🐾Chapter 6
- ယောက်ျားဆိုတာ မကြည့်သင့်ဘူး
အဆုံး၌ ကျင်းယွီ မျက်လုံးဖွင့်လိုက်ချိန်တွင် ကြီးမားလှသည့် မိကျောင်းခေါင်းပုံသဏ္ဍာန်ရှိသော မျက်နှာကျက်မီးကို မြင်လိုက်ရသည်။
မျက်နှာကျက်မီးဟု ပြောရသည်က မိကျောင်းခေါင်း၏ ပါးစပ်၊ မျက်လုံးများနှင့် နားရွက်များမှ အလင်းတန်းများ ထွက်ပေါ်နေသောကြောင့် ဖြစ်သည်။ သို့သော်လည်း ကျင်းယွီမှ ထိုမိကျောင်းခေါင်းကို တစ်နေ့လုံး စိုက်ကြည့်ကာ ရှုထောင့်တိုင်းမှ စမ်းစစ်ကြည့်လျှင်ပင် ထိုမိကျောင်းခေါင်းက အစစ်ဖြစ်သည်လား၊ သို့မဟုတ် အတုယူဖန်တီးထားသည်လားကို မပြောနိုင်ပေ။
“အိုး… အဲဒါက B+ အဆင့် ဒီရေမိကျောင်းလေ… အရမ်းမိုက်တယ်မလား… မင်းရော ဘယ်လိုထင်လဲ…”
ထိုအချိန်တွင် ကျင်းယွီ၏ ခန္ဓာကိုယ်ညာဘက်ခြမ်းက လီရှောင်၏ စိတ်လှုပ်ရှားကာ မြောက်ကြွကြွဖြစ်နေသော အသံလာရာသို့ လှည့်ကြည့်လိုက်သော်လည်း လီရှောင် စကားပြောပြီးသွားသောအခါ ကျင်းယွီက အသံတိတ်ပင် ဘယ်ဘက်သို့ ပြန်လှည့်သွားပြီး မြင်းကျားစင်းကဲ့သို့လက်*ကို သုံး၍ သူ့မျက်နှာကို ကာလိုက်ပြီးနောက် အနည်းငယ် ဟကာ ချောင်းကြည့်လိုက်သည်။
(T/N : အချိန်အကြာကြီး ဖိမိထားလို့ အစင်းရာထင်နေတာမျိုး ဖြစ်နေတာပါ)
တကယ်ပါပဲ… တကယ်လို့များ နိုးလာတဲ့အချိန် မိချောင်းခေါင်းကြီး ပါးစပ်ဟနေတာကို မြင်လိုက်ရင် လူတွေက ဘယ်လိုများ ခံစားနေရမလဲ… ငါ့မှာ ထင်မြင်ချက် ရှိတယ်ဆိုရင်တောင် ငါ ပြတင်းပေါက်ကနေ ခုန်ချသွားချင်တာပဲ ရှိမှာ မဟုတ်လား…
“ဟားဟား… မင်းကို ကြည့်ဦး… ငါ အရင်ကတည်းက မိချောင်းမီးအိမ်ကို ပြောင်းဖို့ ပြောပါတယ်… သတိလက်လွတ်ဖြစ်နေတဲ့ ညီလေးကျင်းယွီက ဘယ်လောက်ကြောက်သွားမလဲဆိုတာကို ဘယ်သူသိမှာလဲ… ဒီကလေးလေး(လီရှောင်)ရဲ့ စိတ်ဝင်စားပုံတွေက ဒီလောက်ထူးဆန်းနေမယ်ဆိုတာ ဘယ်သူသိမှာလဲဆို…”
ထိုအချိန်တွင် ကျင်းယွီက သူ၏ ညာဘက်တွင် ဖြူကောင်နှင့်တူသော လိမ္မော်ရောင်အမွေးများနှင့် နောက်ထပ်လူတစ်ယောက် ရှိနေခဲ့ကြောင်း သတိထားမိသွားသည်။ ဤသည်က ကျင်းယွီ၏ နှုတ်ခမ်းထောင့်များကို တွန့်ချိုးသွားစေပြီး ဘေးဘက်သို့ လှည့်ကာ မမြင်နိုင်စေရန်အတွက် မျက်လုံးများ မှိတ်ထားလိုက်သည်။
“ဟမ့်… ငါ့စိတ်ဝင်စားပုံတွေက ထူးဆန်းတယ်ပေါ့… ငါက သေချာပေါက် အခန်းတစ်ခန်းလုံးကို လိမ္မော်ရောင်သုတ်၊ အပြင်ဘက်က ကမ္ဗလာသီးနဲ့ တူတဲ့အပြင် အိမ်ထဲမှာ ရှိတဲ့ ပရိဘောဂတွေနဲ့ ပစ္စည်းတွေအားလုံး လိမ္မော်ရောင် လုပ်ထားတဲ့ လူကောင်ကြီးထက်တော့ သာပါသေးတယ်… လူအိုကြီးက မင်းရဲ့ အရင်ဘဝမှာ လိမ္မော်သီးဖြစ်ခဲ့တယ်လို့များ ထင်နေလားပဲ… အခုက လူကြီးအဖြစ် လူပြန်ဝင်စားပေမဲ့ မင်းအပေါ်ကို သောက်ရမ်း မတရားဘူး ဖြစ်နေပြီ…”
သားရဲများကို ချစ်မြတ်နိုးသည့် အယူသည်းသူ လီရှောင်၏ စော်ကားသောစကားများနှင့် ယှဉ်လျှင် လိမ္မော်ရောင်ဖြူကောင်က သူ့ကို အနိုင်ကျင့်ရာတွင် ပိုပြီး ပျော်ရွှင်နေသည်။
ကျင်းယွီ သူတို့၏ စကားဝိုင်းကို နားထောင်ပြီးနောက် ဖိနပ်ချွတ်ကာ တစ်စုံတစ်ယောက်၏ မျက်နှာဆီသို့ ပစ်ပေါက်ချင်စိတ်များ ရုတ်ချည်း ဖြစ်ပေါ်လာသည်။
မင်းတို့ကောင်တွေက အရည်အချင်း မရှိတာချင်းအတူတူကို အချင်းချင်း ပြန်ပြီး ဝေဖန်ခွင့် ရှိလို့လား…
အခြားလူများ နားထောင်ရန် ခက်ခဲသည့် လူရှုပ်နှစ်ကောင်၏ ရိုင်းစိုင်းသော စကားဝိုင်းကို ရပ်တန့်ရန်အတွက် ကျင်းယွီက သက်ပြင်းချကာ အိပ်ရာထဲမှ ထလိုက်ပြီး လေလွင့်နေသော ဝိညာဉ်တစ်ကောင်ကဲ့သို့ ခြောက်ခြားဖွယ်ရာအသံဖြင့် ပြောလိုက်သည်။
“ငတုံး*ရှောင်လုကော ဘယ်လိုလဲ…”
(T/N : ဒီနေရာမှာ ကျင်းယွီက ငတုံးဆိုပြီး တိုက်ရိုက်မသုံးဘဲ စကားလှည့်ပြီး သုံးထားတာပါ…)
လီရှောင်က ငတုံးဆိုသည့် စကားလုံးက မည်သည်ကို ဆိုလိုကြောင်း မသိသော်လည်း ထိုစကားလုံးက ရှောင်လုအား အထူးရည်ညွှန်းထားကြောင်း နားလည်နေသည်။ လီရှောင်က လိမ္မော်ရောင်ဖြူကောင်နှင့် စနောက်နေခြင်းကို ရပ်တန့်လိုက်ပြီး အားရပါးရ ပြုံးလျက် ပြန်ဖြေသည်။
“သူ အောက်ထပ်မှာ တီဗီကြည့်နေလောက်တယ်…”
ကျင်းယွီ၏ နှုတ်ခမ်းများက တွန့်ချိုးသွားကာ စောင်များကို ဘေးဘက်သို့ ပစ်ထုတ်လျက် ခေါင်းညိတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဤဖရိုဖရဲကမ္ဘာ၌ သားရဲများ၏ အသွင်အပြင်နှင့် ကိစ္စများစွာက အတော်လေး ထူးဆန်းနေသော်လည်း လုံးဝ နားမလည်နိုင်ခြင်း မဟုတ်သည့်အပေါ် ကျေးဇူးတင်နေမိသည်။ မှန်ပေသည်၊ သံလိုက်ကားများ၊ လူများကို သယ်ဆောင်ပေးသည့် သားရဲတိရစ္ဆာန်များ၊ ရှေးခေတ်တွန်းလှည်းများနှင့် အာကာသယာဉ်များ အားလုံးက ဖရိုဖရဲကမ္ဘာကြီး၏ မလွဲမရှောင်နိုင်သော ရလဒ်များ ဖြစ်သည်။ ကျင်းယွီသာ ယေဘုယျ ခေတ်ရေစီးကြောင်းကို နားလည်နေသရွေ့ အဆင်ပြေနေလိမ့်မည်။
“ဘုရားသခင် မစ လို့ ငါ တွားသွားတဲ့အင်းစက်တွေ ပြည့်နေတဲ့ တွင်းထဲ ပစ်မချခံရတာ…”
ကျင်းယွီက သူ့ရင်ထဲတွင် တိတ်တဆိတ်ဖြင့် “တစ်ဆယ်”ဟူသော စာလုံးကို ရေးဆွဲလိုက်ပြီးနောက် လှေကားတစ်ထစ်ချင်းစီ ဆင်းလိုက်သည်။ လက်ရှိတွင် အပြင်ဘက် ကောင်းကင်ယံ၌ မည်းမှောင်နေသော်လည်း ဖြူကောင်မီးအိမ်၏ အလင်းရောင်ဖြူဖြူအောက်တွင် ရှောင်လုက တိရစ္ဆာန်သားရေကော်ဇောပေါ်၌ သက်တောင့်သက်သာဖြင့် လှဲလျောင်းလျက် မျက်လုံးများက လေဆာမျက်နှာပြင်ပေါ်တွင် ကပ်တွယ်နေပြီး အာရုံစူးစိုက်မှုအပြည့်ဖြင့် ကြည့်ရှုနေသည်။
“…”
မျက်နှာပြင်ပေါ်တွင် ယုန်မလေးက ထိခိုက်ထားကာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်ကို ကြည့်ပြီးနောက် ကျင်းယွီက မသက်မသာ ခံစားလိုက်ရသည်။
“ဆက်မကြည့်တော့နဲ့… သားရဲအထီးတွေက အရမ်း ကြမ်းတမ်းလွန်းတယ်… မင်းတို့တွေက ဆန်ကုန်မြေလေးတွေချည်းပဲ…”
ထိုသို့ အေးတိအေးစက် ပြောပြီးနောက် ကျင်းယွီက ဆက်လက် အရှက်မရှိပြုမူကာ မဖိတ်ခေါ်ဘဲနှင့် တိရစ္ဆာန်သားရေဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီးနောက် လက်ညိုးထိုးကာ ပြောသည်။
“ဒီကိုလာခဲ့… မင်းရဲ့ နှလုံး သက်သာသွားပြီလား ကြည့်ကြည့်မယ်…”
အစောပိုင်းတွင် ရှောင်လုက ကျင်းယွီ၏ ရက်စက်သော စကားလုံးများကြောင့် ခေါင်းလေး ငိုက်ကျနေသော်လည်း ကျင်းယွီ၏ အမိန့်အသစ်ကို ကြားလိုက်ရသည်နှင့် ကျင်းယွီခြေထောက်နားတွင် နာခံစွာ ဝပ်လျက် လိမ်လိမ်မာမာ ပြုမူပြီး ကျင်းယွီ စစ်ဆေးနေသည်ကို ခွင့်ပြုထားသည်။
ရှောင်လု၏ နာခံနေသော အပြုအမူက လိမ္မော်ရောင်ဖြူကောင်အား လိမ္မော်သီးအကြီးကြီး မျိုချမိလိုက်သကဲ့သို့ ပါးစပ်ဟလျက် ကြောင်အသွားစေသည်။ လီရှောင်ထံမှ ထိုကောင်လေးက တိရစ္ဆာန်များကို ထိန်းချုပ်နိုင်စွမ်းရှိကြောင်း ကြားသိထားရသော်လည်း ဖြူကောင်က ပြောလိုက်သေးသည်။
“ဒီလို နည်းလမ်းမျိုးက အဆင့်မြင့်သားရဲလေ့ကျင့်သူတွေအတွက်တောင် ခက်ခဲလိမ့်မယ်… ပြီးတော့ အဲဒီသားရဲက မင်းမိသားစုကဆိုတာ သေချာရဲ့လား… အရင်တစ်ခေါက်ကဆို လူအိုကြီးက သူ့အမြီးကို နည်းနည်းတိုတယ်ဆိုပြီး ရယ်မိလို့ လမ်းတစ်ဝက်လောက်အထိ လိုက်ဖမ်းခဲ့တာလေ… ပြီးတော့ အဲဒီနောက်ပိုင်း ငါ့ရဲ့ လိမ္မော်ပင်ကိုလည်း ကိုက်ဝါးပစ်ခဲ့သေးတယ်လေ… …”
လီရှောင်၏ စကားလုံးများက အနည်းငယ် တိုတောင်းသော်လည်း စိတ်ရင်းဖြင့် မေးလိုက်၏။
“အဲဒါကြောင့် ရှောင်လုက တစ်ခုခုတော့ တစ်ခုခုပဲလို့ ကိုယ် ပြောခဲ့တာပါ… ရှောင်လုရဲ့ အကျင့်စရိုက်က မကောင်းဘူးဆိုပေမဲ့ အခုချိန်ထိတော့ သူက Aအဆင့် သားရဲဖြစ်တဲ့အပြင် တစ်ခါတစ်လေ ကိုယ့်ကို ပြန်ဟိန်းဟောက်ပြီး ကန့်လန့်တိုက်ပေမဲ့ ရှောင်ကျင်း မင်းအရှေ့ကျရင် သူက လိမ္မာတဲ့ ကြောင်ကြီးလိုပဲ… အမ်း… ရှောင်လုနဲ့ ကိုယ့်ရဲ့ စမ်းစစ်မှုတွေအရ မင်းက သူ့ရဲ့ ကိုယ်ထဲက သားရဲစိတ်ဓာတ်ကို လက်ညိုးတစ်ချက်ထိုးရုံနဲ့ ဖိနှိပ်ထားနိုင်လောက်အောင် အင်အားကြီးတဲ့သူပဲ…”
“ဟားဟား… … အဲဒီကောင်လေးက အထင်ကြီးရလောက်အောင် အင်အားကြီးတဲ့သူလား… သူ့ကို ကြည့်ရင်တော့ မနည်းရုန်းကန်ပြီး ရှင်သန်ရမဲ့ပုံနဲ့ အခုကျ သူ့ရဲ့ အတိုက်အခိုက် စွမ်းရည်အကြောင်းကို ပြောနေတာပေါ့… ဟားဟား… တကယ်ပဲ စာအုပ်တစ်အုပ်ကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးပဲ… အဆုံးကျရင် မင်းက ဘာမှ မလုပ်နိုင်ဘဲနဲ့ လူတွေရဲ့ ပါးစပ်မှာ ရွှေတွေ အပြည့်ဖြည့်ပြီး အန်ကျလာစေမှာမလား…”
လိမ္မော်ရောင်ဖြူကောင်က ကျင်းယွီကို လှောင်ထေ့လျက် လျှာထုတ်ပြလိုက်သည်။
သူ့စကားများကို ကြားပြီးနောက် လီရှောင်က လှောင်ရယ်လိုက်သည်။
“ချန်လျန့် မင်းပဲ ပြောတော့ စာအုပ်တစ်အုပ်ကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးဆို… ဘာလို့ မင်းလို အဆင့်မှာပဲ ရှိတဲ့ လူတစ်ယောက်က တခြားတစ်ယောက်ကို ရှေးခေတ်ဘာသာစကား လေ့လာဖို့ ပြောနေရတာလဲ…”
“…”
ထိုစကားက ချန်လျန့်အား ပါးစပ်ပိတ်သွားစေသည်။
သူတို့ စကားပြောနေကြစဉ် ကျင်းယွီက ရှောင်လု၏ အခြေအနေအား စစ်ဆေးနေခြင်းမှာ ပြီးစီးသွားပြီဖြစ်သည်။ အခြေအနေက သူ့ဆန္ဒအတိုင်း အမှန်တကယ် အလုပ်ဖြစ်နေသည်။ ရှောင်လု၏ နှလုံးထဲမှ အနက်ရောင်အစက်လေးက လုံးဝ ပျောက်ကွယ်သွားကာ ယခုဆိုလျှင် ထိုနေရာ၌ ကျန်သော နှလုံးရှိ နေရာများထက်ပင် အစိမ်းဖျော့ဖျော့လေး လင်းလက်နေ၏။ ဒုတိယအဆင့်အနေဖြင့် ရှောင်လုက နောက်ထပ် ရက်အနည်းငယ်အထိ သေချာစားသောက်အိပ်စက်ပါက ပုံမှန်ပြန်ဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း ကျင်းယွီက သေချာနေ၏။
ကျေနပ်အားရသွားလျက်၊ ကျင်းယွီက ရှောင်လု၏ ခေါင်းကို ပျော်ရွှင်စွာ ပုတ်ပေးကာ ရှောင်လု၏ မျှော်လင့်စောင့်စားနေသော မျက်လုံးများကို ကြည့်၍ ကြေညာလိုက်သည်။
“ဂုဏ်ယူပါတယ်… မင်းရဲ့ နှလုံးရောဂါက ကောင်းသွားပြီ…”
အချို့သော အကြောင်းအရာများကို နားမလည်သော်လည်း သူ၏ ပိုက်ဆံရှာရန် ပထမဆုံးအကြိမ် ကြိုးပမ်းမှုက အောင်မြင်သွားခဲ့သည်။
ဝေါင်င်င်င်းးးးးး--
ရှောင်လု၏ ဟိန်းလိုက်သံက လီရှောင်၏ အိမ်မှတစ်ဆင့် အန်ကျဲ၏ အရှေ့သို့ပင် လမ်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ လီရှောင်၏ မျက်နှာက ချက်ချင်း နီရဲလာကာ ကျင်းယွီလက်ကို ဆုပ်ကိုင်လျက် အားဖြင့် ဆွဲခါလိုက်သည်။
“ကျေးဇူးတင်ပါတယ် ညီလေး… ကျင်းယွီ… မစ္စတာကျင်း… အခုကစပြီး မင်းက ကိုယ့်ရဲ့ အရင်းနှီးဆုံး(… …) သူငယ်ချင်းပဲ… …”
ကျင်းယွီက နှုတ်ခမ်းတွန့်လျက် သူ၏ ခွန်အား အကုန်လုံးကို အသုံးပြုပြီး သူ့လက်အား ဆွဲထုတ်ရန် ကြိုးစားနေရသည်။ အကယ်၍ လီရှောင်သာ ဤထက်ပိုပြီး အားသုံးပါက လူအိုကြီး၏ လက်သည်းကိုပင် ချိုးနိုင်လောက်သည်။ လီရှောင်မှ ကျင်းယွီ၏လက်များကို အကြမ်းပတမ်း ဆွဲခါရမ်းနေသည်ကို မြင်ပြီးနောက် ချန်လျန့်၊ ဖြူကောင်၏ မျက်လုံးများက အန္တရာယ်နှင့်အတူ တောက်ပလာလေသည်။ ရုတ်တရက် သူက ခဏလေးအတွင်း အရှေ့သို့ ရောက်လာကာ လီရှောင်၏ လက်ကို ရယ်မောလျက် ဆွဲထားလိုက်သည်။
“ရှောင်-အာ… ကျင်းယွီက လူသားတစ်ပိုင်းလေ… သူ့ကို ထိခိုက်အောင် လုပ်နေတာလား…”
ရလဒ်အနေဖြင့် လီရှောင်က ချက်ချင်း လက်လွှတ်ကာ တောင်းပန်လိုက်သည်။ သို့သော်လည်း ချန်လျန့်၏ အပြုအမူကို မြင်ပြီးနောက် ကျင်းယွီ၏ မျက်ခုံးများက မသိမသာ မြင့်တက်သွားလေသည်။ သူ့နှုတ်ခမ်းက ဖြည်းညှင်းစွာဖြင့် ကွေးတက်လာကာ အသာရယ်လိုက်သည်။ ထိုအသာရယ်လိုက်သံက မိမိကိုယ်ကိုယ် အရှင်ချန်လျန့်ဟု ခေါ်ဆိုနေသော သူ၏ တစ်ကိုယ်လုံးတွင် ရှိသော အမွေးများကို ထောင်သွားစေသည်။
“ရှောင်လုရဲ့ ပြဿနာကို ဖြေရှင်းပြီးပြီဆိုတော့ လီသာ့ကောရဲ့ နေရာမှာ အချိန်ပိုကြာကြာ နေမိရင် မကောင်းလောက်ဘူး… အန်ကျဲမှာ ဟိုတယ်များ ရှိလား… ဈေးသက်သာတဲ့နေရာတွေ ရှိရင်တော့ ပိုကောင်းတာပေါ့…”
ကျင်းယွီ၏ အမေးကို ကြားပြီးနောက် လီရှောင်နှင့် ချန့်လျန့်၏ မျက်နှာများက ဖြူဖျော့သွားသည်။ သည်းမခံနိုင်တော့ဘဲ လီရှောင်က ခေါင်းယမ်းလိုက်သည်။
“အန်ကျဲမှာ ဘာဟိုတယ်မှ မရှိဘူး… ဒီမှာ ရှိတဲ့ ဟိုတယ်ဆိုတာတွေက သတင်းအချက်အလက်တွေ ဝယ်လို့ရတဲ့နေရာ၊ ဒါမှမဟုတ် နေထိုင်ခွင့်ရဖို့ အလုပ်ပြန်လုပ်ပေးရတဲ့ နေရာမျိုးတွေပဲ… စစ်မှန်တဲ့ စွမ်းအင်မရှိတဲ့သူတွေဆိုရင် သူတို့ရဲ့ ရှေ့တံခါးကိုတောင် ဖွင့်လို့ရမှာ မဟုတ်ဘူး…”
ကျင်းယွီက မျက်လုံးများကို လှိမ့်လိုက်သည်။ ကောင်းသည်၊ အကယ်၍ တိုက်ခိုက်ခြင်း၊ ခန္ဓာကိုယ်ကြံ့ခံသန်စွမ်းမှု နှင့် မှော်စွမ်းရည်များကို စွမ်းအင်များအဖြစ် သတ်မှတ်သည်ဆိုပါက ကျင်းယွီက သူ၏ စိတ်စွမ်းအင်လေးဖြင့် အတော်လေး အားနည်းနေသည်။
“ဒါဆိုလည်း ကျွန်တော့်ကို စောင်တစ်ထည်လောက် ငှားပါ…”
“အန်ကျဲမှာရှိတဲ့ တိုက်ခိုက်ရေးစိတ်စွမ်းအင်တွေက Aအဆင့် သားရဲကို အမဲလိုက်ရတာထက် ပိုပြီး အန္တရာယ်များတယ်နော်…”
ဖြူကောင်က ပျော်ရွှင်စွာဖြင့် ပြောပြသည်။ ကျင်းယွီ၏ အခက်အခဲအား ဖြူကောင်က အရသာခံနေသည်ကို မြင်ပြီးနောက် လီရှောင်က ဖြူကောင်အား စိုက်ကြည့်လိုက်သည်။
“ကျစ်… ကျင်းယွီ ကိုယ့်ကို အစ်ကိုတစ်ယောက်လိုပဲ ဆက်ဆံပါ… မင်းက ကိုယ့်ရဲ့ ရှောင်လုဘဝကို ကယ်တင်ခဲ့မှတော့ မင်းကို ဒီလို အန္တရာယ်ကြီးထဲ မလွှတ်လိုက်နိုင်ဘူး… တကယ်လို့ အပြင်မှာ တိုက်ခိုက်ရေးစိတ်စွမ်းအင်နဲ့ လူတစ်ယောက်ပဲ ရှိတာဆိုရင်တောင် မင်းကို ဒီလို သွားခွင့် မပေးနိုင်ဘူး… ကိုယ့်အိမ်မှာ အခန်းပိုရှိတာ ဘယ်လောက် ကံကောင်းလိုက်လဲ… စိတ်မပူနဲ့… မင်းသာ ကိုယ့်ရဲ့ သားရဲတွေကို ဆိုးဆိုးဝါးဝါး မဆက်ဆံသရွေ့ မင်း ကြိုက်သလောက် ကိုယ့်အိမ်မှာ အကြာကြီး နေလို့ရတယ်…”
လီရှောင်ပြောပြီးနောက် ရှောင်လုက သဘောတူညီသည့်အနေဖြင့် အသည်းအသန် ခေါင်းညိတ်ပြသည်။
တုံ့ဆိုင်းနေသေးသည့် ကျင်းယွီကို ကြည့်၍ လီရှောင်က ရယ်လိုက်သည်။
“ပြီးတော့လည်း တကယ်လို့ မင်းသာ ဒီမှာ နေမယ်ဆိုရင် ကိုယ် ရှောင်လုရဲ့ အခြေအနေကို အချိန်မရွေး သိနိုင်ပြီလေ… ဒါက ကိုယ့်အတွက် အရမ်းကောင်းတဲ့ အပေးအယူတစ်ခုပဲ…”
လီရှောင်၏ စကားကို ကြားပြီးနောက် ကျင်းယွီက နောက်ထပ် ရှောင်ဖယ်ငြင်းဆန်ရန် အကြောင်းမရှိတော့ကြောင်း ခံစားလိုက်ရသည်။ ရှောင်လုကို ကုသပေးရာ၌ အင်အားများစွာ စိုက်ထုတ်ခဲ့သည့်အပြင် သူ၏ အမှန်တကယ် ရည်ရွယ်ချက်က လီရှောင်၏ အကူအညီကို ရယူရန် ဖြစ်သည်။ တစ်နည်းဆိုရပါက လက်ရှိအချိန်တွင် သူ့ထံ၌ အန်ကျဲတွင်နေထိုင်ရန် ပိုက်ဆံလည်း မရှိသောကြောင့် အရင်ဦးစွာ ဤနေရာ၌ နေထိုင်ရလိမ့်မည်။
သို့သော် ကျင်းယွီ၏ ဆိုင်တစ်ဆိုင်ဖွင့်ကာ ပိုက်ဆံရှာပြီး အိမ်တစ်အိမ်ဝယ်ယူမည့် အစီအစဉ်က သူ့စိတ်ထဲတွင် အစောပိုင်းကတည်းက နစ်မြုပ်နေခဲ့သည်။ ထိုအကြောင်း တွေးပြီးနောက် ကျင်းယွီက လုံးဝနက်မှောင်နေသည့် ကောင်းကင်ကို ကြည့်လိုက်ပြီးနောက် လီရှောင်ကို လှည့်ကြည့်၍ ပြောသည်။
“ဒီလိုဆိုမှတော့ ကျွန်တော် လီသာ့ကောကို နည်းနည်း ဒုက္ခပေးရတော့မှာပဲ…”
“စိတ်မပူနဲ့… ဒါက ဘာဒုက္ခမှ မဟုတ်ဘူး… မင်းကို အဆင်မပြေဖြစ်စေတာတွေ ရှိရင် ကိုယ့်ကို ပြောပါ… ပြုပြင်လို့ ရနေသရွေ့ ဖြစ်နိုင်သမျှ နည်းလမ်းတွေ သုံးပြီး ကိုယ် သေချာ ကူညီပေးမှာပါ…”
ထိုစကားကို ကြားပြီးနောက် ကျင်းယွီခေါင်းက ချက်ချင်းမော့ကြည့်လာသည်။ ရုတ်တရက် သူ့ထံမှ တိုးတိတ်သော ရယ်မောသံတစွန်းတစ ထွက်ပေါ်လာသည်။
“…ဒါဆို… အန်ကျဲမှာရှိတဲ့ အကြီးဆုံးစွန့်ပစ်နေရာဆီ ကျွန်တော့်ကို ခေါ်သွားပေးဖို့နဲ့ ကျွန်တော်နဲ့အတူလမ်းလျှောက်ပေးဖို့ လီသာ့ကောကို ဒုက္ခပေးလို့ရမလား…”
မျက်တောင်တစ်ခတ်အတွင်း လီရှောင်နှင့် ချန်လျန့်၏ မျက်နှာများက မသိမသာ ပြောင်းလဲသွားသည်။ လီရှောင်၏ အကြည့်များက သူ့အကြည့်ကြောင့် တုန်လှုပ်သွားခြင်း မရှိသော ကျင်းယွီအပေါ်တွင်သာ တည်ရှိနေသည်။ သူ့အိမ်တွင် ရှိနေသော တောင်ပံပါကျားကို ကြည့်လိုက်ပြီးနောက် လီရှောင်က အသက်ရှူမအောင့်နိုင်တော့ဘဲ ပြောလိုက်သည်။
“သွားချင်တဲ့လူက ကျင်းယွီဖြစ်နေရင်တောင် ကိုယ် မခေါ်သွားပေးနိုင်ဘူး… ပြီးတော့… တကယ်လို့ မင်းမှာ အခုလေးတင် လုပ်ခဲ့သလိုမျိုး သတ္တိတွေနဲ့ လုပ်နိုင်စွမ်းတွေ ရှိရင်တောင် မင်း မသွားသင့်ဘူး… အဲဒီနေရာတွေက အန်ကျဲမှာ အရက်စက်ဆုံး အရာတွေ တည်ရှိတဲ့နေရာတွေပဲ…”
🐾🐾🐾