(9)
ကုန်တိုက်ထဲသို့ ရောက်လာပြီးသည့်နောက်
စုန့်ဝေ့၏ ပထမဆုံးသော အတွေးမှာ လင်းရန် စိတ်ကျေနပ်အောင် အဝတ်အထည်တန်းဆီသို့
ခေါ်သွားလိမ့်မည်။ ထို့နောက်တွင် ဆိုင်အတွင်းမှ မည်သည့်ဝတ်စုံကမှ သူမနှင့်
လိုက်ဖက်ခြင်းမရှိကြောင်းပြောကာ သူမကို ချော့မော့ဖို့ရန်အတွက် ဘေးဘက်အတန်းမှ
နေ့စဉ်စားသောက်ကုန်ရောင်းချသည့်ဘက်သို့ ခေါ်သွားလိမ့်မည်။
သူက ယမန်နေ့တွင် ကေဒါရှုနဲ့ချိန်းဆိုထားခဲ့ပြီး
ထိုသားအဖအား သရေစာဆိုင်ရှေ့၌ စောင့်ခိုင်းထားခဲ့သည်။
ဤကဲ့သို့အရွယ် မိန်းကလေးများတွင် အဆာပြေမုန့်များကို
မကြိုက်သည့်သူဟူ၍ မရှိပါချေ။
အချိန်ကျလာပါက ကေဒါရှု၏သားဖြစ်သူအား အဆာပြေမုန့်ဝယ်ယူရန်
လင်းရန်နှင့် ချန်ထားခဲ့မှာဖြစ်ပြီး သူတို့ကဲ့သို့ လူကြီးများကတော့
အပြင်သို့ထွက်ပြီး လမ်းလျှောက်ရန် အကြောင်းပြချက်တစ်ခုခုရှာလိမ့်မည်။
ဤသို့ဆိုပါက ကလေးနှစ်ယောက်က အဆာပြေမုန့်စားရင်းနှင့်
စကားပြောနေနိုင်လိမ့်မည်။ အဆုံး၌ သူတို့က မည်သည့်စကားများပြောနေပါစေ
တစ်ယောက်တည်းရှိနေသည့်အချိန်တွင် အသိမိတ်ဆွေတစ်ယောက်နှင့်အတူရှိနေပါက
စကားပြောဖြစ်မည်က သေချာပေါက် ဖြစ်နိုင်ပြီး ကိစ္စများကို တစ်ဝက်ကျော်ခန့်ပြီးစီးသွားပြီဟု
ယူဆနိုင်သည်။
နောက်ဆုံးတွင်တော့ သူတို့နှစ်ယောက် အတူရှိနေသည်ကို
တစ်ယောက်ယောက်က မြင်တွေ့နေရသရွေ့၊ သူတို့နှစ်ယောက်က ဆက်ဆံရေးရှိနေလောက်ပြီဟု
မလွဲမသွေ မှန်းဆလာကြလိမ့်မည်။ မည်သို့ပင်ဖြစ်စေ လင်းရန်နှင့် ကေဒါရှု၏သားမှာ
အတူချည်နှောင်ပြီးသား ဖြစ်လာလိမ့်မည်။
ကျန်ရှိနေသည့် တစ်ဝက်ကိုတော့ ဒါရိုက်တာရှု၏သားက
ဥာဏ်ရည်မြင့်မမြင့်အပေါ်တွင် မူတည်တော့မည်။
မကြာခင်အချိန်၌ စုန့်ဝေ့က မနေ့ညအချိန်က အိမ်တွင်
သဘောတူညီထားသည့်အတိုင်း လင်းရန်နဲ့ တခြားလူများအား အထည်ရောင်းချသည့် နေရာသို့
တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။
အခု နွေရာသီရောက်နေပြီဖြစ်ပြီး နံရံများတွင်
အသစ်ထွက်ရှိလာသည့် နွေရာသီဝတ်ဂါဝန်ဝတ်စုံများကို
အမြောက်အမြားချိတ်ဆွဲထားပြီး အရောင်အသွေးကလည်း အစုံအလင်ရှိကာ တကယ်ပင်
ကြည့်ကောင်းလှပေသည်။
ပုံစံများက လှပသကဲ့သို့ ဈေးနှုန်းသည်လည်း လှပပေ၏။
ဤကဲ့သို့စကတ်တစ်ထည်ကို အနည်းဆုံး သုံးဆယ်၊ လေးဆယ်ခန့်
ကျသင့်ပေလိမ့်မည်။ စုန့်ဝေ့အနေဖြင့် လင်းရန်အတွက် စကတ်အသစ်ဝယ်ပေးရန် သုံးဆယ်၊
လေးဆယ်ခန့် သုံးစွဲရန် လုံးဝမဖြစ်နိုင်ပါချေ။
ထို့ကြောင့် ထိုနံရံပေါ်တွင်ချိတ်ထားသည့် စကတ်အသစ်များကို
မျက်နှာချင်းဆိုင်ရင်းဖြင့် လင်းရန်အား ယခင်အချိန်များကဲ့သို့
ထိုအဝတ်အထည်များနှင့် လိုက်ဖက်မှု မရှိကြောင်းကို ဂရုတစိုက်နှင့်ပြောဖို့
ပြင်ဆင်လိုက်သည်။
သို့သော်လည်း စုန့်ဝေ့က သူမနှင့် မည်သည့်ဝတ်စုံကမျှ
မသင့်တော်ကြောင်းကို ပြောခါနီးတွင် လင်းရန်မှ ရုတ်တရက် သူ့၏ဘေးနားမှ
ခြေလှမ်းကျဲကျဲဖြင့် သွားကာ နံရံတွင် ချိတ်ဆွဲထားသော စကတ်တစ်ထည်ကို
လက်ညှိုးထိုးပြလိုက်သည်။
ထိုစကပ်မှာ နံရံ၏အလယ်တွင် ရှိနေပြီး ငန်းဝါရောင်လေးဖြစ်ကာ
အတော်လေး လှပလွန်းသည်။ လင်းရန်က တောက်ပသောမျက်လုံးများဖြင့် ပြောလာချေသည်။
“ဒီစကတ်အရမ်းလှတာပဲ၊ အန်ကယ်စုန့် သမီး ဒီစကတ်ကို
လိုချင်တယ်”
စုန့်ဝေ့၏ ပါးစပ်ထဲသို့ ရောက်နေပြီးဖြစ်သည့် စကားများက
လင်းရန်ဆီမှာ ပိတ်ဆို့ခံလိုက်ရသည်။
သို့နှင့် စုန့်ဝေ့တစ်ယောက် မျက်မှောင်ကြုတ်ကာ လင်းရန်
ညွှန်ပြနေသည့် စကတ်ကိုကြည့်၍ အပြစ်ရှာရန် ကြံရွယ်လိုက်သည်။
ရလဒ်အနေဖြင့် လင်းရန်က သူ့ရှေ့မှ စကားဖြတ်ပြောလာခဲ့ပြန်သည်။
“ဒီစကတ်က ပေါ့ပါးပြီး ဝတ်တဲ့အချိန်ကျရင် တင်းကျပ်နေမှာ
မဟုတ်လောက်ဘူး၊ အရောင်ကလည်း လန်းဆန်းစေပြီး ကျွန်မရဲ့အသားအရည်နဲ့
အရမ်းလိုက်ဖက်တယ်၊ စကပ်ရဲ့အရှည်ကလည်း ကျွန်ရဲ့ အရပ်နဲ့ အကိုက်ပဲ၊ ဒီစကတ်က
ကျွန်မအတွက် ထုတ်လုပ်ထားတာလို့တောင် ထင်စေရတာပဲ”
သူမက စိတ်လှုပ်ရှားစွာဖြင့် မေးစေ့ကိုကိုင်ကာ
အ၀တ်အစားကို အလွန်ကျေနပ်နေပုံရသည်။
သူမ၏ဘေးနားမှ အရောင်းစာရေးမကလည်း
လင်းရန်၏စကားကိုကြားသည်တွင် အလျှင်အမြန် ပြန်ပြောလာခဲ့သည်။
“ မိန်းကလေးပြောတာ အမှန်ပဲ၊ ဒီဝတ်စုံက မင်းလို အသားအရေ
ဖြူဖွေးတဲ့သူတွေအတွက် တကယ်ကို သင့်တော်တယ်၊ ဒီဝတ်စုံကို စပြီး
ခင်းကျင်းပြသလိုက်ကတည်းက မိန်းကလေး တော်တော်များများက စမ်းပြီး
ဝတ်ဆင်ကြည့်ခဲ့ကြသတယ်၊
ရလဒ်ကတော့ သူတို့ ဝတ်လိုက်တာနဲ့ အသားအရေက ပိုလို့
မည်းမှောင်သွားတာပဲ၊ ဒါက မင်းလို အသားအရည်ဖြူတဲ့ အသားအရည်ရှိတဲ့သူတွေအတွက်ပဲ
သင့်တော်တာလေ”
ဤသည်မှာ အမှန်ပင်ဖြစ်သော်လည်း အရောင်းဝန်ထမ်းမှ
ထိုသို့ပြောလာရသည့် အကြောင်းရင်းတစ်ခုရှိနေသေးသည်။
ဤစကပ်လေးမှာ လှပသကဲ့သို့ စျေးကလည်း
မြင့်မားလွန်းနေသည်ပင်။ အရေးကြီးဆုံးက သူတို့တွင် ဤတစ်ထည်သာ
ရှိနေတော့သည်ဖြစ်ကာ မရောင်းနိုင်တော့ပါက ဂိုဒေါင်ထဲမှာ ထားပြီး ဖုန်မှုန့်များကို
စုဆောင်းရတော့မည်။
သူတို့တွင်လည်း စွမ်းဆောင်ရည် လိုအပ်ချက်များရှိပြီး
အဝတ်အထည်များ ရောင်းမကောင်းပါက ခေါင်းဆောင်များဆီမှ ဝေဖန်ခံရလိမ့်မည်။
ထိုကြောင့် ယခုကဲ့သို့ ထိုဝတ်စုံနဲ့ လိုက်ဖက်သည့်
ဖောက်သည်တစ်ယောက်နဲ့တွေ့ပြီး၊ အဓိကအားဖြင့် ငွေကြေးလည်း တတ်နိုင်ကြောင်း
သိရသည်တွင် အရောင်းဝန်ထမ်းက သေချာပေါက် ဝတ်စုံကိုရောင်းထွက်နိုင်စေဖို့
နည်းလမ်းအမျိုးမျိုး ရှာမှာဖြစ်ပြီး ဝယ်ယူချင်နေသည့် ကာစတာမာနဲ့
ပူးပေါင်းဆောင်ရွက်လိမ့်မည်။
လင်းရန်က စုန့်ဝေ့၏ထင်မြင်ချက်ကို တောင်းနေသည်ကို
သတိပြုမိပြီး တစ်ဖက်လူကိုလည်း အန်ကယ်ဟုခေါ်ဆိုနေသည်ကို ကြားပြီးနောက်တွင်
အရောင်းဝန်ထမ်းက လင်းရန်၏ အစစ်အမှန်ဦးလေးဟု ထင်မှတ်ခဲ့သောကြောင့် သူမက
စုန့်ဝေ့ထံသို့ ခပ်မြန်မြန် ပြုံးပြပြီး ပြောလိုက်ပြန်သည်။
“ဒါက မင်းရဲ့ဦးလေး နဲ့ အဒေါ်ပဲ ဖြစ်ရမယ်၊
ဟုတ်တယ်မလား?မင်းနဲ့ အတူ ပစ္စည်းတွေဝယ်ဖို့အတွက် ဒီကိုလာခဲ့တာဆိုတော့
သူတို့က မင်းအပေါ်တကယ်ကောင်းတာပဲ!”
စုန့်ဝေ့နှင့် လီရှို့လီတို့မှာ
ရှက်ရွံ့သွားသည့်ပုံပေါ်ပြီး လင်းရန်ကတော့ အကျယ်ကြီးအော်ရယ်မိမတတ် ဖြစ်သွားရသည်။
သို့သော်လည်း ကံကောင်းစွာဖြင့် စုန့်ဝေ့က
ဤကဲ့သို့ခေတ်ကာလမျိုးတွင် စံပြတစ်ယောက်ဖြစ်ဖို့ အမှတ်တကယ်ထိုက်တန်နေခဲ့ပေ၏။
သူက သူ့၏အမူအရာကို အမြန်ပြင်ဆင်လိုက်ပြီး ဖြစ်ညှစ်ပြီးပြုံးပြခဲ့သည်။
“မဟုတ်ပါဘူး၊ ဒါက ငါ့သမီးလေ၊ ငါတို့က
နောက်အိမ်ထောင်ပြုထားတဲ့ မိသားစုပါ”
ဤသည်ကိုကြားတော့ အရောင်းဝန်ထမ်းက
အလွန်ရှက်ရွံ့သွားခဲ့ချေသည်။
သို့သော်လည်း သူမသည်ကား သူမ၏ ကျွမ်းကျင်ပိုင်နိုင်မှုကို
အားကိုးကာ ချက်ချင်းဆိုသလိုပင် သူမ၏ လေသံကို ပြောင်းလဲခဲ့သည်။
နောက်ပြီး ပထွေးတစ်ယောက်ဖြစ်နေရင် သူမအတွက်
ပိုကောင်းသေးတယ်လေ!
“အို ကျွန်မရဲ့မျက်လုံးတွေကို ကြည့်ပါဦး၊
ရှင့်ရဲ့အမျိုးသမီးက တကယ့်ကိုချောမောလှပပြီး ဒီရဲဘော်လေးနဲ့တူပေမယ့် ကျွန်မက
တကယ်ပဲ သတိမထားမိခဲ့ဘူး!”
“ရှင့်မှာ ဒီလိုမျိုး လှပတဲ့သမီးလေးရှိနေတာကို ကျွန်မ
တကယ့်ကို မနာလိုဖြစ်မိတယ်၊ သူမရဲ့ ထင်ရှားပေါ်လွင်ပြီး လှပလွန်းတဲ့
ပုံပန်းသဏ္ဍာန်ကိုကြည့်ပါဦး၊ သူမက ဒီဝတ်စုံနဲ့ဆိုရင်
အရမ်းကြည့်ကောင်းနေမှာသေချာတယ်၊ ဒါက ကိတ်မုန့်ပေါ်မှာ
ရေခဲမှုန်တွေဖြူးထားသလိုဖြစ်နေမှာ!”
“ဒီစကတ်က ဒီတစ်ထည်ပဲ ကျန်တော့တာနော်၊ ဒီတစ်ခေါက်ကို
ကျော်သွားပြီးရင် ဒီလို စကပ်မျိုး ထပ်မရနိုင်တော့ဘူး၊ အရေးကြီးဆုံးက ဒီစကတ်က
ရှင်တို့ရဲ့ သမီးနဲ့ အရမ်းလိုက်ဖက်နေတာ? ရှင့်ရဲ့သမီးပြောခဲ့သလိုပဲ ဒီစကတ်က
သူမနှင့် လုံးဝ အံဝင်ခွင်ကျဖြစ်နေပုံရတယ်၊ အခုခေတ်မှာ ဒီလိုမျိုး လိုက်ဖက်တဲ့
စကတ်ကိုဝယ်ဖို့ဆိုတာ မလွယ်ဘူး”
“ကြည့်လိုက်လေ ဒီစကပ်လေးက ဘယ်လောက်တောင်လှပလွန်းသလဲ?
ရှင်တို့ ပိုက်ဆံပေးချေတော့မှာလား”
လင်းရန် ဘေးနားတွင် ထွက်ရပ်ပြီး အရောင်းဝန်ထမ်းမှ
စုန့်ဝေ့နှင့် လီရှို့လီတို့အား စက်တစ်ခုကဲ့သို့ အရှိန်အဟုန်ဖြင့် စကားပြောနေခဲ့ကာ
တစ်ဖက်မှနှစ်ယောက်မှ စကားတစ်ခွန်းမှ ပြန်မပြောနိုင်ဖြစ်နေသည်ကိုကြည့်၍ သေလုမတတ်
ရယ်မောချင်နေခဲ့ရသည်။
ဒီအချိန်မှစပြီး ဒီအရောင်းဝန်ထမ်းအမျိုးသမီးက
သူမရဲ့ဝမ်းကွဲအစ်မဖြစ်ကြောင်း တစ်ဖက်သတ်ကြေငြာလိုက်ပြီ။
“ငွေပေးချေမယ်” ဆိုသည့်
စကားလုံးကို ကြားလိုက်ရပြီး နောက်ဆုံးမှာတော့ စုန့်ဝေ့တစ်ယောက်
ထိုစကားကိုပြောခဲ့သည်က သူ့၏အသံဖြစ်နေကြောင်းကို တွေ့လိုက်တော့သည်။
သူ့တွင် အကောင်းဆုံးဟူသည့် နာမည်ဂုဏ်သတင်းရှိနေသည်။
သူ့၏ရှေ့မှ အရောင်းဝန်ထမ်းမှ ထိုချစ်စရာကောင်းသည့် ၀တ်စုံမှာ လင်းရနနှင့်
မည်၍မည်မျှ လိုက်ဖက်ကြောင့် အထပ်ထပ်အခါခါ ချီးကျူးစကားဆိုထားခဲ့ပြီးပြီ။ အကယ်၍
သူသာ တိုက်ရိုက်ငြင်းလိုက်ပါက သူ့၏ မျက်နှာအား မည်သည့်နေရာကို
ထားနိုင်တော့မည်နည်း။
ထို့ကြောင့် စုန့်ဝေ့က စိတ်မရှည်စွာဖြင့် လင်းရန်ကို
လှမ်းမေးခဲ့သည်။
“ရန်ရန်၊ ဒီစကတ်က မင်းနဲ့ လိုက်ဖက်တယ်လို့ ထင်လား”
စုန့်ဝေ့က ဤတစ်ကြိမ်တွင် ပို၍ ဥာဏ်ကောင်းလာခဲ့သည်။ သူမ
မေးပြီးသည်နှင့် လင်းရန်ပြောလာသည်ကို မစောင့်ဘဲ ဆက်ပြောခဲ့သည်။
“ဒါပေမယ့် ငါ့အမြင်အရတော့ ဒီစကတ်က မင်းနဲ့
မသင့်တော်လောက်ဘူး၊ ဥပမာ- ဒီစကတ်ရဲ့ အရောင်က
အရမ်းငြီးငွေ့စရာကောင်းလွန်းတယ်၊ ငါ့အထင်အရ မင်းနှင့် ပိုသင့်တော်တာ…”
ဤနေရာအထိရောက်ပြီးနေသည့်တိုင် စုန့်ဝေ့က လက်လျှော့ရန်
တွန့်ဆုတ်နေဆဲပင်ဖြစ်နေခဲ့သည်။
လင်းရန်ကတော့ သူ့ကို အလွန်အထင်ကြီးနေခဲ့ပြီ။
ဤသို့ဖြစ်လာသည့်အတွက် သူမသည်လည်း သူမ၏ ဝှက်ကတ်ကိုပဲသာ
ထုတ်သုံးဖို့ လုပ်ရတော့မည်။
“ဒါပေမယ့် ကျွန်မ ဒီတစ်ထည်ကိုပဲ ကြိုက်တာလေ၊
အန်ကယ်စုန့်.. အန်ကယ် မနေ့ညက ပြောတော့ ကျွန်မ လိုချင်တာမှန်သမျှကို အကုန်
ဝယ်ပေးမယ်လို့ သေချာပေါက်ပြောခဲ့တယ်၊
ဒီနေ့ကျတော့ ဘာလို့ အန်ကယ်ရဲ့စကားတွေကို
ပြန်ရုတ်သိမ်းချင်နေရတာလဲ... တကယ်လို့ အန်ကယ်က ကျွန်မအတွက် စကတ်ဝယ်ဖို့
ဝန်လေးနေတယ်ဆိုရင်လည်း စောစောကတည်းက ကျွန်မကိုပြောခဲ့သင့်တယ်၊ ဒါဆို ကျွန်မလည်း
တိုက်ရိုက်ထွက်သွားနိုင်တာပေါ့၊ မဟုတ်ဘူးလား!”
ထိုစကားကိုပြောပြီးသည်နှင့် လင်းရန်တစ်ယောက် ဒေါသတကြီးဖြင့်
လှည့်ကာ လှည့်ထွက်ရန် ပြင်ဆင်လိုက်ချေသည်။
လင်းရန်သည် တံခါးဆီသို့ လျှောက်သွားတော့မည်ကို
မြင်လိုက်ရသောကြောင့် စုန့်ဝေ့ကတော့ အဆုံးတွင် အံကြိတ်၍သာ
ပြောလိုက်ရတော့သည်။
“မင်းဆိုတဲ့ ကလေးကတော့! ဘာတွေ ပြောနေတာလဲ၊ အန်ကယ်က မင်းအတွက်
မဝယ်ပေးဘူးလို့ ဘယ်တုန်းက ပြောခဲ့လို့လဲ၊ မင်းကို ဒီဝတ်စုံယူမှာလားဆိုတာကို
ထပ်ပြီးသေချာအောင် ကြည့်စေချင်လို့ မေးရုံပဲလေ”
လင်းရန်က အချိန်ကိုက်ရပ်တန့်လိုက်ပြီး မယုံကြည်နိုင်စွာ
လှည့်ကြည့်လိုက်သည်။
“တကယ်လား?”
စုန့်ဝေ့ အံကြိတ်ကာ ပြုံးဖို့အတွက် ကိုယ့်ကိုယ်ကို
ဖိအားပေးလိုက်ရလေ၏။
“သေချာတာပေါ့၊ မင်းအတွက် ငါအခုဝယ်လိုက်မယ်!”
‘ဒါပြီးရင် ပြီးသွားပြီ၊ သူမက နောက်ထပ်
ခြေလှမ်းနည်းနည်းလောက်ပဲ ပြေးနိုင်တော့မှာပါ! ပြီးရင် သူကြိုက်သလို
စီမံနိုင်လိမ့်မယ်!’
လင်းရန် စိတ်နှလုံးအတွင်းပိုင်းမှ ရယ်မောလိုက်ကာ
စုန့်ဝေ့ဆီသို့ အပြုံးတစ်ခုနှင့် ပြန်သွားခဲ့ပြီး သူ့ကိုမော့ကြည့်၍
ပြုံးပြလိုက်သည်။
“အန်ကယ်စုန့်! အန်ကယ်က ကျွန်မအတွက် အကောင်းဆုံးပဲဆိုတာ
ကျွမ်မသိတယ်၊ အန်ကယ်က ကျွန်မကို ဘယ်တော့မှ လိမ်မှာမဟုတ်ဘူး!”
စုန့်ဝေ့: ဟားဟား ငါ့တစ်ကိုယ်လုံးနာနေပြီ! ငါ
စကားမပြောချင်တော့ဘူး!
နောက်ဆုံးတွင်တော့ သူက ဤစတိုးဆိုင်၏ ရတနာဟု ခေါ်သော
ရတနာဝတ်စုံအား သူ့၏ လစာတစ်ဝက်ကိုသုံးကာ အောင်မြင်စွာ ဝယ်ယူရရှိခဲ့တော့သည်။
**