Chapter 7
Viewers 2k

🐾Chapter 7

- အမှောင်ကမ်းခြေ



အလွန်မည်းမှောင်နေသောကြောင့် အလင်းတစ်စပင် မမြင်ရချေ။ နက်ရှိုင်းသော ညအမှောင်ယံက အလွန်ရှည်လျားသော လမ်းတစ်လျှောက် ဖုံးကွယ်ထားကာ အဆုံးမရှိသကဲ့သို့ ထင်ရပြီး ထိုနေရာကို အန်ကျဲဟု ခေါ်သည်။


လမ်း၏ ဘေးနှစ်ဘက်တွင် ရံဖန်ရံခါဆိုသကဲ့သို့ ထူးဆန်းသော ပုံစံများဖြင့် မီးရောင်စုံများ ထွန်းလင်းနေသော နှစ်ထပ်အဆောက်အအုံများ တည်ရှိနေသည်။ သို့သော် ထိုအလင်းရောင်များက ဘေးပတ်ဝန်းကျင်ရှိ ထိန်လင်းနေသော အလင်းရောင်များနှင့် အလွန်ကွာခြားလှသည်။ အကယ်၍ ထိုဘေးပတ်ဝန်းကျင်က သက်ဝင်လှုပ်ရှားနေလျှင်ပင် အန်ကျဲတစ်ခုလုံးက အတားအဆီးအောက်တွင် ရှိနေပုံရသည်။ ထိုနေရာမှ ဆူညံသံများက မည်မျှပင် ကျယ်လောင်နေပါစေ၊ ထိုအသံများက အတားအဆီးကို ကျော်မဖြတ်နိုင်ပေ၊ အလင်းရောင်များက မည်မျှပင် ထွန်းလင်းတောက်ပနေပါစေ၊ ထိုအလင်းများက အတားအဆီးကို ဖောက်မဝင်နိုင်ပေ။


အန်ကျဲတွင် ရှိသော ညများက မှောင်မည်းကာ တိတ်ဆိတ်နေသော်လည်း အန်ကျဲတွင် ရှိနေသော လူများက လူသားများ ဖြစ်နေဆဲပင်။ ထိုသူတို့က လူသားများ မဟုတ်ခဲ့လျှင်ပင် လူရေခြုံကာ လူသားများအဖြစ် ဟန်ဆောင်နိုင်သေးသည်။ ထို့ကြောင့် လမ်းများပေါ်တွင် မီးအိမ်များ ရှိနေသေး၏။ ထိုမီးအိမ်များ၏ အလင်းပေးနိုင်မှုက သုံးမီတာထက် မပိုသော်လည်း ဘာမှမရှိသည်ထက် သာသေးသည်။


“အန်ကျဲတစ်ခုလုံးမှာ ဗဟိုစွန့်ပစ်ပြောင်းရွှေ့ရေးလမ်းကြောင်း တစ်ခုပဲ ရှိတယ်… တခြားလမ်းက နေထိုင်မှုအခြေအနေတွေနဲ့ အန်ကျဲရဲ့ အသွင်အပြင်ကို ထည့်သွင်းစဉ်းစားပြီးတဲ့နောက်မှာ စွန့်ပစ်ပြောင်းရွှေ့ရေးလမ်းကြောင်းက တတိယဆောက်လုပ်ရေးအဆောက်အအုံရဲ့ အနောက်ပိုင်းကို ဝင်သွားတယ်… အမ်… တကယ်တော့ နေရာကို မှတ်ရတာက အတော်လေးလွယ်ပါတယ်…”


လီရှောင်က အမှောင်ထုနှင့် မီးအိမ်များ အောက်ဘက်တွင် ရှိနေပြီး ကြီးမားသည့် စွန့်ပစ်ခန်းနှင့်တူသော အခန်းကို လက်ညိုးထိုးပြသည်။ သူက ဆက်ပြောသည်။


“ဒါက ငတုံးတွေအတွက်လေ… ပုံမှန်အားဖြင့် ကိုယ်တို့ အန်ကျဲက အဆောက်အအုံတွေက အတော်လေး ရိုးရှင်းတဲ့ ပုံစံတွေနဲ့လေ… ငတုံးဆိုရင်တောင် ရှာတွေ့နိုင်လိမ့်မယ်…”


လီရှောင်၏ လေသံက ဆယ်ပုံတွင် သုံးပုံက ဂုဏ်ယူနေကာ၊ သုံးပုံက ကူကယ်ရာမဲ့နေပြီး ကျန်လေးပုံက စိတ်ဝင်စားပုံ မရပေ။ ကျင်းယွီက ရယ်မောလိုက်သည်။


“ဒါဆိုလည်း သာ့ကော ပြောပုံအရဆိုရင် အန်ကျဲရဲ့ စားသောက်ဆိုင်က ပန်းကန်လုံးကြီးပုံစံ ဖြစ်သင့်တာပေါ့…”


လီရှောင်နှင့် လိမ္မော်ရောင်ခေါင်းက အတူတူ ခေါင်းညိတ်ပြသည်။ ကျင်းယွီ၏ အပြုံးက သူ့နှုတ်ခမ်းထက်တွင်ပင် အေးခဲသွားသည်။


“ဟိုတယ်ဆိုရင်ရော…”


“ဝိုင်စည်ပိုင်းပုံစံနဲ့လေ…”

လီရှောင်၏ အမူအရာက အတော်လေး တည်ငြိမ်နေသည်။


“အများသုံးသန့်စင်ခန်းရော…”


“… ရေခဲမုန့်ရဲ့ အောက်ပိုင်းနားက ပုံစံလေ…”


လိမ္မော်ရောင်ဖြူခေါင်းက သူပေးလိုက်သည့် ဥပမာက အတော်လေး ကောင်းသည်ဟု ခံစားလိုက်ရသည်။ ထိုဥပမာက တစ်စုံတစ်ယောက်ကို ရွံရှာစေမည် မဟုတ်ပေ။


“ခင်ဗျား မှားတယ်… ကျွန်တော်တော့ ဒီနှစ် နွေရာသီမှာ ရေခဲမုန့် မစားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ…”


ကျင်းယွီက သုန်မှုန်လျက် ပြောလိုက်သည်။ ထောင်ချီနေသော မြက်မြင်းရုပ်များ(အတွေးများ)က သူ့ရင်ထဲတွင် ဒုန်းဆိုင်းပြေးလွှားနေသည်

ဒီလိုမျိုး အလှအပကို မခံစားတတ်တဲ့အပြင် ထူးခြားပြီး တုံးအတဲ့ ဗိသုကာကို ကြိုက်တဲ့လူက ဘယ်သူများလဲ…. သူ့ရဲ့အိမ်အတွက် ဒီလိုအဆောက်အအုံတွေကို ဘာလို့များ ဖန်တီးထားရတာလဲ…


သူ့စိတ်ထဲတွင် အန်ကျဲခေါင်းဆောင်ဖြစ်သူ၏ ဦးနှောက်မှ အလှအပ ခံစားတတ်မှုကို အပြင်းအထန် လှောင်ရယ်နေမိသည်။ ထိုအချိန်တွင် သူက စွန့်ပစ်နေရာနှင့် မီတာတစ်ရာခန့်သာ ကွာဝေးတော့သည်။


ကျင်းယွီမှ ရှေ့ဆက် လျှောက်သွားချင်နေသည့်အချိန်တွင် လီရှောင် သူ့အား တားဆီးလိုက်သည်။ တစ်ချိန်တည်း၌ ရှောင်လုက ဟိန်းဟောက်ကာ ရှေ့သို့ ခုန်အုပ်လိုက်ပြီး လျင်မြန်သော အနက်ရောင်အရိပ်အား မြေပြင်ပေါ်၌ ထိုးနှက်ဖိနှိပ်ထားလိုက်သည်။


“ရှောင်ကျင်း… အန်ကျဲမှာ ညဘက် အန္တရာယ်အရှိဆုံးနေရာဆိုရင် ဒီစွန့်ပစ်နေရာပဲဆိုတာ သိထားရမယ်… ညတိုင်းညတိုင်း ဒီနေရာမှာ စွန့်ပစ်ခံထားရတဲ့ သားရဲတွေ၊ ဒါမှမဟုတ် ထွက်ပြေးနေတဲ့ သားရဲတွေ၊ ဒါမှမဟုတ် လျှောက်သွားနေတဲ့ သားရဲတွေ ရှိတယ်… အဲဒီသားရဲတွေက ထိခိုက်ထားတာ ဒါမှမဟုတ် သေခါနီးဖြစ်နေပြီ ဆိုပေမဲ့လည်း သူတို့တွေက မျှော်လင့်ချက်တွေ မရှိတော့တာကြောင့် ရက်စက်ခက်ထန်လာပြီး ပိုပြီး ကြောက်ဖို့ကောင်းလာကြတယ်… မတိုက်ခိုက်နိုင်တော့တဲ့ သားရဲတစ်ကောင် ဖြစ်နေရင်တောင်မှ လူတစ်ယောက်ကိုတော့ သတ်ပစ်နိုင်သေးတယ်…”


လီရှောင်က သုန်မှုန်လျက် အလျင်စလို ပြောပြီးသွားသောအခါ သူတို့အား ၁၀ကောင်မကသော သားရဲများ၏ မည်းမှောင်နေသည့် အရိပ်များက ဝိုင်းရံထားပြီးလေပြီ။ ထိုအထဲတွင် သားရဲအမျိုးအစားများစွာ ပါရှိသော်လည်း သူတို့အားလုံးတွင် တူညီသော ရက်စက်ခက်ထန်သည့် အကြည့်များ ရှိနေ၏။ ညကောင်းကင်ယံအောက်တွင် သူတို့က ထူးခြားစွာ ရက်စက်ခက်ထန်လျက် အေးစက်နေပုံရသည်။


“… မျှော်လင့်ချက် မရှိတော့တာကြောင့် သူတို့တွေက ရက်စက်လာကြတယ်၊ သစ္စာဖောက်ခံရတာကြောင့် သူတို့က အေးစက်လာကြတယ်…”


ထိုအချိန်တွင် ကျင်းယွီက သူတို့ထံ သားရဲများစွာက ပိုပိုပြီး ချည်းကပ်လာကြကြောင်း မြင်လိုက်ရသည်။ ထိုသားရဲများက ချွင်းချက်မရှိ၊ ရက်စက်ပုံ ပေါ်ကြသော်လည်း သူတို့အချင်းချင်း ကြားထဲတွင်သာ မာန်ဖီနေကြသည်။ ထိုဖြစ်ရပ်မှာ ယုံကြည်ရန်ပင် ခက်ခဲ၏။


ကျင်းယွီက သူ လာခဲ့သည့် ကမ္ဘာပျက်ကြီးတွင် တိရစ္ဆာန်များစွာ သေဆုံးခဲ့သည်ကို မြင်တွေ့ခဲ့ရသော်လည်း ဤကဲ့သို့ အေးစက်ကာ ခံစားချက်မရှိသော မျက်လုံးများကို ပထမဆုံးအကြိမ် ရင်ဆိုင်တွေ့ဖူးခြင်းဖြစ်သည်။ သူရှေ့တွင် စုဝေးနေကြသော သားရဲများကို မြင်လိုက်ရချိန်တွင် စကားနှင့်ပင် မဖော်ပြနိုင်လောက်သည့် နာကျည်းဝမ်းနည်းမှု၊ ဒေါသ၊ သွေးရူးသွေးတန်း ဖြစ်နေမှုများကို အားလုံးကို ခံစားမိလိုက်သည်။


အဆုံးစွန်ရောက်နေသည့် မျှော်လင့်ချက်မဲ့မှုများနှင့် နာကျည်းဝမ်းနည်းမှုများကြောင့်သာ မဟုတ်ပါက ဖြူစင်ရိုးရှင်းကာ ချစ်မြတ်နိုးတတ်သည့် သားရဲများက မည်သည့်အကြောင်းကြောင့်မှ ဤမျှ အေးစက်နေကြမည် မဟုတ်ပေ။


“ဟားဟားဟား… ဒါဆို… ငါလည်း လူသားတွေကို မုန်းတီးမိနေတာပဲ…”


ကျင်းယွီက သူ့မျက်လုံးများကို ဘယ်ဘက်လက်မောင်းဖြင့် ကာလိုက်သည်။ သူ့ကိုယ်သူ လှောင်ရယ်လိုက်ပြီးနောက် ရူးနှမ်းသွားသည့်ပုံပေါက်လာကာ စတင် ရယ်မောနေတော့သည်။ 


“တစ်ကိုယ်ကောင်းဆန်ပြီး အကြင်နာတရားအမဲ့ဆုံး သတ္တဝါတွေက လူသားတွေပဲ…”


“ရှောင်ကျင်း…”


“ကျင်း-ကျီ…”


လီရှောင်နှင့် လိမ္မော်ရောင်ဖြူခေါင်းက ကျင်းယွီ၏ အပြုအမူကြောင့် သတိထားလိုက်သည်။


“ဘာမှ မဟုတ်ပါဘူး… ဘာမှ မဟုတ်ပါဘူး… ကောင်းပြီ… လီသာ့ကောနဲ့ လိမ္မော်သီး… ခင်ဗျားတို့ အရင်ပြန်သွားကြပါ… ကျွန်တော် ဒီည ဒီမှာပဲ နေမယ်…”


… … …


လီရှောင်နှင့် လိမ္မော်ရောင်ဖြူခေါင်း၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ ကျင်းယွီ၏ အစောပိုင်း အပြုအမူကြောင့် သူတို့ သတိထားနေကြသည်ဟု. ဆိုလျှင်၊ လက်ရှိအချိန်၌ ကျင်းယွီက ထိုသားရဲများ စုဝေးနေသည်ကို မြင်ပြီးနောက် ထိတ်လန့်ကာ အသိစိတ်လွတ်သွားသည်လားဟု တွေးတောလျက် သံသယဖြင့် ကြည့်နေကြခြင်း ဖြစ်သည်။


လီရှောင်က ကျင်းယွီအား အတင်းအကြပ် ခေါ်ထုတ်သွားရန်  ပြင်လိုက်သည်။ သို့သော် ရုတ်တရက် တိမ်များနှင့် ဖုံးကွယ်နေသော လမင်းက ထွက်ပေါ်လာသည်။ လမင်းက ကြက်သွေးရောင် အလင်းတန်းများဖြင့် အန်ကျဲကို အလင်းပေးလိုက်၏။ တစ်ချိန်တည်းမှာပင် ထိုလရောင်က ရန်လိုမှုများ ပြည့်နှက်နေသော အနက်ရောင်အရိပ်များကို အလင်းပေးလိုက်သည်။


“ဝူးး…”


“ကျီ…”


“အာဝူး…”


လရောင်က သူတို့အား ထိလိုက်သည်နှင့် အနက်ရောင်အရိပ်များစွာက ထိတ်လန့်ကြက်သီးထဖွယ်ကောင်းသော အော်သံများနှင့်အတူ အရိပ်ထဲသို့ အလျင်အမြန် ဆုတ်ခွာသွားကြသည်။


သို့သော် သူတို့ မည်မျှ မြန်မြန်ဆန်ဆန် ဆုတ်ခွာသွားကြပါစေ၊ ထိုခဏလေးက ကျင်းယွီနှင့် အခြားလူနှစ်ယောက်အား သူတို့၏ အသွင်အပြင်ကို အပြည့်အဝ မြင်နိုင်ရန် လုံလောက်သည်။


“ဘုရား… သူတို့… သူတို့…”


လီရှောင်၏ အမူအရာက အပြင်းအထန် ထိတ်လန့်သွားသည်။ စကားမပြောနိုင်ဘဲ အော်ဟစ်နေသည့် သားရဲများကိုသာ တုန်ယင်လျက် လက်ညိုးထိုးနေသည်။ သူက ဤစွန့်ပစ်နေရာသို့ အကြိမ်ရေအနည်းငယ် ရောက်ဖူးခဲ့သော်လည်း ဖြတ်သွားရုံသာ ဖြစ်သည်။ ယခုအချိန်အထိ စွန့်ပစ်ခံထားရသည့် သားရဲများနှင့် ထွက်ပြေးလာသည့် သားရဲများကို မည်သည့်အချိန်ကမှ သေချာမကြည့်ခဲ့ဖူးပေ။


ထိုသားရဲများက ထိခိုက်ထားကာ ကျိုးကြေနေသော ခြေလက်များကို တရွတ်ဆွဲ သွားလာနေကြသည်။ သူတို့၏ ခန္ဓာကိုယ်များက သွေးများနှင့် ရွှံ့များ ပေကျံနေကာ ဒဏ်ရာများကလည်း ပြည်တည်နေပြီး နောက်ဆုံးသော အသက်ရှူချိန်သို့ ရောက်ရှိနေသည်နှင့်ပင် တူနေတော့၏။ အမှန်တကယ်ပင် ပြောစရာ စကားလုံးများ မရှိတော့ချေ။


သူ့ဘေးတွင် ရှိနေသော လိမ္မော်ရောင်ဖြူခေါင်းက အမှောင်ထုအား ရှုပ်ထွေးစွာ ကြည့်လျက် အသက်ပြင်းပြင်းရှူလိုက်ပြီး လီရှောင်၏ ပုခုံးကို ပုတ်လိုက်သည် : 


“ရှောင်… ဒါကို မြင်ပြီးတော့လေ… ငါ့ရဲ့  ဆူးချွန်အမြီးဝံပုလွေကို ပိုပြီး ကောင်းကောင်းဆက်ဆံပေးမယ်လို့ ဆုံးဖြတ်လိုက်ပြီ… အဲဒီကောင်လေးက သားပေါက်အရွယ်ကတည်းက ငါ့နောက် လိုက်လာတာ… ငါ့ကိုလည်း အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့သေးတယ်… ဘယ်လိုပဲကြည့်ကြည့် ငါ သူ မသေခင်အထိ ကောင်းကောင်းဆက်ဆံပေးသင့်တယ်… ဒီလိုနေရာမျိုးက… ငါ သေသွားလို့ သူ့ကို ကြည့်ပေးဖို့ စောင့်ရှောက်ပေးမဲ့သူ ရှာရမယ်ဆိုရင်တောင် ဒီလိုနေရာမျိုးကို လုံးဝ မရောက်သွားစေရဘူး… … …”


လီရှောင်က ပြန်မဖြေပေ။ သူက ကြောင်အလျက် ဘေးနားတွင် ရှိနေသော ရှောင်လုကိုသာ လှမ်း၍ ပွတ်သပ်လိုက်သည်။ သူ့တွင် ဤသားရဲတစ်ကောင်သာ ရှိပြီး အခြားသားရဲများ မလိုချင်ပေ။ သူက ရှောင်လုအား အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သော်လည်း ဤနေရာတွင် ရှိနေသော သားရဲများ၏ စိတ်မကောင်းဖွယ်ရာ အခြေအနေကို မြင်ပြီးနောက်တွင် စိုးရိမ်ကာ မလုံမလဲဖြစ်နေသေးသည်။


“ရှောင်လု… မနက်ဖြန်ကျရင် ငါတို့ ဗဟိုသားရဲဆေးရုံကို သွားပြီး ဆေးစစ်ကြမယ်… ပြီးရင် မင်းရဲ့ ခုခံစွမ်းရည်တွေ တိုးလာအောင်လို့ ခရစ်စတယ်လည်း ကျွေးမယ်… ဘာပဲပြောပြော… မနက်ဖြန်ကျရင် မင်းအတွက် ပိုက်ဆံဖြုန်းမယ်… ပိုက်ဆံအများကြီးမှ အများကြီး သုံးမယ်… …”


ရှောင်လုက လီရှောင်၏ စကားကို ကြားလိုက်ရချိန်တွင် အလွန်ပျော်ရွှင်သွား၏။ သို့သော်လည်း ထိုပျော်ရွှင်မှုက မကြာခင်မှာပင် ပျောက်ကွယ်သွားသည်။ ရှောင်လုက လီရှောင်၏ အဝတ်အစားများကို ဝမ်းနည်းနေလျက် ပွတ်သပ်လိုက်သည်။ သူ့သခင်ဖြစ်သူမှ အဘယ်ကြောင့် ဤသို့ ပြုမူနေသည်ကို သေချာပေါက် သိနေ၏။ ထိုသနားစရာကောင်းသော သားရဲများကို မြင်လိုက်ရသူတိုင်း သေချာပေါက် စိတ်မကောင်းဖြစ်ကာ သနားနေလိမ့်မည် ဖြစ်သည်။


“ဟမ့်… ကျင်း-ကျီ… ငါတို့ မင်းကို ဒီနေရာ ခေါ်လာပေးတာက မင်း လာချင်တယ် ဆိုလို့နော်… အခု သူတို့ ဘယ်လိုပုံစံလဲဆိုတာ မင်း သိသွားပြီပဲ… မင်း ကြည့်လို့ ပြီးပြီဆိုရင် ပြန်ကြရအောင်… ငါ့ရဲ့ အမြီးကြီးဝံပုလွေကို အစာကျွေးရဦးမှာ… ဒီမှာ အချိန်မဖြုန်းကြရအောင်…”


လီရှောင်က လိမ္မော်ရောင်ဖြူခေါင်း၏ စကားကို ကြားလိုက်ရပြီးနောက် ခေါင်းညိတ်သည်။ ယခုလေးတင် မြင်တွေ့ခဲ့ရသော မြင်ကွင်းက သူ့ကို အလွန်အမင်း နာကျင်စေသော်လည်း သူတို့ မည်သို့ပင် တွေးနေပါစေ၊ ဤစွန့်ပစ်ခံသားရဲများနှင့် ပတ်သက်ပြီး သူတို့ထံတွင် တာဝန်မရှိပေ။ ထိုသားရဲများကို ကယ်တင်နိုင်သည့် နည်းလမ်းများလည်း သူတို့ထံ၌ မရှိပေ။ အကယ်၍ ထိုသားရဲများကို ခေါ်ယူထားလျှင်ပင် သူတို့က တစ်ကောင်၊ နှစ်ကောင်သာ ကယ်တင်နိုင်လိမ့်မည်။ အဓိပ္ပါယ်မရှိပေ။


သို့သော် ကျင်းယွီက သူတို့၏ စကားကို မတုံ့ပြန်ပေ။ လက်ရှိ သူ၏ အာရုံအလုံးစုံက ခက်ထန်သော်လည်း ကြောက်ရွံ့နေသည့် စွန့်ပစ်ခံသားရဲများအပေါ်တွင်သာ ရှိသည်။ ထိုသားရဲများက ကမ္ဘာမြေပေါ်တွင် ရှိသော တိရစ္ဆာန်များနှင့် အလွန် ကွာခြားသော်လည်း ကျင်းယွီ၏ မျက်လုံးထဲတွင် ထိုသားရဲများက ထိခိုက်ထားသည့် တိရစ္ဆာန်များသာ ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်ခံစားနေရသော တိရစ္ဆာန်လေးများသာ ဖြစ်၏။


ထိုတိရစ္ဆာန်များကို မြင်ပါလျက်နှင့် လှည့်ထွက်သွားနိုင်ပါက သူက ကျင်းယွီမဖြစ်နိုင်ပေ။


ကျင်းယွီက ပုံမှန်အတိုင်း လှည့်ကြည့်လာပြီး ထိခိုက်ထားသော သားရဲများကို ကျောပေးလျက် ကျန်လူနှစ်ယောက်ကို ပြုံးပြကာ ပြောလိုက်သည်။


“လီသာ့ကော… လိမ္မော်ရောင်ဖြူခေါင်း… ခင်ဗျားတို့ပဲ အရင် ပြန်သွားလိုက်ပါ… ကျွန်တော် ဒီည ဒီမှာပဲ နေမှာပါ… စိတ်မပူပါနဲ့… ကျွန်တော် ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး…”


“မင်း ဘာတွေ ပြောနေတာလဲ… ဒီနေရာနားက သားရဲတွေက အတော်လေး ရက်စက်ကြမ်းတမ်းတယ်… ငါ နောက်နေတယ်လို့များ ထင်နေလား…”


လီရှောင်က ကျင်းယွီအား ဆွဲခေါ်ရန် ပြင်လိုက်သော်လည်း ကျင်းယွီက ရှောင်လု ခုန်အုပ်ခဲ့သော အမြီးနှစ်ချောင်းကြောင်ကို ကောက်ချီလိုက်သည့် မြင်ကွင်းကို မြင်လိုက်ရသည်။


ထိုမြင်ကွင်းက သိသိသာသာကိုပင် သာမန်ဆန်လျက် သဘာဝကျသော အပြုအမူဖြစ်သော်လည်း တစ်နည်းတစ်ဖုံဖြင့် လီရှောင်က ထိုအပြုအမူမှတစ်ဆင့် ကျင်းယွီက ထိုကြောင်ကို သနားကာ မြတ်နိုးတန်ဖိုးထားသည်ကို ခံစားမိလိုက်သည်။


ထိုအချိန်တွင်၊ ကျင်းယွီက ကြောင်ကို ပွေ့ချီထားကာ အခြားသားရဲများကို ကျောပေးထားဆဲဖြစ်ပြီး လမ်းဆုံတွင် ရပ်နေသည်။ အကယ်၍ သူသာ ရှေ့သို့ ခြေတစ်လှမ်း တိုးလာပါက လရောင်အလင်းအောက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ အကယ်၍ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပါက အမှောင်ထုထဲ ရောက်ရှိသွားလိမ့်မည်။ ထိုလရောင်အလင်းနှင့် အရိပ်အမှောင်ထုကြားရှိ နေရာတွင် ရပ်နေခဲ့သောကြောင့် ကျင်းယွီ၏ ခန္ဓာကိုယ် တစ်ဝက်အား အမှောင်ထုက လွှမ်းခြုံထားသည်။ သူ့မျက်နှာတွင် အပြုံးတစ်ခုက ဖြည်းညှင်းစွာ ပေါ်ပေါက်လာသည်။


“သူတို့က ကျွန်တော့်ကို တိုက်ခိုက်မှာ မဟုတ်ပါဘူး…”


ကျင်းယွီက ခြေတစ်လှမ်းပြီး တစ်လှမ်း၊ နည်းနည်းချင်းစီ နောက်ဆုတ်လျက် ထပ်မံနောက်ဆုတ်၍ မရတော့သည့်အပြင် လက်သည်းများနှင့် အစွယ်များက သူ့နောက်တည့်တည့်တွင် ရှိနေသော်လည်း၊ ကျင်းယွီ၏ မျက်နှာကို မမြင်နိုင်တော့သော်လည်း သူ့မျက်နှာက ပြုံးထားဆဲဖြစ်သည်။

“ကျွန်တော် ပြောခဲ့သလိုပဲ… သူတို့က ကျွန်တော့်ကို တိုက်ခိုက်မှာ မဟုတ်ဘူး…”


ကျင်းယွီ နောက်လှည့်လာချိန်တွင် ရန်လိုမှုများ ပြည့်နှက်နေသော သားရဲများက ရုတ်ချည်း ကြောင်အသွားသည်။ ကျင်းယွီက လမ်းလျှောက်သွားရာမှ ပို၍ ဝေးဝေးသို့ ရောက်ရှိသွားချိန်မှသာ သားရဲများကလည်း ဖြည်းဖြည်းချင်းဖြင့် တစ်ကောင်ပြီးတစ်ကောင် သူ့နောက်သို့ လိုက်သွားကြသည်။ အမှောင်ထုထဲသို့ ပျောက်ကွယ်သွားသည့် အချိန်အထိ သားရဲအချို့က သံသယဖြစ်နေကာ၊ အချို့က မယုံကြည်နိုင်ဖြစ်နေကြသည်။



လီရှောင်နှင့် လိမ္မော်သီး၏ မျက်နှာပေါ်တွင် သုန်မှုန်နေသည့် အမူအရာသာ ရှိနေသည်။ ကျင်းယွီက အမှောင်ထုထဲသို့ လျှောက်ဝင်သွားသည်ကို သူတို့ မြင်လိုက်ရ၏။ ထို့အပြင် အကြောင်းအရင်းမသိရသော်လည်း၊ သားရဲများက သူတို့၏ ထိခိုက်ထားသော ခန္ဓာကိုယ်နှင့် ခြေလက်များကို တရွတ်တိုက်ဆွဲကာ ဖြည်းဖြည်းချင်းဖြင့် ကျင်းယွီအနောက်သို့ လိုက်သွားပုံရသည်၊ ကြည့်ရသည်မှာ နွေးထွေးမှုနှင့် အလင်းရောင်များ ပြည့်နှက်နေသော နေရာဆီသို့ သွားနေရသည်နှင့်ပင် တူနေတော့သည်။


“ငါ… ငါ နတ်ဘုရားတစ်ပါးကို တွေ့လိုက်ရတာလား…”


ချန်လျန့်က သူ့ကိုယ်သူ လျင်မြန်စွာ တစ်ချက်ရိုက်လိုက်သည်။ ထို့နောက် သူက တိတ်ဆိတ်နေသည့် လီရှောင်အား ပြောလိုက်၏။


“ရှောင်… ငါ ပြောမယ်… ငါ လိုသုံးဖြစ်ရမယ် ဆိုရင်တောင်မှ အဲဒီလူနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်မှာ… သူ ဒီနေ့ လုပ်ခဲ့သလိုမျိုး ငါ မလုပ်နိုင်ဘူး… ငါ သူ့အပေါ်ကို လေးစားမှုတွေနဲ့ ပြည့်နေပြီ…”


“အင်း… အနာဂတ်ကျရင် ညအချိန်ဆို အန်ကျဲမှာ အန္တရာယ်အများဆုံးနေရာက အကောင်းဆုံးနေရာ ဖြစ်လာနိုင်တာပဲ… ဘယ်သူသိမှာလဲ…”



🐾🐾🐾