(6)
လီရှို့လီက အမှန်တကယ်ကို စိတ်ရှုပ်နေခဲ့ပြီး စုန့်ဝေ့၏
ဆိုလိုရင်းအဓိပ္ပါယ်ကို လုံးဝနားမလည်ခဲ့ချေ။
ကံကောင်းထောက်မစွာနှင့် စုန့်ဝေ့က သူမ၏ ထိုကဲ့သို့
တုံးအခြင်းကို ကျင့်သားရခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပြီး နောက်စက္ကန့်တွင်
ရှင်းပြလာသည်။
“ငါပြောခဲ့တဲ့စကားက ဘာကိုဆိုလိုချင်တာလဲဆိုတော့၊
ကလေးတစ်ယောက်ကို အမြန်ဆုံးလက်ထပ်ခိုင်းလိုက်ကြမယ်၊ ဒီလိုနည်းနဲ့
ငါတို့မိသားစုမှာ ကလေးတစ်ယောက်ပဲကျန်တော့တယ်လေ၊ တခြားသူတွေက
ငါတို့မိသားစုထဲကနေ ကျေးလက်ကိုစေလွှတ်ဖို့ နောက်ထပ်ခွဲတမ်းတစ်ခုတိုက်တွန်းဖို့မဖြစ်နိုင်တော့ဘူး”
လီရှို့လီမှာ ထိုစကားကိုကြားသည်နှင့် သူမ၏မျက်လုံးများက
ချက်ချင်းပြူးကျယ်သွားခဲ့သည်။
“ဟုတ်သားပဲ၊ ဒီလိုမျိုးလုပ်လိုက်လို့ရတယ်၊ ဒါပေမယ့်
အိမ်ထောင်ရေးက ကြီးမားတဲ့ကိစ္စတစ်ခုပဲ၊ ကျွန်မတို့ စစ်ယွီအတွက်
လက်တွဲဖော်ကောင်းတစ်ယောက်ရဖို့ ဂရုတစိုက်ရွေးချယ်ရမယ်”
လီရှို့လီက လက်ထပ်ခိုင်းမည်ဟုသောစကားကိုကြားသည်နှင့်
အစ်မဖြစ်သည့် စုန့်စစ်ယွီဟုသာ မသိစိတ်က ခံစားမိသော်လည်း စုန့်ဝေ့၏
တွန့်ဆုတ်နေသည့်အသံက ထွက်လာခဲ့သည်။
“ တကယ်တော့ ငါ့မှာ တွေးထားပြီးသား
ကောင်းမွန်တဲ့တစ်ယောက်ရှိတယ်၊ ငါ့တို့စက်ရုံရဲ့ စုဆောင်းရေးရုံးက
ကေဒါရှုရဲ့သားလေ၊ သူက အရမ်းအရည်အချင်းရှိပြီး မိသားစု နောက်ခံလည်းကောင်းတယ်၊
ဒါပေမယ့် အဲဒီကောင်မလေး စုန့်စစ်ယွီဆီ ဒီလောက်ကောင်းတဲ့
လက်တွဲဖော်ကို မပေးချင်ဘူး၊ အဲဒီကောင်မလေးက အရမ်းဆိုးလွန်းတယ်၊ သူမလို
မတွေးတောမစဥ်းစားတတ်တဲ့သူက ဘာလို့ ဒီလိုသမက်ကောင်းမျိုးနှင့် ထိုက်တန်မှာလဲ ၊
ငါကတော့ ဒီလိုအိမ်ထောင်ရေးကို လင်းရန်ကပဲ ရသင့်တယ်လို့ထင်တယ်!”
“ရန်ရန်လိုမျိုး နာခံမှုရှိပြီး တွေးတောစဥ်းစားတတ်တဲ့
ကလေးကသာ ဒီလိုကောင်းမွန်တဲ့ လက်ထပ်ပွဲနှင့် ထိုက်တန်လိမ့်မယ်၊ သူသာ
ကောင်းကောင်းလက်ထပ်နိုင်ရင် ငါ စိတ်သက်သာရာ ရသွားရမှာပဲ”
“နောက်ပြီး အဲဒီကလေးက ရန်ရန်နှင့် အရင်တွေ့ဖူးပြီး
ပထမဆုံးတစ်ခါတွေ့ပြီးကတည်းက သူမကို သတိရနေတယ်လို့ ပြောခဲ့တယ်၊ ဒါက ရန်ရန် နဲ့
သူကြားက ကံကြမ္မာပဲ၊ အခြေအနေတွေက ဒီလောက် ကောင်းမွန်နေတာ၊ ငါ သူတို့ကို
မခွဲထုတ်ဘူး”
လီရှို့လီ၏ အလွန်စိတ်လှုပ်ရှားနေသည့်အသံက အခန်းထဲမှ
ထွက်ပေါ်လာသည်။
“လောင်စုန့်၊ ရှင်က ဒီကောင်မလေး ရန်ရန်ကို
အရမ်းကောင်းတာပဲ...”
“အဲဒီတုန်းက မင်းကို ကတိပေးခဲ့ဖို့ ဘယ်သူက ပြောခဲ့လို့လဲ၊
ယောက်ျားတစ်ယောက်အနေနဲ့ ကတိကိုတည်အောင်ထိန်းဖို့ဆိုတာက အရေးအကြီးဆုံးပဲ”
ထို့နောက်တွင် လီရှို့လီ၏ စိတ်လှုပ်ရှားစွာ
ငိုယိုနေသည့်အသံက အခန်းထဲမှ ထွက်ပေါ်လာပြီး အနာဂတ်တွင် စုန့်စစ်ယွီအတွက်
ပိုမိုကောင်းမွန်သော လက်တွဲဖော်ကို ရှာပေးရမည်ဟူသော စကားလုံးများကလည်း
ငိုသံများဖြင့် ရောထွေး၍ထွက်ပေါ်လာခဲ့သည်။
လင်းရန်တစ်ယောက် တံခါးအပြင်ဘက်တွင် ရပ်၍ မျက်လုံးများကို
ဖြည်းညှင်းစွာ မှေးကျဥ်းလိုက်မိချေသည်။
မူလဇာတ်ကွက်အရ ဇာတ်လိုက်မ စုန့်စစ်ယွီ
ကျေးလက်သို့သွားခဲ့ပြီးနောက် နေအိမ်သို့ ပြန်လာပြီးသည့်အချိန်ကျမှသာ “လင်းရန်”
အတွက် ဘလိုင်းဒိတ်စီစဥ်ကာ လက်ထပ်ပွဲလုပ်ခဲ့ခြင်းဖြစ်သည်။
အချိန်အားဖြင့် တစ်နှစ်နီးပါးခန့် ကြာမြင့်ဦးမည်။ သို့သော်
စုန့်စစ်ယွီက ကျေးလက်ကို မသွားတော့သည့်အတွက် လက်ထပ်ပွဲအတွက် စီစဥ်ရန်အတွက် အချိန်က
နဂိုထက်ပို၍ စောကာဖြစ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
ထို့အပြင် သူခိုးအိုကြီး စုန့်ဝေ့က
ထိုသို့လုပ်ချင်နေချိန်တွင် သူမ၏ မိခင်အရင်းဖြစ်သူ့ လီရှို့လီက
သဘောတူရုံတင်မကဘဲ သူမအတွက် သားမက်ကောင်းတစ်ယောက်ရှာတွေ့ခဲ့သည်ကို
လှိုက်လှိုက်လှဲလှ် ဝမ်းမြောက်နေခဲ့သည်။
လင်းရန်အတွက်တော့ မကျေမနပ်ကြောင်းပင်
မညည်းညူနိုင်ခဲ့လေတော့။
သို့သော်လည်း ဤမတော်တဆမှုက လင်းရန်ကို နောက်တစ်ဖန်
သေချာသွားစေခဲ့သည်။ သူမအနေဖြင့် ဤအခွင့်အရေးကိုဆုတ်ကိုင်ကာ ကျေးလက်သို့ သေချာပေါက်
သွားရမည်!
.....
နောက်တစ်နေ့က အလုပ်ဆင်းရသည့်နေ့ဖြစ်၍ လင်းရန် အောက်ထပ်သို့
ဆင်းလာချိန်တွင် စုန့်ဝေ့မှာ အလုပ်သို့ ထွက်သွားချေပြီ။
လီရှို့လီနှင့် စုန့်စစ်ယွီတို့က အောက်ထပ်တွင်
ထမင်းစားနေခဲ့ကြသည်။
လင်းရမ် အောက်ထပ်သို့ ဖြည်းညှင်းစွာ လာသည်ကိုမြင်တော့
လီရှို့လီက လှမ်းပြောလာသည်။
“မင်းကတော့ နေ့တိုင်း အိပ်ရာထဲမှာ လှဲနေပြီး
ဝက်တစ်ကောင်လို ပျင်းရိနေဖို့ပဲ တတ်တာလား၊ မင်းရဲ့အစ်မလိုမျိုး နည်းနည်းလောက်
သိတတ်လိမ္မာလို့မရဘူးလား”
လင်းရန်ကို ကြိမ်းမောင်းပြီးနောက် လီရှို့လီ၏ အမူအရာက
ချက်ချင်းပြောင်းလဲသွားပြီး စုန့်စစ်ယွီဘက်သို့လှည့်ကာ ချစ်မြတ်နိုးလှစွာ ပြုံးပြ၍
စုန့်စစ်ယွီ၏ပန်းကန်ထဲသို့ ကြက်ဥတစ်လုံး ထည့်ပေးလိုက်သည်။
“လာ၊ စစ်ယွီ၊ ကြက်ဥစားလိုက်ဦး”
စုန့်စစ်ယွီမှာ လီရှို့လီ၏ အသံကို မကြားရသကဲ့သို့
ခေါင်းကိုငုံ့ထားခဲ့ကာ မည်သည့် တုံ့ပြန်မှုကိုမျှလည်း မပြုခဲ့ပါချေ။
လီရှို့လီက သူမ၏ ယခင်ဘဝတုန်းက ဆုံးခန်းတိုင်သည်အထိ
စိတ်သဘောထားကောင်းမွန်ပြခဲ့သည်။ သို့သော်လည်း လူများ ပြောဆိုကြသည့်စကားအတိုင်း
လူကို သိနိုင်သော်လည်း လူ၏ နှလုံးသားကို မသိကြနိုင်ပေ။
‘သူမ ဘာတွေတွေးနေလဲဆိုတာကို ဘယ်သူကသိနိုင်မှာလဲ’
သူမ၏သမီးကို သူမ(စုန့်စစ်ယွီ)၏အဖေ မိတ်ဆက်ပေးခဲ့တဲ့လူက
သေတဲ့အထိ ရိုက်နှက်ခဲ့သည်။ မိခင်တစ်ယောက်အနေဖြင့်
သူတို့သားအဖနှစ်ယောက်အပေါ် နာကြည်းမှုမရှိဘဲနေမည်က
ဖြစ်နိုင်ချေလုံးဝမရှိပါချေ။
သို့သော်လည်း လီရှို့လီ၏ သူမအပေါ် သဘောထားမှာ “လင်းရန်”
သေဆုံးပြီးသည့်နောက်ပိုင်းတွင်လည်း အပြောင်းအလဲ လုံးဝမရှိပေ။ ထို့ကြောင့် သူမ၏
စိတ်ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ထားခဲ့လိမ့်မည်ဟု စုန့်စစ်ယွီအား
ပိုမိုယုံကြည်လာစေသည်။
ကံကောင်းထောက်မစွာဖြင့် လီရှို့လီမှာ
လင်ပါသမီးဖြစ်သူ၏ လျစ်လျူရှုမှုကို ကျင့်သားရနေသည်မှာ ကြာရှည်လှပြီပင်။ သူမက
ဝမ်းမနည်းရုံတင်မကဘဲ တစ်ဖက်လူကိုပင် နှစ်သိမ့်ပေးဖို့ ကြိုးစားနေခဲ့သည်။
သူမ၏အတွေးတွင် စုန့်စစ်ယွီမှာ မနေ့ညက သူ့အဖေနဲ့
ပဋိပက္ခကြောင့် စိတ်ဆိုးနေခြင်းဖြစ်လိမ့်မည်။ ထို့ကြောင့်
မိခင်တစ်ယောက်အနေဖြင့် သူမက ပို၍ သည်းခံနိုင်ရပေမည်။
သို့နှင့် သူမက ကြက်ဥကို အခွံနွှာကာ စုန့်စစ်ယွီ၏
ပန်းကန်ထဲသို့ ဂရုတစိုက် ထည့်ပေးလိုက်သည်။
သူမ၏ဘေးနားတွင် ရှိနေသော လင်းရန်ကတော့ ဤမြင်ကွင်းကို
တွေ့ရချိန်တွင် လီရှို့လီဆီသို့ “မိထွေးကောင်းတွေရဲ့စံပြ”
ဟူသော နဖူးစည်းစာတန်းကိုတောင် ပို့ပေးချင်စိတ်ဖြစ်လာရသည်။
စုန့်ဝေ့မှာ အပေါ်ယံတွင် ကောင်းပေးနေခဲ့သော်လည်း
လီရှို့လီကတော့ သူမ၏ လင်ပါသမီးဖြစ်သူအား စိတ်ရင်းမှန်ဖြင့်
ကောင်းမွန်ပေးနေခဲ့သည်။ အယူဝါဒဆိုင်ရာ အသိအမြင်အရ စုန့်ဝေ့မှာ သူမအား များစွာ
ကျော်လွန်နေခဲ့ပေသည်။
လင်းရန် သက်ပြင်းချပြီးနောက် အဝေးသို့ အကြည့်လွှဲကာ
တံခါးဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
သူမက လမ်းလျှောက်ရင်း လှည့်မကြည့်ဘဲ ပြောခဲ့ပေ၏။
“ကျွန်မ မစားချင်ဘူး ၊ အပြင်ထွက်ပြီး ကစားဦးမယ် “
ပြောပြီးသည်နဲ့ တံခါးကို ပိတ်ဆို့လိုက်လေသည်။
“ဟေး! မင်းဆိုတဲ့မိန်းကလေးကတော့၊ မနက်အစောကြီး ဘာကို
သွားကစားမှာလဲ၊ နေ့တိုင်း ကစားဖို့ကိုပဲ သိတယ်၊ မင်းမှာ အသိတရား မရှိဘူး...”
ကံမကောင်းစွာနှင့် ခြေတစ်လှမ်းနောက်ကျသွားခဲ့ပြီဖြစ်ကာ
လင်းရန်က ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပေပြီ။
သူမ ဒေါသအလွန်ထွက်သွားကာ လင်းရန် ထွက်သွားရာဆီကို
စိုက်ကြည့်နေခဲ့သော်လည်း သူမ၏အရှေ့မှ နစွာ စားသောက်နေသည့် စုန့်စစ်ယွီကို
မြင်ချိန်၌ ပို၍သက်တောင့်သက်သာ ခံစားလာရသည်။
“စစ်ယွီကတော့ နေ့တိုင်း ပြေးလွှားနေတဲ့ ကောင်မလေးနဲ့ မတူဘဲ
သိတတ်လိမ္မာနေတုန်းပဲ၊ အိမ်ထောင်ပြုတော့မယ့် ကလေးတစ်ယောက်ရဲ့ စိတ်ဓာတ်လည်း
ရှိတယ်..”
ထိုစကားကိုကြားချိန်တွင် မူလတုန်းက ခေါင်းငုံ့နေသည့်
စုန့်စစ်ယွီက ခဏရပ်တန့်သွားခဲ့ပြီး ခေါင်းကို မော့၍ မေးလာတော့သည်။
“ဘာလက်ထပ်ပွဲလဲ ဘယ်သူက လက်ထပ်ချင်နေတာ
လဲ”
လီရှို့လီမှာ သူမ ဖုံးကွယ်ထားသင့်သည့်
တစ်စုံတစ်ခုအား သတိမထားမိဘဲ လျှာချော်ကာ ပြောမိသွားခြင်းကြောင်
တုန်လှုပ်သွားခဲ့ရသည်။
စုန့်ဝေ့က သူ ထိုကိစ္စကို
ပြီးစီးအောင်မဖြေရှင်းနိုင်ခင်တွင် ကလေးများကို မပြောသင့်ကြောင့် မနေ့ညက သူမကို
ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပေသော်လည်း သူမမှာ အဓိပ္ပါယ်မရှိသည့်စကားများကို
မထိန်းချုပ်နိုင်ဘဲ ပြောမိခဲ့သည်။
ကံကောင်းထောက်မစွာနှင့် ထိုစကားကို ကြားလိုက်ရသောသူမှာ
အသိဥာဏ်ရှိပြီး တွေးတောစဥ်းစားပေးတတ်သည့် စစ်ယွီဖြစ်နေသောကြောင့် လီရှို့လီမှာ
အလွန်အမင်းစိုးရိမ်နေခြင်းတော့ မရှိချေ။
စုန့်စစ်ယွီက သူမကို အနီးကပ် စိုက်ကြည့်နေခဲ့ပြီး ဤကိစ္စကို
မသိရဘဲ လက်လျှော့သွားလိမ့်မည်မဟုတ်ကြောင်း ဖော်ပြနေသည်ကိုမြင်တော့ လီရှို့လီက
ခဏလောက် တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင်တော့ ပါးစပ်ကို ဖွင့်ဟလာခဲ့သည်။
“စစ်ယွီ၊ ဒါကို ငါမင်းတစ်ယောက်တည်းကိုပဲ ပြောမှာနော်၊
မင်းရဲ့ညီမကို ငါပြောတဲ့စကားတွေကို ပြန်မပြောလိုက်နဲ့”
စုန့်စစ်ယွီ၏ မျက်လုံးတွင် အလင်းတစ်ချက်ဖြတ်ပြေးသွားခဲ့သည်။
“ကောင်းပြီ ကျွန်မ သူ(မ)ကို ပြန်မပြောဘူးလို့ ကတိပေးတယ်”
ထို့နောက် လီရှို့လီက အိမ်တွင် ကလေးနှစ်ယောက်ရှိနေပါက
တခြားလူများ၏ အမြင်၌ မျက်စိဖမ်းစားနိုင်လွန်းသောကြောင့် သူမနှင့်
စုန့်ဝေ့တို့က လင်းရန်အား ကြင်ဖက်တွေ့ဆုံရင် စီစဥ်ထားပြီး လက်ထပ်ပေးရန်အတွက်
တွေးတောထားကြောင်းတို့ကို ပြောပြခဲ့သည်။
“စစ်ယွီ၊ မင်းအဖေက မင်းကို ဂရုမစိုက်ဘူးလို့ မထင်ပါနဲ့၊
အဲဒါက မင်းထင်သလိုမျိုးမဟုတ်ဘူး၊ တစ်ဖက်ကလေးကြောင့်ပဲ၊ ရှု မိသားစုရဲ့ ကောင်လေးက
လင်းရန်ကို အရင်တုန်းကတွေ့ဖူးတယ်လေ၊ ဒါကြောင့် ..
ဒါပေမယ့် စိတ်မပူပါနဲ့၊ ငါ မင်းအဖေနဲ့ သဘောတူထားပြီးပြီ၊
အချိန်တန်ရင် မင်းကို ရှုမိသားစုထက် ပိုကောင်းတဲ့ ခင်ပွန်းသည်မိသားစုကို
ရှာပေးမှာ၊ ငါ မင်းကို ဘယ်တော့မှ မှားယွင်းသလို မခံစားစေရဘူး!”
စုန့်စစ်ယွီတစ်ယောက် သူမကိုယ်သူမ အပြစ်တင်မိခြင်းမှ
ကာကွယ်ရန်အတွက် လီရှို့လီက သူမ(စုန့်စစ်ယွီ) ယမန်နေ့က
ကျေးလက်သို့သွားရန်အတွက် လျှောက်လွှာတင်ခဲ့သောကြောင့်သာ ထိုကိစ္စကို
ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်းကို မည့်သည့်အခါမှ စကားမဟခဲ့ပေ။
စုန့်စစ်ယွီတစ်ယောက် သူမကိုယ်သူမ အပြစ်တင်နေမည်ကို
သူမစိတ်ပူနေခဲ့သည်။
သို့သော်ငြား စုန့်စစ်ယွီကတော့ သေချာပေါက် သူမကိုယ်သူမ
အပြစ်မတင်ပါချေ။ သူမက လက်ခုပ်တီး၍ပါ အောင်ပွဲခံချင်နေခဲ့ပေသည်။
ဤဘဝတွင် သူမအဖေဖြစ်သူ၏ စကားများကို နာခံဖို့
ရွေးချယ်ခဲ့မည်ဆိုပါက သေချာပေါက် အမှန်ကန်ဆုံးသော
ဆုံးဖြတ်ချက်တစ်ခုဖြစ်လာလိမ့်မည်ဟု ထင်ရသည်။
လက်ရှိတိုးတက်မှုကို အကဲဖြတ်ကြည့်လျှင်
ရှုမိသားစု၏အကူအညီဖြင့် ယခုနှစ်မကုန်မီတွင် သူမမှာ စက်ရုံတွင်
အလုပ်ဆင်းနိုင်တော့မည်ကို တွေးတောကြည့်နိုင်သည်။
ထို့အပြင် သူမ၏ယခင်ဘဝမှအတွေ့အကြုံနှင့် မှတ်ဥာဏ်များကြောင့်
သူမသည်ယခင်ဘဝကထက်နှစ်နှစ်နီးပါးစောကာ စက်ရုံ၏ခေါင်းဆောင်ဖြစ်လာလိမ့်မည်။
ဤဘဝတွင် သူမ၏အောင်မြင်မှုများက သူမ၏ယခင်ဘဝတုန်းကထက်
အများကြီး ပို၍မြင့်မားလာမည်မှာ သေချာလှပေသည်။