Chapter 7
Viewers 1k

တွေ့ဆုံမှု



5 နှစ်ကြာသောအခါ …….



[ရှန် မင်းတရုတ်ကို ပြန်တော့မယ်လို့ ကြားတယ်။ အချိန်ရရင် တစ်ခါလောက် လာသောက်လိုက်ပါဦး]



[ရှန်... မင်းအတွက် နှုတ်ဆက်ပွဲရှိတယ်။ သောကြာည ၇ နာရီ ကင်းဘားကို အချိန်မီလာခဲ့ကွာ]



[ရှန် လောင်ဂျွန်ပါ.. မင်းနဲ့ပြောစရာရှိတယ်]



ဒါက သာမန်‌တစ်ယောက်နေတိုက်ခန်းဖြစ်ပြီး သိပ်မကြီးပေမဲ့ ပစ္စည်းအနည်းငယ်သာရှိသောကြောင့် အတော်လေးနေရာလွတ်သည်။



တိုက်ခန်း၏ထောင့်တွင်မူ ရှန်ရှီးသည် ဖုန်းမှအသံမက်ဆေ့များကို အာရုံသိပ်မစိုက်ဘဲနားထောင်နေရင်း ကုန်းပြီးသူ့ခရီးဆောင်အိတ်ကိုထုပ်ပိုးနေ၏။ လွန်ခဲ့သော၅နှစ်နှင့်ယှဉ်လျှင် ရှန်ရှီး၏ကိုယ်သည် သိသိသာသာရှည်လာပြီး ဆယ်ကျော်သက်၏ငယ်ရွယ်မှုတို့ စပြီးပျောက်ကွယ်ကာ လူငယ်တစ်ယောက်၏ ကောက်ကြောင်းကပို၍ထင်ရှားလာသည်။



 ပုံမှန်လေ့ကျင့်ခန်းလုပ်သည့်အတွက် ရှန်ရှီး၏ခန္ဓာကိုယ်မှာ ပိန်ပါးသော်လည်း ကြွက်သားနှင့်ပြည့်စုံပြီး လွန်ခဲ့သောငါးနှစ်က ပိန်ပါးမှုနှင့် အများကြီးကွာခြား၏။ 



သူတို့၏ဖခင်နှင့်ဆင်တူသော ရှန်ကျိ၊ ရှန်ချိန်၊ သူ၏မိခင်နှင့်ဆင်တူသော ရှန်ရုံတို့နှင့်ခြားနားကာ ရှန်ရှီးသည် ဖခင်ဖြစ်သူရော ဆုံးပါးသွားသည့်မိခင်ဖြစ်သူရောနှင့် မတူပေ။ 



ပထမအကြည့်တစ်ချက်တွင် အရွယ်ရောက်သောရှန်ရှီးသည် သူ၏ဦးလေးဖြစ်သူ ဟန်ယွီ၏ပုံတူဖြစ်သည်။ ငယ်ရွယ်စဉ်ကလို သုန်မှုန်ပြီး ကြမ်းတမ်းသောအမူအရာမရှိတော့ဘဲ လက်ရှိရှန်ရှီးသည် ကြင်နာတတ်ပြီး အသိဉာဏ်ရှိပုံရ၏။ 



ဖုန်းမက်ဆေ့တွေက တစ်ခုပြီးတစ်ခုဝင်လာနေသေးသည်။ အများစုကိုပို့သောသူက လောင်ဂျွန်တစ်ယောက်တည်းသာ။



သူ၏ဇွဲကောင်းမှုမှာ လက်မြှောက်လိုက်ရသော ရှန်ရှီးခမျာ သူလုပ်နေတာကိုရပ်ကာ ဖုန်းယူပြီးပြန်ခေါ်လိုက်ရတော့သည်။



“ဟိုင်း ဂျွန်.. ရှန်ပါ”



“ဘုရားသခင်ကျေးဇူးနဲ့ ရှန် မင်းနောက်ဆုံးတော့ ငါ့ကိုဆက်သွယ်လာပြီပဲ… ငါတို့စကားပြောဖို့လိုတယ်လို့ထင်တယ်”



ဖုန်းလိုင်းမှာပြောနေခြင်းဖြစ်သော်လည်း လောင်ဂျွန် တစ်ဖက်မှစိတ်အေးသွားတာကို ရှန်ရှီးခံစားမိ၏။



နွေးထွေးသောစီးကြောင်းတစ်ခုက ရှန်ရှီးနှလုံးသားတွင် လှိုင်းဖြစ်ပေါ်လာသည်။ 



“ကျေးဇူးပဲ ဂျွန်.. ဒါပေမဲ့ ကျွန်တော့်အတွက်မလိုဘူး”



“ရှန် ငါ့ကိုယုံပါ အမုန်းတရားကဘယ်တော့မှ ငါတို့နှလုံးသားတွေကိုကယ်တင်နိုင်မှာမဟုတ်ဘူး” 



လောင်ဂျွန်က အမြန်ပြောသော်လည်း ရှန်ရှီးကစကားဖြတ်ပြောလိုက်သည်။



“ကျွန်တော်က ကယ်တင်ခံရဖို့မလိုဘူး.. ကျေးဇူးပဲ နှုတ်ဆက်ပါတယ်”



ဖုန်းကိုချပြီးနောက် ရှန်ရှီးလိုင်းဖြုတ်လိုက်၏။ ဖုန်းဆက်၍မရတော့ပြီဖြစ်ရာ နှုတ်ခမ်းမွေးကိုမှုတ်ပြီး မျက်နှာရှုံ့မဲ့နေမည့် လောင်ဂျွန်၏အမူအရာကို တွေးမိသော် ရှန်ရှီး၏နှုတ်ခမ်းက နှေးကွေးစွာအပေါ်ကိုတွန့်ကွေးသွားရသည်။



ရှန်ရှီးနှင့်စကားပြောခဲ့သည့် လောင်ဂျွန်ဆိုသူက ရှန်ရှီးနေခဲ့သောနေရာအနားမှာ စိတ်ရောဂါကုဆေးခန်းဖွင့်ထားသော ကြင်နာပြီး စာနာတတ်သောလူကြီးဖြစ်သည်။ 



လွန်ခဲ့သောလေးနှစ်က အိမ်မက်ဆိုးအဆက်မပြတ်မက်သောကြောင့် ရှန်ရှီးသူ့ဆီကိုသွားခဲ့ကတည်းက လောင်ဂျွန်က ရှန်ရှီး၏သီးသန့်ဆွေးနွေးသူဖြစ်လာ၏။



ရှန်ရှီးတစ်ခါက သူ၏အရင်ဘဝကို ယုတ္ထိမရှိသောအိမ်မက်လိုမျိုး လောင်ဂျွန်ကိုဖော်ပြဖူးသည်။ ရှန်ရှီး၏စကားများတွင် နာကြည်းမှုတွေအများကြီးပါသွားသောကြောင့်လားမပြောတတ် လောင်ဂျွန်က အိမ်မက်ဆိုးတွေကိုဖယ်ရှားချင်လျှင် သူ့နှလုံးသားထဲကအမုန်းတရားများကိုစွန့်လွှတ်ရမည်ဟု ရှန်ရှီးကိုအခိုင်အမာပြော၏။  



ရှန်ရှီးကမူ လောင်ဂျွန်၏စကားများကို အလေးအနက်မထား။ အမုန်းတရားကသာ သူ့ကိုရှေ့ဆက်စေတာဖြစ်သည်။ အမုန်းတရားသာမရှိလျှင် သူ၏ပြန်လည်မွေးဖွားမှုကအဓိပ္ပာယ်ရှိမည်မဟုတ်ချေ။ 



နှလုံးသားနူးညံ့သောအဘိုးကြီးအကြောင်းကို ပြန်တွေးရင်း ရှန်ရှီးအထုပ်အပိုးတွေကို မြန်မြန်သိမ်းလိုက်သည်။ နောက်ဆုံးတစ်ခုကိုသိမ်းပြီးသောအခါ ရှန်ရှီးလစ်ဟာနေသောအခန်းကိုကြည့်ပြီး အောက်မေ့တမ်းတမှုမရှိဘဲ ခရီးဆောင်အိတ်နှင့်အတူ လှည့်ထွက်လာခဲ့လိုက်တော့သည်။



ရှန်ရှီးနေသည့်နေရာက လေဆိပ်နှင့်အတော်အလှမ်းဝေးသည်။ လွန်ခဲ့သောရက်အနည်းငယ်က ထုပ်ပိုးသိမ်းဆည်းရင်း အလုပ်ရှုပ်နေသည့်အတွက် ရှန်ရှီးကောင်းကောင်းအနားမယူခဲ့ရပေ။ ထို့ကြောင့် သူကားထဲကိုရောက်ရောက်ချင်း မျက်လုံးမှိတ်ဖို့အချိန်ယူပြီး အနားယူလိုက်၏။



ပြောရလျှင် ရှန်ရှီးတရုတ်ကိုပြန်ဖို့စီစဉ်ထားသော အချိန်က သူ့အရင်ဘဝက ဖန်းလော့ဝေ ကျုံးကျင်းမှာပေါ်လာပြီးသည့် သုံးလအကြာမှာ ဖြစ်သည်။ ကံမကောင်းစွာနှင့် အစီအစဉ်တွေက အပြောင်းအလဲကိုမလိုက်နိုင်ပေ။ လွန်ခဲ့သောရက်က ဖုန်းခေါ်ဆိုမှုတစ်ခုက ရှန်ရှီး၏အစီအစဉ်ကိုပြောင်းလဲ သွားစေပေသည်။

 


ဖုန်းထဲတွင် ပြောခဲ့သောအကြောင်းအရာများကို တွေးရင်း ရှန်ရှီးမျက်မှောင်ကြုတ်လိုက်၏။ ထိုအချိန်မှာပင် ဖုန်းမြည်လာပြီး လောင် K ဆိုသောနာမည်က ဖုန်းဖန်သားပြင်တွင်ပေါ်လာသည်။



 “ဟယ်လို”



“ဘာလို့မင်းအိမ်ဖုန်းကိုဆက်လို့မရတာလဲ” 



တစ်ဖက်မှအသံက ရှန်ရှီးကသူ့အပေါ် ခွင့်မလွှတ်နိုင်တာလုပ်ထားသလို စွပ်စွဲမှုတွေပြည့်နေ၏။ လည်ချောင်းကို ညှစ်ပြီးပြောသလို စီညံသောအသံက ရှန်ရှီး၏နားထဲဝင်လာသောအခါ ရှန်ရှီးခေါင်းကိုက်လာခြင်းကိုထိန်းထားရန်နဖူးကိုဖိထားလိုက်ရသည်။



ဖုန်းထဲမှ တစ်ဖက်လူသည် ခုချိန်မှာ မျက်လုံးပြူးကာ နှုတ်ခမ်းကိုဆူပြီး ငိုချတော့မယောင်လုပ်ပြနေမှာကို သူပုံဖော်လို့ရ၏။ ထိုအမူအရာမျိုးဟာ လှပသောမိန်းကလေး၏မျက်နှာတွင် အမြင်တင့်တယ်သလို လှပသောကောင်လေး၏ မျက်နှာတွင်လည်း ကြည့်လို့ရဦးမည်ဖြစ်သော်လည်း အသက်သုံးဆယ်ကျော် ပေရေသောမှုတ်ဆိတ်မွေးနှင့်ယောကျာ်းက ထိုအမူအရာလုပ်ခြင်းကို တွေးမိသောအခါ ရှန်ရှီးတစ်ကိုယ်လုံးကြက်သီးထလာရသည်။ 



ရှန်ရှီးသူ၏စိတ်ခံစားချက်များကို မထိန်းညှိနိုင်ခင်မှာပင် တဖက်လူကအားကုန်ပြောလာ၏။ 



“စိတ်ပုတ်တယ် ငါ့ကိုလျစ်လျူရှုနေတာလား” 



“ကျွန်တော် နေ့လည်မှာလေယာဉ်ခရီးစဥ်ရှိလို့ အခုလေဆိပ်ကိုသွားနေတာ” 



ရှန်ရှီး တတ်နိုင်သလောက် သူ့မျက်နှာကို ခံစားချက်မရှိအောင်ထားလိုက်ပြီး တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။ 



တစ်ဖက်လူက ရှန်ရှီးမြန်မြန်လှုပ်ရှားရန် မျှော်လင့်မထားသောကြောင့် အံ့အားသင့်သွားပြီးနောက် ဆူညံလာ၏။ 



“ငါ မင်းနဲ့တွေ့ဖို့အသင့်မဖြစ်သေးရင် ဘယ်လိုလုပ်ရမလဲ..  ခုမှ အလှပြင်ဖို့ နောက်ကျနေပြီများလား.. ငါ့ကိုမကြိုက်တော့ဘဲ နေတော့မှာလား” 


 

ရှန်ရှီး အံကြိတ်လိုက်၏။ 



“လူလိုပြော” 



တဖက်လူသည် ရှန်ရှီး၏သည်းခံနိုင်မှုအတိုင်းအတာကို သိပုံရပြီး ညုတုတုပြုံးသည်။ 



“အမယ်လေး ရှောင်ရှီးရှီး ဒေါသကြီးလိုက်တာ”




ရှန်ရှီးဖုန်းချတော့မည့် နောက်အခိုက်အတန့်ရောက်ခါနီးမှ လောင် K ၏အသံက ပုံမှန်ဖြစ်သွားသည်။ 



“ရှန်သယ်ဟန့် ဒီမနက်မှာ ဆေးရုံကဆင်းလာတယ်..  ငါ သူ့ဆေးမှတ်တမ်းတွေကိုရလိုက်တယ်.. အရင်ရက်တွေတုန်းက ပင်ပန်းလို့မေ့လဲတာ။ တခြားအကြောင်းရင်းမရှိဘူး” 



ရှန်ရှီး၏တုံ့ပြန်မှုကိုမစောင့်ဘဲ လောင် K သည် ထပ်ပြီးစနောက်ပြန်သည်။ 



“ရှောင်ရှီးရှီး မင်းကသနားစရာကောင်းလွန်းတယ်.. ရှန်သယ်ဟန့် လျှို့ဝှက်ပြီးဆေးရုံတက်တာ သူ့တရားမဝင်သားကိုတောင် အရေးပေါ်အသိပေးပေမဲ့ မင်းကိုတော့ဖယ်ကြဉ်ထားတယ်.. ရှန်သယ်ဟန့်က တကယ်ပဲ မင်းကိုအမွေပြတ်လုပ်ဖို့ စီစဉ်နေတာတော့မဟုတ်ဘူးမလား.. မင်း သတိထားသင့်တယ်..  ငါ့စုံစမ်းခတွေမပေးရသေးဘူး‌လေ” 



တစ်ဖက်လူ၏ ပရောပရည်စကားများကို ရှန်ရှီးကျင့်သားရနေပြီဖြစ်သော်လည်း လောင် K က ငွေကြေးဖောင်းပွမှုကြောင့် စုံစမ်းခမြှင့်ပေးဖို့ပြောရာမှ ဤရက်ပိုင်း အလှကုန်ဝယ်ဖို့ပင် မတတ်နိုင်ကြောင်းပြောလာသောအခါ သူမတတ်နိုင်ဘဲ ဖြတ်ပြောလိုက်ရသည်။ 



“ကျွန်တော်ရှာခိုင်းတဲ့လူကို တွေ့ပြီလား” 



အလုပ်ကိစ္စနှင့်ပတ်သက်လျှင် လောင်K က ချက်ချင်းပင်လေးနက်လာသည်။ 



“ငါ့ကတိအတိုင်း နောက်ဆုံးတော့ တစ်ယောက်ရှာတွေ့တယ်” 



“ဘယ်လောက်ထိဆင်တူလဲ” 



ရှန်ရှီး သူအစိုးရိမ်ရဆုံးဖြစ်သော မေးခွန်းကို တိုက်ရိုက်မေးလိုက်၏။ 



“မင်း ဘယ်သူနဲ့ယှဉ်ချင်တာလဲဆိုတဲ့အပေါ် မူတည်တယ်.. ကျိုးမင်မေ့ဆိုရင်တော့ ၇ မှတ်လောက်ပဲတူမယ်.. ဒါပေမဲ့ မင်းပေးတဲ့ပုံနဲ့ယှဉ်ရင်တော့ ၉ မှတ်အပြည့်ပဲ” 



ရှန်ရှီးစိတ်ကျေနပ်စွာပြုံးလိုက်သည်။ 



“လေယာဉ်ကဆင်းဆင်းချင်း ခင်ဗျားဆီကို တန်းလာမှာမို့ ကျွန်တော့်ကို အဲ့ဒီလူနဲ့တွေ့ဖို့ချိန်းပေးပါလား”



တွေးကြည့်ပြီး ရှန်ရှီးထပ်ပြောလိုက်၏။


 

“ခင်ဗျားရှာတွေ့တဲ့လူက တကယ်ပဲ ခင်ဗျားပြောသလိုဆင်တူရင် ကျွန်တော် အခကြေးငွေနှစ်ဆတိုးပေးမယ်”



ပြောပြီးနောက် တစ်ဖက်လူထံမှ ပွစိပွစိပြောလာခြင်းကိုရှောင်ရန် ရှန်ရှီးဖုန်းချလိုက်တော့သည်။ 



ဖုန်းချပြီးနောက် မျက်လုံးတွေကိုမှိတ်လိုက်သော်လည်း သူ့နှုတ်ခမ်းထောင့်များက အလိုလို ‌အပေါ်သို့ကွေးသွားကာ အေးစက်သောအပြုံးဖြစ်ပေါ်လာသည်။ 



သူဂရုမစိုက်တော့ဟုထင်ခဲ့မိသည်။ ဆယ်နှစ်ကြာထောင်ထဲတွင်နေခဲ့ပြီး ငါးနှစ်ကြာလျစ်လျူရှုခံရပြီးနောက် သူ့တွင် ရှန်မိသားစုအပေါ်မျှော်လင့်ချက်မရှိတော့ပေ။ သုံးစားမရသောသူလိုဟန်ဆောင်ရင်း အမုန်းတရားများကိုထိန်းပြီး ငါးနှစ်ကြာ သူ၏အင်အားများကိုတည်ဆောက်ခဲ့သည်။ သူ၏နှလုံးသားသည် ရက်စက်ပြီးအေးစက်နေပြီဟု ခံစားခဲ့သော်လည်း ဖခင်ဖြစ်သူမေ့လဲသော သတင်းကိုကြားရသောအခါ သူ့အသိစိတ်တွင်တုံ့ဆိုင်းခဲ့သေး၏။ 


 

သို့သော် အဖြစ်မှန်သည် ယုတ္ထိမဲ့လွန်းပြီး တုံ့ဆိုင်းမှုအတွက် သူ၏ဆုလာဒ်က မျက်နှာကိုပြင်းပြင်းရိုက်ချခံရခြင်းသာ ဖြစ်သည်။ သူမှလွဲ၍ ရှန်မိသားစုနှင့် ပတ်သက်သောသူများအားလုံး ရှန်သယ်ဟန့်ဆေးရုံတက်ရသောသတင်းကို အကြောင်းကြားခံရ၏။ သူသာ ရှန်မိသားစုကိုစောင့်ကြည့်ရန် လူမထားခဲ့လျှင် အားလုံး၏ဘေးဖယ်ထားမှုကြောင့် သူ၏ဖခင်ပင်ပန်းပြီးမေ့လဲသည့် အကြောင်းတင်မကဘဲ သေလျှင်တောင် သူသိလိုက်ရမည်မဟုတ်ချေ။ 



အမုန်းတရားဟုခေါ်သည့် သူ့နှလုံးသားထဲမှာ သားရဲကောင်လေးဟာ စပြီးအော်ဟစ်လာသောအခါ ရှန်ရှီးမျက်လုံးတွေကိုဖွင့်လိုက်ပြီး နောက်ကြည့်မှန်တွင် အန္တရာယ်မရှိသောအပြုံးနှင့် သူ့ကိုယ်သူပြုံးပြလိုက်တော့သည်။ 


**********



နာရီဝက်ကြာသောအခါ ကျူံးကျင်းကိုသွားမည့် လေယာဉ်ပထမတန်းတွင် ရှန်ရှီးသည် သူ့ထိုင်ခုံ၌ တိတ်ဆိတ်စွာထိုင်လိုက်၏။ လေယာဉ်စတင်ထွက်ခွာရန် အချိန်လိုသေးပြီး ပျင်းလာသောကြောင့် ရှန်ရှီး ခရီးရှည်ကိုဖြတ်သန်းရန် ဗီဒီယိုကြည့်သောစက်ကိုဖွင့်ကာ နှိပ်လိုက်သည်။ 



“ခွင့်ပြုပါ ထိုင်လို့ရမလား” 



ဩရှပြီး သံလိုက်လိုဆွဲဆောင်မှုရှိသောအသံက သူ၏ခေါင်းပေါ်မှထွက်ပေါ်လာသည်။ 



ရှန်ရှီးမြန်မြန်ထရပ်ကာ လမ်းဖယ်ပေးလိုက်သော်လည်း ပြော‌သူသည် သူ့ကိုကျော်ဖြတ်သွားရန်စိတ်ကူးမရှိကြောင်း တွေ့လိုက်ရ၏။ 



ရှန်ရှီး နားမလည်နိုင်သလိုကြည့်လိုက်ပြီး တစ်ဖက်လူ၏မျက်နှာကိုမြင်ရသောအခါတွင် သူ့မျက်လုံးများအရောင်လက်သွားသည်။ ဘယ်လိုအမူအရာပြရမလဲ သူဝေခွဲမရဖြစ်နေစဉ် တဖက်လူကပြောလာ၏။ 



“ရှန်ရှီး?” 



ထိုလူသည် သူ့ကိုမှတ်မိနေမည်ဟု ထင်မထားသောကြောင့် ရှန်ရှီးအံ့အားသင့် သွားရသည်။ သူနိုင်ငံခြား၌စာသင်ခဲ့သော ငါးနှစ်အပါအဝင် ရေတွက်လျှင် သူတို့အချင်းချင်းမတွေ့ဖြစ်သည်မှာ ၇ နှစ် ၈ နှစ်နီးပါးရှိနေပြီဖြစ်၏။ 



တုံ့ဆိုင်းစွာနှင့် ခေါင်းညိတ်လိုက်ရင်း ရှန်ရှီးဝေခွဲမရသောမျက်နှာအမူအရာဖြင့် 



“ဝမ်းကွဲအစ်ကိုမင်ရွှမ်း?” 



တစ်ဖက်လူသည် ရှန်ရှီးသူ့ကိုခေါ်သည့်အခေါ်အဝေါ်ကို မျှော်လင့်မထားမိပုံရပြီး ခဏတာရပ်တန့်သွားပြီးမှ ညင်သာစွာပြုံးလာသည်။ 



ထိုလူကို သူ၏နှလုံးသားထဲကနေ အထင်အမြင်သေးသော်လည်း လီမင်ရွှမ်း၏အပြုံးက ချိုသာနေသည်ကိုတော့ ရှန်ရှီးဝန်ခံရပေမည်။ ပြောရလျှင် ရှန်ရှီးသည် လက်ရှိလီမင်ရွှမ်း၏အသွင်အပြင်နှင့် စိမ်းမနေပေ။ ရှန်မိသားစုနှင့်ပတ်သက်သော အချက်အလက်များအားလုံးကို လောင်K က ကြိုးစားစုစည်းထား၏။



 ရှန်ကျိ၏ သူငယ်ချင်းအရင်းကြီးလည်းဖြစ် ဝမ်းကွဲလည်းဖြစ်သူ လီမင်ရွှမ်းကို အချက်အလက်များတွင် မကြာခဏတွေ့ရသည်။ တွေ့ရသည့်အကြိမ်များလွန်းသည့်အတွက် ထိုသူနှစ်ယောက် ခိုးတွဲနေသည်ဟူ၍ပင် လောင်K သည် တစ်ခါ ကျိန်ဆိုဖူး၏။ 

 


ရှန်ရှီးတွေးမိသောအခါ မတတ်နိုင်ဘဲ သူ့ကိုယ်သူရယ်မိသည်။ သူသည်လည်း လီမင်ရွှမ်း၏ဝမ်းကွဲညီဖြစ်ပေမဲ့ ရှန်ကျိနှင့်သူအတွက် ဝမ်းကွဲအဖြစ်ဆက်ဆံမှုက တကယ်ခြားနား၏။ လောင်K ၏စကားများသည် ယုတ္ထိမရှိတာမဟုတ်ဘဲ ဤလူနှစ်ယောက် တကယ်ပဲ ခိုးတွဲနေတာလည်းဖြစ်နိုင်ပေသည်။ 

 


အတွေးသည် ခဏတာမျှသာဖြစ်ပြီး လီမင်ရွှမ်းက ရှန်ရှီး၏ဘေးတွင်ထိုင်နေပြီဖြစ်၏။ 



ရှန်ရှီးလည်းထိုင်ချလိုက်သောအခါ လီမင်ရွှမ်းပြောသံကိုကြားရသည်။ 



“ရှောင်ရှီး တရုတ်ကိုပြန်မလို့လား” 



 ခါးသီးအေးစက်မှုကိုသာ ခံစားရသော ရှန်ရှီးအတွက် “ရှောင်ရှီး”ဆိုသော စကားလုံးက သူ့ကို တကယ်ပဲ လှုံ့ဆော်လိုက်ကာ တိတ်ဆိတ်စွာသာ ခေါင်းညိတ်ပြလိုက်သည်။ 



ရည်ရွယ်ထားပုံမရဘဲ လီမင်ရွှမ်းက ရှန်ရှီးကိုကြည့်လာ၏။ 



“ရှောင်ရှီး နိုင်ငံခြားမှာပညာသင်တာ အဆင်ပြေနေတယ်လို့ကြားတာ ရုတ်တရက်ဘာလို့ပြန်ဖို့တွေးမိတာလဲ” 



“ကြားတယ်” ဟူသောစကားတွင် ရှန်ရှီး အသံထွက်ရယ်ချင်မိသွားရသည်။ ရှန်မိသားစုက သူ့ကိုငါးနှစ်တောင် လျစ်လျူရှုထားတာလေ.. လီမင်ရွှမ်းက ဘယ်နေရာကများ သူ့အကြောင်းကြားလာရတာတုန်း။ 



သူပြောလိုက်သည်။ 



“နိုင်ငံခြားမှာနေရတာ ငြီးငွေ့လာလို့ 

 တရုတ်ကိုပြန်‌ချင်လာတာ” 



လီမင်ရွှမ်းသည် ရှန်ရှီး၏တည်ငြိမ်သောမျက်နှာကိုကြည့်ကာ သဘောတူသလိုခေါင်းညိတ်၏။ 



“နိုင်ငံခြားမှာနေရတာ တကယ်စိတ်ဝင်စားစရာမကောင်းဘူး… ရှောင်ရှီးအိမ်ပြန်ချင်တာကောင်းတယ်”



ရှန်ရှီး စိတ်ထဲကနေ လှောင်ရယ်လိုက်မိသည်။ ခုအချိန်မှာ သူတရုတ်ကိုပြန်လာခြင်းအား တဖက်လူက သံသယဝင်နေမည်ဆိုတာ သိပြီးသားပင်။



ဒါပေမဲ့ ဘာဖြစ်? 



သူမည်သည့်အချိန်ပဲပြန်ပါစေ သံသယအဝင်ခံရမည်သာဖြစ်သည်။ ပွဲကြီးပွဲကောင်းစရန် ရှန်ရှီး ငါးနှစ်စောင့်ခဲ့ရသည်မို့ လက်လွတ်ခံလို့မဖြစ်ပါပေ။ 



လီမင်ရွှမ်းသည် ရှန်ရှီး၏နိုင်ငံခြားတွင် နေထိုင်သောဘဝအကြောင်းကို စိတ်ဝင်စားပုံရပြီး ရည်ရွယ်ချက်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ စကားလမ်းကြောင်းသည် ထိုအကြောင်းဆီ ဦးတည်သွားသည်။ ရှန်ရှီးသည်လည်း သူ့ကိုစိတ်မပျက်စေဘဲ ‌စားခြင်း၊သောက်ခြင်း၊ပျော်ပါးခြင်းနှင့် ပြည့်စုံသော သူ၏နိုင်ငံခြားဘဝကို အကုန်ပြောပြလိုက်၏။ 



လေယာဉ်သည် မကြာမီစတင်ထွက်ခွာလာပြီး ခရီးတဝက်အရောက်တွင် ရှန်ရှီးသန့်စင်ခန်းသွားရန်‌အကြောင်း ပြချက်ပေးလိုက်ကာ ဖုန်းကိုမြန်မြန်ထုတ် ၍ဖွင့်ပြီး စာကြောင်းအနည်းငယ်ရိုက်လိုက်သည်။   



[ကျွန်တော် လီမင်ရွှမ်းနဲ့ ခရီးစဉ်အမှတ် CA981 မှာ အတူရှိနေတယ်.. ဘာလုပ်ရမလဲ ခင်ဗျားသိတယ်မလား]



စိတ်ကျေနပ်သွားသောအခါ ရှန်ရှီးဖုန်းကိုပိတ်ပြီးထွက်လာခဲ့၏။ လီမင်ရွှမ်း၏အကြည့်အောက်တွင် ရှန်ရှီး၏နှုတ်ခမ်းထောင့်များ အပေါ်သို့တွန့်ကွေးလာကာ အန္တရာယ်ကင်းသော အပြုံးတစ်ပွင့်ဖြစ်ပေါ်လာလေသည်။