Ch-37 Unicode
ချန်ချင့်၏ ခြေထောက်မှာ ကောင်းခါနီးနေပြီဖြစ်သော်လည်း ခုနက ပြင်းပြင်းထန်ထန် အနင်းခံခဲ့ရသဖြင့် ယခုအချိန်တွင် ဘန်းမုန့်ပေါင်းသဖွယ် ရောင်ကိုင်းနေလေပြီ။
"သမားတော် သွားပြမယ်"
ချန်ချင့်ဟာ ပိန်ပါးပြီး အရပ်မရှည်သော်ငြား စွင်းတာ့ညန်က အသက်ကြီးနေပြီဖြစ်သလို သူမ ခါးလည်းသိပ်မကောင်းချေ။ အစပိုင်း၌ အဆင်ပြေနေသေးသော်လည်း အချိန်ခဏကြာပြီးနောက် အနည်းငယ် ခက်ခဲလာခဲ့လေသည်။
ကျိုးယွမ်နှင့် မုန့်ချီက သူတို့နောက်မှ လိုက်လာခဲ့သည်။ မုန့်ချီဟာ နှေးကွေးသူဖြစ်လျှင်ပင် တစ်ခုခုကို သတိပြုမိလိုက်သဖြင့် ကျိုးယွမ်အား သူမေးလိုက်သည်။
"အစ်ကိုယွမ် မင်း....."
ကျိုးယွမ် အေးအေးဆေးဆေး ဝန်ခံလိုက်သည်။
စွင်းတာ့ညန်က လက်ဗွေရာနှိပ်ရန် သွားနေပြီး ချန်ချင့်က အနားယူနေချိန်တွင် ခရိုင်တရားသူကြီးက မုန့်ချီအား စကားပြောရန် ဆွဲထားခဲ့လေရာ ချန်ချင့်၏ စာချုပ်အကြောင်းကို သဘာဝကျကျ သိခဲ့ရသည်။
မုန့်ချီ စကားပြောရန် အနည်းငယ် တွန့်ဆုတ်နေမိသည်မှာ အမှန်ပင်။ သူသည် မကြာခင် လက်ထပ်တော့မှာဖြစ်သည်။
သူ့အမေဘက်မှ ညီမဝမ်းကွဲဟာလည်း အိမ်ထောင်ပြုရမယ့်အရွယ်ရောက်နေပြီဖြစ်ကြောင်း၊ သူ့မင်္ဂလာပွဲ၌ ကျိုးယွမ်နှင့် သူ့၏ ရင်းနှီးသောဆက်ဆံရေးကို အခွင့်ကောင်းယူကာ သူတို့နှစ်ယောက်ကို တွေ့ဆုံစေလိုခြင်းဖြစ်ကြောင်း သူ့အမေက သူ့အား ပြောပြထားခဲ့သည်။
"ဒါပေမယ့်.. ချန်ချင့်က.. ဘာပဲဖြစ်ဖြစ် မုဆိုးဖိုလေ.. မုန့်ထောင်းနဲ့ တစ်ခါမှ မဆုံဖူးရင်တောင် သူ့မှာ ဂုဏ်သတင်းဆိုးနေတုန်းပဲ"
ကျိုးယွမ်၏ မျက်လုံးများမှာ သူ့ရှေ့မှလူထံ စိုက်ကြည့်နေလျက်။
"ရွာထဲမှာ 'ငါက ရက်စက်ကြမ်းကြုတ်တဲ့သူ၊ မျက်တောင်မခတ်ဘဲ လူတွေကိုသတ်ရဲတဲ့သူ'ဆိုတဲ့ ကောလဟာလတွေရှိတာပဲ.. ဒီတော့ ငါက ဂုဏ်သတင်းဆိုးမှာကို ဘာလို့ကြောက်ရမှာလဲ"
မုန့်ချီ စကားဆက်ပြောချင်နေသေးသော်လည်း ကျိုးယွမ်က ချက်ခြင်းကြီး အရှေ့သို့ လျှောက်သွားကာ မြေပြင်ပေါ် လဲကျတော့မလိုဖြစ်နေသည့် ချန်ချင့်နှင့် စွင်းတာ့ညန်အား သူ့လက်တံရှည်ရှည်များနှင့် ဖမ်းထားလိုက်သည်။
"ဒေါ်ဒေါ် ဒေါ်ဒေါ့်ရဲ့ ခါးက အခြေအနေမကောင်းဘူးပဲ.. ကျွန်တော် သူ့ကို သယ်လိုက်ပါ့မယ်"
စွင်းတာ့ညန် ပြန်ပြောလာမည်ကိုပင်မစောင့်တော့ဘဲ သူ့လက်တစ်ဖက်တည်းနှင့် ချန်ချင့်အား သူ့နောက်ကျောပေါ် တစ်ခါတည်း ဆွဲတင်လိုက်တော့သည်။
သူတို့သည် ခရိုင်မြို့ရှိ လမ်းများကို သိပ်မကျွမ်းကျင်လှ၍ အကြိမ်ပေါင်းများစွာ လမ်းမေးပြီးနောက်မှ နောက်ဆုံးတွင် ဟွေ့ချွင်းခန်းမသို့ ရောက်လာခဲ့လေသည်။
ကျိုးယွမ်က ချန်ချင့်ကို ကျောပိုးထားလျက်ပင် မုန့်ချီအား သူ့ဘာသာသူ အရင်ဆုံး ဈေးသွားဝယ်ရန် ပြောလိုက်သဖြင့် မုန့်ချီလည်း သဘောတူရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။
သည့်အပြင် သူသည်လည်း မကြာမီ အိမ်ထောင်ပြုတော့မည်ဖြစ်ရာ သူ့၏ ဇနီးလောင်းအတွက် တစ်ခုခုဝယ်ပေးချင်မိသည်။ သို့သော် ဤတစ်ခေါက် မြို့ကို ရောက်လာခဲ့သည်မှာ မတော်တဆဖြစ်၍ သူနှင့်အတူ ပိုက်ဆံမယူလာခဲ့မိချေ။
ကျိုးယွမ် သူ့အကြည့်ကို မြင်လိုက်သည့်အခါ သူ့အိတ်ကပ်ထဲမှ ပိုက်ဆံတစ်ချို့ကို ထုတ်ချေးပေးလိုက်၏။
သူတို့ ဟွေ့ချွင်းခန်းမကို ရောက်သည့်အခါ သမားတော်က တစ်ချက်ကြည့်ပေးပြီးနောက် ဆေးအဆီလိမ်းဆေး ညွှန်းပေးလိုက်လေသည်။
သူ ဘာဆေးမှသောက်ဖို့ မလိုဘူးလို့ ပြောခဲ့သော်လည်း နောက်တစ်ခါ ထပ်မံမထိခိုက်သင့်ကြောင်း ပြောပြခဲ့သည်။ နောက်တစ်ကြိမ် ထပ်မံထိခိုက်မိပါက နာတာရှည်ရောဂါဖြစ်သွားနိုင်သည်ဟု။
စွင်းတာ့ညန် ထိတ်လန့်သွားရကာ သူ့အား ကောင်းကောင်းအနားယူစေရပါမယ်လို့ မြန်မြန်ပြောလိုက်တော့သည်။
ချန်ချင့် အသိစိတ်ပြန်ဝင်လာကာ စွင်းတာ့ညန်အား စိုးရိမ်တကြီးနှင့် ကြည့်လိုက်ပြီး
"ဒါပေမယ့် ဆောင်းဦးစိုက်ပျိုးရာသီ မကြာခင် ရောက်တော့..."
"စိတ်မပူပါနဲ့ကွယ်.. ငါ လူနည်းနည်းလောက် ငှားလိုက်လို့ရတာပဲ"
စွင်းတာ့ညန်က ချန်ချင့်၏ပုခုံးကို ပုတ်ပေးလိုက်ကာ
"အနာဂတ်မှာ နာတာရှည်ရောဂါဖြစ်အောင် မလုပ်ပါနဲ့ကွယ်"
ထိုအချိန်တွင် ကျိုးယွမ် ဝင်ပြောလိုက်သည်။
"ကျွန်တော်လည်း ဒေါ်ဒေါ့်ကို ကူညီပေးနိုင်ပါတယ်"
ချန်ချင့် ခေါင်းမော့လာကာ ယနေ့ ရွာအဝင်ဝမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိရသွားခဲ့သည်။ ကျိုးယွမ်ရဲ့ လက်ချောင်းတွေက အရမ်းထူတာပဲ.. သူ့လက်တွေနဲ့ သူ့မျက်နှာကို ပွတ်သပ်လိုက်တဲ့အခါ နည်းနည်းတော့ နာသွားသေးတာလေ..
ဒါပေမဲ့ ဘာလို့လဲ.. သူက လီရှင်းကို ကြိုက်နေတာမဟုတ်ဘူးလား..
ချန်ချင့် သူ့အတွေးထဲမှာ ပျောက်ဆုံးနေလျက်။ စွင်းတာ့ညန်က သူ့ကို စကားပြောလိုက်ချိန်တွင် ငေးတိငေးကြောင်နှင့်သာ ပြန်ဖြေလိုက်မိသည်။ သူ အသိပြန်ဝင်လာသည့်အခါ ကျိုးယွမ်က သူ့အား ကျောပေါ်တင်ထားနှင့်ပြီးဖြစ်နေပြန်၏။
ချန်ချင့်လည်း ကျိုးယွမ်၏ ပခုံးပေါ်မှ အင်္ကျီစအား ဆွဲကာ နွားလှည်းပေါ် ဂရုတစိုက်တက်လိုက်သည်။
သူတို့ အိမ်ပြန်ရောက်သည့်အခါ စွင်းတာ့ညန်က အိမ်တွင်းရှုပ်ပွနေတာကို ကြည့်လျက် ထိုအချိန်တုန်းက ချန်ချင့်တစ်ယောက် ဘယ်လောက်ကြောက်ရွံ့နေမလဲဆိုတာကို သူမ စိတ်ကူးကြည့်နိုင်ပေသည်။
ကျိုးယွမ်လည်း မြင်လိုက်ရသည်ပင်။ အထူးသဖြင့် ချန်ချင့်အခန်းထဲ သူ ဝင်သွားချိန်၌ လျော့တွဲကျနေသော တံခါးရွက်နှင့် ရှုပ်ပွနေသော ဗီဒိုကို တွေ့လိုက်ရသလို အဝတ်အစားသေးသေးလေးများပင် လှန်လှောခံထားရလေသည်။
ချန်ချင့်၏ အာရုံကြောများ တင်းမာနေလျက်။ သူ အနားယူရန်အတွက် စွင်းတာ့ညန်က အခန်းကို သန့်ရှင်းရေးလုပ်ပေးပြီးနောက် ကျိုးယွမ်အား စကားပြောရန် ဆွဲခေါ်လာခဲ့သည်။
"ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ကွယ်"
စွင်းတာ့ညန် သူမရင်ဘတ်ကို အုပ်ကိုင်ထားလျက် ကျိုးယွမ်အား အရင်တုန်းကအဖြစ်အပျက်အားလုံးကို ပြောပြပါတော့သည်။
"သူတို့က ထောင်းဇီရဲ့ ပင်စင်လစာကို လိုချင်တယ်ဆိုရင်တောင် ငါ ဘာမှမပြောပါဘူး.. ဒါပေမယ့် အခု သူတို့က အားချင့်ကိုပါ ရောင်းချင်နေသေးတာ။ ဘယ်လိုဖြစ်ပြီး ဒီလောက်ရွံရှာဖွယ်ကောင်းတဲ့မိသားစုမျိုး ရှိနေရတာလဲ"
ပြိုလဲလုနီးပါးဖြစ်နေသည့် ခြံထဲရှိ လှုပ်ကုလားထိုင်ကို ကျိုးယွမ် ကြည့်နေရင်း ချန်ချင့်၏ ရုန်းကန်ခဲ့ရသော အရိပ်အခြေများကို မြင်လိုက်ရသည့်နှယ်။
"ဒေါ်ဒေါ် ဒီကိစ္စက ဒီတိုင်းပြီးသွားလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး"
စွင်းတာ့ညန်၏ နှလုံးသား နစ်မြှုပ်သွားရလျက်။ သူတို့က အာဏာပိုင်ဆီ တိုင်ကြားခဲ့၍ သူတို့အားလုံး အရိုက်ခံရကာ အချုပ်ကျသွားခဲ့သည်။ အဘွားအိုက ဤကိစ္စကို ဒီတိုင်း လက်လွှတ်ပေးမှာမဟုတ်လောက်ချေ။
"ငါ သိပါတယ်" စွင်းတာ့ညန် ပြောလိုက်သည်။
"သူတို့ အမြဲ ပွဲရှာနေကျပဲလေ"
"ဒေါ်ဒေါ် ကျွန်တော် ဒီရက်ပိုင်း အပြင်မထွက်တော့ဘူး.. ဒေါ်ဒေါ် ကိစ္စတစ်ခုခုရှိရင် ကျယ်ကျယ်သာ အော်လိုက်.. ကျွန်တော် ကြားနိုင်တယ်"
စွင်းတာ့ညန် သူမမျက်လုံးတွေကို သုတ်လိုက်ပြီး : "ကျေးဇူးတင်ပါတယ်ကွယ်.. ကျေးဇူးအများကြီးတင်ပါတယ်"
စွင်းတာ့ညန်လည်း ချန်ချင့်အခန်းရှိ ပျက်စီးနေသော ပြတင်းပေါက်အား ပြန်ကြည့်လိုက်ရင်း ကျိုးယွမ်ကို ပြောလိုက်သည်။
"ဒီအဖြစ်အပျက်တွေက အားချင့်ကြောင့်ဖြစ်တာဆိုတော့ သူတို့က သူ့အပေါ် ဒေါသတွေ ဖွင့်ထုတ်မှာ ကျိန်းသေတယ်"
ကျိုးယွမ် : "သူ ဘာအမှားမှမလုပ်ထားဘူး"
စွင်းတာ့ညန် ခေါင်းညိတ်လိုက်၏။
"ဒါကြောင့် အားချင့် အိမ်ထောင်ပြုဖို့အတွက် ရှာပေးဖို့ အချိန်တန်ပြီလို့ ငါထင်တယ်"
ကျိုးယွမ် သူ့ကျောကို မတ်မတ်ထားကာ စွင်းတာ့ညန်၏ နောက်ထပ်စကားလုံးများကို စောင့်မျှော်နေမိသည်။
"ဒါပေမယ့် ဒါက နည်းနည်းခက်နေတာပဲ.. အားချင့်က ရိုးသားတဲ့သူ.. နောက်ပြီးတော့ သူက ထောင်းဇီအတွက် ဝမ်းနည်းပူဆွေးခြင်းဝတ်စုံကို ဝတ်ခဲ့သေးတယ်.. လော့ဟယ်ရွာက လူတွေအပြင် ခရိုင်တစ်ခုလုံးက ဒီအချက်ကို အယူသီးကြတာလေ..
အခွန်တွေပေး၊ စပါးတွေရောင်းပြီးလို့ ခန်းဝင်ပစ္စည်း များများပေးမယ်ဆိုရင် ရိုးသားတဲ့သူတချို့ ဆန္ဒရှိလေမလားလို့ ငါ မူလက တွေးထားခဲ့တာ.. ဒါပေမဲ့ ငါ ပြန်တွေးကြည့်လိုက်တော့ ပိုက်ဆံပိုများများပေးမိရင် လူတွေ ရည်ရွယ်ချက်ဆိုးရှိလာကြမှာကို ငါကြောက်မိတယ်"
ကျိုးယွမ် သူ့နှုတ်ခမ်းကို လှုပ်ရှားခါနီးတွင် စွင်းတာ့ညန် ထပ်ပြောလာသည်ကို ကြားလိုက်ရပြန်သည်။
"ကျိုးယွမ် မင်းက လူကောင်းတစ်ယောက်ပါ.. ငါတို့ကိုလည်း အများကြီးကူညီပေးခဲ့တယ်.. ဒေါ်ဒေါ် တကယ်ပဲ မင်းအပေါ် ကျေးဇူးမဆပ်နိုင်လောက်အောင်ပါပဲကွယ်..
ဒေါ်ဒေါ် မင်းကို ဒါတွေပြောပြနေတာက မင်းကို ငါတို့အတွက် အကဲဖြတ်ပေးစေချင်လို့ပါ.. မင်းက ဗဟုသုတကြွယ်ဝပြီး လူတွေကို လူကောင်းလား လူဆိုးလားဆိုတာ သိနိုင်တယ်လေ"
"ဒေါ်ဒေါ် ကျွန်တော်.."
ကျိုးယွမ် စကားပြောခါနီးတွင် ခြံတံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီး လီရှင်းက ကမန်းကတန်းပြေးဝင်လာခဲ့သည်။
"ဒေါ်လေး! ချန်ချင့် ဘယ်မှာလဲ! ချန်ချင့် မတော်တဆမှုတစ်ခု ဖြစ်သွားတယ်လို့ ကျွန်တော့်အဖေဆီက ကြားလိုက်လို့..."
စွင်းတာ့ညန် ကျိုးယွမ်အား ခေါင်းညိတ်ပြလိုက်ကာ
"ဒါဆို ဒေါ်ဒေါ် မင်းကို မဆွဲထားတော့ဘူးနော်"
ကျိုးယွမ် ခေါင်းညိတ်လိုက်၏။ ဘာပဲဖြစ်ဖြစ် အလျင်လိုစရာမလိုပါဘူးလေ...
လီရှင်း၏ အသံကြောင့် အိပ်ပျော်လုဆဲဆဲဖြစ်နေသော ချန်ချင့်မှာ နိုးလာခဲ့သည်။ ချန်ချင့်က လီရှင်းအား ခေါ်လိုက်သည့်အခါ လီရှင်း အခန်းထဲ ပြေးသွားလိုက်ပြီး ကုတင်ပေါ်မှာ လှဲနေသော ချန်ချင့်ကို တွေ့လိုက်ရလေ၏။ ပြန်ကောင်းလုနီးနီးဖြစ်နေဆဲ သူ့ခြေထောက်တွေကို ထပ်မံစည်းနှောင်ထားရပြန်သည်။
လီရှင်း စကားတစ်ခွန်းမှမပြောဘဲ ချန်ချင့်၏ ခန္ဓာကိုယ်အား ကြည့်ရှုစစ်ဆေးလိုက်သည်။ သူ့ခါးပေါ်မှ အညိုအမဲဒဏ်ရာအနည်းငယ်မှလွဲပြီး အခြားဒဏ်ရာများမရှိခဲ့ပေ။
လီရှင်း သူ့ရင်ဘတ်သူ ပွတ်ကာ ပြောလိုက်သည်။
"ငါ သေလောက်အောင်ကြောက်သွားရတာ! ဒီလို အရှက်မဲ့တဲ့လူမျိုး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ"
ချန်ချင့် ရီဝေဝေဖြစ်ကာ ကြောက်ရွံ့ထိတ်လန့်သွားရသည်။ အကယ်၍များ ဒီကိစ္စက တကယ် ပျံ့နှံ့သွားခဲ့ရင် သူ တကယ်ပဲ လူမလုပ်သင့်တော့ဘူး...
"မင်း ဒါကို ဘယ်လိုသိတာလဲ"
"တရွာလုံး ပျံ့နေပြီလေ! ဒေါ်လေးရဲ့ မိသားစုက လူတချို့က မုန့်ထောင်းရဲ့ ပင်စင်ငွေကို ခိုးဖို့ရောက်လာပြီး မင်းကို ရိုက်နှက်သွားတာလို့ ပြောနေကြတာပဲ"
ချန်ချင့် ခေါင်းမော့လာကာ : "အဲလိုပြောနေကြတာလား"
လီရှင်း : "ဘာလို့လဲ.. တခြားလျှို့ဝှက်ဇာတ်လမ်းရှိသေးလို့လား"
xxx