(8)
လင်းရန်၏ဘက်တွင်တော့ သူမက
ဆုတံဆိပ်လက်မှတ်ရတော့မည်ဖြစ်ကြောင်းကို မသိခဲ့ပါချေ။ သူမ အပြင်မှ
ပြန်ရောက်လာပြီးကတည်းက တစ်နေကုန် အခန်းထဲမှ အပြင်သို့ မထွက်ဘဲ
သူမ၏အခန်းထဲတွင်သာနေခဲ့ပြီး တစ်ခုခုနဲ့ အလုပ်ရှုပ်နေခဲ့သည်။
လီရှို့လီသည်လည်း သူမ
အပြင်သို့ထွက်၍ပြေးလွှားနေခြင်းမလုပ်သရွေ့ သူမကို ဂရုစိုက်ခြင်းမရှိပါချေ။
ညနေစောင်းပြီး စုန့်ဝေ့ အလုပ်ကပြန်လာပြီးနောက်မှသာ
လီရှို့လီက လင်းရန်အား ထမင်းစားဖို့အတွက် အပေါ်ထပ်မှ ဆင်းလာဖို့ လှမ်းခေါ်ခဲ့သည်။
သူမ အောက်ထပ်သို့ ဆင်းသွားချိန်တွင် စုန့်ဝေ့တစ်ယောက် အလွန်
စိတ်ကောင်းဝင်နေခဲ့ကြောင်းကို ရှင်းရှင်းလင်းလင်း သိရှိလိုက်ရပြီး သူ့၏ဘေးနားရှိ
လီရှို့လီသည်ပင် အပြုံးတစ်ခု ရှိနေခဲ့သည်။
“လာလေ၊ ရန်ရန် ဒီကို မြန်မြန်လာခဲ့ စားကြမယ်!”
စုန့်ဝေ့က လင်းရန်အား ထိုင်ခိုင်းပြီး အစားအစာများကို
ထည့်ပေးလာခဲ့သည်။
အလိုရှိတဲ့ ကိစ္စတစ်ခုခုမရှိဘဲ ကြင်နာမှုကို
ပြသလာနိုင်မှာတဲ့လား ?
ကျစ်...
လင်းရန်က အလွန်ပျော်ရွှင်သွားသည့် ဖျော်ဖြေမှုကို
ဆက်လက်လုပ်ဆောင်နေခဲ့သည်။
“ကျေးဇူးတင်ပါတယ် အန်ကယ်စုန့်”
“ဘာလို့ ကျေးဇူးတင်စကားတွေပြောနေရတာလဲ၊ ငါတို့တွေ
တစ်မိသားစုတည်းပဲလေ”
စုန့်ဝေ့က လင်းရန်ကို အပြုံးဖြင့် ကြည့်လာကာ
သူ့၏မျက်လုံးများ ကတော့ အလင်းရောင်တချို့ရှိနေခဲ့သည်။
သူ့အနေဖြင့် ဤမယားပါသမီးအား မည်သည့်အချိန်ကမှ
သဘောကျခဲ့ခြင်းမရှိသော်လည်း သူမ၏ မျက်နှာမှာ မြို့ထဲမှ ယောက်ျားတစ်ချို့က
ခေါင်းကိုပင် သူမ၏ဖိနပ်နှင့် ထိတွေ့ကာ လက်ထပ်ချင်လောက်သည်အထိ
လုံလုံလောက်လောက်ချောမောနေသည်ကိုတော့ ဝန်ခံရပေလိမ့်မည်။
ယနေ့ နေ့ခင်းဘက်တွင် သူ စက်ရုံ၏ လူသစ်စုဆောင်းရေးရုံးသို့
သွားကာ ကေဒါရှုနှင့်စကားပြောခဲ့ပြီး ကလေးများ၏ အိမ်ထောင်ရေးအကြောင်းကို စကားစကာ
ဆွေးနွေးခဲ့သည်။
မထင်မှတ်ပဲ၊ ဒါရိုက်တာရှုက သူ့သားကို လင်းရန်နှင့်
လက်ထပ်ပေးချင်ကြောင်း အနည်းငယ်မျှတုံ့ဆိုင်းမှုမရှိဘဲ ပြောလာခဲ့သည်ပင်။
သူ့မိသားစုထဲမှ ကောင်လေးက လင်းရန်အား သတိထားမိနေသည်မှာ
ကြာမြင့်နေပြီဖြစ်ကာ သူမ အသက်ဆယ့်ရှစ်နှစ် မပြည့်သေးသည့်အကြောင်းကိုတွေးတောနေ၍သာ
လက်ထပ်ပွဲအကြောင်းကို လာရောက်ဆွေးနွေးဖို့ ရှက်ရွံ့နေခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
မမျှော်လင့်ဘဲ ယနေ့မှာ စုန့်ဝေ့၏ဘက်မှ အစပြု၍ သူ၏ကလေးက
လက်ထပ်ရမည့် အရွယ်ကို ရောက်နေပြီဟု ပြောလာခဲ့သည်။ ထို့ကြောင့် သူ့သားအတွက်
ဤအခွင့်အရေးကို သေချာပေါက် ဆုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သူသည်ကား တုံအ,နေသည့်လူမဟုတ်ပါချေ။
စုန့်ဝေ့က ထိုအကြောင်းကို တိုက်ရိုက်မပြောခဲ့သော်လည်း သူ့၏ရုံးခန်းထဲသို့
အကြောင်းပြချက်မရှိဘဲ စကားစမြည်လာပြောရန် မဖြစ်နိုင်ပေ။
ဤသည်က မည်သည်ကိုဆိုလိုကြောင်း သူ သေချာပေါက် နားလည်ပေသည်။
တစ်ဖက်လူက သူ့၏မိသားစုနဲ့ လက်ထပ်ပွဲစီစဥ်ချင်နေခြင်း ဖြစ်လိမ့်မည်။
သို့သော်လည်း ထိုသူက မိန်းကလေး၏ မိဘဖြစ်နေသောကြောင့်
တိုက်ရိုက်မဖော်ပြခဲ့ခြင်းသာ ဖြစ်သည်။
အတိုပြောရပါက သူတို့နှစ်ယောက်လုံးဆီမှာ
သူတို့၏ကိုယ်ပိုင်ရည်မှန်းချက်တွေရှိနေခဲ့ပြီး ကလေးနှစ်ယောက်
တစ်ယောက်ကိုတစ်ယောက်တွေ့ဖို့အတွက် ချိန်းဆိုရန် ဝမ်းသာအားရ သဘောတူလိုက်ကြတော့သည်။
စုန့်ဝေ့မှာ ရှည်လျားသောညများနှင့် အိပ်မက်များစွာအတွက်
စိတ်ပူနေခဲ့ပြီး လီရှို့လီ သံသယဝင်လာခြင်းကိုလည်း ကာကွယ်ရန်အတွက် မနက်ဖြန်ရက်
ချိန်းဆိုရန် ရိုးရိုးရှင်းရှင်း သတ်မှတ်လိုက်ကြသည်။
သူ့၏ရှင်းပြချက်အရကတော့ ပညာတတ်လူငယ်များ ကျေးလက်သို့
သွားရမည့်ရက်က ကုန်ဆုံးတော့မည်ဖြစ်၍ လင်းရန်၏ကိစ္စကို အမြန်ဆုံးပြေလည်အောင်
လုပ်ဆောင်ချင်ခဲ့သည်ဟုဆိုသည်။
“အန်ကယ်စုန့်၊ အန်ကယ် ဘာလို့ ထမင်းမစားဘဲ ကျွန်မကို
ကြည့်နေတာလဲ”
လင်းရန်၏ ရှုပ်ထွေးနေသောအသံကြောင့် စုန့်ဝေ့တစ်ယောက်
ပြန်လည် သတိဝင်လာခဲ့ပြီး အမြန် ပြန်ပြုံးပြလိုက်ချေသည်။
“ဘာမှ မဟုတ်ပါဘူး ဦးလေးက ကိစ္စတစ်ခုခုကို စဉ်းစားနေတာ”
ပုံမှန်အခြေအနေအရဆိုပါက လင်းရန်က သူ မည်သည်ကို
တွေးတောနေသည်လဲဟု မေးမြန်းလာလိမ့်မည်။ သို့သော်လည်း လင်းရန်က ဆက်မမေးခဲ့ဘဲ “အိုး”ခနဲ
အသံပြုကာ ခေါင်းငုံ့ပြီး ဆက်လက် စားသောက်နေခဲ့သည်။
စုန့်ဝေ့တစ်ယောက်
သူ့၏နှုတ်ခမ်းဝဝနားဆီသို့ရောက်ရှိနေပြီဖြစ်သော စကားလုံးများဖြင့် ရုတ်တရက်
ဆို့နင့်သွားရသည်။ ကံကောင်းထောက်မစွာနှင့် သူ့ဘေးက လီရှို့လီက ခပ်မြန်မြန်ပဲ
ဝင်ပြောလာခဲ့သည်။
“အဟမ်း.. လောင်စုန့်၊
ရှင့်မှာပြောပြောစရာတစ်ခုရှိနေတယ်လို့ မပြောခဲ့ဘူးလား၊ အခု ကလေးနှစ်ယောက်လုံး
ရောက်နေပြီ၊ ပြောလိုက်တော့လေ”
သို့နှင့် စုန့်ဝေ့တစ်ယောက် သူပြောလိုသည့် စကားကို
ဆက်လက်ပြောလာခဲ့သည်။
“ဒီလိုလေ ရန်ရန်၊ မင်း ၀တ်စုံအသစ်ဝယ်ဖို့ ကုန်တိုက်ကို
သွားချင်နေတယ်လို့ မပြောခဲ့ဘူးလား၊ မနက်ဖန် အန်ကယ် တစ်ရက်အားလပ်ရက်ရထားတယ်လေ၊
ဒီတော့ မင်းကို မနက်ဖန် ကုန်တိုက်မှာ လျှောက်ပတ်ကြည့်ဖို့ ခေါ်သွားလိုက်မယ်”
လင်းရန် ခေါင်းကို မော့ကာ
စိတ်လှုပ်ရှားမှုများကိုဖုံးကွယ်ထားပြီး တည်ငြိမ်ချင်ယောင်ဆောင်နေခဲ့သည့်
စုန့်ဝေ့နှင့် လီရှို့လီတို့၏ မျက်နှာများကို တစ်ချက်ကြည့်လိုက်သည်။ ထိုနှစ်ယောက်
သူတို့၏ မျက်နှာပေါ်မှအမူအရာများကို ဆက်လက် တောင့်မခံနိုင်တော့သည့်အချိန်ကိုရောက်မှ
သူမ တောက်ပစွာ ပြုံးလိုက်လေ၏။
“ကောင်းပြီ! ဒါဆို မနက်ဖြန် ကျွန်မကို ဝတ်စုံဝယ်ပေးလို့ရလား”
နောက်ဆုံး သူမ သဘောတူလာကြောင်းကို တွေ့မြင်လိုက်ရချိန်တွင်
စုန့်ဝေ့တစ်ယောက် သဘောမတူဘဲ မည်သို့ နေနိုင်မည်နည်း။ သူက ချက်ချင်း ပြုံးပြီး
ခေါင်းညိတ်လာခဲ့ချေသည်။
“ကောင်းပြီ ဝယ်ပေးမယ်၊ မင်းလိုချင်သလောက်ဝယ်ပေးမယ်!”
စုန့်ဝေ့အနေဖြင့် လင်းရန်အား ကြင်ဖက်တွေ့ပေးရန်အတွက်
ကုန်တိုက်ထဲမှာ လှည့်စား၍ မခေါ်သွားနိုင်မည်ကို စိုးရိမ်နေခဲ့ချေသည်။
ထို့ကြောင့် လက်ရှိတွင် သူမသာ လိုက်ဖို့ဆန္ဒရှိနေသရွှေ့ သူက အရာအားလုံးကို
သဘောတူလာလိမ့်မည်။
လင်းရန်၏ စိတ်ကူးက ပို၍ပင်ရိုးရှင်းနေခဲ့သည်။
မသွားပါက ဖြုန်းတီးရာရောက်သွားရလိမ့်မည်။
အရူးတစ်ယောက်ကသာ ငွေအများကြီးသုံးစွဲနိုင်မည့် အခွင့်အရေးကို
လက်လွှတ်ခံလိမ့်မည်ပင်။
စုန့်စစ်ယွီက ထိုစကားဝိုင်းတစ်ခုလုံးအာ တုံ့ပြန်မှုမရှိဘဲ
နားထောင်နေခဲ့သည်။ လင်းရန်မှ ဝမ်းသာအားရသဘောတူကြောင်း
ကြားလိုက်သည့်အချိန်ကိုရောက်မှသာ ခေါင်းကို မော့ကာ လင်းရန်ဆီသို့
အပြုံးတစ်ဝက်ဖြင့် လှမ်းကြည့်လာခဲ့သည်။
ဒီငတုံးက သူမကို မနက်ဖြန် လွှင့်ထုတ်ပစ်တော့မဲ့
ရည်ရွယ်ချက်အစစ်အမှန်ကို မသိနိုင်ခဲ့ဘဲ အလွယ်တကူနှင့် သဘောတူလိုက်တာပဲ။
မျှော်လင့်ထားသလိုပဲ လူတွေက တုံးအလာပြီဆိုရင်
ကုသလို့မရနိုင်ဘူး။
သူမ ခေါင်းကို ပြန်ငုံ့ကာ လှောင်ရယ်လိုက်ပြီး
မနက်ဖြန်တွင်ဖြစ်ပေါ်လာမည့် အရာများအတွက် စောင့်မျှော်နေတော့သည်။
နောက်တစ်နေ့မနက်တွင်တော့ တစ်မိသားစုလုံး အိပ်ရာမှ
စောစောထလာခဲ့ကြသည်။
ယမန်နေ့ညတုန်းက မနက်စောစော ကုန်တိုက်သို့သွား၍
စျေးဝယ်ထွက်ရန် သဘောတူထားခဲ့ကြသည့်အတွက် သဘာဝကျစွာဖြင့် မည်သူကမှ
နောက်ကျသည်အထိ အိပ်စက်နေခြင်း မရှိပါချေ။
မနက် ၈း၃၀ လောက်မှာတော့ မိသားစုလေးယောက်က အိမ်တံခါးကို
သော့ခတ်ပြီး အပြင်သို့ထွက်လာခဲ့ကြသည်။
တကယ်တမ်းတွင် ယနေ့မှာ အလုပ်ဖွင့်သည့်ရက်ဖြစ်သော်လည်း
သူ့သမီးလေးကို ပျော်ရွှင်အောင်လုပ်ပေးဖို့အတွက်ဆိုသည့်အကြောင့်ပြချက်ဖြင့်
စုန့်ဝေ့က သူ့မိသားစုနဲ့အတူ ဆော့ကစားဖို့အတွက် အချိန်ယူခဲ့ချေသည်။
ခွင့်ယူသွားရသည့် အကြောင်းရင်းကို သိလိုက်ရချိန်တွင်
သူ့၏ အထက်လူကြီးကပင် မတတ်နိုင်ဘဲ သက်ပြင်းချမိခဲ့သည်။
“ဒီကလေးနှစ်ယောက်အတွက်တော့ မင်းလို
အဖေတစ်ယောက်ရှိနေခဲ့တာ ကောင်းချီးတစ်ခုပဲ”
နှစ်များကြာရှည်လာသည်နဲ့အမျှ စုန့်ဝေ့မှ သူ့ဇနီးနဲ့
မယားပါသမီးအပေါ် ဂရုစိုက်မှုများနှင့် စိတ်ပူပန်မှုများအား
လူတိုင်းမြင်တွေ့ခဲ့ရပြီး သူ့အကြောင်းကို မည်သူကမှ မကောင်း မပြောရဲကြတော့ချေ။
သူ့၏ ကောင်းမွန်သည့် နာမည်ဂုဏ်သတင်းကြောင့်
အလုပ်ထဲမှခေါင်းဆောင်များမှာ သူ့၏လုပ်ရပ်များကို စံနမူနာအဖြစ် ထားပြီး
အကိုးအကားအဖြစ်ယူကာ စက်ရုံထဲတွင် ထပ်ခါတလဲလဲ ချီးမွမ်းခဲ့ကြလေ့ရှိသည်။
ထို့အပြင် စုန့်ဝေ့၏ မယားပါသမီးဖြစ်သူအပေါ်
ကြင်နာမှုကြောင့် ခွဲတမ်းအမြတ်ဝေစုကိုလည်း ပို၍များပြားစွာ ရရှိခဲ့သည်ဟု
ဆိုနိုင်သည်။
မိသားစုလေးယောက် လမ်းပေါ်သို့ထွက်လာသည်ကို
မြင်ချိန်တွင်လမ်းတလျှောက်မှ အသိမိတ်ဆွေများက စုန့်ဝေ့အား စိတ်အား
ထက်သန်စွာနှုတ်ဆက်ခဲ့ကြချေသည်။
“အင်ဂျင်နီယာစုန့်၊ မင်းတို့မိသားစုဘယ်ကိုသွားကြတာလဲ”
စုန့်ဝေ့က အလွန် သဘောကောင်းစွာဖြင့် ပြုံးပြပြီး
ဖြေခဲ့ချေသည်။
“ရန်ရန်အတွက် ပစ္စည်းသွားဝယ်ပေးဖို့ ကုန်တိုက်ဆီကို
ခေါ်သွားမလို့ပါ၊ ကလေးက အသက်ကြီးလာပြီမလား၊ဒါကြောင့် သူမအတွက်
အ၀တ်အစားအသစ်လေးတွေ ထပ်ဝယ်ပေးမလို့လေ”
သူ့၏ဘေးနားတွင်ရှိနေသည့် လင်းရန်ကတော့ သူပြောနေသည်များကို
ကြားပြီးနောက် စိတ်တွင်မှ လက်မ မထောင်ပြဘဲ မနေနိုင်လေတော့။
ကြည့်လိုက်စမ်း! ဒါမျိုးကိုမှ စကားပြောခြင်း အနုပညာလို့
ခေါ်တာပဲ!
သူနှင့်အတူ သူ့၏သမီးအရင်းသည်လည်း ရှိနေသည်မှာ
ထင်ရှားသော်လည်း နောက်ဆုံးတွင် သူက သူ့၏မယားပါသမီးအတွက်
တစ်ခုခုဝယ်ပေးမည့်အကြောင်းကို တခြားသူများ မသိဘဲနေမည်အား စိုးရိမ်သည့်အတိုင်း
မယားပါသမီးလေး တစ်ယောက်တည်းကိုသာ စကားအတွင်း ထည့်ပြောပေးခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း၊ သူကား ပါးစပ်တစ်ခုတည်းဖြင့်
လူအများ၏စိတ်ကို လှည့်စားနိုင်သော နှစ်တစ်ထောင်မြေခွေးကြီး တစ်ကောင်သာ
ဖြစ်နေခဲ့သည်။
စုန့်ဝေ့ ပြောသည်ကို ကြားပြီးသည်နှင့် တစ်ဖက်မှ
အမျိုးသားကြီးမှာ သေချာပေါက် လေးစားမှုအားကို ဖော်ပြလာတော့သည်။
ထိုသူ၏စိတ်ထဲတွင် ထိုသို့သော ကြီးမြတ်သောလူမျိုးမှာ အလွန်
ရှားပါးလှသည်ဟု ထင်ကောင်းထင်နေပေလိမ့်မည်။
စုန့်ဝေ့မှာ လမ်းတစ်လျှောက်တွင် သူနှင့်တွေ့ပြီး
နှုတ်ဆက်လာသည့်လူတိုင်းအား ထိုကဲ့သို့စကားမျိုးကိုသာ ထပ်ခါတလဲလဲ ပြောခဲ့သည်။
ထိုနောက် တစ်ဖက်မှ ပြောလာသည့် ဤသို့စကားများကို လက်ခံခဲ့သည်:
“အင်ဂျင်နီယာစုန့်က သူ့မိသားစုကို ပစ္စည်းဝယ်ပေးဖို့အတွက်
ကုန်တိုက်ဆီကို ခေါ်သွားပြန်ပြီ၊ မိသားစုအပေါ် တကယ့်ကို ကြင်နာလွန်းတာ”
လင်းရန်တစ်ယောက် ထိုစကားလုံးများကို
ဆက်တိုက်နားထောင်နေခဲ့ရသောကြောင့် နားရွက်များပင် သွေးများယိုစီးလာလုမတတ်
ဖြစ်လာခဲ့ရချေသည်။
ကံကောင်းထောက်မစွာနဲ့ဖြင့် သူမ
သည်းမခံနိုင်လုနီးပါးအချိန်တွင် ကုန်တိုက်ဆီသို့ ရောက်ရှိခဲ့သည်။
ယခုခေတ်ကာလမှ ဌာနဆိုင်ရာ ကုန်တိုက်များသည်ကား
အနာဂတ်အချိန်ကာလမှ နိုင်ငံတကာ စျေးဝယ်စင်တာကြီးများနှင့်
နှိုင်းယှဉ်နိုင်သည်။ ကုန်ပစ္စည်းမျိုးစုံရှိကာ ခေတ်ကာလအတွင်းမှ
အရည်အသွေးမြင့်မားသည်ဟုဆိုနိုင်သော ပစ္စည်းများရှိနေပြီး အလွန်မြင့်မားသောစျေးနှုန်းများဖြင့်
ရောင်းချခြင်းဖြစ်သည်။
သာမာန်မိသားစုများအနေဖြင့် တစ်နှစ်လျှင် အကြိမ်အနည်းငယ်သာ
လာတတ်သော်လည်း လင်းရန်၏ မှတ်ဉာဏ်ထဲတွင် သူတို့မိသားစုမှာ ပစ္စည်းများဝယ်ယူရန်အတွက်
တစ်လ သို့မဟုတ် နှစ်လကြာတိုင်း လာလေ့ရှိပုံရသည်။
သို့သော်လည်း သူမ၏ မှတ်ဥာဏ်များအရ သူမ မကြာခဏ လာတတ်သော်လည်း
အမှန်တကယ်တွင်တော့ ကုန်တိုက်သို့ သွားတိုင်း သူမပြန်ယူလာနိုင်သည့် ပစ္စည်းများမှာ
နေ့စဉ်သုံးပစ္စည်းအသေးအမွှားများ သို့မဟုတ် အစားအသောက်များသာဖြစ်နေကြောင်းကို
သေသေချာချာမှတ်မိခဲ့သည်။
ဒီပစ္စည်းတွေကို ဝယ်ပေးဖို့ရန်အတွက် လင်းရန်ကို
ကုန်တိုက်သို့ အလည်အပတ်ခေါ်ရန် တစ်မိသားစုလုံးကို အသုံးပြုနေခြင်းက အမှန်တကယ်
လူအားဖြုန်းတီးလွန်းသည်ပင်။
ဤသည်ကိုတွေးရင်းဖြင့် လင်းရန် ထိုမြေခွေးအိုကြီး
စုန့်ဝေ့ဆီတွင် လှည့်ကွက်ပေါင်းတစ်ရာလောက် အမှန်တကယ်ရှိနေသည်လားဟု တွေးတောမိရသည်။
သို့သော် မူလပိုင်ရှင်မိန်းကလေးမှာ
လိမ်လည်ရန်လွယ်ကူလွန်းခဲ့သည်ပင်။
လင်းရန်အတွက်ကတော့ ထိုစုန့်ဝေ့အား အလွယ်တကူ လွှတ်ထားပေးရန်
ရည်ရွယ်ချက်မရှိပါချေ။
**