🐾Chapter 8
စွန့်ပစ်နေရာသို့ ရောက်ရှိလာပြီးနောက် နှစ်ဦးနှစ်ဖက် စိတ်ပျက်သွားရခြင်း။
အန်ကျဲ၏ စွန့်ပစ်နေရာက အနံ့အသက် ဆိုးဝါးသည့်အပြင် တစ်ခါတစ်ရံ အန္တရာယ်ရှိကာ ထိခိုက်စေနိုင်သော သက်ရောက်မှုများ ရှိနေသော်လည်း လူများက ထိုကိစ္စကို လျစ်လျူရှုထားကြသည်။ သို့သော်လည်း အညစ်ပတ်ဆုံး၊ အပေအတေဆုံးလူ ဖြစ်နေလျှင်ပင် အပတ်တိုင်း အမှိုက်သွားပစ်ရသည်။
မှန်သည်၊ အကယ်၍ သင်က ချမ်းသာပြီး မည်သည့်ကိစ္စကိုမှ ပြုလုပ်ရန် မလိုအပ်ပါက သင့်အမှိုက်ကို ပစ်ရန်အတွက် အခြားလူများကို ငှားရမ်းနိုင်သည်။ သို့သော်လည်း အန်ကျဲ၏ ရက်စက်တင်းမာသော သဘောသဘာဝအရ ဆိုင်လေးတစ်ဆိုင်ကို ဦးစီးနေသော အဘိုးအိုဖြစ်ပါစေ၊ သို့မဟုတ် အိမ်တွင် ချက်ပြုတ်လေ့ရှိသော မိခင်တစ်ဦး ဖြစ်နေပါစေ၊ သင့်ကို အသိစိတ်ပျောက်သွားသည်အထိ သူတို့၏ ဖိနပ်ဖြင့် ရိုက်ခြင်း သို့မဟုတ် အလုပ်ရှင်ကို သတ်ဖြတ်ရန်အတွက် မီးဖိုချောင်သုံးဓားကိုပင် အသုံးပြုနိုင်သော လူစားများ ဖြစ်နေကြသည်။
ထို့ကြောင့် ထိုရက်စက်သော “အားနည်းသူ”များအတွက်ပင် စွန့်ပစ်ရာ၌ ကုန်ကျသည့် စရိတ်စကများက အပြင်ဘက်ရှိ ပုံမှန်စွန့်ပစ်ကုန်ကျစရိတ်များနှင့် လုံးဝမယှဉ်နိုင်တော့ပေ။ အန်ကျဲ၏ ခပ်တုံးတုံး စာရင်းအချက်အလက်များအရ တစ်စုံတစ်ယောက်၏ အမှိုက်များကို စွန့်ပစ်ပေးရန် လူငှားရမ်းသည့် ကုန်ကျစရိတ်မှာ တစ်ညတာ ကုန်ဆုံးရန် အလှလေးတစ်ဦး ရှာဖွေရသည့် ကုန်ကျစရိတ်နှင့် တူညီလုနီးပါးပင် ဖြစ်နေတော့၏။
ရလဒ်အနေဖြင့် အန်ကျဲ၏ မိုက်မဲမှုအကြောင်းကို စာကြောင်းတစ်ကြောင်းတည်းဖြင့် အကျဉ်းချုပ်နိုင်သည် : မလိုအပ်ဘဲ စားသောက်ခြင်းနှင့် အကြွင်းအကျန်များ ကျန်ရှိခြင်း နှစ်မျိုးလုံးကို တူညီသော အခွန်ခ ပေးဆောင်သင့်သည်။ အကြောင်းမှာ ကိုယ်တိုင် အမှိုက်စွန့်ပစ်သူများနှင့် အမှိုက်စွန့်ပစ်သူ(ငှားရမ်းခံထားရသူ)များကြားတွင် ခွဲခြားသိနိုင်ချေ အလွန်နည်းသောကြောင့် လျစ်လျူရှုထားနိုင်သည်။
(T/N : ပထမစာကြောင်းက ဥပမာပေးတာပါ။ မလိုအပ်ဘဲ စားတာရယ်၊ စားကြွင်းစားကျန် ကျန်တာရယ်၊ နှစ်ခုလုံးက ဖြုန်းတီးတာပဲမို့ အခွန်ဆောင်သင့်တယ်ပေါ့။ ဒုတိယစာကြောင်းက ဘယ်သူက ကိုယ့်အမှိုက်ကိုယ် ပစ်တဲ့သူလဲ၊ ဘယ်သူက ငှားခံထားရတဲ့သူလဲ မသိနိုင်တာမို့ ငှားခံထားရတယ်ဆိုတာကို လျစ်လျူရှုပြီး အကုန်လုံးကို တန်းတူညီမျှ အခွန်ဆောင်ခိုင်းသင့်တယ်ပေါ့နော်။)
သို့သော်… အမှိုက်များ ပစ်ပေးရန် လူငှားရမ်းကြသည့် လူချမ်းသာအိုကြီးများက လွန်ခဲ့သော ၃ရက်ခန့်မှ စ၍ အလွန် အံ့အားသင့်နေရသည်၊ သူတို့ ငှားရမ်းထားသော လူများက လုပ်အားခများ တိုးပေးရန် တောင်းဆိုလာကြသည်။ လွန်ခဲ့သော ၃ရက်မှ ယခုအချိန်အထိ၊ အမှိုက်စွန့်ပစ်ပေးသည့် တန်ကြေးက ရုတ်ချည်း ထိုးတက်လာပြီး လူချမ်းသာအိုကြီးများ မခံနိုင်တော့သော အဆင့်အထိ ရောက်ရှိလာကြသည်။
ရလဒ်အနေဖြင့် အန်ကျဲ၏ ငွေထုပ်ဟောင်းကြီး(သူဌေးကြီး)များက အလွန်အမင်း မပျော်မရွှင်ဖြစ်နေ၏။
လုပ်အားခ တိုးတောင်းချင်ကြတယ်ဆိုလည်း… ကောင်းပြီလေ… ဒါပေမဲ့ တကယ်လို့များ မင်းတို့ သေသွားရင် ပိုက်ဆံ ဘယ်လို ရှာကြမှာလဲ… အန်ကျဲရဲ့ စွန့်ပစ်နေရာက ဗရုတ်သုတ်ခနဲ့ ညစ်ပတ်တယ်ဆိုပေမဲ့ အန္တရာယ် သိပ်မရှိဘူး… ဒါကို ဘယ်လိုလုပ်ပြီး Sအဆင့် ကြမ်းတမ်းသားရဲနဲ့ တန်းတူနေတဲ့ ဈေးကို တောင်းနိုင်ရတာလဲ…
ထို့ကြောင့် အန်ကျဲ၏ အသက်ကြီးကာ ဒေါသလည်း ကြီးသော ငွေထုပ်ကြီးများက ပထမဆုံးအကြိမ်အဖြစ် အန်ကျဲ၏ စွန့်ပစ်နေရာသို့ ဖြည်းဖြည်းချင်း လျှောက်လာလျက် သူတို့၏ အမှိုက်များကို ကိုယ်တိုင် လာရောက်စွန့်ပစ်ကြတော့သည်။ လူအိုကြီးများက စွန့်ပစ်နေရာသို့ လာနေစဉ်အတွင်း ရင်းနှီးနေသော မျက်နှာများစွာနှင့် တွေ့ဆုံခဲ့ကြသည်။ အစပိုင်းတွင် အဆင့် 7 ရှိ တောလိုက်မုဆိုးများကပါ သူတို့ကဲ့သို့ တောက်ခေါက်လျက် အမှိုက်များကို ကိုယ်တိုင်ပစ်နေရသည်ကို မြင်ပြီး သူတို့အားလုံးက အဆင်ပြေသည်ဟု တွေးနေကြခဲ့ကြသည်။
သို့သော် အချိန်ကုန်သွားသည်နှင့် ရင်းနှီးသော မျက်နှာများ ပို၍ပို၍ တိုးလာပြီး အဆင့် 9 စူးစမ်းရှာဖွေသူများကပင် အမှိုက်အိတ်ကြီးများ ဆွဲ၍ ထွက်လာကြသည်။ အရူးတစ်ယောက်ကပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ပြောနိုင်လိမ့်မည်။
ဤသည်က အမှိုက်များ စွန့်ပစ်ခြင်း မဖြစ်နိုင်တော့ပေ။ တောလိုက်မုဆိုးတစ်အုပ်က အမဲလိုက်ကာ သတ်ဖြတ်ရန် အသင့်ဖြစ်နေသည်နှင့် ပိုတူနေသည်။
ဒီရက်တွေအတွင်း စွန့်ပစ်နေရာကို စွန့်ပစ်ခံထားရတဲ့ Aအဆင့် သားရဲတွေများ အုပ်စိုးနေလို့လား… ဒါကြောင့် အားနည်းတဲ့သူတွေက အနားမသွားရဲကြတော့တာလား…
ရလဒ်အနေဖြင့် အန်ကျဲရှိ လူအိုကြီးများ၊ သက်ကြီးရွယ်အိုများ၊ အန်တီကြီးများနှင့် ဦးလေးကြီးများက အမှိုက်ပစ်ရာတွင် အထူးသတိထားနေကြသည်။ တဖြည်းဖြည်းနှင့် လူအိုကြီးများက ပုန်းလျှိုးကွယ်လျှိုးလုပ်ကာ ခြေလေး ဆောင့်ရုံဖြင့် လူအုပ်အား ကြောက်လန့်စေပြီး ထိုအပြုအမူများကြောင့် ကြောင်အသွားစေသည်အထိ ဖြစ်လာသည်။ ထို့နောက် အမွေးထူသော လူအိုကြီးများ၏ ခန္ဓာကိုယ်က အလျင်စလိုဖြင့် ခြေသုံးလှမ်းခန့် နောက်ဆုတ်လိမ့်မည်ဖြစ်ပြီး ကြီးမားသော စွန့်ပစ်နေရာအား စိုက်ကြည့်နိုင်ရန် ကြိုးစားနေသည်နှင့်ပင် တူနေ၏။
“ဟေး… ကျန်းလူအိုကြီး… မင်းရဲ့ မျက်လုံးတွေက ကောင်းသေးတယ်ဆိုတော့ ဒီနေရာက တကယ်ပဲ စွန့်ပစ်နေရာ ဟုတ်ရဲ့လားဆိုတာ ပြောပြပေးပါလား… ဘာလို့ ဒီလူအိုကြီးက သားရဲတွေက ဒီနေရာမှာ ဒုက္ခသည်စခန်း ခိုလှုံနေသလိုမျိုး ခံစားနေရတာလဲ…”
“ရှူး… ငါ့ကို ဘာလို့ လာမေးနေတာလဲ… ငါ နေ့ခင်းအချိန်ကြီး မသန်စွမ်းတော့တဲ့ သားရဲကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ… အဲဒီသားရဲက S ဒါမှမဟုတ် B အဆင့်လောက် ရှိပေမဲ့ တိုက်ခိုက်ဖို့ လှုပ်တောင် မလှုပ်ဘူး… ဒါက ဘယ်လို ဟာသမျိုးလဲ…”
“ဟုတ်တယ်… ဗရုတ်သုတ်ခနဲ့… လွန်ခဲ့တဲ့ ၃ရက်လောက်ကတောင် ဒီနေရာ ပတ်ပတ်လည်မှာ အမှိုက်တွေနဲ့ ပြည့်နေတာကို မှတ်မိကြသေးရဲ့လား… အခု အဲဒါတွေ အကုန် ဘယ်ရောက်ကုန်ပြီလဲ… လူတွေ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေက ပျောက်ကုန်တယ်ဆိုရင် အဲဒီနေရာက စွန့်ပစ်နေရာ ဖြစ်နေသေးလား…”
“အဲဒါကြောင့် မင်း အမှိုက်သွားပစ်မှာကို မြင်တော့ ငါတို့လည်း လိုက်လာပြီး လာပစ်တာပေါ့…”
ကြောက်လန့်နေသော ကောင်လေးက သူ့ဘေးတွင် ရပ်ကာ ညည်းညူနေသည့် တစ်နည်းတစ်ဖုံ ချို့ယွင်းပြီး ရုပ်ဆိုးနေသော ကောင်လေး၏ ပုခုံးကို ပုတ်လိုက်သည်။ သို့သော်လည်း သူက မျက်လုံးလှိမ့်လိုက်သည်ကိုသာ လက်ခံရရှိလိုက်သည်။
“ရှူး… မင်းက မျက်ကန်းလား၊ အရူးလား… နတ်ဘုရားကြီးနှစ်ပါးက မသန်စွမ်းတော့တဲ့ သားရဲတွေဘေးမှာ ဘယ်လိုတောင် ထိုင်စောင့်နေတာလဲ ဆိုတာကို မမြင်ဘူးလား… ဘယ်ဘက်မှာ ထိုင်နေတဲ့ သားရဲက A အဆင့် မီးတောက်ကျားသစ်လေ… အဲဒီ အနီရောင်နဲ့ ခရမ်းရောင်မီးတောက်တွေကို ကြည့်ပါဦး… အဲဒီသားရဲက မျက်လုံးတစ်ဖက် ကန်းနေပေမဲ့လည်း တိုက်ခိုက်တဲ့ အရည်အချင်းကတော့ အနည်းဆုံး B+ အဆင့်ပဲ… ငါတကယ်ပဲ ဘယ်လိုလူအိုကြီးကများ တုံးအလွန်းပြီး ဒီလိုသားရဲကို စွန့်ပစ်ရတာလဲဆိုတာ သိချင်တယ်… အဲဒီသားရဲနောက်ကို လိုက်ဖို့ စိတ်လှုပ်ရှားနေမဲ့ မိန်းကလေးတွေ အနည်းဆုံး နှစ်လမ်းစာလောက် ပို့ပေးလိုက်ချင်တယ်…”
ရုပ်ဆိုးသော ကောင်လေးက ထိုစကားကို ကြားပြီးနောက် ဆွံ့အစွာ ပါးစပ်ဟလျက် မျက်နှာတွင် နောင်တများ ပြည့်နေသည်။
“တကယ်လို့ မီးတောက်ကျားသစ်ပဲ ဆိုရင်တော့ ပြဿနာမရှိဘူး… ပြဿနာက ညာဘက်မှာရှိတဲ့ သားရဲက A အဆင့် နှင်းသိမ်းငှက်ပဲ… ငါ မယုံနိုင်ဘူး… A အဆင့် ပျံသန်းနိုင်တဲ့ သားရဲတဲ့… အဲဒီလို သားရဲမျိုးက အရမ်းအရမ်းကို ရှားတာလေ… တကယ်လို့ အတောင်ပံလောက်ပဲ ထိခိုက်ထားတာဆိုရင် နည်းနည်းပါးပါး အသုံးချနိုင်အောင် မွေးထားလို့ ရဦးမယ်လို့ မင်း ထင်လား… ဘယ်လို အရူးမျိုးက ဒီသားရဲကို စွန့်ပစ်ရတာလဲ… ဒါမှမဟုတ် ရူးမိုက်တဲ့ သူမျိုးလား… ဒီလိုမျိုး ပြစ်ချက်မရှိ ထိပ်တန်းအဆင့် နှင်းသိမ်းငှက်ကို ပိုင်ဆိုင်ဖို့ အခွင့်အရေးဆိုတာ တစ်ထောင်ပုံ ပုံလို့ တစ်ပုံတောင် ရဖို့ မလွယ်ဘူး…”
“ငါ ပြောခဲ့သလိုပဲ… မင်းရဲ့ အဆင့် 6 စူးစမ်းရှာဖွေသူ အရည်အချင်းနဲ့ အမှိုက်ပစ်ချင်နေသေးတာလား ရှောင်းယန်… အိမ်ပြန်ပြီး ပိုလေ့ကျင့်တာ ပိုကောင်းလိမ့်မယ်…”
“ဟား… မင်းကိုယ်မင်း ဟုတ်လှပြီဆိုတဲ့ ပုံစံဖမ်းဖို့ ဘယ်သူကများ လုပ်ပိုင်ခွင့် ပေးလိုက်တာလဲ… ငါတို့အားလုံး အမှိုက်ပစ်ဖို့ ရောက်လာပြီး ထွက်မသွားချင်တာပဲ မဟုတ်လား…”
ရုပ်ဆိုးသော ကောင်လေးက အနည်းငယ် နီရဲနေသော မျက်နှာလေးဖြင့် ပြန်ငြင်းခုံသည်။
“ဟမ်း… သူတို့လို သားရဲလေးတွေက တော်တော်လေး သနားစရာကောင်းတာပဲ…”
ယခုမှ ရောက်ရှိလာသော အသက်ကြီးသည့် အမျိုးသမီးတစ်ဦးက ခေါင်းယမ်းလိုက်သည်။
“ငါ ကိုယ်တိုင်သာ မလာမိရင် စွန့်ပစ်ခံထားရတဲ့ သားရဲတွေက ဒီလောက် သနားစရာ ကောင်းလိမ့်မယ်လို့ ဘယ်တော့မှ ယုံကြည်မိမှာ မဟုတ်ဘူး… ကျစ်… ငါ အစားလျော့စားပြီး အမှိုက်ကိုလည်း ငါကိုယ်တိုင် အကြိမ်ရေ နည်းနည်းလောက် ပစ်မယ်၊ ငါ့အိမ်မှာ ရှိသေးတဲ့ သားရဲသုံးကောင်ကိုလည်း ပိုပြီး ဂရုစိုက်ပေးမယ် ဆိုရင်တောင် ငါ့အိမ်က ခြေလက်အကုန်လုံး ကျိုးနေတဲ့ အဖြူရောင်သဲကျားက အသက်ရှင်မှာ မဟုတ်တော့ဘူး… သူ့ကိုယ်ပေါ်က အစင်းတွေဆိုရင် ပျောက်ကွယ်သွားလုနီးပါး ဖြစ်နေပြီ…”
ထိုအမျိုးသမီး စကားပြောလိုက်သည်နှင့် စွန့်ပစ်နေရာတွင် ဆူညံနေသော အရင်ရောက်ထားသူများက တိတ်ဆိတ်ကုန်သည်။
ဒဏ်ရာရထားသော သားရဲဘေးတွင် ထိုင်စောင့်နေကြသော မီးတောက်ကျားသစ်နှင့် နှင်းသိမ်းငှက်တို့က မသန်မာကြလျှင်ပင် အန်ကျဲရှိ လူရမ်းကားများအတွက် အမှိုက်များ ပစ်ဖို့ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
တကယ်တမ်းတွင် ရင်ပြင်၌ အဆင့် 8 နှင့် အဆင့် 9 ကျွမ်းကျင်သူများ ပါရှိကြသည်။ ထိုသူများက အမှိုက်များကို ဖြစ်သလို မပစ်ရဲသည်မှာ ရင်ပြင်၏ အလယ်တွင် မီးခိုးနက်ရောင် သားမွေးများနှင့် အမာရွတ်များ ရှိကာ သေဆုံးလုနီးပါးဖြစ်နေသော သားရဲများ ရှိနေသောကြောင့် ဖြစ်သည်။(သူတို့က သားရဲတွေကိုတိုက်နိုင်ပေမဲ့ ဒဏ်ရာရသားရဲတွေကို မျက်ဝါးထင်ထင် တွေ့လိုက်ရတော့ အမှိုက်မပစ်နိုင်ကြတော့တာပါ)
သားရဲများက သစ္စာရှိသော ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြောင်း လူတိုင်းသိကြသည်၊ သို့မဟုတ်ပါက လူအများစုက သားရဲများကို အနားတွင် ခေါ်ထားမည် မဟုတ်ပေ၊ သားရဲများက ဒဏ်ရာများ ရနိုင်ကာ သေဆုံးနိုင်ကြောင်းကိုလည်း လူသားများက သိထားကြသည်။ မဟုတ်ပါက သားရဲဆေးရုံများနှင့် သားရဲများအတွက် ဆေးဝါးထုတ်လုပ်သူများ ရှိနေလိမ့်မည် မဟုတ်ပေ။
သို့သော် သားရဲများက ထိခိုက်နိုင်ပြီး သေဆုံးနိုင်ကြောင်းကို လူသားများ သိထားခြင်းက သားရဲများ၏ နာကျင်မှုများကို လူသားများက သူတို့မျက်လုံးဖြင့် မျက်မြင် တွေ့ဖူးသည်ဟု မဆိုလိုပေ။ လူသားများက သားရဲများ ဖြည်းဖြည်းချင်း သေဆုံးသွားရသည်ကို စိတ်ရင်းဖြင့် သနားနေလိမ့်မည်ဟုလည်း မဆိုလိုပေ။
မမြင်တွေ့ဖူးသောကြောင့် လူသားများက သူတို့ကိုယ်သူတို့ လှည့်စားကာ လျစ်လျူရှုထားနိုင်ကြသည်။ သို့သော်လည်း အကယ်၍ နာကျင်မှုနှင့် သေဆုံးမှုတို့ ဖြစ်ပွားလာသော နေ့တစ်နေ့ ရုတ်တရက် ရောက်ရှိလာပါက၊ လူသားများ၏ မျက်လုံးရှေ့တွင် ဝမ်းနည်းစရာ ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပါက၊ အန်ကျဲရှိ သက်တောင့်သက်သာ လျစ်လျူရှုထားတတ်သော လူရမ်းကားများပင် သူတို့ရှေ့ရှိ မြင်ကွင်းအပေါ် အနည်းနှင့်အများ ကြင်နာသနားလိမ့်မည် ဖြစ်သည်။
“အိုင်း… မေ့လိုက်တော့… ဒီသားရဲတွေက ဒီနေရာမှာ ရှိနေမှတော့ ငါ ဒီမှာ အမှိုက်ပစ်လို့ မရတော့မှာကိုပဲ စိုးမိတယ်… တကယ်ပါပဲ… ဒီနေ့ ငါက သားရဲပေါက်လေးကို အစာဝဝ ကျွေးဖို့ဆိုပြီး ခေါ်လာတာ… မနက်ဖြန်ကျရင် ငါ့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်… အမ်… တကယ်တော့ သားရဲပေါက်လေးကို အားတိုးစေမဲ့ ခရစ္စတယ်အဆီအနှစ်လေး ကျွေးတာနဲ့တင် လုံလောက်ပါတယ်… ဘာပဲပြောပြော၊ အခုထွက်လာတာက သားရဲပေါက်လေး လျှောက်ဆော့လို့ရအောင်ပဲဟာ… သားရဲပေါက်လေးကို ပေးမဆော့ဘဲ နေဖို့ဆိုတာက အရမ်း အရေးကြီးတယ်…”
အနီးနားရှိ လူအုပ်ကြီးက ပထမလူ အမှိုက်ပစ်ခဲ့သည့် စွန့်ပစ်နေရာသို့ သွားကာ မည်သည့်အရာကို စွန့်ပစ်နိုင်သေးကြောင်း ပတ်ကြည့်နေကြသည်။
လမ်းရှေ့တွင် အမှိုက်စွန့်ပစ်ရန်မှာ အဆင်မပြေသော်လည်း အိမ်တွင် ရှိနေသော သားရဲများအကြောင်း တွေးလိုက်သောအခါ လူများက ထိုသို့မလုပ်ရက်တော့ပေ။ နေရောင်အောက်တွင် အခြားနေရာတစ်နေရာ ရှင်းလင်းရန် အင်အားအများအပြား စိုက်ထုတ်လိုက်ကြပြီး အသုံးမဝင်သော အမှိုက်ပုံတစ်ပုံကို စတင်ပုံလိုက်ကြသည်။
ထိုလူများ လှည့်ထွက်သွားသောအခါတွင် လမ်းများပေါ်တွင် လှဲလျောင်းနေကြသော သေဆုံးခါနီး သားရဲများ၊ ထောင့်နားတွင် ဒဏ်ရာများကို လျက်နေကြသော သားရဲများနှင့် တစ်ဝက်နီးပါး သက်သာနေပြီဖြစ်သော Aအဆင့် သားရဲ နှစ်ကောင်အထိ ကျေးဇူးတင်စိတ်နှင့် နွေးထွေးမှုများကို ဖြည်းညှင်းစွာ ခံစားမိလိုက်ကြသည်။
သူတို့က သားရဲများ ဖြစ်နေကြလျှင်ပင် လူသားများ၏ သဘာဝကို နားလည်နိုင်ကြသည်။ ထိုလူသားများက အပူအပင် မရှိသည်လား သို့မဟုတ် ၎င်းလုပ်ရပ်က ထိုလူများအတွက် မပြောပလောက်သော အရာဖြစ်နေနိုင်သော်လည်း သားရဲများအတွက်မူ နေမင်း၏ နွေးထွေးမှုကို ခံယူနေရခြင်းနှင့် တူသည်။
(T/N : လူတွေက သူတို့ နေနေတဲ့ နေရာမှာ အမှိုက်မပုံဘဲ အခြားနေရာကို ပြောင်းပြီး အမှိုက်ပုံလိုက်တဲ့အတွက် သားရဲတွေက လူသားတွေကို ကျေးဇူးတင်နေတာပါ…)
ဝေါင်း… ဝေါင်း… …
ကျီ… ကျီ… …
ကြည်လင်ကာ ပဲ့တင်ထပ်သွားသော ကျားသစ်၏ ဟိန်းသံနှင့် သိမ်းငှက်၏ အော်သံတို့က လူအုပ်ထဲသို့ ပဲ့တင်ခတ်သွားသည်။ သားရဲဘာသာစကား နားမလည်သော လူတစ်ယောက် ဖြစ်နေပင်လျှင် သားရဲများနှင့်အတူ ကြီးပြင်းလာခဲ့သော အန်ကျဲမှ လူများအတွက် ထိုသားရဲနှစ်ကောင်၏ အသံထဲမှ ကျေးဇူးတင်စိတ်ကို ရှင်းရှင်းလင်းလင်း ကြားသိနိုင်ကြသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် လူအိုကြီးများနှင့် အန်တီကြီးများက ယနေ့ညတွင် သူတို့၏ သားရဲများကို ညစာကောင်းကောင်း ကျွေးမွေးပြီးနောက် ကျန်းမာရေးစစ်ဆေးရန်အတွက် အကောင်းဆုံးဆေးရုံသို့ ခေါ်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်ကြသည်။
ထွီ… ပိုက်ဆံလေး ဖြုန်းရုံပဲ မဟုတ်လား… လူအိုကြီးတွေ၊ အဘွားကြီးတွေက ပိုက်ဆံဖြုန်းဖို့ဆို ဆန္ဒရှိတာထက်တောင် ပိုသေးတယ်… …
“ဟားဟား… ပေါင်းဇီနဲ့ ရှောင်ရွှယ့်… မင်းတို့နှစ်ကောင်က ပန်းဖူးလေး ၂ဖူးနဲ့ တူတယ်နော်… ဒီသူဌေးအုပ်စုကြီးက ဒီညတော့ ပိုက်ဆံသုံးချင်စိတ်တွေ ပေါက်နေကြပြီ ထင်တယ်… ဒါကြောင့် ငါ အစောပိုင်းက ပြောခဲ့တာပေါ့… တစ်ခါတစ်လေ လူသားတွေကို သေလောက်တဲ့အထိ မုန်းပေမဲ့ သူတို့နဲ့ ပတ်သက်ပြီး ချစ်ဖို့ကောင်းတာလေးတွေ ရှိပါသေးတယ်လို့… အဓိကအချက်က လူမှန်တွေကို ရွေးပြီး မကောင်းတဲ့ လူတွေကို ဖြည်းဖြည်းချင်း ဖယ်ရှားဖို့ပဲ၊ ဒါမှမဟုတ် သူတို့ပါ လူကောင်းတွေ ဖြစ်လာတဲ့အထိ ချိုးဖြတ်သွားရမှာပေါ့…”
အန်ကျဲ၏ အမှိုက်လာစွန့်ပစ်သော ငတုံးတစ်သိုက် ပြန်သွားသောအခါ ဖြူဖျော့သောမျက်နှာ၊ ပိန်သွယ်သော်လည်း ခန့်ညားတည်ကြည်သည့် လူငယ်တစ်ဦးက နေမထိုးသည့်ထောင့်နေရာမှ ဖြည်းဖြည်းချင်း လမ်းလျှောက် ထွက်ပေါ်လာသည်။
အကယ်၍ လီရှောင်သာ ဤနေရာတွင် ရှိနေပါက ထိုလူငယ်က သူ့အိမ်တွင် နေမည်ဟု သဘောတူပြီးနောက် ချက်ချင်းပင် သူ့အား သစ္စာဖောက်ကာ စွန့်ပစ်နေရာသို့ ထွက်သွားခဲ့သောသူ၊ ကျင်းယွီ ဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားပေလိမ့်မည် ။ အကယ်၍ လိမ္မော်ရောင်ဖြူကောင်ပါ ဤနေရာတွင် ရှိနေလျှင်လည်း ကျင်းယွီအား လက်ညိုးထိုးကာ သုံးရက်ခန့် မတွေ့ရသည့် အချိန်အတွင်း သူ မည်မျှ ပိန်သွယ်သွားကာ အသက်မရှိသကဲ့သို့ ဖြစ်နေကြောင်း ပြောနေမည်မှာ သေချာသည်။
ထိုအချိန်၊ ကျင်းယွီ၏ ညှို့ယူနိုင်သော မျက်လုံးများက မှေးကျဉ်းသွားသည်။ သူ့အဝတ်အစားများက အချိန်အတော်ကြာကတည်းက ခြောက်သွေ့သွားပြီ ဖြစ်သော်လည်း သွေးများနှင့် သားရဲအမွေးများကို လျှော်ဖွတ်ရမည့် နေရာများ ကျန်ရှိနေသေးသည်။ သို့သော် ထိုပုံစံဖြင့်ပင် ထိခိုက်ထားသည့် သားရဲအုပ်စု၏ အလယ်တွင် ကျင်းယွီ ရပ်လိုက်သောအခါ ငြိမ်းချမ်းနေပုံ ထင်ရပြီး အနီးကပ်လာသော လူများ၏ သားရဲများကို အထိန်းအကွပ် လွတ်သွားစေလိမ့်မည်။ သို့သော် သားရဲများက လူငယ်လေးအနီးတွင်မူ လိမ္မာကာ တွယ်တာနေကြပေလိမ့်မည်။
“ဟေး… ငါ တကယ်ပဲ မင်းတို့ကို သူဌေးတွေလို ကောင်းကောင်းမွန်မွန် ကျွေးမွေးချင်ပေမဲ့ ပိုက်ဆံတစ်ပြားနဲ့ သူရဲကောင်း လုပ်ရတာက ခက်ခဲတယ်… ငါ့က ဒီ ခရမ်းရောင်ခရစ္စတယ် တစ်ခုပဲ ရှိတဲ့သူဌေးလေး… အကုန်လုံးပေါင်းရင် ငါတို့မှာ ပါးစပ်ပေါက် ၂၈ပေါက်တောင် ရှိတာ… စိတ်ဖိစီးလိုက်တာနော်… ငါတို့နေ့တိုင်း ပေါက်စီပဲ စားရင်တောင်မှ လဝက်ပဲ ခံမှာ… ပြီးတော့ မင်းတို့ရဲ့ ခန္ဓာကိုယ်တွေက သေချာဂရုစိုက်ပြီး အာဟာရဓာတ်ရဖို့ လိုသေးတယ်… ဆေးဝယ်ဖို့တို့၊ ရောဂါကုဖို့တို့လိုပေါ့… ငါတို့ ဒီအတိုင်းသာ ဆက်သွားနေရင် ငါတို့အားလုံး သေသွားလိမ့်မယ်…”
ဝူး ဝူး…
မီးတောက်ကျားသစ်က ဝမ်းနည်းစွာ ညည်းလိုက်ပြီး မျက်လုံးတစ်ဖက်သာ ရှိသော ခေါင်းဖြင့် ကျင်းယွီ၏ လက်အား ပွတ်သပ်လိုက်သည်။ ကျင်းယွီကလည်း ပြန်လည် ပွတ်သပ်ပေးလိုက်သည်။
“ပေါင်းဇီရ… မင်းကို မခိုးရဘူးလို့ ငါ ဘယ်နှစ်ခါ ပြောရမှာလဲ… အနည်းဆုံးတော့ အခုထိ မတိုက်ခိုက်နိုင်သေးတဲ့ တခြားအကောင်တွေ ရှေ့မှာပေါ့… အင်း… ဒီကျားသစ်ကတော့ အမှိုက်ပစ်ဖို့ နေရာမရှိဘူး ထင်တယ်… ဟီးဟီး… ငါတော့ ပိုက်ဆံရှာဖို့ နည်းလမ်းကောင်းလေး ရှာတွေ့ပြီ ထင်တာပဲ… တစ်ဦးတည်း မူပိုင်တောင် ဖြစ်လိမ့်မယ်…”
ကျင်းယွီက အကြံဖြင့် ပြုံးလိုက်ကာ မီးတောက်ကျားသစ်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
“ပေါင်းဇီ… ရေပိုက်ယူလာခဲ့… ဒီနေရာကို ရှင်းလင်းဖို့ အချိန်ကျပြီ…”
🐾🐾🐾