(7)
စုန့်စစ်ယွီ အနာဂတ်အကြောင်းကို တွေးတောကာ
စိတ်လှုပ်ရှားပြီးနောက် ကိုယ့်ကိုယ်ကို အလျှင်အမြန်တည်ငြိမ်သွားစေလိုက်သည်။
သူမ လီရှို့လီအား မေးမြန်းခဲ့သည်။
“ရှင် သူမကို ဒီလောက်အစောကြီး လက်ထပ်ခွင့်ပြုမှာလား”
သို့သော်လည်း လီရှို့လီက သူမ၏လက်ကို ဝှေ့ယမ်းပြီး
ပြောလာသည်။
“ဘာတွေ ဝန်လေးနေရမှာာလဲ၊ ကေဒါရှု ရဲ့အိမ်က ငါတို့မိသားစု
နေတဲ့ ခြံဝင်းတစ်ခုထဲမှာပဲလေ ဟုတ် တယ်မလား၊ သူတို့တွေက အရမ်းနီးလွန်းတယ်၊
ဘယ်ဘက်တံခါးနဲ့ ညာဘက်တံခါးကို ဖြတ်လျှောက်လိုက်သလိုမျိုးပဲ၊ ငါကတော့ သူမ
ဒီမှာရှိမနေရင် အတော်လေး တိတ်ဆိတ်သွားမယ်လို့တောင် ထင်မိတယ်”
စုန်စစ်ယွီအနေနဲ့ သူမပြောခဲ့တာတွေက မှန်သည်လား၊
မှားသည်လားကို မသိသော်လည်း လီရှို့လီက ရှုမိသားစု၏ အခြေအနေမှန်ကို မသိခင်တွင်
လက်ထပ်ပွဲကို ကန့်ကွက်မည်မဟုတ်ကြောင်းကိုတော့ အသေအချာသိနေခဲ့သည်။
ထို့အပြင် လင်းရန်သာ လက်ထပ်လိုက်သရွေ့
နောက်ပိုင်းတွင် သူမနောင်တနေခဲ့လျှင်တောင်မှ မည်သည့်အရာကိုမျှ
တတ်နိုင်တော့မည်မဟုတ်ပါချေ။
လင်းရန်၏ဘက်တွင်တော့ သူမက စုန့်မိသားစုမှ
ထွက်ခွာလာပြီးနောက် ပညာတတ်လူငယ်ရုံးသို့ ထပ်မံရောက်ရှိလာခဲ့သည်။
အချိန်က စောလွန်းသောကြောင့် သူမမှာ တံခါးဝဆီကို
ပထမဆုံးရောက်လာမည့်လုလုနီးပါးပင်ဖြစ်ခဲ့ပေသည်။
တံခါးကို ဖွင့်၍ဝင်လာချိန်တွင် ယမန်နေ့ကတွေ့ရှိခဲ့သည့်
အန်တီဝမ် တစ်ယောက်တည်းကသာ အခန်းထဲတွင် ရှိနေသေးသည်။
အန်တီဝမ်က လင်းရန်ပြန်လာသည်ကိုမြင်ချိန်တွင်
လျှောက်လွှာဖောင် ထပ်လာယူဖို့ ရောက်လာသည်ဟုထင်ခဲ့သော်လည်း လင်းရမ်က မေးလာခဲ့သည်။
“အန်တီဝမ်၊ လျှောက်လွှာကို ဘယ်နေရာကို
ပို့ရမလဲဆိုတာမေးချင်လို့ပါ”
အာ?
အန်တီဝမ်က သူမ၏မေးခွန်းကြောင့် နောက်တစ်ကြိမ်
စိတ်ရှုပ်ထွေးသွားသော်လည်း နောက်ဆုံးတွင် တည်နေရာကို ရိုးသားစွာ ပြောပြသေးခဲ့သည်။
ထိုအကြောင်းကို မေးမြန်းပြီးနောက် လင်းရန်က
ခေါင်းညိတ်လိုက်ပြီး သူမ မည်သည့်အရာကို တွေးနေမှန်း မသိရပါဘဲ အမူအရာက ရုတ်တရက်
ညှိုးငယ်သွားခဲ့သည်။
အန်တီဝမ်သည်ကား ခရိုင်ရုံးတွင် စပ်စုသည့်နေရာတွင်
အလွန်စိတ်အားထက်သန်ကြောင်း လူသိများသောအန်တီပင်ဖြစ်ကာ လင်းရန်၏
အမူအရာကိုမြင်ချိန်တွင် သူမက သဘာဝကျစွာဖြင့် မေးမြန်းလာခဲ့သည်။
“ရန်ရန် ဘာဖြစ်နေတာလဲ၊ အခက်အခဲတွေ ကြုံတွေ့နေရလို့လား”
အခက်အခဲတစ်စုံတစ်ရာရှိလာရင် ကျေးဇူးပြုပြီး အန်တီဝမ်ထံ
ဆက်သွယ်ပြောပြပေးပါ!
လင်းရန်က သူမ၏ ထိုစကားလုံးများကို
စောင့်ဆိုင်းနေခြင်းဖြစ်ပေ၏။
“အန်တီဝမ်၊ ဒီလိုပါ၊ ကျွန်မရဲ့ အမေနဲ့ အန်ကယ်စုန့်တို့ကို
ကျွန်မ ကျေးလက်ကိုသွားဖို့ လျှောက်လွှာတင်ထားတာကို မပြောခဲ့ဘူး”
“ဟမ်၊ မင်းဘာလို့ ဒီလောက်ကြီးမားတဲ့ကိစ္စကို မပြောခဲ့တာလဲ!”
“အန်ကယ်စုန့်က ကျမကို သိပ်ချစ်နေလို့ပဲ မဟုတ်ဘူးလား၊ ကျွန်မ
ကျေးလက်ကို သွားမယ်ဆိုတဲ့အကြောင်းကို သူသိသွားတာနဲ့ သေချာပေါက်
သဘောမတူဘူးလို့ ပြောလာလိမ့်မယ်၊
ဒါပေမဲ့ အန်တီဝမ်၊ ပညာတတ်လူငယ်တွေဆိုရင် လယ်သမားတွေနဲ့
ဆောက်လုပ်ရေးအဖွဲ့တွေဆီကို ကူညီပေးဖို့အတွက် ကျေးလက်ကို သွားရမယ်ဆိုပြီး
အဖွဲ့အစည်းတစ်ခုလုံးက ဆုံးဖြတ်ထားတာလေ၊
ခေတ်သစ်မှာ ကျွန်မတို့က ရဲဘော်ကောင်းတယောက်အနေနဲ့
တက်တက်ကြွကြွစွာ ပါဝင်ဆောင်ရွက်သင့်တယ်လို့ ကျွန်မထင်တယ်”
“ကျွန်မတို့တွေက တစ်ဦးချင်းဆိုရင် အားနည်းပေမယ့်
အတူတူစုပေါင်းလိုက်မယ်ဆိုရင် အင်အားကြီးမားတဲ့ အင်အားစုပဲ၊ ကျွန်မလိုမျိုး
တက်ကြွလှုပ်ရှားသူ တစ်ယောက်က ကျေးလက်ဒေသရဲ့ တည်ဆောက်ရေးမှာပါဝင်ရင်
တစ်ယောက်စာပိုပြီး အထောက်အကူ ပြုနိုင်လိမ့်မယ်၊ အန်တီဝမ်၊ အန်တီရော အဲဒီလို
မထင်ဘူးလား”
ဤကဲ့သို့စကားလုံးများထွက်လာသည့်အချိန်တွင် အန်တီဝမ်က
မဟုတ်ဘူးဟု ပြောနိုင်ဦးမည်တဲ့လား။
လင်းရန်၏ စကားကို သူမ သဘောတူရုံသာမကဘဲ လင်းရန်၏
တွေးခေါ်မှုအဆင့်မှာ အလွန်မြင့်မားပြီး မကြုံစဖူးသော အဆင့်သို့ပင်
ရောက်ရှိနေခဲ့သည်ဟု သူမ ခံစားခဲ့ရသည်။
အန်တီဝမ်က သူမကို ခံစားချက်အပြည့်ဖြင့် ကြည့်လာခဲ့သည်။
“ရန်ရန် မင်းက တကယ်ကြီးပြင်းလာခဲ့ပြီပဲ၊ အခု တကယ့်ကို
တွေးတောစဥ်းစားတတ်နေပြီ!”
လင်းရန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။
“မဟုတ်ပါဘူး၊ အန်ကယ်စုန့်ရဲ့ သင်ကြားပေးမှုက ကောင်းလို့ပါ၊
သူက ကျွန်မကို အဖွဲ့အစည်းရဲ့ခြေရာကို လိုက်လျှောက်ဖို့အတွက် အမြဲတမ်း
စံနမူနာပြပြီး အမြဲသင်ပေးတတ်တယ်၊ အန်ကယ်စုန့်ကသာ သိမ်မွေ့တဲ့နည်းလမ်းတွေနှင့်
မသင်ပေးဘူးဆိုရင် ကျွန်မ အခုလိုမျိုး သတ္တိရှိမှာ မဟုတ်ဘူး!”
အန်တီဝမ်က ဤသည်ကိုကြားပြီးနောက်တွင် လင်းရန်၏မျက်နှာကို
ကြည့်ကာ ဝမ်းသာပီတိဖြစ်လာရသည်။
ဤလမ်းထဲတွင် စုန့်ဝေ့၏ အတွေးအခေါ်တို့မှာ
အလွန်ကောင်းမွန်လှကြောင်း လူသိများပြီး သူ့၏ လွှမ်းမိုးမှုကြောင့်
အမြဲတုံ့ဆိုင်းနေတတ်သည့် လင်းရန်ကတောင် ယခုကဲ့သို့ အလွန်အရေးကြီးသော
အခိုက်အတန့်တွင် မတ်တပ်ထရပ်ကာ ကျေးလက်သို့သွားရန် စတင်တောင်းဆိုခဲ့လာခဲ့သည်။
“ဒါဆို အန်တီဝမ်၊ ကျေးဇူးပြုပြီး ကျွန်မရဲ့မိသားစုကို
မပြောသေးလို့ ရမလား၊ ကျွန်မ သူတို့ကို အံ့သြသင့်သွားစေချင်လို့၊ မဟုတ်ရင် ကျွန်မက
ဆယ့်ရှစ်နှစ်တောင်ရောက်တဲ့အထိ ကြီးပြင်းလာတာတောင်
တွေးတောစဥ်းစားတတ်တဲ့ဉာဏ်မရှိဘူးလို့ အမြဲတမ်း ထင်နေလိမ့်မယ်”
“ကောင်းပြီ ၊ဒါဆို အန်တီဝမ်က မင်းရဲ့မိသားစုကို လောလောဆယ်
ဒီအကြောင်းကို မပြောသေးဖို့ ကတိပေးတယ်၊ ဒါပေမယ့် ရန်ရန်၊ မင်း ကျေးလက်ဒေသ
အခြေအနေတွေကို သိဖို့လိုလိမ့်မယ်...”
ကျေးလက်ဒေသ၏ အခြေအနေများမှာ အလွန်ခက်ခဲနိုင်ပြီး
သည်းမခံနိုင်လောက်စရာရှိနေကြောင်း သူမ ပြောခါနီးအချိန်တွင် လင်းရန်က
အခိုင်အမာပြောခဲ့သည်ကို ကြားလိုက်ရသည်။
“စိတ်မပူပါနဲ့ အန်တီဝမ်၊ ကျွန်မက အခက်အခဲတွေကို
မကြောက်ပါဘူး၊ ကျွန်မ ငယ်ငယ်တုန်းကက ကျေးလက်ဒေသမှာ နေခဲ့ဖူးတယ်လေ၊ မွေးရပ်မြေက
ကျေးလက်ဒေသကဆိုတော့ ကျွန်မကျေးလက်ဒေသနဲ့ ရင်းနှီးတယ်”
အန်တီဝမ်တစ်ယောက် လီရှို့လီနှင့် သူမ၏ ကလေးမှာ ကျေးလက်ဒေသမှ
ရောက်လာခဲ့ခြင်းဖြစ်ကြောင်းကို ပြန်လည် သတိရမိလိုက်သည်။ လင်းရန်ပြောသည်မှာ
မှန်ကန်ပေသည်။
ထို့ကြောင့် လင်းရန်အတွက် ကျေးလက်ဒေသကိုသွားဖို့က
သင့်တော်သည့်ပုံရသည်။
ဤနည်းဖြင့် လင်းရန်တစ်ယောက် အန်တီဝမ်ဘက်သို့
ခေတ္တခဏမျှတည်ငြိမ်သွားအောင် ထိန်းထားခဲ့သည်။
ရုံးခန်းထဲမှ ထွက်လာပြီးနောက်တွင် သူမ၏နှလုံးသားထဲမှ
လေးလံနေသည့် ကျောက်တုံးကြီးမှာ ပြုတ်ကျသွားခဲ့ရသည်။
သူမ အန်တီဝမ်အား ဤကဲ့သို့ နှုတ်ပိတ်ရန် ကြိုးစားနေရသည့်
အကြောင်းရင်းမှာ စုန့်စစ်ယွီတစ်ယောက် ကျေးလက်ကိုသွားဖို့ယူသွားခဲ့သည့်
လျှောက်လွှာအား ပြန်လည်အပ်နှင်းဖို့ရန်အတွက် ရုံးသို့ လာသည့်အချိန်တွင်
ဤနေရာတွင်ရှိနေသည့် ဝန်ထမ်းများက ပဲစေ့များအား ယိုစိမ့်သွားစေမည်ကို
စိုးရိမ်နေသောကြောင့်သာဖြစ်ချေသည်။
စုန့်စစ်ယွီကသာ ဤအကြောင်းများကိုသိရှိသွားခဲ့ပါက၊
သူမ(စုန့်စစ်ယွီ)က သူမ၏ လက်ထဲမှ “ချက်ပြုတ်ထားပြီးသား ဘဲ” ကို
လွတ်သွားစေလိမ့်မှာမဟုတ်ပေ။ ထို့ကြောင့် ဤကိစ္စကို သေချာပေါက်
ဖုံးကွယ်ထားရလိမ့်မည်။
မနက်ဖြန်တစ်ရက်ရှိနေသေးသည်။ သူမသာ
ဤကိစ္စအားဖုံးကွယ်ထားနိုင်သရွေ့ ဤနေရာမှ လုံခြုံစွာ ထွက်ခွာသွားနိုင်လိမ့်မည်။
လမ်းဘေးပညာတတ်လူငယ်ရုံးမှထွက်လာပြီးနောက် လင်းရန်တစ်ယောက်
စုန့်မုသားစုအိမ်သို့ တိုက်ရိုက်ပြန်သွားခဲ့သည်။ သူမ တံခါးဝသို့
လှမ်းကြည့်လိုက်သည့်အချိန်တွင် အပြင်သို့ထွက်လာသည့် စုန့်စစ်ယွီနှင့် ထိပ်တိုက်
တွေ့ဆုံမိလေတော့သည်။
သူတို့နှစ်ယောက် တံခါးဝတွင် တစ်ယောက်ကို
တစ်ယောက်ကြည့်လိုက်ကြပြီး တစ်ဖက်လူကို ဂရုမစိုက်ဘဲ ဆက်လက် လျှောက်သွားခဲ့ကြသည်။
သို့သော်လည်း သူမ၏မျက်လုံးထောင့်မှတဆင့် စုန့်စစ်ယွီ၏
လက်ထဲမှ လျှောက်လွှာပုံစံကို သတိထားမိခဲ့ပြီး သူမ မည်သည့်နေရာသို့
သွားမည်ကို ခန့်မှန်းနိုင်ခဲ့သည်။
စုန့်စစ်ယွီက လမ်းတစ်ဖက်မှ ပညာတတ်လူငယ်ရုံးခန်းသို့
သွားခြင်းသာဖြစ်သည်ပင်။
မူလတုန်းက သူမမှာ ကျေးလက်ဒေသကို မသွားဖြစ်တော့သည့်အကြောင်း
ပြောလာပါက ပညာတတ်လူငယ်ရုံးတွင် အလုပ်လုပ်နေသော အန်တီ၏ အပြစ်ပေးခြင်းကို
ခံရလိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော်လည်း အန်တီဝမ် မည်သည့်စကားကိုမျှပြန်မပြောဘဲ
အေးဆေးစွာ လက်ခံလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့ပါချေ။ အန်တီဝမ်ကသူမကို
တစ်ချက်ကြည့်ကာ လျှောက်လွှာပုံစံကို ပြန်ယူလိုက်လေသည်။
ဒီလောက်တောင် ရိုးရှင်းလွန်းတာလား?
စုန့်စစ်ယွီ မျက်မှောင်ကြုတ်ပြီး ရုံးခန်းထဲမှ
ပြန်ထွက်လာခဲ့သည်။ ခဏလောက်စဉ်းစားပြီးနောက်တွင် ဒီရုံးစာရေး အန်တီဝမ်က
သူမ၏အဖေကို ကြောက်သောကြောင့် မည်သည်ကိုမှပြန်မပြောလာခြင်းဖြစ်ကြောင်း
နားလည်သဘောပေါက်သွားခဲ့ချေသည်။
သူမ ထိုသို့ တွေးလိုက်မိသည်နှင့် ချက်ချင်းပင်
စိတ်သက်သာရာရသွားခဲ့ကာ တစ်ချိန်တည်းမှာပင် ယခင်ဘဝတုန်းက သူမ၏ဖခင်အရင်းဖြစ်သူ
စုန့်ဝေ့အား သူမ၏ခွန်အားအပြည့်ဖြင့် တွန်းလှန်ပုန်ကန်ခဲ့သည်မှာ အဘယ်မျှလောက်
မိုက်မဲတုံးအ,ခဲ့သည်ကို ပိုမိုသိရှိလာခဲ့သည်။
သူမ ဖခင်၏လက်ရှိအထောက်အထားနှင့်အခြေအနေအရ သူသည်ကား
သူမအတွက် အလွန်အဆင်ပြေကောင်းမွန်သည့်အခြေအနေများကို ပေးစွမ်းနိုင်သည်မှာ
ထင်ရှားလွန်းပေ၏။ သို့သော် သူမသည်ကား ၎င်းကိုမည်သို့အသုံးချရမည်ကို
မသိခဲ့ပါချေ။ တကယ်ကို အရင်းအမြစ်များအား ဖြုန်းတီးမိခဲ့သည်ဟု ဆိုနိုင်သည်။
သို့သော်လည်း အဘယ်ကြောင့်မှန်း မသိပါဘဲ အန်တီဝမ် သူမအား
ကြည့်လာခဲ့သည့် အကြည့်မှာ အတော်လေး ထူးဆန်းနေသည်ဟု ခံစားနေရသည်။
တစ်ဖက်တွင်တော့ စုန့်စစ်ယွီ ထွက်သွားပြီးသည်နှင့်
နောက်ထပ်စာရေးတစ်ယောက် ချက်ချင်း ဝင်လာခဲ့ပြီး အန်တီဝမ်၏လက်ထဲမှလျှောက်လွှာပုံစံ
နဲ့ စုန့်စစ်ယွီ၏နောက်ကျောအား ကြည့်ကာ မနေနိုင်စွာနှင့်
ရယ်မောလာခဲ့သည်။
“အိုး၊ သူမက အင်ဂျင်နီယာစုန့်ရဲ့ သမီးဖြစ်ဖို့ ထိုက်တန်တာပဲ၊
လုပ်တာကိုင်တာက အတော်လေး မြန်တယ်၊ မနေ့ကဖောင်ယူသွားတာ ဒီနေ့ လာတင်လိုက်ပြီပဲ”
“ဘာကို ဖောင်လာတင်ရမှာလဲ”
အန်တီဝမ်က သူမ၏လက်ထဲမှ သန့်ရှင်းသပ်ရပ်စွာ
ရှိနေသေးသည့် လျှောက်လွှာစာရွက်ကို မြှောက်ပြလိုက်သည်။
“သူက မလျှောက်ဖြစ်တော့ဘူးဆိုပြီး ဖောင်ပြန်ပေးဖို့
ရောက်လာတာ!”
“အာ? ဒါဆို သူမက ဖြစ်နိုင်တာ ...သူမက ကျေးလက်ကိုသွားဖို့
အစီအစဉ်မရှိဘူးလား”
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၊ လူဘယ်နှစ်ယောက်လောက်က
သူတို့ အလျင်စလို ဆုံးဖြတ်မိခဲ့သည်အား နောင်တရကြောင်း ၊ သို့မဟုတ်
ကျေးလက်ကို မသွားချင်၍ ညည်းညူပြောဆိုခဲ့ပြီလဲဟူသည်ကို သူတို့
မသိနိုင်တော့ချေ။ ထို့အတွက်ကြောင့် သူတို့အားလုံး အလွန်စိုးရိမ်နေခဲ့ကြရသည်။
အန်တီဝမ်
သက်ပြင်းချလိုက်သည်။
“ဟုတ်တယ်မလား? ဒီလူငယ်တွေအကြောင်းကို ပြောရရင် အဖွဲ့အစည်းက
သူတို့တွေ ကိုယ့်ကိုယ်ကိုလေ့ကျင့်နိုင်ဖို့အတွက် အခွင့်အလမ်းကောင်းတွေ ပေးခဲ့တယ်၊
ဒါပေမယ့် သူတို့တွေအကုန်လုံးနီးပါက သူတို့ကို ထောင်ချတော့မလိုမျိုး
ဖြစ်နေခဲ့ကြတာလေ၊ သူတို့က အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေ သင်ကြားပေးထားတဲ့ပညာရေးကို
တကယ်နားမလည်နိုင်ကြဘူး! “
“လူတိုင်းက သာမာန်အချိန်တွေမှာ အတော်လေး
တွေးတောစဥ်းစားတတ်ပြီး လိမ္မာတဲ့ပုံစံတွေရှိနေတတ်တယ်၊ ဒါပေမဲ့
အရေးကြီးတဲ့အခိုက်အတန့်မှာ သူတို့တွေဘယ်သူကမှ လင်းရန်လောက်
မတွေးတောနိုင်ကြဘူး! တကယ်..
ဟေး ၊ အင်ဂျင်နီယာစုန့်က ဒီမိန်းကလေးလင်းရန်ကို
ကြင်နာပေးနေတာက တကယ်ကို အကြောင်းရင်းတွေရှိနေတာပဲ၊ ဒါကို
အရေးကြုံလာတဲ့ အခိုက်အတန့်ကိုရောက်မှ လူတွေရဲ့ စရိုက်လက္ခဏာအစစ်ကို
မြင်နိုင်တယ်လို့ ပြောကြတာပဲ”
“လင်းရန်?!”
ရုံးခြားရုံးစာရေးက အံ့အားသင့်သွားခဲ့ရပြီး အန်တီဝမ်က
ယခုလေးတင် လင်းရန်ပြောခဲ့သည့်စကားများအားလုံးကို ပြောပြလိုက်ချေသည်။
အန်တီဝမ်က ထိုအကြောင်းကို ပြောပြပြီးသည့်နောက်တွင် တစ်ဖက်မှ
စာရေးက ပြောလာခဲ့သည်။
“ဒီနေ့ လူငယ်တွေသာ လင်းရန်လို တွေးတောစဥ်းစားတတ်ပြီး
နိုင်ငံအပေါ်မှာ နှစ်မြှပ်ထားခဲ့မယ်ဆိုရင် အလုပ်က ပြဿနာတွေအများကြီးရှိလာမှာ
မဟုတ်ဘူး”
ထိုအကြောင်းကို ပြောပြီးနောက် အန်တီဝမ်က လင်းရန်အပေါ်
ပို၍တောင် စိတ်ကျေနပ်လာခဲ့သည်။
“စကားမစပ်၊ ငါတို့တွေ ကျေးလက်ကိုသွားမယ့်သူတွေထဲမှာ
တက်ကြွလှုပ်ရှားသူတစ်ယောက်အတွက် ဆုကြေး ခွဲတမ်းကို မပေးရသေးဘူးမလား၊ အဲဒါကို
လင်းရန်ကို ပေးလိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ”
“အဆင်ပြေမယ်ထင်တယ်!”
ဆုကြေးဟု ဆိုသော်လည်း အမှန်တကယ်တွင် လက်မှတ်တစ်ခုသာ
ဖြစ်ပြီး ယခုခေတ်ကာလတွင် ပထမဆုလက်မှတ်မှာ လူတိုင်းအတွက်
အလွန်အဖိုးတန်လွန်းသည်။ အဆုံးတွင် ဤသည်မှာ ဂုဏ်ကျက်သရေနှင့် ကြွားဝါပြစရာ
သင်္ကေတဖြစ်ပြီး လူတိုင်းကို အထင်ကြီးစေလိမ့်မည်ပင်။
**