Ch-36
Viewers 5k

Ch-36 Unicode 


ထို့နောက် သူမ ကျိုးယွမ်ကို ကြည့်လိုက်ပြီး 


"ကျိုးယွမ် ရာမန်ဆီ သတင်းပို့ဖို့ ငါ့ကို ကူညီပေးနိုင်မလား.. ဖောက်ထွင်းမှုနဲ့ ဖူးလန်ကို ပြန်ပေးဆွဲမှုအတွက်ဆို ပြင်းပြင်းထန်ထန် အပြစ်ပေးခံရသင့်တယ် ဟုတ်တယ်မလား" 


"ကောင်းပါပြီ ဒေါ်ဒေါ်.. ကျွန်တော် ဒေါ်ဒေါ်နဲ့အတူ လိုက်ခဲ့ပေးမယ်" 


စွင်းမိသားစုဝင်အားလုံးက ဆူညံပွတ်လောရိုက်နေကြ၏။ သူတို့က စွင်းတာ့ညန်အား ကျေးဇူးကန်းကြောင်း သနားကြင်နာမှုမရှိကြောင်း ဆဲဆိုနေကြလေသည်။ 


ကျိုးယွမ် အမှန်တကယ် စိတ်တိုလာ၍ မုန့်ချီနှင့် တခြားသူများကို သူတို့ပါးစပ်ပိတ်သွားစေရန် မြက်ပင်တစ်ချို့ ထည့်ခိုင်းလိုက်တော့သည်။ 


"ငါ ရာမန်ဆီ သတင်းပို့ဖို့ ဒေါ်ဒေါ့်နဲ့ အတူလိုက်သွားပေးလိုက်ဦးမယ်.. ကျေးဇူးပြုပြီးတော့ မင်းတို့က ဒေါ်ဒေါ့်အိမ်ကို စောင့်ကြပ်ထားပေး.. အိမ်ရဲ့ အနေအထားကို မပျက်စီးစေနဲ့" 


"ကောင်းပြီ" 


"စွင်းချွေ့! နင့်မျိုးရိုးနာမည်ကို နင် မေ့မနေနဲ့!" 


စွင်းခန်းက သူ့ပါးစပ်ကို မပိတ်ဆို့လိုက်ခင်အထိ ကျိန်ဆဲနေဆဲပင်။ 


"ငါ့ရဲ့ မျိုးရိုးနာမည်က 'မုန့်'ဟဲ့! အိမ်ထောင်ကျပြီးသွားတဲ့သမီးက ဖိတ်စင်သွားတဲ့ရေလိုပဲလို့ နင်တို့မိသားစုက ပြောခဲ့ကြတာ မဟုတ်ဘူးလား.. ငါ့မှာ စွင်းဆိုတဲ့ မျိုးရိုးနာမည်မရှိတော့တာဖြင့် ကြာလှပြီ" 


စွင်းတာ့ညန်၏ လက်ကို ချန်ချင့် တင်းတင်းဆုပ်ကိုင်ထားလျက်။ 


ပူးပေါင်းဆောင်ရွက်လိုစိတ်မရှိသော လူခြောက်ဦးကို ရာမန်သို့ ခေါ်ဆောင်လာရသည်မှာ လွယ်ကူသည့် အလုပ်မဟုတ်သော်လည်း ကျိုးယွမ်ရှိနေပါလျှင် အရာရာတိုင်း ခက်ခဲမနေတော့ပါချေ။ 


သူမ ရာမန်ဂိတ်ပေါက်ဝသို့ ရောက်သည့်အခါ အနည်းငယ် မိန်းမောတွေဝေနေသေးဆဲ။ 


သို့ပေမယ့် ဆံပင်တွေရှုပ်ပွနေပြီး နဖူးပေါ်မှာ ဖုသီးကြီးတစ်ဖုနှင့် နွားလှည်းပေါ်မှာ ထိုင်နေသော ချန်ချင့်အား သူမ မြင်လိုက်ရသည့်အခါ စိတ်ပိုင်းဖြတ်လိုက်တော့သည်။ 


ဗုံသံမှာ တစ်စထက်တစ်စ ပိုမိုအားကောင်းပြင်းထန်လာ၏။ အစပိုင်းတွင် မသေချာမရေရာမှုများရှိနေပေမယ့် ဆုံးဖြတ်ချက်ချပြီးနောက်ပိုင်းတွင် ဗုံသံတစ်ချက်ချင်းစီဟာ လွန်ခဲ့သောနှစ်များအတွင်း ကြုံခဲ့ရသော အခက်အခဲများကို ပြောပြနေပုံရသည်။ 


ရာမန်တံခါး ကျယ်ကျယ်ပွင့်ဟလာကာ ခရိုင်တရားသူကြီးက အလွန်လေးနက်ဟန်ဖြင့် မေးလာ၏။ 


"အဲဒီမှာ ဘယ်သူလဲ.. မင်းက ဘာတရားစွဲချင်တာလဲ" 


စွင်းတာ့ညန် အသက်ပြင်းပြင်းရှူလိုက်ပြီး 


"ဒီ*မင်ဖုက စွင်းချွေ့ပါ.. နန်ကျွမ်းရွာက စွင်းမိသားစုဝင်ဖြစ်တဲ့ စွင်းခန်းနဲ့ သူ့အုပ်စုကို ကျွန်မအိမ်ထဲကို ဖောက်ထွင်းဝင်ရောက်ပြီး ကျွန်မတို့မိသားစုဝင်ဖူးလန်ကို အတင်းအဓမ္မ လုယက်ပြန်ပေးဆွဲဖို့လုပ်တဲ့အတွက် တရားစွဲမလို့ပါ" 


(*မင်ဖု - သာမန်အမျိုးသမီး) 


ခရိုင်တရားသူကြီးက ခန်းမထဲမှာ ဒူးထောက်နေကြသော လူအုပ်ကြီးကို ကြည့်လိုက်၏။ ထို့အပြင် လူစုလူဝေး၏ အပြင်ဘက်တွင် ရပ်နေသော ကျိုးယွမ်ကိုလည်း သဘာဝအတိုင်း မြင်သွားခဲ့သည်။ 


"မင်းတို့မိသားစုဝင်ဖူးလန်ကို သူတို့က ခိုးယူလုယက်တယ်လို့ မင်းပြောခဲ့ပေမယ့် မင်းမှာ သက်သေရှိသလား" 


"ရှိပါတယ်.. ဒီ*ချောင်မင်တွေက မျက်မြင်သက်သေတွေပါပဲခင်ဗျာ" 


(*ချောင်မင် = ဒီအရပ်သား) 


ကျိုးယွမ်က ခရိုင်တရားသူကြီးအား အရိုအသေပေးလိုက်ပြီး သူ့ဘေးနားက မုန့်ချီကို ဆွဲလိုက်ကာ 


"ချောင်မင်က ဒီလူတွေ သူများအိမ်ထဲ ဖောက်ထွင်းပြီး ခိုးနေကြတာကို မြင်လိုက်ရတော့ ဒီဖူးလန်ကို ကယ်ခဲ့တာပါ" 


ခရိုင်တရားသူကြီးက လူအုပ်ထဲရှိ ကိုယ်ကိုကျုံ့ထားသည့် ချန်ချင့်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ကျိုးယွမ်ထံ ပြန်ကြည့်လိုက်သည်။ 


သူ ဒီလူကို သိတယ်.. သူ့ရဲ့ အိမ်ထောင်စုစာရင်းစာရွက်စာတမ်းတွေကို ကိုင်တွယ်ဖို့ အထက်ကအရာရှိတွေ ရောက်လာတုန်းက သူ့အကြောင်း အများကြီးပြောပြခဲ့ကြသေးတယ်လေ.. 


အနှီသူဟာ စစ်မြေပြင်တွင် စစ်ရေးအောင်မြင်မှုများစွာရှိခဲ့သည်။ ကျိုးယွမ်ဟာ ရန်သူစစ်သား ၂၀ကျော် ဝန်းရံခြင်းခံထားရသော စစ်သူကြီးအား ကယ်တင်ခဲ့ကြောင်းကို တခြားသူတွေ မသိခဲ့ပေမယ့် သူကတော့ သိနေခဲ့သည်ပင်။ 


စစ်ပွဲကြီးပြီးဆုံးသည့်နောက် စစ်သူကြီးက သူ့အား သူ့လက်အောက်မှာ ခန့်ထားပြီး မြို့တော်သို့ ခေါ်သွားချင်သော်လည်း ကျိုးယွမ်က သူ အိမ်နှင့် ဝေးနေခဲ့တာ ကြာလှပြီဖြစ်၍ အိမ်ပြန်ချင်ကြောင်း ပြောခဲ့သည်။ 


အိမ်ပြန်ရောက်သည့်နောက် သူ့မိသားစုဝင်မှာ ကွယ်လွန်သွားနှင့်ပြီးဖြစ်၏။ သို့နှင့် သူလည်း သူ့အဖွား၏ ကမ္မည်းတိုင်ကို ယူဆောင်ကာ လော့ဟယ်ရွာ၌ အခြေချနေထိုင်ခဲ့တော့သည်။ 


ခရိုင်တရားသူကြီးက အရှင်မြတ်ဘုရား ကြွလာတယ်လို့ ထင်ခဲ့ပေမယ့် သူရောက်ပြီးကတည်းက တိတ်ဆိတ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ယနေ့တွင်မူ သက်သေခံထွက်ဆိုပေးရန်အတွက် ရာမန်သို့ သူ ရောက်လာခဲ့ခြင်းပင်။ 


ခရိုင်တရားသူကြီးက သူ့ကို သဘာဝအတိုင်း ယုံကြည်လေသည်။ 


"ငါတို့မင်းဆက်ရဲ့ ဥပဒေအရ လူတစ်ယောက်က သူများအိမ်ထဲ ဖောက်ထွင်းဝင်ခိုးရင် ကြိမ်ဒဏ် အချက် ၂၀.. ဖူးလန်ကို လုယက်ရင် ကြိမ်ဒဏ် အချက် ၃၀.. ပြစ်မှုများစွာ ကျူးလွန်ရင် လူတစ်ဦးစီကို ကြိမ်ဒဏ် အချက် ၅၀ အပြစ်ပေးခံရမယ်.. ဖူးလန်ဆိုရင်တော့ အပြစ်လျော့ပေါ့ပေးထားလို့ ကြိမ်ဒဏ် အချက် ၃၀ အပြစ်ပေးခံရမယ်" 


စွင်းခန်း မျက်လုံးပြူးကျယ်သွားရသည်။ 


"လူကြီးမင်း သူတို့ရဲ့ တစ်ဖက်သတ်စကားတွေကိုပဲ နားမထောင်ပါနဲ့! အဲဒီစွင်းချွေ့က ကျွန်တော့်ညီမပါခင်ဗျ.. ပြီးတော့ ဒီဖူးလန်ကိုလဲ ကျွန်တော့်တူရဲ့ ဖူးလန်အဖြစ် ဝယ်ထားတာပါ.. သူက နဂိုကတည်းက နိမ့်ကျတဲ့လူမို့ ကျွန်တော်တို့က သူ့ကို အတင်းအဓ္ဓမလုယက်တာမျိုး မရှိပါဘူး!" 


"သူက ကျွန်​​ မဟုတ်​​တော့တာ ကြာပြီဟဲ့.. ငါ သူ့ကို ဝယ်လိုက်ပြီးကတည်းက သူက ငါ့မုန့်မိသားစုရဲ့ ဖူးလန်ဖြစ်သွားပြီ.. ငါ့မုန့်မိသားစုဝင်ဖြစ်​သွားပြီ.. ဘယ်လိုလုပ်ပြီး ကျွန်ဖြစ်နိုင်မှာလဲ!" 


စွင်းခန်း ငြင်းခုန်လေ၏။ 


"ငါတို့မှာ သူ ကျွန်ဖြစ်ကြောင်း သက်သေပြဖို့ စာချုပ်ရှိတယ်ကွ" 


ကျိုးယွမ် ကြောင်အမ်းသွားရလျက်။ တကယ်လို့ စွင်းခန်း လက်ထဲမှာရှိနေတဲ့ စာရွက်စာတမ်းတွေက တကယ်ပဲ ချန်ချင့်ဟာတွေဆိုရင်တော့ ဒါဆို အတင်းအဓ္ဓမရောင်းတဲ့ပြစ်မှုလို့ သတ်မှတ်လို့မရတော့ဘူး.. ဒီလူတွေ ထောင်ထဲမသွားရတော့ဘဲ အများဆုံးမှ တုတ်နဲ့ပဲ အရိုက်ခံရလိမ့်မှာ.. 


သူသည် ချန်ချင့်အကြောင်း သိပ်မသိခဲ့ပေ။ ချန်ချင့်နှင့် မုန့်ထောင်းတို့၏ လက်ထပ်ပွဲဟာ သာမန်လက်ထပ်ပွဲတစ်ခုလို့ ထင်ခဲ့ပေမယ့် သူ့ကို စွင်းတာ့ညန်က ဝယ်ယူထားခဲ့တယ်လို့ မမျှော်လင့်ခဲ့မိချေ။ 


လေထုမှာ ခေတ္တမျှ တင်းမာသွားရလျက်။ ကျိုးယွမ်က စွင်းတာ့ညန်၏ နောက်တွင် တုန်တုန်ယင်ယင်နှင့် ဒူးထောက်နေသော ချန်ချင့်အား ကြည့်လိုက်သည်။ 


ဤနေရာတွင် လူများစွာ ရှိနေသဖြင့် ချန်ချင့်အဖို့ လွန်စွာရှက်ကြောက်နေရလေ၏။ 


စွင်းခန်း ပြောပြီးသည့်နောက် စွင်းလောင်အာ့က စွင်းတာ့ညန်၏ အခန်းထဲမှာ ရှာတွေ့ခဲ့သော စာရွက်နှစ်ရွက်ကို ရာမန်တာဝန်ရှိသူထံ ပေးလိုက်ပြီး ထိုသူမှတစ်ဆင့် ခရိုင်တရားသူကြီးထံ ပေးအပ်လိုက်သည်။ 


သို့ပေမယ့် ပထမစာရွက်မှာ ကွာရှင်းစာတစ်စောင်သာဖြစ်ကြောင်း ခရိုင်တရားသူကြီး တွေ့လိုက်ရလေသည်။ 


ကွာရှင်းရသည့် အကြောင်းပြချက်မှာ မုန့်ထောင်းက တိုက်ပွဲ၌ ကျဆုံးခဲ့သည့်အတွက်ကြောင့်ဖြစ်ပြီး ချန်ချင့်နှင့် မုန့်ထောင်းတို့ဟာ တစ်ခါမှ အကြင်လင်မယားအရာမမြောက်ခဲ့သောကြောင့် သူ့ဖူးလန်အဖြစ်မှ လွတ်လပ်ခွင့်တောင်းဆိုထားခြင်းဖြစ်သည်။ 


ကွာရှင်းစာချုပ်အောက်၌ အိမ်ထောင်စုစာရင်းဖြစ်လေသည်။ ချန်ချင့်၏ အိမ်ထောင်စုစာရင်းမှာ လော့ဟယ်ရွာ၏ မုန့်မိသားစုတွင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားသလို မုန့်မိသားစု၏ ဖူးလန်အဖြစ် မှတ်ပုံတင်ထားသည်မဟုတ်ဘဲ မုန့်မိသားစု၏ မွေးစားသားအဖြစ် မှတ်ပုံတင်ထားလေ၏။ 


ဤသည်မှာ ရှင်းလင်းပြီး ကောင်းမွန်လှသော အိမ်ထောင်စုစာရင်းပင်။ 


၎င်းကို အစိုးရ၏ တရားဝင်တံဆိပ်ဖြင့်လည်း တံဆိပ်နှိပ်ထားခဲ့သည်။


မုန့်ထောင်း ကွယ်လွန်ကြောင်းသိလိုက်ရပြီး မကြာမီတွင် စွင်းတာ့ညန်က ကွာရှင်းစာတစ်စောင်ရေးကာ ချန်ချင့်အတွက် ပြန်လည်မှတ်ပုံတင်ရန် ရွာသူကြီးအား တောင်းဆိုခဲ့သည်။ 


ဤကိစ္စမှာ ကြီးကြီးမားမားကိစ္စမဟုတ်သည့်အတွက် သူမ လုပ်ပြီးသွားသည့်နောက် ချန်ချင့်အား ပြောပြရန် မေ့သွားခဲ့လေ၏။ ယခု ရာမန်သို့ ၄င်းအား ယူဆောင်လာမှသာ သူမ ပြန်မှတ်မိသွားခဲ့သည်။ 


ခရိုင်တရားသူကြီးက ဒေါသတကြီးဖြင့် စာရွက်များအား ရိုက်ချလိုက်ကာ 


"သူ့ရဲ့ စာချုပ်က ဘာလို့ မင်းလက်ထဲမှာ ရှိနေရတာလဲ.. ဒါက ဖောက်ထွင်းရာဇ၀တ်မှုပဲကွ" 


စွင်းခန်း အံ့အားသင့်သွားရသည်။ 


ခရိုင်တရားသူကြီး ပြောလိုက်သည်။ 


"နောက်ပြီးတော့ ဒီဖူးလန်က နိုင်ငံသားကောင်းဖြစ်နေတာ ကြာလှပြီ.. တရားရုံးဆီက ခွင့်ပြုချက်မရှိဘဲ လူတွေကို ရောင်းစားရဲတာ ဘယ်လောက်တောင် သတ္တိကောင်းလိုက်သလဲ.. ဒါတောင် နောင်တရဖို့ ငြင်းဆန်နေတုန်းပဲပေါ့.. ဒီလူငါးယောက်ကို ကြိမ်ဒဏ် အချက် ၅၀ နဲ့ ထောင်ဒဏ်သုံးလ ချမှတ်လိုက်" 


အောက်ကလူတွေ ကရုဏာမှုကို အသည်းအသန် တောင်းပန်နေကြလေပြီ။


"ဒါ့အပြင် မင်းက တရားရုံးတစ်ခုလုံးအတွက် အောင်မြင်မှုရတဲ့သူတွေကို ပစ်မှတ်ထားသေးတယ်.. ဘုရင်မင်းမြတ်က တိုင်းပြည်အတွက် ပံ့ပိုးပေးခဲ့တဲ့ စစ်သည်တော်တိုင်းကို ဦးစားပေးဆက်ဆံတယ်ဆိုတာ မင်း သိရဲ့လားကွ!" 


ခရိုင်တရားသူကြီး ပြောပြီးသည်နှင့် လက်ခုပ်သြဘာပေးသံများ တဖွဲဖွဲ ထွက်ပေါ်လာတော့သည်။ 


စွင်းတာ့ညန်နှင့် ချန်ချင့် နှစ်ယောက်လုံး သက်ပြင်းချမိလျက်။


ခရိုင်တရားသူကြီးသည် မကြာသေးမီက တော်ဝင်တရားရုံးမှ ထုတ်ပြန်ခဲ့သော အမိန့်တော်ကို သတိရလိုက်ကာ ယခုအချိန်မှာ ကြေညာရန် အချိန်တန်ပြီဟု တွေးမိလိုက်သဖြင့် သူ ပြောလိုက်သည်။ 


"တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သည်တော်တွေရဲ့ စိတ်နှလုံးကို မအေးစက်စေဖို့အတွက် ဒီလူတွေကို အခုချက်ချင်း ကြိမ်ဒဏ် အပြစ်ပေးလိုက်တော့!" 


"ဒါ့အပြင် စစ်မြေပြင် ထွက်ခဲ့တဲ့သူတိုင်း အားလုံးကို အခွန်တစ်ဝက် လျှော့ချပေးမယ်လို့ တရားရုံးက အမိန့်ထုတ်ပြန်ထားတယ်.. ဒီအမိန့်ကို မကြာခင်မှာ အကောင်အထည်ဖော်တော့မှာပါ" 


"ဟယ်!" 


"တကယ်လား" 


ကြည့်ရှုသူအားလုံး ဘုရင်မင်းမြတ်၏ ဉာဏ်ပညာကြီးမှုအကြောင်း ကျယ်လောင်စွာ ချီးမွမ်းကြလေပြီ။ 


တုတ်ဖြင့် အရိုက်ခံနေရသည့် လူနည်းစုသာ စိတ်လှုပ်ရှားပျော်ရွှင်နိုင်ခြင်းမရှိကြပေ။ 


ချန်ချင့်မှာ လုံးလုံး မှင်သက်နေမိလျက်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးဟာ သူနှင့် မဆိုင်သလိုဖြစ်နေပုံရသည်။ စွမ်းအားမဲ့သည့် ခံစားချက်မှာ သူ့နှလုံးသားထဲတွင် တဝဲဝဲလည်လည်ဖြစ်နေဆဲ။ 


သူ့အမေက ဗုံတီး၍ စကားလုံးတိုင်းကို အားအင်အပြည့်နဲ့ ပြောနေတာကို သူ ကြည့်နေခဲ့ပေမယ့် သူကတော့ သက်သေထွက်ဆိုဖို့ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ဘူး... 


စွင်းတာ့ညန်က ချန်ချင့်ကို ထရန် ကူညီပေးခဲ့ပေမယ့် သူ့တွင် တခြားဒဏ်ရာအနာတရများရှိနေမည်ကို စိုးရိမ်နေမိသည်။ စွင်းမိသားစုက လူတွေဟာ သားရဲကောင်များဖြစ်၍ သူ့ကို တိုက်ခိုက်မည်မှာ အသေအချာပင်။ 


ကံကောင်းစွာဖြင့် သူတို့ များများစားစား ဘာမှလုပ်စရာမလိုခဲ့ပေ။ စွင်းတာ့ညန် လက်ဗွေနှိပ်ပြီးနောက် ချန်ချင့်အား ဆွဲထူကာ အိမ်ပြန်ချင်ခဲ့သည်။ 


ချန်ချင့်၏ ခြေထောက်မှာ ကောင်းခါနီးနေပြီဖြစ်သော်လည်း ခုနက ပြင်းပြင်းထန်ထန် အနင်းခံခဲ့ရသဖြင့် ယခုအချိန်တွင် ဘန်းမုန့်ပေါင်းသဖွယ် ရောင်ကိုင်းနေလေပြီ။


xxx