Ch 5
Viewers 10k

(5)

 

စုန့်စစ်ယွီ၏ ပြောင်းလဲမှုမှာ အလွန် ရုတ်တရက်ဆန်လွန်းလှသည်။

 

မွန်းလွဲချိန်၌ သူ့မအဖေအရင်း စုန့်ဝေ့ကို ကြည့်ပင်မကြည့်ချင်သေးသော်လည်း ယခုအချိန်တွင် ရုတ်တရက် သူ့အတွက် စကားပြောပေးလာခဲ့ပေပြီ။

 

မတိုင်ခင်အချိန်ကာလမှ စုန့်ဝေ့၏  သူမအား ကျောပေါ်တွင်သယ်ဆောင်ကာ ဆရာဝန်နဲ့တွေ့ဖို့ ခေါ်ဆောင်သွားခဲ့ခြင်းက စုန့်စစ်ယွီ၏ သားသမီးဝတ္တရားကျေပွန်လိုစိတ်ကို နိုးကြားလာစေခဲ့သည်လား။

 

လင်းရန် သူမ၏မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး စုန့်စစ်ယွီ၏တုံ့ပြန်မှုမှာ မူမမှန်ဖြစ်လွန်းပြီး တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိနေခဲ့သည်။

 

သို့သော် သူမက  အလျင်စလို လုပ်ဆောင်ဖို့ မတွေးတောထားခဲ့ချေ။ နောက်ဆုံး ဆုံးဖြတ်ချက်အား မချခင် စောင့်ဆိုင်းကြည့်ရလိမ့်မည်။

 

သူမ မျက်လုံးကို ပင့်မ,၍  မေးစေ့ကို မြှောက်ကာ  အရာအားလုံးကို အပိုင်သိမ်းယူခြင်း ဟူသော စကားလုံး၏အဓိပ္ပါယ်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလိုက်သည်။

 

အစ်မစစ်ယွီ၊ ဒီပိုက်ဆံက အစ်မဆီက ပိုက်ဆံမဟုတ်ဘူးနော်၊ ဒါက အန်ကယ်စုန့်က ကျွန်မကို ပေးထားတာ၊ အစ်မရဲ့ကိစ္စမှမဟုတ်တာ၊

 

တကယ်လို့ အန်ကယ်စုန့်က ကျွန်မကို ပိုက်ဆံမပေးသင့်ဘူးလို့ အစ်မထင်ရင်.. အစ်မက သူ့ရဲ့သမီးအရင်းပဲလေ၊ ပိုက်ဆံတွေအကုန်လုံးကို အစ်မကိုပဲ ပေးသင့်တယ်လို့ သူ့ကို တိုက်ရိုက်ပြောလိုက်ပါလား၊ ကျွန်မကို ပြောနေလို့ ဘာအသုံးဝင်မှာလဲ

 

ထိုစကားကို ပြောပြီးနောက် သူမက  မျက်လုံးများကို လှိမ့်လိုက်ပြီး စုန့်ဝေ့ဘက် ကြည့်လိုက်သည်။

 

အန်ကယ်စုန့်၊ အန်ကယ်ထွက်မသွားခင်တုန်းက အန်ကယ်ပြန်လာရင် ပိုက်ဆံပေးမယ်လို့ပြောခဲ့တယ်၊ ကျွန်မဘက်က အန်ကယ့်ဆီကိုတောင်းခဲ့တာမဟုတ်ဘူးနော် ဟုတ်တယ်မလား

 

စုန့်ဝေ့မှာ သူ့၏သမီးဖြစ်သူ တကယ်ကြီးပြင်းလာပြီး ဥာဏ်ရည်ထက်မြက်လာသည့်အတွက် ပျော်ရွှင်မှုထဲတွင် နှစ်မြုပ်နေသေးသော်လည်း အစ်မက သူ့ရဲ့သမီးအရင်းပဲ၊ ပိုက်ဆံတွေ အကုန် အစ်မကိုပေးသင့်တယ် ဟူသော စကားကို ကြားလိုက်သောအချိန်၌ ရုတ်တရတ် လန့်သွားရသည်။

 

မဖြစ်ဘူး!

 

သူ စစ်ယွီကို အကျင့်ဆိုးတွေနှင့် မွေးမြူလို့မဖြစ်ဘူး။ နောက်ကျောမရှိသလိုမျိုး ပျင်းရိသွားပြီး တိုးတက်မှုမရှိဘဲ ဖြစ်သွားစေလို့မရဘူး။

 

ဤသည်ကိုတွေးပြီးနောက် စုန့်ဝေ့မှာ ချက်ချင်းဆိုသလို ပြုံးနေသည်ကို ရပ်တန့်လိုက်ပြီး စုန့်စစ်ယွီ၏ မျက်နှာကို တည့်တည့်ကြည့်ကာ ပြောလိုက်ချေသည်။

 

စုန့်စစ်ယွီ၊ မင်းညီမပြောတာ မှန်တယ်၊ ငါသူ့ကို ပိုက်ဆံပေးမယ်လို့ ငါကိုယ်တိုင်ပြောခဲ့တာ၊ ငါရှာထားတဲ့ ပိုက်ဆံကို ဘယ်သူ့ကိုပဲ ပေးပေး ပေးလို့ရတယ်၊ ငါ့ကိုလာတားရအောင် မင်းမှာ ဘယ်လိုအရည်အချင်းမှမရှိဘူး!

 

မင်းရဲ့ကိုယ်ပိုင်ပိုက်ဆံမဟုတ်ရင်၊ မင်းရဲ့ကိုယ်ပိုင်ပစ္စည်းမဟုတ်ရင်၊  ဘယ်လိုအသုံးပြုရမလဲဆိုတာကို  ထိန်းချုပ်ဖို့ မင်းမှာ အရည်အချင်းပြည့်မီမှာမဟုတ်ဘူး!

 

စကားလုံးများက လေးလံပြီး ရုပ်ဆိုးသော်လည်း အလားတူသည့် ကိစ္စတစ်ခုခုကို ပြောပြီးတိုင်း စုန့်ဝေ့က ဘဝအတွက် အလွန်အသုံးဝင်သည်ဟု ယူဆသည့် ဘဝဒဿနတချို့ကို ထည့်ပြောလေ့ရှိသည်။

 

ဤသည်မှာ စုန့်ဝေ့၏ ထက်မြက်သော စိတ်ဖြင့် ဖော်ဆောင်ထားသင့် သမီးဖြစ်သူကို သင်ကြားဆုံးမသည့်ပုံစံသာ ဖြစ်သည်။

 

ရိုးသားစွာ ပြောရလျှင် စုန့်စစ်ယွီနှင့် စုန့်ယွီတို့ အဖေနဲ့သမီးတို့နှစ်ယောက်အတွက် ဇာတ်ကွက်၏အဆုံးသတ်၌ ရေခဲများကို အတင်းအကြပ်ချိုးဖျက်ပြီး ငြိမ်းချမ်းရေးရဖို့ လက်ဆွဲနှုတ်ဆက်ခဲ့ခြင်းမျိုး မရှိခဲ့ပါက စုန့်ဝေ့၏ ပညာပေးနည်းလမ်းနဲ့ဆိုပါက  သူ့၏သမီးဖြစ်သူမှာ သူနဲ့ အဆက်အသွယ်လုံးဝပြတ်တောက်သွားလိမ့်မည်ဟု လင်းရန် ခံစားမိသည်။

 

ကွယ်လွန်သွားသည့် ဇနီးဟောင်း၏  ကောင်းချီးကြောင့် အဆင်ပြေသြားခြင်းဟု ပြောရမည်ပင်။

 

သို့သော်လည်း စုန့်စစ်ယွီ၏ဘက်တွင်မှာ ဤသို့အလားတူစကားမျိုးအား ထပ်မံကြားရသောအချိန်တွင် အနည်းငယ်လောက် မကျေမနပ်ဖြစ်မိနေဆဲပင်။ သို့ဆိုသည့်တိုင် သူမ၏ဖခင်မှာ လင်းရန်၏ရှေ့၌ တမင်တကာ အရှက်ခွဲခြင်း၏  နောက်ကွယ်ရှိ အမှန်တရားကို ကောင်းကောင်းသိနေခဲ့ပေပြီ။

 

သူမ၏ ဖခင်က လင်းရန်အတွက် စကားပြောနေပုံရသော်လည်း တကယ်တမ်းတွင် သူက သူမအား  ဘဝ၌ဖြစ်လေ့ဖြစ်ထရှိသော အမှန်တရားများကို သတိပေးရန်အတွက် ဤအခွင့်အရေးကို ဆုပ်ကိုင်ထားခြင်းသာ ဖြစ်သည်။

 

လက်ရှိအချိန်၌အခိုက်အတန့်တွင် သူမဖခင်၏ ကြိုးစားအားထုတ်မှုကို သူမ နားလည်နိုင်ခဲ့ပြီ။

 

ဤသည်ကိုစဉ်းစားရင်း စုန့်စစ်ယွီက နားလည်ကြောင်းပြသကာ မျက်လွှာချ၍ တီးတိုးပြောခဲ့သည်။

 

“သိပါပြီ အဖေ”

 

စုန့်စစ်ယွီ၏ အပြုအမူကို မြင်လိုက်ရချိန်တွင် စုန့်ဝေ့တစ်ယောက် ထပ်မံပြီး စိတ်မလှုပ်ရှားဘဲမနေနိုင်တော့ချေ။ အချိန်ကသာ မသင့်လျော်ခြင်း မရှိခဲ့ပါက သူသည်ကား တုန်ယင်သည့်အသံဖြင့် ပြောချင်နေလိမ့်မည်_  သူ့သမီးက တကယ်ကို တွေးတောစဥ်းစားတတ်လွန်းတယ်!

 

တစ်ဖက်တွင်ရပ်နေသည့် လင်းရန်သည်ကား  အလွန်အမင်းနာခံမှုရှိနေပြီး စုန့်ဝေ့ကို ထပ်မံ မဆန့်ကျင်တော့သည့် စုန့်စစ်ယွီကို ကြည့်လိုက်ကာ ကိစ္စတစ်ခုခုကို သေချာသွားခဲ့သည်။

 

ဒီစုန့်စစ်ယွီက တစ်ခုခုမှားနေပြီ။ သေချာပေါက်ကို မှားယွင်းနေတယ်!

 

နောက်ဆုံးတွင် သူမသည်ကား ဝတ္ထုကိုဖတ်ပြီး ခေတ်ကာလပြောင်းရွှေ့ကာ ကူးပြောင်းလာခဲ့သည့်သူဖြစ်သည်။ထို့ကြောင့် စကားတစ်​ခွန်းက သူမ၏ စိတ်​ထဲသို့  ချက်​ချင်းဝင်​ရောက်လာခဲ့သည်​:

 

စုန့်စစ်ယွီကလည်း သူမလိုမျိုး အချိန်တွေ ကူးပြောင်းလာခဲ့တာလား ဒါမှမဟုတ် သူမက... ပြန်လည်မွေးဖွားလာခဲ့တာလား။

 

အကယ်၍ သူမသာ အချိန် ခရီးသွားခြင်းဖြစ်နေပါက၊ လက်ရှိအခြေအနေက လုံခြုံခြင်းရှိ၊မရှိ သေချာအောင် စစ်ဆေးရန်အတွက် ယေဘူယျအားဖြင့် ပုံမှန်မဟုတ်သော အရာများကို မြန်မြန်ဆန်ဆန် ဖော်ထုတ်လာလိမ့်မည်မဟုတ်ပေ။

 

သို့သော် သူမသာ ပြန်လည်မွေးဖွားလာခြင်းဆိုပါက ဤမျှလောက်သတိထားနေရန် မလိုအပ်ပေ။ အဆုံး၌ စုန့်ဝေ့မှာ စုန့်စစ်ယွီ၏ ဖခင်အရင်းဖြစ်သည်။

 

သူမက ဖခင်အရင်းဖြစ်သူအား  “ ဆိုးသွမ်းသည့်မယားပါသမီး”ကိုသာ ဘက်လိုက်သည့်အတွက် ဒေါသထွက်ကာ သူ့အား ပြောဆိုခဲ့သည့် စကားများအပေါ် ဝမ်းနည်းနေလိမ့်သည်။

 

ထပ်ပေါင်း၍ဆိုရသော် ဤသည်က သူမ၏  ကိုယ်ပိုင်အိမ်ဖြစ်နေသောကြောင့် သူမ အလွန်အမင်း စိုးရိမ်နေစရာ မလိုအပ်ချေ။

 

သို့သော်လည်း ဤခေတ်ကာလ၌ အချိန်ခရီးသွားသူနဲ့ ပြန်လည်မွေးဖွားသူများက ဂေါ်ဖီထုပ်ကဲ့သို့ များပြားလွန်းနေသည်လား? နေရာတိုင်းတွင် တွေ့နေရသကဲ့သို့ ပေါများလွန်းနေသည်ပင်။

 

လင်းရန် မယုံနိုင်သေးချေ။

 

ထိုအခိုက်တွင် စုန့်စစ်ယွီမှ နောက်ဆက်တွဲ ပြောလာခဲ့သည့် စကားများက သူမကို ယုံကြည်ဖို့တွန်းအားပေးလာခဲ့ပေသည်။

 

နောက်တစက္ကန့်၌ နောင်တ ရစွာနှင့် ခေါင်းငုံ့နေခဲ့သည့် စုန့်စစ်ယွီမှ  ရုတ်တရက် ခေါင်းမော့၍ စုန့်ဝေ့ဆီသို့ ကြည့်ကာ ပြောလာခဲ့သည်။

 

အဖေ၊ ကျွန်မ ကျေးလက်ကိုသွားဖို့  တကယ်စီစဥ်ထားတာမဟုတ်ပါဘူး၊ အဖေ့ကို ဒေါသထွက်နေလို့ တမင် ကျေးလက်ကိုသွားဖို့အတွက် လျှောက်လွှာတစ်စောင်ကို သွားထားခဲ့တာ၊ ကျွန်မ အဲဒါကို ပြန်ယူဖို့ စိတ်ကူးထားတယ်၊ အဖေ့ကို စိတ်ဆိုးနေခဲ့လို့သာ...

 

စုန့်ဝေ့မှာ ဤကိစ္စကို အစောပိုင်း မေ့လျော့နေခဲ့သော်လည်း ယခု စုန့်စစ်ယွီက ဤသို့ပြောလာသည်ကို ကြားလိုက်ရချိန်တွင် သူ့၏နှလုံးသား ထဲမှ ကျောက်တုံးမှာ မြေပြင်ပေါ်သို့ ပြန်လည် ပြုတ်ကျသွားခဲ့သည်။

 

သူ စိတ်သက်သာရာရစွာ ပြုံးလိုက်ချင်သော်လည်း စည်းကမ်းတင်းကြပ်သည့် အမူအရာကို ဆုပ်ကိုင်ထားခဲ့သေးသည်။

 

မင်းအသက်ဘယ်လောက်ရှိနေပြီလဲ၊ အခုထိ ကလေးလိုမျိုး လုပ်နေသေးတာလား ၊ စုန့်စစ်ယွီ  မင်းက အမှားတွေကို အသိစိတ်ရှိရှိနှင့် ဝန်ခံခဲ့ပေမဲ့ ကိစ္စတွေက မင်းလုပ်ထားပြီးသားဖြစ်နေပြီ၊ ဒီတော့ နောက်ဆက်တွဲ အကျိုးဆက်တွေကို မင်း ခံယူရလိမ့်မယ်၊

 

မနက်ဖြန် ပညာတတ်လူငယ်ရေးရာရုံးကိုသွားပြီး တောင်းပန်သင့်တာကိုတောင်းပန်ပြီး ဖြေရှင်းလိုက်၊ ပြန်ရောက်လာရင် ကိစ္စတွေကို ပြန်တွေးဖို့  နှစ်ရက်လောက်တံခါးပိတ်နေရမယ်

 

စုန့်စစ်ယွီက ငြင်းဆိုခြင်းမပြုခဲ့ဘဲ ယခင်က ရှိသည့်ခုခံမှုများကို စွန့်လွှတ်လိုက်ကာ ယဉ်ကျေးသိမ်မွေ့သော အမူအရာဖြင့် ခေါင်းညိတ်တုံ့ပြန်ခဲ့သည်။

 

စုန့်မိသားစု၏ အဖေနဲ့သမီးနှစ်ယောက်လုံးကတော့ ထိုရလဒ်ကို ကျေနပ်နေသည့်ပုံပင်။ သူတို့၏စကားကိုကြားပြီးနောက် လင်းရန်ကတော့ အော်ဟစ်ချင်နေပြီ:

 

အိုး မဖြစ်ဘူး!

 

စုန့်စစ်ယွီက တကယ်ကို ပြန်လည်မွေးဖွားလာခဲ့ခြင်းဖြစ်နိုင်ပြီး သူမ၏ ခန့်မှန်းချက်မှာ မှန်ကန်ပုံရသည်။

 

ဤသို့ သဘောထား ရုတ်တရက်ပြောင်းလဲခြင်းနှင့် မူလဇာတ်ကွက်များမှ လုံးဝဆန့်ကျင်ဘက်သို့ ဖြစ်စေခြင်းအရ_  စုန့်စစ်ယွီသာ ကျေးလက်သို့ မသွားပါက ကျေးလက်တွင် ခံစားခဲ့ရသော ထိုဆင်းရဲဒုက္ခရောက့ခဲ့ရသည့်နေ့ရက်များကို လုံးဝရှောင်ရှားနိုင်လိမ့်မည်ဖြစ်သည်။

 

တကယ်တမ်းတွင် ဤသည်က မှားယွင်းခြင်း မရှိပါချေ။ အဆုံး၌ လူများက ကိုယ့်အတွက် အကျိုးရှိသည့် ဆုံးဖြတ်ချက်များကိုသာ ရွေးကြလိမ့်မည်မဟုတ်ပါလား။

 

သို့သော် စုန့်စစ်ယွီသာ ဆင်းရဲဒုက္ခကို  ရှောင်ရှားနိုင်လိုက်မည်ဆိုပါက ကြံစည်မှုအတွက် ဦးတည်ချက်က ပြောင်းလဲသွားမည်ဖြစ်ကာ လင်းရန်အတွက် လုံခြုံမှုမရှိနိုင်တော့ချေ။

 

ဤသည်ကိုတွေးပြီးနောက် လင်းရန်မှာ ညဘက်၌ပင် ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့။

 

သူမ ညဘက်၌ ဆီးသွားလိုခြင်းကြောင့် နိုးလာခဲ့ကာ အိပ်ရာမှထ၍ အိမ်သာသို့ သွားခဲ့ရသည်။

 

မထင်မှတ်ပဲ စင်္ကြံလမ်းမှ ဖြတ်သွားသည့်အချိန်တွင် စုန့်ဝေ့နှင့် လီရှို့လီတို့၏အခန်းထဲမှ စကားပြောသံကို ကြားလိုက်ရလေသည်။

 

ရှို့လီ၊ မိသားစုထဲက ကလေးနှစ်ယောက်က အရမ်းမငယ်တော့ဘူး၊ သူတို့အတွက် အိမ်ထောင်ရေးကို စပြီး စဉ်းစားသင့်တယ်လို့ ထင်လား

 

ဟမ်.. ရှင်ပြောတော့ ကလေးနှစ်ယောက်က ငယ်သေးတယ်ဆို ...

 

အရင်တုန်းကတော့ အဲလိုပဲ၊ ဒါပေမဲ့  အခုအခြေအနေက ပြောင်းသွားပြီးပြီ၊ အခု လမ်းတစ်ဖက်ကရုံးက ပညာတတ်လူငယ်တွေကို ကျေးလက်ကို သွားခိုင်းနေတယ်လေ၊ ငါတို့မိသားစုမှာ ဒီအသက်အရွယ်အတွက် ကလေးနှစ်ယောက် ကျန်သေးတယ်၊

 

ဒါကို မသိခင်ကတော့ မေ့ထားလိုက်လို့ရတယ်၊ ဒါပေမယ့် အဲဒီကောင်မဆိုးလေး စုန့်စစ်ယွီက ငါ့ကို တိုက်ခိုက်ဖို့အတွက် ဖောင် သွားယူခဲ့တယ်လေ၊ အခုပညာတတ်လူငယ်ရုံးက လူတွေက ဒါကို သိသွားလောက်ပြီ

 

ဒါပေမယ့် ရှင် စစ်ယွီ မနက်ဖန် အဲဒီကိုသွားပြီး တောင်းပန်ဖို့ ခိုင်းထားပြီမလား၊ ဒါဆို ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးမလား  

ဘယ်လိုလုပ်ပြီး  ပြဿနာတစ်ခုမှ မဖြစ်နိုင်ဘဲ  ရှိနေမှာလဲ၊ ငါ့ရဲ့လက်ရှိအနေအထားကြောင့် လူတိုင်းက ငါ့ကို အင်ဂျင်နီယာစုန့်၊ အင်ဂျင်နီယာစုန့်နှင့် ခေါ်နေကြပေမဲ့ သူတို့က ငါ့ကိုတိတ်တိတ်လေး ဆွဲချချင်နေကြတာ၊

 

အခု စုန့်စစ်ယွီက လျှောက်လွှာကိုသွားတင်ပြီးမှ မသွားတော့ဘူးဆိုပြီး ပြန်တောင်းပန်လိုက်တာနဲ့ သူတို့အတွက် အပြစ်တင်စရာအကွက်ရသွားတာနှင့် အတူတူပဲ၊ တောင်းပန်လိုက်ရုံနှင့် ဒီအဖြစ်အပျက်ကို သေချာပေါက် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး

 

စုန့်ဝေ့၏ သုံးသပ်ချက်ကိုကြားသည်တွင် လီရှို့လီမှာ အလွန် ထိတ်လန့်သွားရပြီး ပြောလာခဲ့သည်။

 

ဒါဆို ကျွန်မတို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ၊ စစ်ယွီကို ကျေးလက်ကို လွှတ်လိုက်ဖို့ မဖြစ်နိုင်ဘူး!

 

ဒီကောင်မလေးသာ ကျေးလက်ကို တကယ်သွားမယ်ဆိုရင်တော့ ကောင်းလိမ့်မယ်၊ ဒါပေမယ့် သူမက တကယ်သွားချင်နေတာမဟုတ်ဘူးလေ၊ ဒီတော့ ငါ သူ့ကို မောင်းမထုတ်နိုင်ဘူး

 

သေချာပေါက်သွားခိုင်းလို့မရဘူး! စစ်ယွီက မသွားသင့်ဘူး၊ ကျေးလက်က လူတွေရဲ့ဘဝက လုံးဝလွယ်ကူတာမဟုတ်ဘူး၊ ကျွန်မ သူ့ကိုစေလွှတ်ဖို့အတွက် လုံးဝသဘောမတူနိုင်ဘူး

 

ဒါပေမယ့်... အခု အကောင်းဆုံးနည်းလမ်းက ကလေးကို ကျေးလက်ဒေသဆီလွှတ်လိုက်ဖို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ငါတို့မိသားစုမှာ ဘေးနားမှာ ကလေးတစ်ယောက်ရှိတော့တယ်ဆိုပြီး လူတိုင်းကို အသိပေးလိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး

 

အာ.. ဒါက ဘာကိုဆိုလိုတာလဲ၊ လောင်စုန့်၊ ရှင် ကျွန်မကို ရှင်းရှင်းလင်းလင်း ရှင်းပြစမ်းပါ၊ ကျွန်မ  ဘာလို့ နားမလည်နိုင်ရတာလဲ

 

***