အခန်း ၉
ဟန်မိသားစုနှင့် လီမင်ဟွေ့တို့ ထွက်သွားပြီးနောက် ကျန်းလင်းက ဟန်ကျင့်ရန် တစ်ယောက်အစားအသောက်ပြင်ဆင်နေသည်အား အကူအညီပေးရန် ဟန်ရှုယောင်ကို မီးဖိုချောင်သို့ ခေါ်သွားသည်။
တစ်ချိန်တည်းမှာပင် သူမက ယဲ့မုန့်ယောင်ကိုလည်းသူမအတွက် ပြင်ဆင်ပေးထားသည့် အခန်းကို
လိုက်လံပြသလိုက်သည်။
ယဲ့မုန့်ယောင် နေထိုင်မည့်အခန်း၏ ဘေးတွင် အခန်းတစ်ခန်းရှိသည်။ ထိုနေရာက ဟန်ရှူယောင်၏အခန်းဖြစ်၏။ အိမ်၏ညာဘက်ခြမ်းတွင် ဤအခန်းနှစ်ခန်းသာ ရှိသည်။ ဟန်ကျင့်ရန်နှင့်သူ၏ဇနီးက တစ်ဖက်ခြမ်းတွင် နေထိုင်ကြသည်။
"ယောင်ယောင်ရေ လာပါဦး...
အမေ မင်းအတွက် ပြင်ဆင်ထားတဲ့
အခန်းကို ကြည့်ပါဦး..."
ကျန်းလင်းက ပျော်ရွှင်စွာဖြင့် ယဲ့မုန့်ယောင်အား
ဆွဲခေါ်သွားသည်။
ယဲ့မုန့်ယောင် ကြည့်လိုက်သောအခါ ပြတင်းပေါက်နှစ်ခုရှိ၍ အခန်းက အလင်းရောင်ကောင်းရတာကို တွေ့လိုက်ရသည်။ အခန်းထဲတွင်စောင်ခင်းထားသော ကုတင်တစ်လုံးရှိသည်။ ယနေ့ နေလှန်းထားသောကြောင့် နွေးထွေးပြီး သက်သောင့်သက်သာရှိတာကို ခံစားရသည်။ နေရောင်ခြည်နံ့သင်းသင်းလေးကိုလည်း ခံစားမိသည်။။
စတုဂံပုံစံ သစ်သားစားပွဲခုံက ပြတင်းပေါက် နှစ်ဖက်ကို မျက်နှာမူထားသည်။ စားပွဲခုံ၏ ထောင့်တွင် လှပသော တောပန်းမျိုးစုံပါသည့် ပန်းအိုးတစ်လုံးရှိသည်။ ၎င်းက ရိုးရှင်းသောအခန်းလေးကို လှပ၊တက်ကြွမှုကို ပေါင်းပေးလိုက်သကဲ့သို့ပင်။ စားပွဲခုံ၏အောက်ဘက်နေရာက လွတ်နေသသေးသည်။ အသုံးမပြုတော့သောအခါကုလားထိုင်ကို အောက်သို့ထိုးသွင်းထားလို့ရသည်။ စားပွဲ၏တစ်ဖက်စီတွင် အံဆွဲသုံးခုစီရှိပြီး ပစ္စည်းများစွာထည့်ထားလို့ရသည်။
ပြတင်းပေါက်များကို ကောက်ရိုး လိုက်ကာများနှင့်ချိတ်ဆွဲ၍ ကာထားပေးသည်။ထိုလိုက်ကာများအား ကျန်းလင်းက ရွာသားများကို ပြုလုပ်ပေးရန် အကူအညီတောင်းခဲ့တာဖြစ်ကြောင်းပြောပြသည်။ အိမ်ရှိ အခန်းတိုင်း၏ ပြတင်းပေါက်များတွင် ချိတ်ဆွဲထားသည်။
အခန်းထောင့်တွင်စားပွဲခုံနှင့်တူညီသော သစ်သားဖြင့် ပြုလုပ်ထားသည့် ဗီရိုတစ်လုံးရှိပြီး မှန်တစ်ချပ်လည်း ရှိသေးသည်။
ဤအခန်းက ပေကျင်းမှ ယဲ့မုန့်ယောင်၏ အခန်းလောက် မကောင်းသော်ငြား အပြင်အဆင်ပုံစံမှာ ယဲ့မုန့်ယောင်၏ ပေကျင်းမှ အခန်းနှင့် အတော်လေး
ဆင်တူတာကို တွေ့ရသည်။ အခန်းအား သေချာပြင်ဆင်ထားတာကို တွေ့ရသည်။
ဒီရွာကလူအများစုတွင် ကိုယ်ပိုင်အခန်း မရှိကြဘဲ
သူတို့၏မောင်နှမတွေနဲ့ အခန်းကို မျှဝေနေထိုင်ကြရသည်။ လူအများကြီးနှင့် ပြွတ်သိပ်စွာ နေထိုင်ရသည့်အတွက် ယဲ့မုန့်ယောင်၏အခန်းက သံသယဖြစ်စရာပင်မလို အလွန် မနာလိုချင်စရာကောင်းနေသည်။
"ဘယ်လိုလဲ...ယောင်ယောင်
သဘောကျရဲ့လား..."
ကျန်းလင်းက ယဲ့မုန့်ယောင်အား မေးလိုက်သည်။
ယဲ့မုန့်ယောင်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့်
ကျန်းလင်းကို ဖက်ကာပြောလိုက်သည်။
"အရမ်းကြိုက်တယ်...အမေ
ကျေးဇူးတင်ပါတယ်..."
"သမီးကြိုက်လို့ ဝမ်းသာပါတယ်ကွယ်...
လာ...သမီးရဲ့ ခရီးဆောင်အိတ်တွေကို
သယ်ကြမယ်..."
ကျန်းလင်းက ယဲ့မုန့်ယောင်၏
လက်မောင်းကို ပုတ်ပြီး ပြောလိုက်သည်။
"ဟုတ်"
ယဲ့မုန့်ယောင်က ခေါင်းညိတ်ပြီး ခရီးဆောင်အိတ်များကို သယ်ရန် ကျန်းလင်းနောက်သို့ လိုက်သွားသည်။
သူတို့နှစ်ယောက်သား ခရီးဆောင်အိတ်အားလုံးကို အခန်းထဲသို့ ရွှေ့ခဲ့ကြပြီး ကျန်းလင်က ယဲ့မုန့်ယောင်ကို သူမဘာသာ နေရာချထားခိုင်းခဲ့သည်။
ကျန်းလင်း ထွက်သွားပြီးနောက် ယဲ့မုန့်ယောင်က ခရီးဆောင်အိတ်နှစ်လုံးကို ဖွင့်ကာ အတွင်းရှိ အဝတ်အစားများကို ထုတ်၍ခေါက်ပြီး ဗီရိုထဲ ထည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဘေးကပ်လျက်မှ
ကပ္ပတိန်၏အိမ်တွင်...
အဖွဲ့ခေါင်းဆောင် ပြန်ရောက်လာသောအခါ သူကမိသားစုအား ပညာတတ်လူငယ်ခြံဝန်းတွင်အမျိုးသမီးပညာတတ်လူငယ်အတွက် အခန်းမရှိတော့ကြောင်းနှင့် သူမက အိမ်သို့ လာရောက်နေထိုင်လိုကြောင်း ပြောပြခဲ့သည်။
သူ့ဇနီး နျိူချိူင်ဟွားက အနည်းငယ် မကျေမနပ်ဖြစ်နေသေးသော်လည်း အဖွဲ့ခေါင်းဆောင်က လူတိုင်းရှေ့တွင် သဘောတူထားပြီး ပညာတတ်လူငယ်
မိန်းကလေးက အိမ်လမ်းရောက်နေပြီဖြစ်ကြောင်း
သူမတွေးခဲ့သည်။ ငြင်းဆိုရန်အတွက် နောက်ကျလွန်းနေပြီဖြစ်ပြီး ယခုမှငြင်းခုန်နေလျှင်အခြေအနေကို ပို၍ ရုပ်ဆိုးစေမည်သာ ဖြစ်သည်။
ဤအကြောင်းကို တွေးမိသောအခါ နျိူချိူင်ဟွားသည် သူမ၏စိတ်ဓာတ်ကျနေသော ခံစားချက်ကို ဖယ်ရှားကာ ချွေးမနှင့်သမီးကို ညစာချက်ပြုတ်ရန်မီးဖိုချောင်သို့ သွားခိုင်းခဲ့သည်။
သူမက ယနေ့သည် ပညာတတ်လူငယ်က သူမ၏အိမ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သောကြောင့် သူမ အနည်းဆုံးတော့ မျက်နှာသာပေးသင့်သည်ဟု တွေးနေခဲ့သည်။ ထို့ကြောင့် သူမက သမီးကို ကြက်ဥငါးလုံး ယူခိုင်းပြီး ကြော်ခိုင်းခဲ့သည်။
နျိူချိူင်ဟွားသည် အခန်းကို သူမဘာသာ သန့်ရှင်းရေးလုပ်ရန် သွားခဲ့သည်။ သူ၏ဇနီး အနည်းငယ် စိတ်မကျေမနပ်ဖြစ်နေသည်ကို မြင်သောအခါ အဖွဲ့ခေါင်းဆောင်က သူမနောက်သို့ လိုက်သွားပြီး သူတို့၏ဒုတိယသား လီမင်ဟွေ့၏ ပုံမှန်မဟုတ်သော အပြုအမူအကြောင်း ပြောပြခဲ့သည်။
နျိူချိူင်ဟွားက ပညာတတ်လူငယ်ကို သူမတို၏အိမ်သို့ လာရောက်နေထိုင်ရန် ပထမဆုံး အဆိုပြုခဲ့သူမှာ သူမ၏ ဒုတိယသားဖြစ်ကြောင်း သိသွားသောအခါ
အိမ်တွင်ကျန်ရှိနေသော ဝက်သားခြောက်အနည်းငယ်ကို ပျော်ရွှင်စွာ လှီးဖြတ်ကာ သူမ၏ ချွေးမချက်ပြုတ်ရန် မီးဖိုချောင်သို့ ယူဆောင်သွားသည်။
သူမက သူမ၏ ဒုတိယသားသည် နောက်ဆုံးတော့ ဥာဏ်ရှိလာပြီဟု တွေးနေခဲ့သည်။ လွန်ခဲ့သည့် နှစ်များတစ်လျှောက်လုံး သူ၏မိသားစုက တစ်စုံတစ်ယောက်နှင့် မိတ်ဆက် ပေးလိုသောအခါ သူက သွားရောက်တွေ့ဆုံရန် ဆန္ဒမရှိခဲ့ပေ။ ယခုမူ သူက ပညာတတ်လူငယ်တစ်ဦးကို သူ၏အိမ်တွင် လာရောက်နေထိုင်ရန် တက်ကြွစွာ ဖိတ်ခေါ်ခဲ့သည်။
သူက ထိုမိန်းကလေးကို ချစ်မိသွားတာ ဖြစ်ရမည်။
လီမင်ဟွေ့နှင့်အတူ အိမ်သို့ရောက်လာသော ကျန်းယင်းယင်းကို မိသားစုတစ်စုလုံးက ကြိုဆိုခဲ့သည်။ သူမ နောက်ဆုံးတွင်တော့ စိတ်သက်သာရာ ရခဲ့သည်။ နျိူချိူင်ဟွားက သူမကို သူ၏ အနာဂတ်ချွေးမအဖြစ် သဘောထားနေသည်ကိုတော့ မသိခဲ့ချေ။
မကြာမီ သူတို့မိသားစုက စတင်စားသောက်ကြသည်။ ယနေ့ ကျန်းယင်းယင်း ရောက်လာသည့်အတွက် ဟင်းပွဲများက ပုံမှန်ထက် ပိုမိုစုံလင်နေသည်။ ထမင်းမှာ ကန်စွန်းဥထမင်း ဖြစ်နေသော်လည်း ယဲ့မုန့်ယောင် ပေးထားသည့် ဘဲကင်နှင့် ကြက်သားအပြင် ဝက်သားနှင့် ကြက်ဥလည်း ပါဝင်သည်။
သူတို့မိသားစုက သာမန်မိသားစုထက် အနည်းငယ် အဆင်ပြေသော်လည်း ရက်အနည်းငယ်ကြာမှသာ အသား သို့မဟုတ် ကြက်ဥ စားရသည်။
ဟန်မိသားစုတွင် ယဲ့မုန့်ယောင်က ခရီးဆောင်အိတ်ထဲရှိ အဝတ်အစားအားလုံးကို ထုပ်ပိုးပြီး ခရီးဆောင်အိတ်ကို ဗီရိုအောက်ခြေတွင် ထားလိုက်သည်။ ထို့နောက် သူမက ယနေ့ ယူလာခဲ့သော အထုပ်နှစ်ထုပ်ကို ဖွင့်လိုက်သည်။ သူမ၏ အဝတ်အစားများဖြင့်ပြည့်နေသည်ကို တွေ့ရသည်။
အနည်းဆုံး အဝတ်အစား ငါးစုံရှိပြီး ယဲ့မုန့်ယောင်ကိုယ်တိုင် ပုံဆွဲပြီး သူမနှင့် ပိုင်ယွင်တို့အတွက်
ချုပ်လုပ်ထားခြင်း ဖြစ်သည်။
ယဲ့မုန့်ယောင်က ပန်းချီဆွဲခြင်းနှင့် ခေတ်မီအဝတ်အစားများ ဒီဇိုင်းဆွဲခြင်းကို အလွန်နှစ်သက်သည်။ သို့သော် ယခင် ခေတ်သစ်ကာလတွင် သူမက အလုပ်များနေသဖြင့် ဤအရာများကို
လေ့လာရန် အချိန် သို့မဟုတ် ငွေကြေးလည်း
မရှိခဲ့ပေ။
နောက်ပိုင်း သူမတွင် ငွေပိုငွေလျှံလေး များရှိလာသောအခါ သင်တန်းကျောင်းသို့သွားရောက်၍သင်ယူခဲ့သည်။ ထို့နောက် သူမက လက်ရှိလူအဖြစ်သို့ ပြန်လည်ဝင်စားခဲ့သည်။ သူမ၏ အဘွားထံမှလည်း ပန်းထိုးပညာနှင့် အဝတ်ချုပ်ပညာကို သင်ယူခဲ့သေးသည်။