Chapter 8
Viewers 1k

တွက်ချက်မှု



ကြာမြင့်စွာလေယာဉ်စီးရတာ တကယ်ပဲ အလွန်ပျင်းစရာကောင်းသောအရာဖြစ်၏။ 



ရှန်ရှီးသည် အစက ကျုံးကျင်းကိုပြန်သည့်လမ်းတစ်လျှောက် အိပ်ရန်စီစဉ်ထားပေမဲ့ လေယာဉ်ပေါ်မှာ လီမင်ရွှမ်းနှင့်တွေ့ရန် မမျှော်လင့်ခဲ့ပေ။ အသက်နှင့်ရင်းပြီး အားတင်းထားသော်လည်း  အဆုံးတွင်တော့ တောင့်မခံနိုင်တော့ဘဲ နားမလည်ခင် အိပ်ပျော်သွားလေသည်။ ‌



လီမင်ရွှမ်း ခေါင်းကိုလှည့်လိုက်သောအခါ ထိုင်ခုံနောက်ကိုမှီထားပြီး အိပ်နေသော ရှန်ရှီး၏မျက်နှာကိုမြင်လိုက်ရ၏။ လေယာဉ်ခရီးစဉ်ကြောင့် ရှန်ရှီးအငြိမ်မနေနိုင်ဖြစ်နေပုံရပြီး သူ၏ရှည်လျားသောမျက်တောင်များသည် အဆက်မပြတ်လှုပ်နေသည်။ 



လီမင်ရွှမ်း ရှန်ရှီးကို စက္ကန့်ဝက်ကြာ ရှုပ်‌ထွေးသောမျက်လုံးများနှင့် စိုက်ကြည့်ပြီးနောက် ကုန်းလိုက်ပြီး ခုံ၏ဘေးတွင်ရှိသော စားပွဲခုံမှပြင်ဆင်ထားသောစောင်ကို ထုတ်ယူပြီး ရှန်ရှီး၏ခန္ဓာကိုယ်ကို ညင်သာစွာဖုံးအုပ်ပေးလိုက်သည်။ 



လီမင်ရွှမ်းမှတ်မိသမျှတော့ သူ ရှန်ရှီးနှင့် သည်လောက်အထိနီးကပ်တာ ဒါပထမဆုံးအကြိမ်ပင်။ ကော်ဖီဆိုင်အပြင်တွင် သူတွေ့ခဲ့ရပြီး မှတ်မိနေသော လူငယ်နှင့်ယှဉ်လျှင် လက်ရှိရှန်ရှီးက အများကြီးပြောင်းလဲသွားသည်။ 



ရှန်မိသားစု၏ဖိနှိပ်မှုနည်းသွားသောကြောင့် ဖြစ်နိုင်သလို နိုင်ငံခြားမှာ ကောင်းမွန်သောဘဝနှင့် နေထိုင်ခဲ့ရတာကြောင့်လည်း ဖြစ်နိုင်သည်။ ရှန်ရှီး၏သည်းခံနိုင်မှုဟာ အတိတ်ကလိုမကြမ်းတမ်းတော့ဘဲ ပိုပြီးအေးချမ်းလာ၏။



 ထို့အပြင် ဟန်မိသားစု၏ ထူးခြားသောအသွင်အပြင်နှင့်အတူ အရွယ်ရောက်လာချိန်မှာ ဘယ်သူကမှ သူ့ကို အရင်က ဖျော့တော့ကာသုန်မှုန်နေသော ဆယ်ကျော်သက်နှင့် ဆက်စပ်မိမည် မဟုတ်ပေ။ 



ရှန်ကျိ၏ ရှန်ရှီးလှုပ်ရှားမှုများကို ပုံမှန် နောက်ယောင်ခံလိုက်နေခြင်းကြောင့်သာ မဟုတ်လျှင် လီမင်ရွှမ်းအ ဖို့ပထမအကြည့်တချက်နှင့် မှတ်မိခဲ့မည်မဟုတ်‌လောက်။ 



ရှန်ရှီးသည် လီမင်ရွှမ်းအား “ဝမ်းကွဲအစ်ကို” ဟုခေါ်သော်လည်း သူတို့၏ဆက်ဆံရေးဟာဖြင့် သူစိမ်းနှင့်မခြားနားလှ။ 



ရှန်ရှီးမွေးသောအချိန်တွင် လီမင်ရွှမ်းကလေးသာသာရှိသေး၏။ လူကြီးများ၏ရှန်ရှီးအပေါ်တွင်ထားသော အေးစက်မှုနှင့် ရှန်ကျိ၏ သူ့ညီအပေါ်အမုန်းနှင့်ပေါင်းကာ လီမင်ရွှမ်းအပေါ်လည်း သက်ရောက်မှုရှိလာပြီး ရှန်ရှီးကို ဖယ်ကျဥ်တတ်လာသည်။ 



ရှန်ရှီး မွေးကင်းစမှ ကလေးဖြစ်လာသောအချိန်တွင် လီမင်ရွှမ်းနှင့် ရှန်ကျိသည် လက်တွဲပြီး မူလတန်းအတူတူသွားကြပြီ ဖြစ်၏။ သူနှင့်လုံးဝမရင်းနှီးသော ဝမ်းကွဲညီဟာ နေ့တိုင်းအတူတူကစားခဲ့သော ရှန်ကျိအား ဘယ်မှာ ယှဉ်နိုင်ပါအံ့။ 


 

လီမင်ရွှမ်းကြီးပြင်းလာသောအခါတွင်မူ သူကိစ္စရပ်များကို စပြီးနားလည်လာသည်။ ထိုအချိန်တွင်သူ့မိဘများထံမှ ဦးလေးမိသားစု၏ ရှုပ်ထွေးသောအခြေအနေကို သိလိုက်ရ၏။ ရှန်ရှီးကို ဂရုဏာသက်မိသော်လည်း လူတွေ၏နှလုံးသားက ဘက်လိုက်တတ်သည်။ အချစ်ဆုံးသူငယ်ချင်းနှင့် ဝမ်းကွဲညီကို ယှဉ်ကြည့်သောအခါ သူနှလုံးသားက ယိမ်းယိုင်ပြီးရွှေးချယ်မှုသည် အံ့အားသင့်စရာမရှိပေ။    



သိပ်မကြာခင်မှာပင် လီမင်ရွှမ်းနိုင်ငံခြားကို စာသင်ထွက်သွားသောကြောင့် ရှန်ရှီးနှင့်လုံးဝအဆက်အသွယ်မရခဲ့တော့။ တခါတရံ ရှန်ရှီး၏နာမည်ကိုကြားရသည်က ရှန်ရှီး နောက်ထပ်  ပြဿနာရှာကြောင်းပြောနေသည့် ရှန်ချိန်၏စကားထံမှသာဖြစ်သည်။  



လီမင်ရွှမ်း စိတ်ထဲတွင်သက်ပြင်းချလိုက်၏။ “သွေးသားအဆက်အနွယ်” ဟူသောစကားလုံးများသည် ပြောလို့တော့ ကောင်းသော်လည်း ဤကမ္ဘာကြီးတွင် အကြောင်းပြချက်မဲ့သော ချစ်ခြင်းမေတ္တာ မရှိပါလေ။



မည်သို့သောဆက်ဆံရေးပင်‌ဖြစ်စေ မေတ္တာ သို့မဟုတ် အချစ်တွေက နှစ်ဦးနှစ်ဖက်၏ဂရုစိုက်မှု၊ အာရုံစိုက်မှုများမရှိလျှင် မကြာမီမှာပဲ ညှိုးနွမ်းသောပန်းပွင့်လို ပြန့်ကျဲသွားမည် ဖြစ်သည်။ 


 

သူနှင့် ရှန်ရှီးသည်လည်း ဒီလိုပဲမဟုတ်ပါလား။ 



သူ့မျက်လုံးတွေက အိပ်နေသောရှန်ရှီးမျက်နှာဆီ ပြန်ရောက်သွားသောအခါ ရှန်ရှီး တရုတ်သို့ပြန်လာခြင်းသည် မပိုင်ဆိုင်သင့်သောအရာကို တွေးမိလို့မဟုတ်ဘဲ နိုင်ငံခြားမှာငြီးငွေ့ခြင်းကြောင့်သာဖြစ်ကြောင်း ရှန်ရှီးပြောသည်မှာအမှန်ဖြစ်ပါစေဟု လီမင်ရွှမ်းမျှော်လင့်မိသည်။ 



လီမိသားစုနှင့် ရှန်မိသားစုသည် အိမ်ထောင်ရေးနှင့် အကျိုးစီးပွားရေးအရ ဆက်စပ်နေကြသောကြောင့် အောင်မြင်မှုနှင့် ရှူံးနိမ့်မှုများတွင် အတူတူပေါင်းစည်းနေသည်ဟု ပြော၍ရ၏။ ကိုယ်ရေးကိုယ်တာအရဖြစ်စေ လုပ်ငန်းအမြင်ကပဲဖြစ်စေ လီမင်ရွှမ်းသည် ရှန်မိသားစုဆက်လက်တည်ငြိမ်နေပြီး အထူးသဖြင့် အမွေဆက်ခံသည့်ကိစ္စများနှင့်ပတ်သက်ပြီး ကသောင်းကနင်းဖြစ်တာမျိုးမရှိစေရန် မျှော်လင့်မိသည်။  



မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်တွင် တရုတ်ကိုပြန်လာသည့် ရှန်ရှီး၏ရွေးချယ်မှုကိုတွေးမိလျှင် လီမင်ရွှမ်းစိတ်ထဲတွင် မသက်မသာခံစားရတာရှိ၏။ ရှန်ရှီးသည် ရည်ရွယ်ချက်ရှိရှိလုပ်တာ ဟုတ်လား မဟုတ်ဘူးလားဟုပင် သူတွေးမိသည်။ 



နောက်ပြီး ရှန်ရုံလည်းရှိသေးသည်။ လွန်ခဲ့သောရက်အနည်းငယ်က ညသန်းခေါင်ကြီး ရှန်ကျိဖုန်းခေါ်သောအကြောင်းကို တွေးမိသောအခါ လီမင်ရွှမ်း စကားပင်ပြန်မပြောနိုင်ခဲ့။ သူ့ဦးလေး ဘာတွေတွေးနေလဲ သူမသိတော့ချေ။ 



တရားမဝင်သားဖြစ်သော ရှန်ရုံကို သူတကယ်ပဲအသိအမှတ်ပြုချင်တာလား။



ထိုကိစ္စသာအတည်ဖြစ်လာလျှင် ရှန်မိသားစုသည် ကျုံးကျင်းတွင် ဟာသဖြစ်လိမ့်မည်ပင်။ 

  


လီမင်ရွှမ်းခေါင်းရမ်းလိုက်ပြီး ဆက်မတွေးတော့ဘဲ သူ့ဘေးတွင်ရှိသောဖိုင်ကိုဖွင့်ကာ စပြီးဖတ်လိုက်၏။ 



အိပ်ပျော်နေသော ရှန်ရှီးသည် ထိုအနေအထားတွင် သက်တောင့်သက်သာမဖြစ်နေပုံရပြီး ကိုယ်ဟန်အနေအထားပြောင်းရန် ခေါင်းကိုခုံတန်းဘက်လှည့်ကာအမြန်ရွေ့လိုက်သည် ။ ရှန်ရှီးအပေါ် ခြုံပေးထားသောစောင်က သူလှုပ်ရှားသောကြောင့် ကိုယ်ပေါ်မှတဆင့် ပေါင်ပေါ်သို့လျှောကျသွား၏။ 

 


ဖြစ်ပျက်သွားတာတွေကို မျက်စိထောင့်မှမြင်လိုက်ရသော လီမင်ရွှမ်းသည် အများကြီးသိပ်မတွေးဘဲ အနားတိုးကာ ရှန်ရှီးပေါင်ပေါ်ကစောင်ကိုယူလိုက်ပြီး ခြုံပေးလိုက်ပြီးနောက် သူ၏စာရွက်စာတမ်းများတွင် ထပ်ပြီးနစ်မြုပ်သွားပြန်သည်။ 



သူမသိလိုက်သည်က သူ့ခေါင်းကိုငုံ့လိုက်သောအခါ ရှန်ရှီး၏အိပ်ချင်နေသည့် အရိပ်ယောင်တောင်မရှိဘဲ ကြည့်လင်နေသော

မျက်လုံးတွေကရုတ်တရက်ပွင့်လာခြင်းကိုပင်။ 

 


ဆယ်နှစ်ကြာထောင်ထဲတွင်နေရခြင်းသည် ရှန်ရှီးအတွက် အကျင့်တွေအများကြီးဖြစ်လာစေပြီး အိပ်ရင်းသတိရှိခြင်းကလည်း ထိုထဲမှတစ်ခုဖြစ်သည်။ 



ဘယ်လောက်ပဲပင်ပန်းနေသည်ဖြစ်စေ တစ်စုံတစ်ယောက် သူ့အနားကိုကပ်လာသည်နှင့် ရှန်ရှီးချက်ချင်းအိပ်ရာကနိုးလာတတ်၏။ 

 


လီမင်ရွှမ်းအနားကိုကပ်လာကတည်းက ရှန်ရှီးနိုးနေပြီဖြစ်သည်။ တစ်ဖက်လူက ဘာကိုကြံစည်နေလဲသိချင်သည့်အတွက် မျက်စိမဖွင့်ခဲ့ပေမဲ့ လီမင်ရွှမ်း၏လုပ်ရပ်ကို သူမျှော်လင့်မထားခဲ့ပေ။ ရှန်ရှီး သူ့ကိုယ်ပေါ်တွင်ခြုံထားသော စောင်ကိုကြည့်ပြီး သူ့မျက်နှာအမူအရာကိုဖုံးကွယ်ရန် ခေါင်းနှိမ့်ချပြီးပုန်းကွယ်လိုက်တော့သည်။ 

 


အကြာရှည်ဆုံးခရီးတောင် နောက်ဆုံးမှာအဆုံးကိုရောက်ရှိသည်။ သူဘယ်အချိန်ပြန်အိပ်ပျော်သွားလဲ ရှန်ရှီးမသိခဲ့ပေ။ သူနိုးလာသောအချိန်တွင် လေယာဉ်က ကျုံးကျင်းအပေါ်တွင်ရောက်နေပြီး ဆင်းသက်ဖို့အသင့်ဖြစ်နေပြီဖြစ်သည်။ 



“နိုးပြီလား” 



သူ့ဘေးမှ လီမင်ရွှမ်း၏အသံထွက်ပေါ်လာ၏။ 



ရှန်ရှီးခေါင်းညိတ်လိုက်သည်။ 



လီမင်ရွှမ်းက စာရွက်စာတမ်းများကို သူ့လက်ထဲကောက်ထည့်ပြီး ရှန်ရှီးကိုကြည့်သည်။ 



“မင်း ပြန်လာမယ်ဆိုတာ ဦးလေးကိုပြောမထားဘူးမလား.. ငါ မင်းကိုအိမ်ကိုပို့ပေးရမလား”   



ရှန်ရှီးခေါင်းရမ်းလိုက်သည်။ 



“ကျွန်တော်အိမ်မပြန်ဘူး”



“အိမ်မပြန်ဘူး?” 



ရှန်ရှီးစကားကြောင့် လီမင်ရွှမ်းအနည်းငယ် အံ့ဩသွား၏။ 



ရှန်ရှီး၏မျက်နှာကိုကြည့်သောအခါ လိမ်ပြောနေဟန်မရပေ။ လီမင်ရွှမ်းတွေးကြည့်ပြီး ပြောလိုက်သည်။ 



“လွန်ခဲ့တဲ့ရက်က ဦးလေးနေမကောင်းဖြစ်သေးတယ်။ ခုလေးတင်မှဆေးရုံကဆင်းတာမို့  မင်းဘာမှလုပ်စရာမရှိရင် အိမ်ပြန်ပြီးကြည့်သင့်တယ်” 



ရှန်ရှီးက သတင်းကြောင့် အံဩသွားပုံရသော်လည်း အမြန်ရယ်လိုက်၏။


 

“အဖေက ကျွန်တော့်ကိုမမြင်ချင်လောက်ဘူး.. ဘာလို့သွားပြီး အနှောင့်အယှက်ဖြစ်အောင်လုပ်နေမှာလဲ” 



လီမင်ရွှမ်းက သက်ပြင်းချပြီး အခြားဘာမှမပြောပေ။ 



ထွက်ပေါက်က မကြာမီပွင့်လာသောကြောင့် နှစ်ယောက်လုံး လမ်းလျှောက်ထွက်လာခဲ့သည်။ 



ရှန်ရှီး သူရှေ့တွင်ရှိနေသော လီမင်ရွှမ်းကို တမင်အမှီမလိုက်ဘဲ ‌ခြေလှမ်းတစ်လှမ်းစာချန်ခဲ့ပြီးမှ နောက်ကနေလိုက်ခဲ့၏။ 



လီမင်ရွှမ်း၏ကျောပြင်ကိုငေးကြည့်ပြီး ရှန်ရှီးဖုန်းကိုဖွင့်လိုက်သောအခါ လောင်K ထံမှ စာဝင်လာသည်။ 



[ပြီးပြီ]



ရှန်ရှီးအမြန်ဖျက်လိုက်ပြီး လေဆိပ်ခန်းမဆီကိုသွားသော ကော်ရစ်တာတံတားရှည်တစ်လျှောက်လုံး လီမင်ရွှမ်းနောက်မှ ဖြည်းဖြည်းလိုက်လာခဲ့၏။ 



သူတို့နှစ်ယောက်ပေါ်လာသည်နှင့် တပြိုင်နက် သူတို့ပတ်ပတ်လည်တွင် မီးရောင်အများအပြားက တဖျတ်ဖျတ်လက်လာသည်။ 



ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်ကြားတွင် ရှန်ရှီး လီမင်ရွှမ်း၏လက်မောင်းကို အချိန်ကိုက် လှမ်းဆုပ်ကိုင်ကာ အသံကိုနှိမ့်ပြီးမေးလိုက်၏။ 



“ဘယ်လိုဖြစ်တာလဲ” 



လီမင်ရွှမ်း မသိစိတ်အရ နောက်လှည့်ကြည့်လိုက်၍ မျက်လုံးချင်းဆုံသွားချိန်မှာ  ဓါတ်ပုံရိုက်သံတွေ တဖျတ်ဖျတ် ပေါ်လာပြီး သတင်းထောက်တွေက အရူးအမူးဖြစ်နေကြလျှက်သား..။



“မြန်မြန် မြန်မြန်.. ဒီမှာ နှစ်ယောက်အတူတူရှိနေတယ်” 



“လမ်းဖယ် လမ်းဖယ်.. ကင်မရာကို သတိထား” 



မျက်စိတစ်မှိတ်အတွင်းတွင် နှစ်ယောက်လုံးကို လူအုပ်ကြီးကဝိုင်းထားပြီး သူတို့ဆီကိုအရင်ရောက်နိုင်ရန် မိုက်အများကြီးက အလုအယက်ဖြစ်နေကြသည်။ 



“စန်းရှောက် လွန်ခဲ့တဲ့ သုံးလေးရက်လောက်က ရှန်လူကြီးမင်း လျှို့ဝှက်ပြီးဆေးရုံတက်တယ်လို့ သတင်းရတယ်.. ရှန်လူကြီးမင်း မကြာခင်သေတော့မယ်ဆိုတဲ့ သတင်းကတကယ်ပဲလား”



“စန်းရှောက် ဒီတစ်ခါပြန်လာတာက ရှန်မိသားစုအမွေဆက်ခံခွင့်အတွက်လား”



“စန်းရှောက် လီသခင်လေးနဲ့အတူတူရှိနေတာ လီသခင်လေးက တကူးတကနိုင်ငံခြားထိ လာခေါ်တာလား.. ဒါဆိုရင် လီမိသားစုက စန်းရှောက်ဘက်ကလား”



“ရှန်လူကြီးမင်းက မသေခင် ရှန်ရုံကိုအသိအမှတ်ပြုချင်တယ်လို့ ကြားရတယ်.. အဲ့ဒါနဲ့ပတ်သက်ပြီးပြောချင်တာများရှိသလား.. စန်းရှောက် ရှန်လူကြီးမင်းက တကယ်ပဲမကြာခင်သေတော့မှာလား”



တစ်ယောက်ပြီးတစ်ယောက်ဖြင့် မေးခွန်းများက ဘာမှမပြောဘဲနေကာ အမူအရာမပြဘဲခေါင်းငုံ့သော ရှန်ရှီး၏ရှေ့တွင်စုပုံလာ၏။



လီမင်ရွှမ်းသည် သူ့ပတ်ပတ်လည်တွင်ရှိနေသော သတင်းထောက်များအား မနှစ်မြို့သောအကြည့်ဖြင့်ကြည့်ပြီး အေးစက်စွာရှေ့ကိုလှမ်းသွားရင်း ဘေးတွင်ရှိနေသာရှန်ရှီးကိုကာကွယ်ဖို့လည်းမမေ့ခဲ့ပေ။ လီမင်ရွှမ်းနောက်မှ ကပ်လိုက်သွားသောရှန်ရှီးသည် သတင်းထောက်များ၏မျက်လုံးထဲ၌ လီမင်ရွှမ်းက နိုင်ငံခြားကိုတကူးတကသွားပြီး ရှန်ရှီးကိုသွားခေါ်သည်ဟူသော ကောလဟလများကို ပိုပြီးအားကောင်းလာစေသည်။  



နှစ်ယောက်သားရှေ့ကိုလျှောက်လာသောအခါ သတင်းထောက်များကလည်း နီးကပ်စွာလိုက်လာပြီး ရှန်ရှီးအား မေးခွန်းများဆက်တိုက်မေးကြ၏။ သတင်းထောက်များလက်မလျော့မည်ကို မြင်သောအခါ လီမင်ရွှမ်းက ရှန်ရှီးကိုတိုးတိုးပြောလိုက်သည်။ 



“ခရီးဆောင်အိတ်ကို အခုတော့ထားခဲ့လိုက်တော့.. အပြင်မှာ ငါ့ကိုလာကြိုမဲ့လူရှိတယ်.. မင်းကိုငါနဲ့အတူခေါ်သွားမယ်”



ရှန်ရှီးအတွက် ပြဿနာမရှိပေ။ အစကတည်းက သူသည် နှစ်ယောက်သားနိုင်ငံခြားမှ အတူတူပြန်လာသည်ဟု အထင်ခံရအောင်လုပ်ခြင်းဖြစ်ပြီး ယခု သူလိုချင်သောအကျိုးသက်ရောက်မှုကိုရသည့်အပြင် ရလဒ်က မျှော်လင့်ချက်များကိုတောင်ကျော်လွန်နေ၏။



 ခြေလှမ်းအနည်းငယ်လျှောက်ပြီးသောအခါ နှစ်ယောက်သား သတင်းထောက်လူအုပ်ထဲမှ ထိုးထွက်နိုင်ပြီး အပြင်တွင်စောင့်နေသော သီးသန့်ကားအတွင်းသို့ဝင်ခဲ့လိုက်ကြသည်။



တံခါးပိတ်ပြီးချင်းမှာပဲ ကားကစက်နှိုးသည်။ ဤနေရာတွင် ပိတ်မိလျှင် ထွက်ဖို့အတော်ခက်မည်ဆိုတာကို ဒရိုင်ဘာကလည်းသိနေ၏။



သူတို့နောက်တွင်ရှိနေသော သတင်းထောက်အားလုံးကို ရှင်းလိုက်နိုင်သောအခါမှသာ လီမင်ရွှမ်း တိတ်တခိုးသက်ပြင်းချနိုင်သည်။ ထို့နောက် သူ၏အမူအရာသည် စိတ်မသက်သာသလိုမျိုးဖြစ်လာ၏။ 



သူ့ဦးလေးဆေးရုံတက်ရတဲ့သတင်းကို ဘယ်သူကလွှင့်လိုက်တာများလဲ။



 သေကာနီးဖြစ်နေပြီလို့ ဘယ်သူကပြောတာလဲ။



 သူ့ခရီးစဉ်ကို ဘယ်သူကပေါက်ကြားစေတာလဲ။



 ရှန်ရှီးလေယာဉ်ပေါ်တွင် သူရှိနေခြင်းကရော တမင်တကာလုပ်တာလား ဒါမှမဟုတ် တကယ်ပဲတိုက်ဆိုင်တာလား။



လီမင်ရွှမ်းအတွေးဖြင့် ရှန်ရှီးကိုကြည့်လိုက်ပေမဲ့ သူမျှော်လင့်မထားဘဲ ရှန်ရှီးက သူ့ကိုတိုက်ရိုက်မော့ကြည့်ပြီးပြောလာ၏။ 



“သတင်းထောက်ပြောတာကအမှန်လား.. အဖေက တကယ်ပဲသေတော့မှာလား ဒါမှမဟုတ် ဝမ်းကွဲအစ်ကိုပြောသလို နေမကောင်းပဲဖြစ်တာလား”

 


ရှန်ရှီး၏မျက်လုံးများသည် တိုက်ရိုက်ကြည့်နေပြီး လီမင်ရွှမ်းနားမလည်နိုင်သော ခံစားချက်ကိုဖော်ပြနေသည်။ လီမင်ရွှမ်းခေါင်းရမ်းလိုက်၏။ 



“ဦးလေးကျန်းမာရေးကကောင်းပါတယ်.. သတင်းထောက်တွေပြောတာက ကောလဟလတွေပါ”



ရှန်ရှီးက ရုတ်တရက်ရယ်လိုက်သည်။ 



“ဘာပဲဖြစ်ဖြစ် ဟုတ်ဟုတ် မဟုတ်ဟုတ် ဘယ်သူမှကျွန်တော့်ကိုပြောပြမှာမဟုတ်ဘူး.. ကျွန်တော်သာအချိန်မီပြန်မရောက်ခဲ့ရင် တကယ်ပဲ…” 



ရှန်ရှီးသည် ဆက်မပြောဘဲ လှည့်လိုက်ကာ ဘာမှမဖြစ်သလို ပြတင်းပေါက်အပြင်ကိုကြည့်နေ၏။ သို့သော် သူ၏ဘေးတစ်စောင်း မျက်နှာတွင် စိတ်ပျက်မှုနှင့် စိတ်အားငယ်မှုများက ဖော်ပြ၍မရသောဝမ်းနည်းမှုနှင့် ရောနေသော အမူအရာကိုပြသနေသည်။  



ဤအသွင်အပြင်သည် လီမင်ရွှမ်း၏မျက်လုံးထဲတွင် စွဲထင်သွားပြီး ရှန်ကျိ၏ဘက်တွင် ခိုင်မာစွာရပ်နေသောသူပင် မတတ်နိုင်ဘဲ ရှန်ရှီးအပေါ်အပြစ်ရှိသလိုခံစားလိုက်ရသည်။ 



ရှန်ရှီးတရုတ်ကိုပြန်လာခြင်းသည် ရည်ရွယ်ထားခြင်းမရှိဘဲ သူအတွေးလွန်နေခြင်းသာ ဖြစ်လိမ့်မည်။



 ကားထဲတွင်တိတ်ဆိတ်သွားသောအခါ လီမင်ရွှမ်းက အရင်စပြီးပြောလိုက်သည်။ 



“ငါ မင်းကိုအိမ်လိုက်ပို့ပေးမယ်”



ရှန်ရှီးက အပြတ်ငြင်းသည်။ 



“မပို့နဲ့.. အဖေကတကယ်ပိန်ပါးနေပြီး သူသေတော့မယ်ဆိုတာကြားလို့ ကျွန်တော်ပြန်လာပြီး အမွေလုတယ်ဆိုတာသာကြားရင် ဒုက္ခများလိမ့်မယ်.. ကျွန်တော် ဟိုတယ်မှာနေတာပဲကောင်းတယ်”



ရှန်ရှီး၏စကားများသည်‌ အပျော်အပျက်သဘောဖြစ်နေသော်လည်း သူ၏မျက်နှာတွင် ဖော်ပြ၍မရနိုင်သော ဆုံးရှုံးမှုရှိနေသည်။ လီမင်ရွှမ်း အတန်ကြာဘာပြောရမလဲမသိသောကြောင့် ကားကတဖန်ပြန်ပြီးတိတ်ဆိတ်သွား၏။



ကားသည် ကျုံးကျင်းတွင်ရှိသော ဂုဏ်သတင်းအကြီးဆုံး ဟိုတယ်ရှေ့တွင်ရပ်သွားသည်။ လီမင်ရွှမ်းသည် ရှန်ရှီးဟိုတယ်အတွင်းဝင်သွားတာကြည့်ပြီး ဖုန်းကိုယူကာနှိပ်လိုက်၏။



 “ငါပြန်လာပြီ”



တစ်ဖက်ဖုန်း၏နောက်ခံမှအသံတွေက ဆူညံနေပုံရသည်။ လီမင်ရွှမ်းအနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီးနောက် ရှန်ကျိ၏အသံကိုကြားရ၏။ 



“ငါ သတင်းကိုမြင်တယ်”



လီမင်ရွှမ်း တုံ့ဆိုင်းသွားသည်။ 



“မင်းဘယ်လိုထင်လဲ”



ရှန်ကျိ၏အသံတွင် ဒေါသပါ၏။ 



“တစ်ယောက်ယောက်ကနောက်ကွယ်ကနေ လုပ်တာဖြစ်မယ်.. ဘယ်သူပဲဖြစ်ပါစေ ငါရအောင်ရှာမယ်”



“တစ်ခုခုဖြစ်လို့လား” 



တစ်ခုခုလွဲမှားနေသည်ကို လီမင်ရွှမ်းခံစားလိုက်မိသည်။



“အဖေလည်း သတင်းကိုမြင်ပြီး ဒေါသကြောင့်မေ့လဲသွားတယ်”



စိုးရိမ်သောအကြည့်က လီမင်ရွှမ်း၏မျက်နှာတွင်ဖြစ်ပေါ်လာ၏။ 



“ဦးလေးအဆင်ပြေရဲ့လား”



ရှန်ကျိက ခါးသက်သက်နှင့်ပြုံးလိုက်သည်။



 “မြင်ရတာမကောင်းဘူး.. သူ့ကိုဆေးရုံခေါ်သွားဖို့ပြင်နေတာ နောက်မှပြောကြတာပေါ့”



ဖုန်းချပြီးနောက် လီမင်ရွှမ်း သူ၏ notebook ကိုဖွင့်ပြီးရှာကြည့်လိုက်သည်။ အခုလေးတင်ဖြစ်သွားပေမဲ့ အင်တာနက်တခုလုံးတွင်ပျံ့နေပြီဖြစ်၏။ တစ်စုံတစ်ယောက်က ဤအဖြစ်အပျက်၏နောက်ကွယ်တွင် ဘယ်သူမှမရှိဘူးပြောလျှင် သူယုံမည်မဟုတ်ပေ။ ကြံစည်သောသူသည် မည်သူဖြစ်လေမလဲ။



ရှန်ရှီးလား။ လီမင်ရွှမ်း၏စိတ်တွင် ဤအတွေးဖျတ်ကနဲပေါ်လာပြီးနောက် မကြာသေးခင်က စိတ်ရှုပ်ထွေးမှု၊ ကိုယ့်ကိုယ်ကို နှိမ့်ချမှုနှင့် ပြော၍မရသောဝမ်းနည်းမှုတွေရောယှက်နေသော ရှန်ရှီး၏မျက်နှာပေါ်မှာ ရှုပ်ထွေးသောအကြည့်ကိုမြင်ယောင်လာသည်။ သက်ပြင်းချပြီး လီမင်ရွှမ်းသည် ရှန်ရှီးနာမည်ကိုကျော်လိုက်ကာ တခြားသံသယရှိသူတွေဆီအတွေးလွှဲလိုက်လေသည်။