Chapter 6
Viewers 1k

 ကောလဟာလ



“ထျန်းမိသားစုက ပထမသခင်လေးနှင့် ရှန်မိသားစုက တရားမဝင်သားတို့၏ ချစ်ရည်လူးနေကြသည့် ဗီဒီယိုထွက်ပေါ်လာ”



“ရှန်မိသားစုရဲ့ တရားမဝင်သားက ထျန်းမိသားစုရဲ့ပထမသခင်လေးကို အမိဖမ်းတာက ဒုတိယရှန်သခင်လေး ရောင်းစားလိုက်ခြင်းလား”


 

“ထျန်းဝမ်ယောင့်က ရှန်ပထမသခင်လေးကို တဖတ်သတ်ချစ်နေ၍..  တရားမဝင်သားက အစားထိုးသာဖြစ်”



“ရှန်တတိယသခင်လေးရဲ့အခြေအနေ အန္တရာယ်ရှိလာပြီ.. တရားမဝင်သားက ထျန်းမိသားစုကိုအားကိုးပြီးတိုက်ခိုက်နေ”



ကျုံးကျင်းကသတင်းထောက်များအတွက် ထိုနေ့ဟာ သေချာပေါက်တုန်လှုပ်ရအောင်အထိ စိတ်လှုပ်ရှားရသည့်နေ့ဖြစ်၏။ အမြင်ကိုဖမ်းစားနိုင်သည့်သတင်းတွေက တစ်ခုပြီးတစ်ခု အဓိကဝက်ဆိုဒ်တွေနှင့် အနုပညာမဂ္ဂဇင်းများ၏ရှေ့စာမျက်နှာတွင် ပျံ့ကြဲနေသည်။



ဆိတ်ငြိမ်ရပ်ကွက်တွင်ရှိသော ရှန်မိသားစုစံအိမ်နှင့် ထျန်းမိသားစုစံအိမ်များရှေ့တွင် မနက်စောစော မရေတွက်နိုင်လောက်သော သတင်းထောက်များကထိုင်စောင့်နေကြကာ အထဲမှထွက်လာသောလူတိုင်းကို အရူးအမူးချဉ်းကပ်ပြီး ဇာတ်လမ်းနှင့်ပတ်သက်သော သတင်းကိုမေးမြန်းနေကြ၏။



ရှန်ရှီးက ပြတင်းပေါက်နားမှာရပ်ပြီး အဝေးမှာရှိသောဂိတ်မှ ရုန်းရင်းဆန်ခတ်ဖြစ်တာကို ကြည့်နေလိုက်သည်။ သူ့နှုတ်ခမ်းထောင့်များက ပျော်ရွှင်နေသောဟန်ဖြင့် အပေါ်ကိုကွေးနေလေသည်။



ခုနလေးကပင် သူ့ဖခင်ဟာ ထမင်းစားခန်းထဲတွင် သောင်းကြမ်းသွား၍ ရှန်ချိန်မှာ အိမ်မှာပိတ်ခံရပြီး နောက်တစ်လအထိ ကျောင်းကလွဲ၍ ဘယ်ကိုမှသွားခွင့်မရှိပေ။ ရှန်ကျိမှာလည်း အကျိုးဆက်ကိုခံစားရပြီး သတင်းထောက်တွေ ကောလဟလဖြန့်ခြင်းကို တားဆီးနိုင်ရန်အတွက် ထျန်းဝမ်ယောင့်နှင့်အ‌ဝေးမှာနေရန် ရှန်သယ်ဟန့်ကမှာကြားထားသည်။ 



ရှန်ရှီးပင် ပထမဆုံးအကြိမ် ဖခင်ဖြစ်သူနှင့်ရင်ဆိုင်ရပြီး အပြင်ထွက်ချိန် မဟုတ်တာမပြောရန် တင်းကြပ်စွာအမိန့်ပေးခံရ၏။ ရှန်ရှီးက လျစ်လျူရှုကာ ခေါင်းငုံ့ပြီးဘာစကားမှမပြောဘဲ ဆက်ပြီးစားနေလိုက်သည်။ 



မျှော်လင့်ထားသလိုပင် သူ့မျက်ထောင့်မှမြင်ရသော ဖခင်ဖြစ်သူ၏မျက်နှာသည် ပိုပြီးအကျည်းတန်သွားလေသည်။



အိုးအောက်ခြေကလို မည်းမှောင်နေသော ဖခင်ဖြစ်သူ၏မျက်နှာကိုမြင်ရခြင်းက ရှန်ရှီးကိုအင်မတန်ပျော်ရွှင်စေပြီး ယခုထိ သူ့စိတ်အခြေအနေကဆက်လက်ကောင်းမွန်နေသည်။



 မကြာလိုက် ချက်ချင်းပင် ရှန်ရှီး၏မျက်လုံးတွေကျဉ်းမြောင်းသွားသည်။ အခုလေးတင် သူ့ဖခင်နှင့် ရှန်ကျိကို သက်တော်စောင့်များက ရန်သူနှင့်ရင်ဆိုင်ရသည့်အလား ဂိတ်ပေါက်အထိလိုက်ပို့ဆောင်ပေးပြီး ဆူညံသံကိုနားထောင်ကြည့်လျှင် အခုထိလူအုပ်ထဲပိတ်မိနေတာသေချာသည်။



ရှန်ရှီး ပြတင်းပေါက်မှလျှောက်သွားရန်လုပ်ချိန် ဂိတ်ပေါက်မှရုန်းရင်းဆန်ခတ်သံများ ရုတ်တရက်ပျောက်ကွယ်သွား၏။ ရှန်ရှီး မျက်ခုံးပင့်လိုက်သည်။ သူ့အဖေနှင့် ရှန်ကျိတော့ သက်တော်စောင့်များ၏ ကာကွယ်မှုအောက်တွင် အောင်မြင်စွာထွက်သွားနိုင်ပုံရသည်။ 



သူ့ဖခင် ယခု ကုမ္ပဏီကိုသွားမည်လား ရှန်ရုံအိမ်ကိုသွားမည်လားတော့ မသိချေ။ ဖခင်ဖြစ်သူနှင့် ရှန်ရုံတွေ့ဆုံမှုကို ပုံဖော်ကြည့်လိုက်သော် ရှန်ရှီး၏စိတ်အခြေအနေပို၍ ကောင်းမွန်လာလေသည်။



ရှန်ရှီးက ကျုံးကျင်းမှထွက်ခွာရန်အတွက် လေဆိပ်ကိုသွားရန်အေးအေးဆေးဆေးစောင့်ဆိုင်းနေစဉ် ဗီဒီယိုတွင်ပါဝင်သော နှစ်ဦးနှစ်ဖက်မှာမူ ဆိုးဝါးသောအရှုပ်အထွေးများကြားတွင် ရောက်ရှိနေ၏။  



°°°°°°°°


“ကျေးဇူးမသိတဲ့သား”



စားပွဲကို ပြင်းထန်စွာရိုက်ချပြီး ထျန်းလူကြီးမင်းက သူ့ရှေ့တွင်ရှိသော ထျန်းဝမ်ယောင့်ကို ကျိန်ဆဲလိုက်သည်။



ထျန်းဝမ်ယောင့် ခေါင်းငုံ့နေပြီး စကားတစ်ခွန်းမှမပြောရဲပေ။  



ထျန်းလူကြီးမင်း တွေးကြည့်တိုင်း ဒေါသပိုထွက်လာရ၏။ 



“မင်းက မိန်းမနဲ့ရှိနေတာဆို ကိစ္စမရှိပေမဲ့ ယောကျာ်းဖြစ်နေတယ်.. အထူးသဖြင့် ရှန်ရုံ.. အဲ့ကောင်ကဘာလဲ.. ရှန်သယ်ဟန့်က အပြင်မှာမွေးထားတဲ့တရားမဝင်သား.. ဖန်းမိသားစုက မင်းနဲ့ သူတို့သမီးကိုလက်ထပ်ပေးဖို့ အပေါ်ယံသဘောတူနေတဲ့ အရေးကြီးတဲ့အချိန်မှာ မင်းက ဒီအချိုးချိုးတယ်ပေါ့.. ငါက ဖန်းမိသားစုကို ဘယ်လိုရှင်းပြရမှာလဲ” 

 


ထျန်းဝမ်ယောင့်က တောင်းပန်စွာနှင့်မော့ကြည့်သည်။ 



“အဖေ ကျွန်တော်တောင်းပန်ပါတယ်” 



သူ့အဖေက ဒေါသကိုဖိနှိပ်ဖို့ကြိုးစား၏။ 



“ဘယ်နေရာကတင်တာလဲ IP ရှာတွေ့ပြီလား” 



ထျန်းဝမ်ယောင့်က ခေါင်းရမ်းသည်။ 



“တစ်ဖက်လူက ဖုန်းနဲ့တင်တာ.. ဖုန်းနံပါတ်ကိုတွေ့ပေမဲ့ တဖက်လူက အဲ့ဒီနံပါတ်ကိုတစ်ခါပဲသုံးပြီး ဆက်ပြီးလှုပ်ရှားမှုမရှိတော့ဘူး” 



သူ့အဖေမျက်နှာရှုံ့မဲ့သွား၏။ 



“ဒါဆို တစ်ယောက်ယောက်က မင်းကိုချောက်ချချင်တာလား” 



ထျန်းဝမ်ယောင့်က မျက်မှောင်ကြုတ်ပြီး ဘာမှမပြောပေမဲ့ သူ့စိတ်ထဲတွင်တော့ သံသယရှိစရာလူတွေကို တစ်ယောက်ပြီးတစ်ယောက် ရှင်းထုတ်နေသည်။ ဤဗီဒီယိုကို သေချာပေါက် ရှန်ရှီး၏မွေးနေ့ညက ရိုက်ထားတာဖြစ်ပြီး ထိုညက ရှန်ရှီးလဲ ရှု့ထူမှာရှိနေခဲ့သည်ဟု ပြောကြသည်။ 



မဟုတ်သေး။ 



ထျန်းဝမ်ယောင့်ခေါင်းရမ်းလိုက်ပြီး ရှန်ရှီးကိုသံသယဝင်တာတွေ ဖယ်ရှားလိုက်၏။ ရှန်ရှီး၏အကျင့်အရ တကယ်သူသာဖြစ်ခဲ့လျှင် နောက်တစ်နေ့ သို့မဟုတ် ထိုနေရာ ထိုအချိန်မှာတင် ပြဿနာရှာလိမ့်မည်။ သူက အခုထိဘယ်လိုလုပ်ပြီးထိန်းထားနိုင်ပါအံ့..။



သို့သော် ရှန်ရှီးမဟုတ်လျှင် တခြားဘယ်သူဖြစ်လိမ့်မည်နည်း။



 ရှု့ထူကဝန်ထမ်းလား? ဒါမှမဟုတ်? 


  

ထျန်းဝမ်ယောင့် နာမည်တစ်ခုကိုတွေးမိပြီး မျက်လုံးတွေနက်မှောင်သွား၏။ 



သူ့ဖခင်ကလည်း တူညီသည့်လူကိုပဲ‌တွေးမိပုံရပြီး သုန်မှုန်သောမျက်နှာနှင့်ပြောလာသည်။ 



“မင်းကိုချောက်ချတာ ရှန်ရုံများလား” 



ထျန်းဝမ်ယောင့် ဘာမှမပြောပေမဲ့ သူ၏သံသယတွေနက်ရှိုင်းသွားလေသည်။ 


••••••


ထျန်းဝမ်ယောင့်က ဘယ်လိုတန်ပြန်ဆောင်ရွက်ရမလဲတွေးနေစဉ် တစ်ဖက်၌ရှန်ရုံမှာလည်း ကွန်ပြူတာက ဗီဒီယိုကို ထပ်ခါထပ်ခါပြန်ကြည့်ရင်း မျက်နှာဖျော့တော့လာသည်။ 



“နင် ငါ့ကိုအရမ်းစိတ်ပျက်စေခဲ့ပြီပဲ ! ”‌



အေးစက်သောအမျိုးသမီးအသံက သူ့နောက်မှထွက်ပေါ်လာ၏။ 



ရှန်ရုံ၏ခန္ဓာကိုယ်တုန်လှုပ်သွားပြီး မာကျောချင်ယောင်ဆောင်ကာ သူ့နောက်တွင်ပေါ်လာသော အမျိုးသမီးကိုလှည့်ကြည့်လိုက်သည်။ 



အမျိုးသမီးက အသက် ၃၀ ကျော်လောက်ရှိဟန်ရကာ သေချာပြင်ဆင်ထား၍ လက်ရာမြောက်သော မိတ်ကပ်လိမ်းထား၏။ ကိုယ်နှင့်ကွက်တိဖြစ်နေသော ချီဖောင်က သူမ၏ စိတ်နေစိတ်ထားနှင့် လိုက်ဖက်ညီသည်။ သို့သော်လည်း လက်ရှိအချိန်တွင် အမျိုးသမီးသည် ရှန်ရုံကို ဖြစ်စေချင်သည့်အတိုင်း ဖြစ်မလာသဖြင့် စိတ်ပျက်သောအကြည့်ဖြင့် အေးစက်စွာစိုက်ကြည့်နေ၏။ 



အမျိုးသမီး၏အကြည့်အောက်တွင် ရှန်ရုံမတ်မတ်ထိုင်လိုက်သည်။ 



ရှန်ရုံ၏မာကျောသောအပြုအမူကြောင့် အမျိုးသမီးကစိတ်တိုသွား၏။ ဒေါသထွက်လာပြီး ကျယ်လောင်‌စွာဆုံးမသောကြောင့် သူမ၏လှပသောမျက်နှာကရှုံ့မဲ့လာသည်။ 



“ဘာလဲ နင်မှန်တယ်လို့ထင်နေတာလား ! ” 



ရှန်ရုံကဘာမှမပြောဘဲ အမျိုးသမီးက ဒေါသတကြီးပြော၏။ 



“ဒီနှစ်တွေမှာ နင့်ကို ရှန်မိသားစုအသိအမှတ်ပြုတာခံရဖို့ ငါဘယ်လောက်ထိ လျှို့ဝှက်ကြံစည်ခဲ့ရလဲ.. ဒါပေမဲ့ အခုတော့ အဲ့ဒီအကြံအစည်တွေအားလုံး နင့်ကြောင့်ပျက်ဆီးကုန်ပြီ.. နင့်ကိုဘယ်နှစ်ခါပြောရမှာလဲ.. ရှန်မိသားစုအသိအမှတ်ပြုတာခံချင်ရင်၊ ရှန်မိသားစုရဲ့ မျှတပြီးဖြောင့်မတ်တဲ့သခင်လေးဖြစ်ဖို့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုအပေါ်မှာ မှီခိုရမယ်.. ဒါမှ နင့်အဖေက နင်ဘယ်လောက်တော်လဲမြင်နိုင်မှာ.. အဲ့ဒီအစားနင်က ဆန်းကြယ်တဲ့နည်းလမ်းတွေသုံးနေတယ်.. ရှန်ချိန်ကိုတွယ်ကပ်ပြီး အစ်ကိုနှစ်လို့ခေါ်ရင် သူက နင့်ကိုညီလေးတစ်ယောက်လို ဆက်ဆံမယ်ထင်နေတာလား.. သူက နင့်ကိုအပျော်ခေါ်သွားတာ.. ထျန်းဝမ်ယောင့်ရဲ့အဆင့်အတန်းကဘာလဲ နင်သိလား  ထျန်းမိသားစုရဲ့ အဆင့်အတန်းကဘာလဲ နင်သိလား.. နင်နဲ့ ထျန်းဝမ်ယောင့်က ဟာသအပြင်မပိုဘူး” 

 


အမျိုးသမီး၏စကားတွေကပိုပိုပြီးတော့ လွန်လာသည်။ ရှန်ရုံက လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး သူ့ဒေါသကိုထိန်းထားပေမဲ့ ဟာသဆိုသောစကားကိုကြားသောအခါ မထိန်းနိုင်ဘဲ ပေါက်ကွဲသွားတော့သည်။ 



“ဟုတ်တယ် ကျွန်တော်ကဟာသ.. အစကတည်းကဟာသပဲ.. ကျွန်တော်က ရှန်မိသားစုကသားဖြစ်တာတောင် အဖေကအသိအမှတ်ပြုဖို့ ငြင်းပယ်တယ်.. အမေက ရှေ့ကြိုရောက်အောင် တိုက်ခိုက်ဖို့နဲ့ အဖေ့ကိုကျွန်တော် ဘယ်လောက်တော်လဲပြဖို့ နေ့တိုင်းပြောတယ်.. ကျွန်‌တော်နားထောင်ခဲ့တယ်လေ.. 



စာဖတ်တာ၊ အားကစား၊ စန္ဒယားတီးတာနဲ့ ကတာ ကျွန်တော်လုပ်တာ မလုံလောက်ဘူးလား.. ဒါပေမဲ့ အဖေအဲ့ဒါတွေမြင်လား.. မမြင်ဘူး.. ရှန်ရှီးက ဘာမှမလုပ်နိုင်ဘူး။ ဘာမှမသိဘူး… ပညာမတတ်‌တဲ့ကောင်ဆိုပေမဲ့ သူကရှန်မိသားစုရဲ့ မှန်ကန်တဲ့အမွေဆက်ဆံသူ.. ကျွန်တော် သူ့ထက်သာအောင် မလုပ်နိုင်တာများရှိလား.. အရာအားလုံးမှာ ကျွန်တော်က သူ့ထက်တော်တယ်.. 



အစ်ကိုကြီးနဲ့ အစ်ကိုနှစ်နဲ့ ကျွန်တော်မပြိုင်ရဲပေမဲ့ ဘာလို့ ရှန်ရှီးနဲ့မပြိုင်နိုင်ရမှာလဲ.. ကျွန်တော်က တရားမဝင်သား မယားငယ်က‌‌မွေးတဲ့သူမို့ ဘာမှမရသင့်တာလား” 



“ဖြန်း ! ” 



ပြတ်သားသော ပါးရိုက်သံကြောင့် ရှန်ရုံသူ့မျက်နှာကို မယုံနိုင်စွာအုပ်လိုက်ရင်း သူ့ရှေ့မှအမျိုးသမီးကိုကြည့်လိုက်သည်။ 



အမျိုးသမီးက ရှန်ရုံကိုတည်ငြိမ်စွာကြည့်လာသည်။ 



“ငါ နင့်ကိုမမွေးသင့်ဘူးလို့ မကျေမနပ်ဖြစ်နေတာလား” 



အမျိုးသမီး၏အုံ့မှိုင်းသောမျက်နှာအောက်တွင် ရှန်ရုံ ဖြည်းညင်းစွာ ခေါင်းငုံ့လိုက်၏။



“ကျွန်တော်တောင်းပန်ပါတယ် အမေ” 



အမျိုးသမီးက ရှန်ရုံကို ဖြည်းဖြည်းနှင့်မှန်မှန်ကြည့်သည်။ 



“ဒီကိစ္စကိုဖြေရှင်းဖို့နည်းလမ်းရှာပေးမယ်.. နောက်တစ်ခါထပ်မဖြစ်စေနဲ့ ငါ့ကိုထပ်ပြီးစိတ်ပျက်ရအောင်မလုပ်နဲ့.. နောက်ကျရင် ရှန်ချိန်နဲ့အဝေးမှာနေ.. ကျိုးမင်မေ့ရဲ့သားကို ရှန်မိသားစုက ပွင့်ပွင့်လင်းလင်းနဲ့ရိုးရှင်းတဲ့နည်းလမ်းနဲ့ အသိအမှတ်ပြုရမှာ.. ကပ်ဖားရပ်ဖားလုပ်စရာမလိုဘူး” 


 

ရှန်ရုံက အတင်းခေါင်းညိတ်သည်။ 



အမျိုးသမီးက ရှန်ရုံကိုကျေနပ်သလိုကြည့်ပြီး လှည့်ထွက်သွားရာမှ တံခါးအနားကိုရောက်တော့ ရုတ်တရက်ရပ်သွား၏။ 



“နင် ထျန်းဝမ်ယောင့်နဲ့ပတ်သက်တာ ဘာမှထပ်မမြင်ရစေနဲ့” 



ရှန်ရုံကမူ ဘာမျှမပြောဘဲ နှုတ်ဆိတ်နေ၏။ 



အမျိုးသမီးကမူ ရှန်ရုံ၏တိတ်ဆိတ်မှုကို ဂရုမစိုက်ပါဘဲ စကားပြောပြီးသည်နှင့် ထွက်သွားလေသည်။ 



အမျိုးသမီး၏ကျောပြင်ကိုကြည့်ပြီး ရှန်ရုံလက်သီးထပ်ဆုပ်လိုက်တော့သည်။ 



°°°°°°°



ဗီဒီယိုကိစ္စကို ရှန်ရှီး မြန်မြန်ချန်ထားခဲ့၏။ ကြီးမားသောလေဆိပ်‌ကြီးထဲမှာ ရပ်နေရင်း ပျာပန်းခတ်နေသောလူအုပ်ကြီးကိုကြည့်ကာ ပြန်မွေးဖွားချိန်ကတည်းက သူ၏ပထမဆုံးအပြုံးစစ်ကို ပြုံးလိုက်သည်။ 



သူတကယ်ပဲ ဤနေရာကနေထွက်ခွာတော့မည်။ မျက်နှာမှ ဘာအမူအရာမှမပြပေမဲ့ တစ်နေ့နေ့မှာ သူကံကြမ္မာက နောက်တစ်ကြိမ်ပြန်ဖြစ်မှာ၊ သူ၏ပြန်လည်မွေးဖွားမှုက အယောင်မှားသော အိမ်မက်ပဲဖြစ်နေမည်ကို ရှန်ရှီးဆက်တိုက်စိုးရိမ်နေတာကိုတော့ နှလုံးသားထဲမှာဝန်ခံရမည်။ 



ဤနေရာမှာထွက်ခွာပြီးနောက် သူ့အရင်ဘဝက သူနှင့်ကံကြမ္မာရောယှက်သူများကို ချန်ခဲ့ပြီးနောက်မှာတော့ ရှန်ရှီး၏နှလုံးသားတွင်ရှိသော စိတ်မသက်မသာဖြစ်မှု‌သည် လုံးဝပျောက်ကွယ်သွား၏။

 


လေယာဉ်ထွက်ခွာပြီး ပျံတက်လာသောအခါ အောက်တွင်ရှိသောကျုံးကျင်းသည် ပို၍ပို၍သေးလာသည်။ ရှန်ရှီး သူ့လက်ကိုပြတင်းပေါက်တွင် ​ဖြည်းညင်းစွာဖိလိုက်၏။သူ့ရှုထောင့်ကနေ ကြည့်လျှင် ကျုံးကျင်းမြို့တစ်ခုလုံးက သူ့လက်ထဲမှာ ထိန်းချုပ်ထားသည့်အလား။ ရှန်ရှီး လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်လိုက်ရင်း စိတ်ကျေနပ်စွာဖြင့်ပြုံးလိုက်လေသည်။