(4)
စားသောက်ပြီးနောက်တွင် လင်းရန် အိမ်သို့ ဖြည်းညှင်းစွာ
လမ်းလျှောက်၍ပြန်လာခဲ့သည်။
ဤလျှောက်လွှာကို သူမ မနက်ဖြန်မှသာ တင်သွင်းမှာဖြစ်ကာ
စောစောစီးစီး တင်ဖို့ မစီစဉ်ထားခဲ့ပါချေ။
ဤအချိန်တွင် “မတော်တဆ”
တစ်ခုခုဖြစ်သွားပါက သူမသည် စုန့်မိသားစုတွင် နောက်ထပ်တစ်နှစ်နေရဖို့
ဖြစ်သွားလိမ့်မည်။ သူမ ဤနေရာတွင် ထပ်၍မနေချင်တော့ပေ။
သူမ အိမ်သို့ ဖြည်းညှင်းစွာ ပြန်လာခဲ့ပြီး
အိမ်ကိုရောက်ချိန်တွင် စုန့်ဝေ့နှင့်တခြားလူများအိမ်သို့ ပြန်ရောက်နေသည်ကို
မျှော်လင့်ဘဲတွေ့ခဲ့ရသည်။
စုန့်ဝေ့နှင့် စုန်စစ်ယွီတို့က ဆိုဖာပေါ်တွင်
ထိုင်နေခဲ့ကြပြီး လီရှို့လီကတော့ မီးဖိုချောင်ထဲတွင် ဆက်လက် ချက်ပြုတ်နေခဲ့သည်။
ဆိုဖာပေါ်တွင်ထိုင်နေခဲ့သော လူနှစ်ယောက်ကလည်း လင်းရန် ဝင်လာသည်ကို တွေ့လိုက်ရပြီး
နှစ်ယောက်ထဲမှ တစ်ယောက်က သူမကို ကြင်နာစွာ နှုတ်ဆက်လာချေသည်။
“ရန်ရန် ပြန်လာပြီလား၊ အပြင်မှာ ဘာတွေစားခဲ့လဲ၊ မင်း
ဗိုက်မပြည့်သေးရင် အန်ကယ် မင်းအမေကို တစ်ခုခုလုပ်ခိုင်းလိုက်မယ်လေ”
လင်းရန်ကို အလွန်ဂရုစိုက်သူကတော့ သဘာဝကျစွာဖြင့်
စုန့်ဝေ့သာဖြစ်ချေသည်။
လင်းရန်က ပုံမှန်အတိုင်း ချိုချိုသာသာ ပြုံးပြခဲ့သည်။
“အန်ကယ်စုန့် သမီး ဗိုက်ပြည့်နေပြီ၊ သမီး ဝက်သားနှပ်၊
ဝက်သားကြော်ချက်နဲ့ ဖက်ထုပ်တစ်ခြင်းစားခဲ့တယ်၊ အခု ဗိုက်အရမ်းပြည့်နေပြီ!”
ထိုကဲ့သို့ အသားဟင်းကြီးသုံးမျိုးကို ကြားလိုက်ရသည်တွင်
စုန့်ဝေ့၏ အပြုံးမှာ အေးခဲသွားခဲ့သည်။
သူ့၏လစာက များသော်လည်း စားသောက်ဆိုင်တွင် အသားဟင်း
သုံးမျိုးကို တစ်ယောက်တည်း မှာစားရလောက်သည်အထိတော့ မဟုတ်သေးချေ!
ထို့ကြောင့် လင်းရန်မှ ထိုဟင်းသုံးမျိုးကို
ထုတ်ပြောလာသည်ကို ကြားလိုက်ရသောအချိန်တွင် သူ့၏နှလုံးသားမှာ
မနာကျင်သွားရဘဲမနေပါချေ။
စုန့်ဝေ့၏ အပြုံး ခဏတာမျှ ပျက်ယွင်းသွားသည်ကို
မြင်လိုက်ရသော လင်းရန်ကတော့ ခံစားချက်များ ပိုကောင်းမွန်လာရသည်။
“ဒီနေ့ စားဖိုမှူး ချက်ထားတဲ့ ဟင်းတွေက အရသာ လုံးဝမရှိဘူး၊
ကျွန်မ နည်းနည်းလောက်ကိုက်ကြည့်ပြီးသွားတော့ ဆက်တောင်မစားနိုင်လောက်အောင်ပဲ၊ အမေ
ချက်တာလောက်တောင်စားလို့ မကောင်းဘူး!”
သူမက နှုတ်ခမ်းကို ကွေးညွတ်လိုက်ပြီး သူမ၏ မနှစ်မျို့သော
လေသံက စုန့်ဝေ့၏အပြုံးကို ပို၍ရုပ်ဆိုးစေခဲ့သည်။
လင်းရန်က အစားအစာများကိုတော့ သေချာပေါက်
မဖြုန်းတီးခဲ့ပါချေ။ သူမက စုန့်ဝေ့အား ခံစားရခက်စေရန်အတွက်
တမင်သက်သက်ပြောခဲ့ခြင်းသာဖြစ်ချေသည်။ သို့သော် ဤလူမှာ အမှန်တကယ်ပင် စနောက်
လှောင်ပြောင်ခြင်းမပြုနိုင်သည်ကိုမြင်တွေ့လိုက်ရပြီး သူ့၏စိတ်ခံစားချက်က
ဖောက်ထွက်လုနီးပါးဖြစ်လာကာ သူ၏သရုပ်မှန်ကို ပေါ်လွင်လုနီးပါးဖြစ်လာခဲ့သည်။
မူလပိုင်ရှင်၏ ရိုးရှင်းလွန်းမှုကိုသာ ကျေးဇူးတင်ရမည်။ ဤမျှ
နှစ်ပေါင်းများစွာကြာသည့်တိုင် စုန့်ဝေ့၏ ညံ့ဖျင်းသည့် သရုပ်ဆောင်စွမ်းရည်ကို
သတိမထားမိနိုင်ခဲ့ချေ။
“အန်ကယ်စုန့်.. အန်ကယ် ဘာလို့ ငြိမ်နေတာလဲ၊ ကျွန်မ ဒီည
ညစာအတွက် ရှစ်ယွမ်ခွဲ ကုန်သွားပြီ၊ အဲဒါ ကျွန်မကို အရင်ပေးလို့ရမလား၊ ကျွန်မ
မနက်ဖြန် တစ်ခုခု သွားဝယ်ချင်လို့”
စုန့်ဝေ့မှာ လင်းရန်တစ်ယောက်တည်း အရသာအများကြီးရှိသည့်
အစားအစာများကို တစ်ယောက်တည်း မှာယူစားသောက်ခဲ့သည့်အတွက် နာကျင်နေဆဲဖြစ်ပြီး
နောက်ထပ်စက္ကန့်ပိုင်းအတွင်း သူမက မနက်ဖြန်မှာ ဈေးဝယ်ထွက်ဖို့ စီစဉ်နေသည်ကို
ကြားခဲ့ရပြန်သည်။
သူက ထပ်ခါထပ်ခါ သည်းခံနိုင်ခဲ့သော်လည်း ထပ်မံ
ထိန်းမထားနိုင်ခဲ့တော့ချေ။ သူက ဒေါသကို ချုပ်တည်းကာ လေးနက်သည့်သဘောထားဖြင့်
အကြံပြုလိုက်သည်။
“ ရန်ရန် မင်းရဲ့အန်ကယ်ကတော့ မင်းကို ဘာမှပြောမှာမဟုတ်ဘူး၊
ဒါပေမဲ့ မင်းကို ဒီနေ့ အပြင်မှာ အသားဟင်းသုံးမျိုးမှာစားနေတာကို တခြားလူတွေတွေ့ရင်
သူတို့က မင်းကို အလွန်အမင်း ဖြုန်းတီးနေတယ်ဆိုပြီး မကောင်းပြောလာကြမှာ သေချာတယ် ၊
ဒါကြောင့် နောက်ပိုင်းမှာကျရင် မင်းဆက်ပြီး...”
နောက်ပိုင်းတွင်
ယခုလိုမျိုးအလွန်အကြွံသုံးစွဲခြင်းမပြုသင့်ဘဲ ထိန်းသိမ်းသင့်သည်ဟု
သူပြောတော့မည်ဖြစ်သော်လည်း လင်းရန်က သူ့အား စကားတစ်ခွန်းတည်းဖြင့်
တားဆီးလိုက်လေသည်။
“သူတို့တွေ ပြောတဲ့စကားလား၊ သူတို့က သေချာပေါက် ကျွန်မကို
မနာလိုဖြစ်နေလိမ့်မယ်၊ ကျွန်မမှာ အန်ကယ်စုန့်လိုမျိုး အရမ်းကောင်းတဲ့
အန်ကယ်တစ်ယောက် ရှိနေတာလေ၊
အန်ကယ်စုန့်က ကျွန်မအတွက်လည်း ပိုက်ဆံအများကြီးသုံးပေးတယ်၊
သူတို့မှာက အဲလိုမျိုး မရှိဘူးမလား?
သူတို့က သူတို့မှာ ကျွန်မလိုမျိုး
ပိုက်ဆံတွေအများကြီးမရှိလို့ စိတ်ညစ်နေကြရမှာလေ၊ ဘာပဲပြောပြော အန်ကယ်စုန့်က
ကျွန်မကို အချစ်ဆုံးပဲဆိုတာ ကျွန်မသိတယ်၊ အန်ကယ်စုန့်က ကျွန်မအတွက်
အတွေးပေးဆုံးလူပဲ!”
စုန့်ဝေ့: “.......”
စုန့်ဝေ့ အမှန်တကယ်မရယ်နိုင်တော့ချေ။
သူ့ကိုယ်သူ ခြေထောက်ပေါ်သို့ကျောက်တုံးပစ်ချဖူးသည့်
အတွေ့အကြုံကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခဲ့ပြီ။
သူတို့နှစ်ယောက် စကားပြောနေချိန်တွင် ဘေးနားမှ
ဆိုဖာပေါ်တွင်ထိုင်နေသည့် စုန်စစ်ယွီက သူတို့နှစ်ယောက်ဆီကို အတွေးအပြည့်ဖြင့်
ကြည့်နေခဲ့သည်။
ထို့ကြောင့် စကားတစ်ခွန်းက သူမ၏ စိတ်ထဲသို့
ချက်ချင်းဝင်ရောက်လာခဲ့သည်:
စုန့်စစ်ယွီကလည်း သူမလိုမျိုး အချိန်တွေ
ကူးပြောင်းလာခဲ့တာလား ဒါမှမဟုတ် သူမက... ပြန်လည်မွေးဖွားလာခဲ့တာလား။
အကယ်၍ သူမသာ အချိန် ခရီးသွားခြင်းဖြစ်နေပါက၊ လက်ရှိအခြေအနေက
လုံခြုံခြင်းရှိ၊မရှိ သေချာအောင် စစ်ဆေးရန်အတွက် ယေဘူယျအားဖြင့် ပုံမှန်မဟုတ်သော
အရာများကို မြန်မြန်ဆန်ဆန် ဖော်ထုတ်လာလိမ့်မည်မဟုတ်ပေ။
သို့သော် သူမသာ ပြန်လည်မွေးဖွားလာခြင်းဆိုပါက
ဤမျှလောက်သတိထားနေရန် မလိုအပ်ပေ။ အဆုံး၌ စုန့်ဝေ့မှာ စုန့်စစ်ယွီ၏
ဖခင်အရင်းဖြစ်သည်။
သူမက ဖခင်အရင်းဖြစ်သူအား “
ဆိုးသွမ်းသည့်မယားပါသမီး”ကိုသာ ဘက်လိုက်သည့်အတွက် ဒေါသထွက်ကာ သူ့အား
ပြောဆိုခဲ့သည့် စကားများအပေါ် ဝမ်းနည်းနေလိမ့်သည်။
ထပ်ပေါင်း၍ဆိုရသော် ဤသည်က သူမ၏
ကိုယ်ပိုင်အိမ်ဖြစ်နေသောကြောင့် သူမ အလွန်အမင်း စိုးရိမ်နေစရာ မလိုအပ်ချေ။
သို့သော်လည်း ဤခေတ်ကာလ၌ အချိန်ခရီးသွားသူနဲ့
ပြန်လည်မွေးဖွားသူများက ဂေါ်ဖီထုပ်ကဲ့သို့ များပြားလွန်းနေသည်လား? နေရာတိုင်းတွင်
တွေ့နေရသကဲ့သို့ ပေါများလွန်းနေသည်ပင်။
လင်းရန် မယုံနိုင်သေးချေ။
ထိုအခိုက်တွင် စုန့်စစ်ယွီမှ နောက်ဆက်တွဲ ပြောလာခဲ့သည့်
စကားများက သူမကို ယုံကြည်ဖို့တွန်းအားပေးလာခဲ့ပေသည်။
နောက်တစက္ကန့်၌ “နောင်တ”
ရစွာနှင့် ခေါင်းငုံ့နေခဲ့သည့် စုန့်စစ်ယွီမှ ရုတ်တရက် ခေါင်းမော့၍
စုန့်ဝေ့ဆီသို့ ကြည့်ကာ ပြောလာခဲ့သည်။
“အဖေ၊ ကျွန်မ ကျေးလက်ကိုသွားဖို့
တကယ်စီစဥ်ထားတာမဟုတ်ပါဘူး၊ အဖေ့ကို ဒေါသထွက်နေလို့ တမင် ကျေးလက်ကိုသွားဖို့အတွက်
လျှောက်လွှာတစ်စောင်ကို သွားထားခဲ့တာ၊ ကျွန်မ အဲဒါကို ပြန်ယူဖို့ စိတ်ကူးထားတယ်၊
အဖေ့ကို စိတ်ဆိုးနေခဲ့လို့သာ...”
စုန့်ဝေ့မှာ ဤကိစ္စကို အစောပိုင်း မေ့လျော့နေခဲ့သော်လည်း
ယခု စုန့်စစ်ယွီက ဤသို့ပြောလာသည်ကို ကြားလိုက်ရချိန်တွင် သူ့၏နှလုံးသား ထဲမှ
ကျောက်တုံးမှာ မြေပြင်ပေါ်သို့ ပြန်လည် ပြုတ်ကျသွားခဲ့သည်။
သူ စိတ်သက်သာရာရစွာ ပြုံးလိုက်ချင်သော်လည်း
စည်းကမ်းတင်းကြပ်သည့် အမူအရာကို ဆုပ်ကိုင်ထားခဲ့သေးသည်။
“မင်းအသက်ဘယ်လောက်ရှိနေပြီလဲ၊ အခုထိ ကလေးလိုမျိုး
လုပ်နေသေးတာလား ၊ စုန့်စစ်ယွီ မင်းက အမှားတွေကို အသိစိတ်ရှိရှိနှင့်
ဝန်ခံခဲ့ပေမဲ့ ကိစ္စတွေက မင်းလုပ်ထားပြီးသားဖြစ်နေပြီ၊ ဒီတော့ နောက်ဆက်တွဲ
အကျိုးဆက်တွေကို မင်း ခံယူရလိမ့်မယ်၊
မနက်ဖြန် ပညာတတ်လူငယ်ရေးရာရုံးကိုသွားပြီး
တောင်းပန်သင့်တာကိုတောင်းပန်ပြီး ဖြေရှင်းလိုက်၊ ပြန်ရောက်လာရင် ကိစ္စတွေကို
ပြန်တွေးဖို့ နှစ်ရက်လောက်တံခါးပိတ်နေရမယ်”
စုန့်စစ်ယွီက ငြင်းဆိုခြင်းမပြုခဲ့ဘဲ ယခင်က
ရှိသည့်ခုခံမှုများကို စွန့်လွှတ်လိုက်ကာ ယဉ်ကျေးသိမ်မွေ့သော အမူအရာဖြင့်
ခေါင်းညိတ်တုံ့ပြန်ခဲ့သည်။
စုန့်မိသားစု၏ အဖေနဲ့သမီးနှစ်ယောက်လုံးကတော့ ထိုရလဒ်ကို
ကျေနပ်နေသည့်ပုံပင်။ သူတို့၏စကားကိုကြားပြီးနောက် လင်းရန်ကတော့ အော်ဟစ်ချင်နေပြီ:
အိုး မဖြစ်ဘူး!
စုန့်စစ်ယွီက တကယ်ကို
ပြန်လည်မွေးဖွားလာခဲ့ခြင်းဖြစ်နိုင်ပြီး သူမ၏ ခန့်မှန်းချက်မှာ မှန်ကန်ပုံရသည်။
ဤသို့ သဘောထား ရုတ်တရက်ပြောင်းလဲခြင်းနှင့်
မူလဇာတ်ကွက်များမှ လုံးဝဆန့်ကျင်ဘက်သို့ ဖြစ်စေခြင်းအရ_ စုန့်စစ်ယွီသာ
ကျေးလက်သို့ မသွားပါက ကျေးလက်တွင် ခံစားခဲ့ရသော
ထိုဆင်းရဲဒုက္ခရောက့ခဲ့ရသည့်နေ့ရက်များကို လုံးဝရှောင်ရှားနိုင်လိမ့်မည်ဖြစ်သည်။
တကယ်တမ်းတွင် ဤသည်က မှားယွင်းခြင်း မရှိပါချေ။ အဆုံး၌
လူများက ကိုယ့်အတွက် အကျိုးရှိသည့် ဆုံးဖြတ်ချက်များကိုသာ
ရွေးကြလိမ့်မည်မဟုတ်ပါလား။
သို့သော် စုန့်စစ်ယွီသာ ဆင်းရဲဒုက္ခကို
ရှောင်ရှားနိုင်လိုက်မည်ဆိုပါက ကြံစည်မှုအတွက် ဦးတည်ချက်က ပြောင်းလဲသွားမည်ဖြစ်ကာ
လင်းရန်အတွက် လုံခြုံမှုမရှိနိုင်တော့ချေ။
ဤသည်ကိုတွေးပြီးနောက် လင်းရန်မှာ ညဘက်၌ပင်
ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့။
သူမ ညဘက်၌ ဆီးသွားလိုခြင်းကြောင့် နိုးလာခဲ့ကာ အိပ်ရာမှထ၍
အိမ်သာသို့ သွားခဲ့ရသည်။
မထင်မှတ်ပဲ စင်္ကြံလမ်းမှ ဖြတ်သွားသည့်အချိန်တွင်
စုန့်ဝေ့နှင့် လီရှို့လီတို့၏အခန်းထဲမှ စကားပြောသံကို ကြားလိုက်ရလေသည်။
“ရှို့လီ၊ မိသားစုထဲက ကလေးနှစ်ယောက်က အရမ်းမငယ်တော့ဘူး၊
သူတို့အတွက် အိမ်ထောင်ရေးကို စပြီး စဉ်းစားသင့်တယ်လို့ ထင်လား”
“ဟမ်.. ရှင်ပြောတော့ ကလေးနှစ်ယောက်က ငယ်သေးတယ်ဆို ...”
“အရင်တုန်းကတော့ အဲလိုပဲ၊ ဒါပေမဲ့ အခုအခြေအနေက
ပြောင်းသွားပြီးပြီ၊ အခု လမ်းတစ်ဖက်ကရုံးက ပညာတတ်လူငယ်တွေကို ကျေးလက်ကို
သွားခိုင်းနေတယ်လေ၊ ငါတို့မိသားစုမှာ ဒီအသက်အရွယ်အတွက် ကလေးနှစ်ယောက် ကျန်သေးတယ်၊
ဒါကို မသိခင်ကတော့ မေ့ထားလိုက်လို့ရတယ်၊ ဒါပေမယ့်
အဲဒီကောင်မဆိုးလေး စုန့်စစ်ယွီက ငါ့ကို တိုက်ခိုက်ဖို့အတွက် ဖောင် သွားယူခဲ့တယ်လေ၊
အခုပညာတတ်လူငယ်ရုံးက လူတွေက ဒါကို သိသွားလောက်ပြီ”
“ဒါပေမယ့် ရှင် စစ်ယွီ မနက်ဖန် အဲဒီကိုသွားပြီး
တောင်းပန်ဖို့ ခိုင်းထားပြီမလား၊ ဒါဆို ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးမလား”
“ဘယ်လိုလုပ်ပြီး ပြဿနာတစ်ခုမှ မဖြစ်နိုင်ဘဲ
ရှိနေမှာလဲ၊ ငါ့ရဲ့လက်ရှိအနေအထားကြောင့် လူတိုင်းက ငါ့ကို အင်ဂျင်နီယာစုန့်၊
အင်ဂျင်နီယာစုန့်နှင့် ခေါ်နေကြပေမဲ့ သူတို့က ငါ့ကိုတိတ်တိတ်လေး ဆွဲချချင်နေကြတာ၊
အခု စုန့်စစ်ယွီက လျှောက်လွှာကိုသွားတင်ပြီးမှ
မသွားတော့ဘူးဆိုပြီး ပြန်တောင်းပန်လိုက်တာနဲ့ သူတို့အတွက်
အပြစ်တင်စရာအကွက်ရသွားတာနှင့် အတူတူပဲ၊ တောင်းပန်လိုက်ရုံနှင့် ဒီအဖြစ်အပျက်ကို
သေချာပေါက် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”
စုန့်ဝေ့၏ သုံးသပ်ချက်ကိုကြားသည်တွင် လီရှို့လီမှာ အလွန်
ထိတ်လန့်သွားရပြီး ပြောလာခဲ့သည်။
“ဒါဆို ကျွန်မတို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ၊ စစ်ယွီကို
ကျေးလက်ကို လွှတ်လိုက်ဖို့ မဖြစ်နိုင်ဘူး!”
“ဒီကောင်မလေးသာ ကျေးလက်ကို တကယ်သွားမယ်ဆိုရင်တော့
ကောင်းလိမ့်မယ်၊ ဒါပေမယ့် သူမက တကယ်သွားချင်နေတာမဟုတ်ဘူးလေ၊ ဒီတော့ ငါ သူ့ကို
မောင်းမထုတ်နိုင်ဘူး”
“သေချာပေါက်သွားခိုင်းလို့မရဘူး! စစ်ယွီက မသွားသင့်ဘူး၊
ကျေးလက်က လူတွေရဲ့ဘဝက လုံးဝလွယ်ကူတာမဟုတ်ဘူး၊ ကျွန်မ သူ့ကိုစေလွှတ်ဖို့အတွက်
လုံးဝသဘောမတူနိုင်ဘူး”
“ဒါပေမယ့်... အခု အကောင်းဆုံးနည်းလမ်းက ကလေးကို
ကျေးလက်ဒေသဆီလွှတ်လိုက်ဖို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ငါတို့မိသားစုမှာ ဘေးနားမှာ
ကလေးတစ်ယောက်ရှိတော့တယ်ဆိုပြီး လူတိုင်းကို အသိပေးလိုက်ဖို့ကလွဲပြီး
ရွေးချယ်စရာမရှိတော့ဘူး”
“အာ.. ဒါက ဘာကိုဆိုလိုတာလဲ၊ လောင်စုန့်၊ ရှင် ကျွန်မကို
ရှင်းရှင်းလင်းလင်း ရှင်းပြစမ်းပါ၊ ကျွန်မ ဘာလို့ နားမလည်နိုင်ရတာလဲ”
**