေရင်းဖြင့် စိတ်လှုပ်ရှားလာသည်။ ရုတ်ချည်း သူ့ကိုယ်သူ အချက်အချာကျသော တစ်စုံတစ်ခုကို သိလိုက်ရသကဲ့သို့ ထင်သွားသည်။
“ဒါဆို သူ့ကံက အရမ်းကောင်းတာပဲ…”
ချက်ချင်းပင် သူ့နှာခေါင်းက ရိုက်ခံလိုက်ရသည်။ တစ်ဖက်လူက သူ့အား ဝေဖန်မှုများ ပြည့်နေသည့် မျက်လုံးများဖြင့် ကြည့်ကာ ပြောသည်။
“ငါ မင်းရဲ့ ဦးနှောက်ကနေ ဘာကိုမှ မမျှော်လင့်သင့်ဘူးဆိုတာ သိခဲ့သင့်တယ်…”
“မင်း သိလား… ငါ ရှာတွေ့ထားတာအရဆိုရင် ဒီလူ စွန့်ပစ်နေရာကို မရောက်လာခင်က တစ်စုံတစ်ယောက်က ရက်စက်ကြမ်းတမ်းတဲ့ မီးတောက်ကျားသစ်ကို တွေ့ခဲ့ဖူးတယ်တဲ့… ပြီးတော့ လင်းတပုံစံလိုမျိုး တောင်ပံတွေ ကျိုးနေတဲ့ မီးခိုးရောင်ငှက်ကြီးတစ်ကောင်ကိုရောပဲတဲ့…”
နှာခေါင်းကြီး၏ မျက်လုံးများက ထူးဆန်းသော စိတ်လှုပ်ရှားမှုနှင့် အလင်းရောင်ကြောင့် တောက်ပနေသည်။ သူက မျက်လုံးသေးသော လူ၏ ပုခုံးကို အားဖြင့် ပုတ်ကာ ပြောသည်။
“ဆိုလိုတာက… … အပြင်းအထန် ထိခိုက်ထားလို့ အကောင်းဆုံးဆေးရုံတွေကတောင် မကုသပေးနိုင်တော့ဘဲ စွန့်ပစ်ခံထားရတဲ့ Aအဆင့် သားရဲနှစ်ကောင်က အဲဒီကောင်စုတ်လေးကြောင့် သက်သာသွားတာ ဖြစ်နိုင်တယ်… … အရူးရဲ့ အဲဒါ ဘာကို ဆိုလိုလဲ သိလား… … တကယ်လို့ အဲဒါသာ အမှန်ဆိုရင် အဲဒီကောင်စုတ်လေးက ရှိန်ရလောက်တဲ့ လူပဲ… … “
အရူးနှစ်ယောက်၏ ကောက်ချက်ချမှုအတိုင်းပင်၊ အန်ကျဲ၏ ကျွမ်းကျင်တိုက်ခိုက်ရေးသမားများ မလှုပ်ရှားရသည့် အကြောင်းအရင်းမှာ ထိုကမ္ဘာမြေကိုပင် တုန်လှုပ်စေနိုင်သည့် ရှာဖွေတွေ့ရှိမှုကြောင့် ဖြစ်သည်။ ဤအဆင့်မြင့်သားရဲများမှာ ဤကမ္ဘာကြီး၏ အသက်များ၊ ချမ်းသာကြွယ်ဝမှု၊ အင်အားများနှင့် ညီမျှသည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ သားရဲများကို ကုသပေးနိုင်ပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်များကို ပြန်လည်ကုသပေးနိုင်ပါက သူ၏ တည်ရှိမှုမှာ မည်သူကမှ ပေါ့ပေါ့တန်တန် သဘောမထားရဲသော တည်ရှိမှုတစ်ခု ဖြစ်လာပေလိမ့်မည်။
မှန်ပေသည်၊ ယခုအချိန်တွင် ကျင်းယွီဟုခေါ်သည့် ထိုလူငယ်လေးက ထိုကဲ့သို့သော စွမ်းအားမျိုး အမှန်တကယ် ရှိ၊မရှိကို စစ်ဆေးအတည်ပြုရန် လိုအပ်သည်။ ထို့အပြင် ထိုစွမ်းအားမျိုးက သင်ကြားပေးနိုင်သည်လား၊ သို့မဟုတ် မျိုးရိုးဆက်ခံနိုင်သည်လားဆိုသည့် ကိစ္စများလည်း အပါအဝင်ပင်ဖြစ်သည်။
အကယ်၍ ထိုအချိန်တွင် အန်ကျဲရှိ လူများ တီးတိုးပြောဆိုနေကြသည်ကို ကျင်းယွီ သိခဲ့ပါက သေချာပေါက်ပင် အပြင်းအထန် မျက်လုံးလှိမ့်မိပေမည်။ ထို့အပြင် သေချာပေါက် ထိုစွမ်းအားကို သင်ယူ၍ မရကြောင်း ပြောလိမ့်မည်။ မျိုးရိုးဆက်ခံနိုင်မည်လည်း မဟုတ်ပေ။
ကျင်းယွီက သူ့စွမ်းအားကို အသုံးပြုကာ ရှောင်လု၏ နှလုံးထဲတွင် ရှိနေသော အနက်ရောင်အစက်ကို ဖျက်ဆီးခဲ့ချိန်မှစ၍ သူ မည်သို့ ပြုလုပ်ခဲ့ကြောင်းကို တွေးနေခဲ့ခြင်း ဖြစ်သည်။ ဤထိခိုက်ထားသော သားရဲများရှိရာနေရာသို့ ရောက်ရှိလာချိန်တွင် ခန့်မှန်းချက်တစ်ခုကို ရရှိခဲ့ပြီဖြစ်သည်။
သို့သော် ကျင်းယွီအား စိတ်ဖိစီးစေသည့်အရာမှာ - သူ့နည်းလမ်းကို သိလိုက်ရပြီးနောက်တွင် ထိုနည်းလမ်းက အလွန်အမင်း နာကျင်စေကြောင်းကိုပါ သိလိုက်ရခြင်း ဖြစ်သည်။
စွန့်ပစ်နေရာတွင် ရှိနေသော ထိခိုက်ထားသည့် သားရဲများ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ တောင်ပံပါကျား ရှောင်လုနှင့် ဆင်တူသည်။ ရှောင်လုက သူ့နှလုံးတွင်သာ အနက်ရောင်အစက် ရှိခဲ့ခြင်း ဖြစ်သည်။ ဤစွန့်ပစ်ခံထားရပြီး အပြင်းအထန် ထိခိုက်ထားသော သားရဲများ၏ ကိုယ်အတွင်းထဲတွင်၊ နှလုံးများ၊ ကိုယ်တွင်းအင်္ဂါများ၊ သူတို့၏ သွေးများမှာ အနက်ရောင်အစက်များ ပြည့်နှက်နေ၏။ ရှောင်လုထံ၌ တွေ့ခဲ့ရသကဲ့သို့ပင် ထိုအနက်ရောင်အစက်များမှာ သားရဲသွေးများ၏ တောက်ပနေမှုကို ရပ်တန့်စေသည်။ ထိုသားရဲများမှာ အသွေးအရောင် ကျန်ရှိဖို့ရန်ပင် အနိုင်နိုင်ဖြစ်နေ၏။
ထို့ကြောင့် လေးကောင်မြောက် သားရဲကို ထိုအတိုင်း မြင်တွေ့ပြီးနောက်တွင် ကျင်းယွီက ထိုအနက်ရောင်အစက်များ၏ တည်ရှိမှုမှာ သားရဲများ၏ ပြန်လည်သက်သာလာမှုအား ရပ်တန့်စေပြီး စွမ်းရည်များ လျော့နည်းလာစေကြောင်း အတည်ပြုလိုက်နိုင်သည်။ ထို့ကြောင့် ထိုသားရဲများကို ကုသရန်အတွက် ဖြေရှင်းနည်းက ရိုးရှင်းသည် - ထိုအနက်ရောင်အစက်များကို ဖယ်ရှားရန်သာဖြစ်၏။
သို့သော် ထိုကိစ္စက အပြောလွယ်ပြီး လုပ်ဆောင်ရန် ခက်ခဲလှသည်။ သူက စိတ်စွမ်းအားကို အသုံးပြုပြီး ထိုအနက်ရောင်အစက်များကို ဖျက်ဆီးချင်ခဲ့သည်။ ထိုသို့လုပ်ရန်မှာ သူ၏ အင်အားအားလုံးနှင့် အာရုံစူးစိုက်မှုကို လိုအပ်သည်။ သူက တစ်ရက်တွင် သားရဲတစ်ကောင်ကိုသာ ကုသပေးနိုင်သည်။ သားရဲများကို ကုသပေးပြီးနောက်တွင်လည်း သတိမေ့သွားနိုင်သေး၏။
နောက်တစ်နေ့တွင် သူ၏ စိတ်စွမ်းအားက တစ်ဝက်သာ ပြန်လည်ရရှိသေးသည်။ ဤသည်မှာ ကျင်းယွီက တစ်နေ့ ထမင်း ၃နပ် ပုံမှန်စားသည့်တိုင်အောင် ဤနေရာသို့ ရောက်ရှိလာသည့် ၃ရက်တာအချိန်အတွင်း ပို၍ ပိန်သွားကာ ပို၍ ပင်ပန်းနေပုံ ပေါ်နေရခြင်း၏ အကြောင်းအရင်းဖြစ်သည်။ ကျင်းယွီက အပြင်းအထန် အားစိုက်ထုတ်ပြီးနောက် ၃ရက်တာ တောင့်ခံနိုင်သေးသည်မှာ အတော်လေးကောင်းကြောင်း သူ့ကိုယ်သူ တွေးနေသေး၏။
“ဟင်း… ကောင်းပြီလေ… နှင်းလုံးလေး… ဟိုအဖွဲ့ကိုလည်း နေရောင်ခံဖို့ ခေါ်လာခဲ့… ပိုင်ကျီ သွား… ဒီ ရွှေပြား ၁၀ပြား ယူသွားပြီး လီရှောင်သာ့ကောကို အသားပေါက်စီ အခုရေ ၃၀၀ ဝယ်ပေးခိုင်းလိုက်… ဒီနေ့ ငါ သာ့ပိုင်ကို ကုသပေးတဲ့အထိ စောင့်ကြဦး… မနက်ဖြန်ကျရင်တော့ ငါတို့ ပိုက်ဆံနည်းနည်းလောက် ရှာနိုင်ပြီ… … ငါ ပိုက်ဆံရှာနိုင်တဲ့အထိပဲ စောင့်ကြ… ငါ သောက်ပင်လယ်ခရုကို စားပစ်ဦးမယ်… …”
ကျင်းယွီက မီးတောက်ကျားသစ်၏ ကျောပေါ်တွင် လှဲကာ အားရပါးရ အော်ဟစ်လိုက်သည်။ သူ့အော်သံကို ကြားပြီနောက် ကျားသစ်က နဖူးဖြင့် သူ့အား ပွတ်သပ်လိုက်သည်။
ဝေါင်း…
(ဘော့စ်… ပင်လယ်ခရုနဲ့ ငါးမန်းဆူးတောင်ဆိုတာ ဘာတွေလဲ… ဘော့စ် အရမ်း ဗိုက်ဆာနေလို့ ရူးသွားတာလား… ကျွန်တော်တော့ ပင်လယ်ခရုသားရဲနဲ့ ရွှေငါးမန်းကိုပဲ ကြားဖူးတာ…)
ကျင်းယွီက မျက်လုံးလှိမ့်ကာ ကျားသစ်၏ ခေါင်းကို ပုတ်လိုက်သည်။
“ပေါင်းဇီ… ပင်လယ်ခရုသားရဲနဲ့ ရွှေငါးမန်းရဲ့ ဆူးတောင်က အရမ်း အရသာရှိတာကို မသိဘူးလား… … စိတ်လျော့… စိတ်လျော့… ငါ့မှာ ပိုက်ဆံရှိတဲ့အခါကျရင် မင်းကို သေချာပေါက် ကျွေးမယ်…”
ကျားသစ်က အမူအရာမဲ့လျက် တစ်ဖက်တည်းသော မျက်လုံးကိုမှိတ်ကာ ကြမ်းပြင်ပေါ် လှဲချလိုက်ပြီး သေချင်ယောင် ဆောင်လိုက်သည်။ ယခင်က သူ ပင်လယ်ခရုသားရဲနှင့် ရွှေငါးမန်းကို စားဖူးသည့်အကြောင်းအား မပြောပြခြင်းက ပိုကောင်းသည်။ ထိုသားရဲများက အရသာဆိုးဝါးသည့်အကြောင်းကို အမှန်အတိုင်း ပြောပြလိုက်ပါက ယနေ့ည စားရမည့် အသားပေါက်စီမှာ ဘော့စ်၏ ဗိုက်ထဲသို့ ရောက်ရှိပျောက်ကွယ်သွားလိမ့်မည်ဟု ခံစားနေရသည်။
ပေါင်းဇီက ကြမ်းပြင်ပေါ်တွင် လှဲကာ သေချင်ယောင်ဆောင်နေ၏။ ကျင်းယွီ၏ ရင်ခွင်ထဲတွင် ရှိနေခဲ့သော နှင်းသိမ်းငှက်နှင့် အဖြူရောင်အမြီးနှစ်ချောင်းညဉ့်ကြောင်တို့က ကျင်းယွီရှေ့သို့ ရောက်ရှိသွားသည်။ နှင်းသိမ်းငှက်က ကျင်းယွီ၏ မျက်နှာကို ပွတ်သပ်လိုက်ပြီးနောက် ရေတစက်စက် စီးကျနေသော သားရဲများ နေရောင်ခံနေသည်ကို အာရုံစိုက်၍ စောင့်ကြည့်နေလိုက်သည်။
ညဉ့်ကြောင်က သဘောကျနေလျက် ကျင်းယွီ၏ ပခုံးပေါ်သို့ ခုန်တက်လိုက်သည်။ အမြီးများကလည်း လှုပ်ခါယမ်းလျက် ရှိသည်။
“မြှောင်…”
“ကျီ…”
“မြှောင်…”
“ဟုတ်ပါပြီ… ရှောင်ပိုင်… မဆိုးနဲ့တော့… သွားပြီး ညစာသွားဝယ်တော့… ငါ မအိပ်ခင်လေး အသားပေါက်စီ စားချင်သေးတယ်… အာ… စိတ်မပူနဲ့… သာ့ပိုင်ရဲ့ ဒဏ်ရာတွေက အရမ်းပြင်းပေမဲ့ ငါ ဒီည သူ့ကို ကုပေးမှာပါ… ငါသာ ဒီည မကုပေးရင် သာ့ပိုင်က ဒီညကို ကျော်ဖြတ်နိုင်မှာ မဟုတ်တော့ဘူး… ကုသပေးပြီးရင် ငါ ရက်နည်းနည်းလောက် နားမယ်… စိတ်မပူနဲ့… စိတ်မပူနဲ့…”
ထိုစကားကို ကြားပြီးနောက် ရှောင်ပိုင်၊ ပေါင်းဇီနှင့် ရှောင်ရွှယ့်တို့က စိတ်အေးသွားကာ မအော်ဟစ်ကြတော့ပေ။ သူတို့၏ အပေါင်းအဖော်သားရဲများကို အမှန်တကယ် သက်သာလာစေချင်သော်လည်း သူတို့အား သေခြင်းတရားမှ ကယ်တင်ခဲ့သော ကျင်းယွီက သူတို့၏ အသက်ထက်ပင် အရေးကြီးနေ၏။ သူတို့အား ဒုတိယအသက်နှင့် အနာကျင်ရဆုံးအချိန်တွင် နွေးထွေးမှု ပေးခဲ့သော ဤလူသားကို အလွန်အမင်း အားစိုက်ထုတ်မှုကြောင့် မပျောက်ကွယ်သွားစေချင်ပေ။
သူတို့၏ အမြင်တွင် တစ်စုံတစ်ခုကြောင့် ဘော့စ်၏ ခေါင်းပေါ်မှ ဆံပင်တစ်ပင် ပျက်စီးသွားစေလျှင်ပင် အဆိုးထဲမှ အဆိုးဆုံးအရာ ဖြစ်လာလိမ့်မည်။
ဘေးဘက်တွင် လှဲလျောင်းနေသော အဖြူရောင်ကျား၊ သာ့ပိုင်က ခြေလက်လေးချောင်းလုံး ကျိုးကြေနေကာ သွေးကြောများထဲတွင်လည်း အနက်ရောင်သွေးများ စီးဆင်းနေသည်။ သာ့ပိုင်က ကျင်းယွီ၏ မျက်နှာပေါ်မှ ပင်ပန်းနွမ်းလျမှုနှင့် မျက်လုံးနားတဝိုက်တွင် အနက်ရောင်အရိပ်များကို မြင်နေရသည်။ ထိုသို့ ဖြစ်နေသော်လည်း သူက ပြုံးလျက် သာ့ပိုင်ဆီသို့ လျှောက်လာသေးသည်။ ခြောက်သွေ့ကာ ခံစားချက်မဲ့နေသော ကျား၏ မျက်လုံးများက ဖြည်းဖြည်းချင်း စိုစွတ်လာခဲ့သည်။
ဝေါင်း… ဝူး…
“ဟားဟား… သာ့ပိုင်… ဘာတွေ လျှောက်ပြောနေတာလဲ… ငါ သုံးရက်လောက် သတိလစ်သွားမယ် ဆိုရင်တောင်မှ ငါ မင်းကို ကုသပေးမှာ… ငါက မင်းရဲ့ စွမ်းအားတွေကိုပဲ ပြန်ပြီး ကုသပေးနိုင်မှာ… မင်းကိုယ်ထဲက အဆိပ်အတောက်တွေကိုတော့ မင်းကိုယ်တိုင်ပဲ တိုက်ခိုက်ရလိမ့်မယ်…”
ကျင်းယွီက ပြုံးလျက် သေချာမပေါ်လွင်တော့သော ကျားသားမွေးကို ပွတ်သပ်ပေးလိုက်သည်။
“ဟင်း… မင်း သက်သာလာရင်တော့ မင်းရဲ့ သားမွေးတွေကို ဆေးကြောရမယ်… မဟုတ်ရင် မင်းရဲ့ သာ့ပိုင်ဆိုတဲ့ နာမည်က အလကားဖြစ်သွားလိမ့်မယ်…”
…
ကျင်းယွီ၏ နောက်ဆုံးစကားကြောင့် သေချင်ဟန်ဆောင်နေသော မီးတောက်ကျားသစ်က ကြက်သီးထသွားသည်။ ကျားသစ်က သူ၏ မျက်လုံးများကို သူ့လက်ဖဝါးဖြင့် ပြန်အုပ်ထားလိုက်သည်။
တကယ်တော့ သာ့ပိုင်ဆိုတာက နာမည်ကောင်းလို့တော့ ငါ မထင်ဘူး… တကယ်ပါ… ပေါင်းဇီဆိုတဲ့နာမည်က ငါနဲ့ မလိုက်ဘူးလို့ ငါယုံကြည်ထားသလိုမျိုးပဲ…
(T/N : ပေါင်းဇီဆိုတာက ပေါက်စီလုံး၊
အဖြူရောင်ကျားကြီးမို့ သာ့ပိုင်(အဖြူရောင်ကြီး)၊
အဖြူရောင်နှင်းသိမ်းငှက်က ရှောင်ရွှယ့် (နှင်းလုံးလေး)
အဖြူရောင်ည့ဉ်ကြောင်ကျတော့ ပိုင်ကျီ/ရှောင်ပိုင်(အဖြူရောင်ညယံ/ အဖြူရောင်လေး)
ကျင်းယွီရဲ့ နာမည်ပေးအစွမ်း အံ့မခန်းပါ)
🐾🐾🐾