Chapter 12
Viewers 2k




ဘား၏ ခပ်မှိန်မှိန်မီးရောင်အောက်၌ ထောင့်နားက မီးများဟာ လင်းခနဲ လက်ခနဲဖြင့် မျက်စိနောက်ဖွယ်ကောင်းသော်လည်း လူများ၏ မျက်နှာကိုတော့ ဝေဝါးဝါးမြင်ရနိုင်သေးသည်။ သိုက်ယွမ်ဟာ တစ်စုံတစ်ယောက်ကို ပါးရိုက်လိုက်ချိန်၌ သူ၏ပယင်းရောင်မျက်ဝန်းတွေက ကြည်လင်နေပြီး အမူအရာက လုံးဝပြောင်းလဲသွားခြင်းမရှိသည်မှာ ပါးစပ်ကနေ သွေးအန်အောင် ရိုက်လိုက်သူဟာ သူမဟုတ်သည့်အလား ။



ဟော့ယုံချင်းမှာ မြင်ကွင်းကြောင့် ထိတ်လန့်သွားရာ ပင့်သက်ဖွဖွပင်ရှိုက်မိသွားသည်။အသံက အလွန်တိုးဖွလွန်းရာ သူကိုယ်တိုင်တောင်မှ ဆူညံနေသော နောက်ခံသီချင်းသံအောက်မှာ မကြားရသလောက်နီးပါးပင်။



အမှောင်ထဲမှာ ပုန်းပြီး အခြေအနေကို ဆက်အကဲခတ်ဖို့ လုပ်လိုက်စဥ်မှာပင် စောစောက လူတစ်ယောက်ကို ရိုက်ခဲ့သော သိုက်ယွမ်အား နောက်ကနေ တစ်ယောက်ယောက်က ကန်ထည့်လိုက်တာကို မြင်လိုက်ရသည်။  သိုက်ယွမ်ဟာ ဟန်ချက်ပျက်သွားတာလား သို့မဟုတ် နာကျင်သွားသည်လားမသိ။ လှေကားကနေ တလိမ့်ခေါက်ကွေး လိမ့်ကျသွားလေသည်။



လူအုပ်ထဲကနေ ကန်ထည့်လိုက်သူက ပါးရိုက်ခံရသောလူ၏ ဘေးမှာ ရပ်နေတာ ဖြစ်သည်။ ထိုလူက အောက်ကိုဆင်းလာရင်းသိုက်ယွမ်ခါးကို တစ်ချက်ကန်ပြန်၏။ ထို့နောက်၌ အနီးနားမှာ တစ်ယောက်ယောက်ရှိနေတာကို သတိပြုမိသွားသည့်အလား ဟော့ယုံချင်းဘက်သို့ စူးရှခက်ထန်စွာ လှည့်ကြည့်လာသည်။



“ဘယ်သူလဲ !’



ဟော့ယုံချင်း မလှုပ်ရဲချေ။ အကန်ခံရမှုကြောင့် ခပ်ကွေးကွေးလဲနေသော သိုက်ယွမ်သည်လည်း သူ့ကို သတိထားမိသွားပုံရသည်။ သူ့မျက်လုံးတွေက ပြူးကျယ်သွားရင်း မျက်တောင်ရှည်များကလည်း နာကျင်နေဟန်ဖြင့် လိပ်ပြာလေးနှယ် တဖျတ်ဖျတ်ခတ်သွားသည်။ ယင်းက လူကို အလွန်တရာမှ သနားချင့်စဖွယ် ဖြစ်သွားစေပေသည်။



ဟော့ယုံချင်းက ခပ်ဖြည်းဖြည်းပြောလိုက်၏။



“မေးသင့်တဲ့လူက ငါမဟုတ်ဘူးလား။ မင်းက ဘာကိစ္စ လူတစ်ယောက်ကို ဒီလိုမျိုး ကန်ကျောက်နေရတာလဲ”



“မင်းနဲ့ ဘာဆိုင်လဲ။ မသေချင်ဘူးဆိုရင် ဒီကနေ လစ်လိုက်တော့”



ကန်သည့်လူက အေးစက်စက်ခြိမ်းခြောက်လာသည်။



ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဟော့ယုံချင်းက ခြေကြွကာ အဝေးသို့ လှမ်းထွက်လာလိုက်တော့သည်။



သိုက်ယွမ်ဘေးကနေ ဖြတ်လာချိန်၌ သူ ဖျတ်ခနဲငုံ့ကြည့်လိုက်သည်။ သိုက်ယွမ်က သူ့အား ပြူးကျယ်နေသော မျက်ဝန်းအစုံဖြင့်ကြည့်နေတာကို မြင်လိုက်ရ၏။ ဖြူလွှသော လက်ချောင်းများက ဖုန်များဖြင့် ညစ်ပေနေကာ ဟော့ယုံချင်းဘောင်းဘီစကို လှမ်းဆွဲတော့မည့်ပုံပေါ်သည်။ သို့ငြား တွေဝေသွားသည်မှာ ဒုက္ခမပေးချင်၍လား သို့မဟုတ် တခြားအကြောင်းကြောင့်လား မသိရပါချေ။ အဆုံးမှာတော့ ထိုသူ့လက်ချောင်းတွေက သူ့ကို ထိမလာခဲ့။



ဟော့ယုံချင်း အကြည့်ပြန်ရုတ်ရင်း နောက်လှည့်မကြည့်စတမ်း ထွက်လာခဲ့လိုက်သည်။ ထွက်လာပြီးမှ ဝန်ထမ်းတစ်ယောက်ကိုရှာကာ သူမြင်ခဲ့သော အခြေအနေကို အတိုချုံးရှင်းပြလိုက်သည်။ဝန်ထမ်းက သူညွှန်ပြသောနေရာကို သွားသည်နှင့်တစ်ပြိုင်နက် သူလည်း ဘားကနေ ထွက်လာလိုက်တော့သည်။



ဘားအပြင်ဘက်၌ ကားငှားဖို့ရာ ခက်ခဲလှသည်။ စောင့်နေရင်းမှ ဟော့ယုံချင်းသည် သူမြင်ခဲ့သောမြင်ကွင်းကို ပြန်တွေးကြည့်လိုက်၏။



သိုက်ယွမ်ကို ချက်ချင်းမကယ်ခဲ့တာက အကြောင်းပြချက်များစွာရှိသည်။  ပထမအချက်အနေဖြင့်၊ သိုက်ယွမ်ဟာ သူသိသောလူဖြစ်ပေမဲ့ သူ့အတွက်တော့ သူစိမ်းတစ်ယောက်ပင်။  ဒုတိယအချက်အနေဖြင့် သူတစ်ယောက်တည်း လူအုပ်ကို ရင်ဆိုင်ဖို့ မဖြစ်နိုင်ပေ။ သူမကယ်နိုင်မှတော့ ဝန်ထမ်းကိုခေါ်တာက ပိုကောင်းပေသည်။

 တတိယအချက်အနေဖြင့် အခြေအနေတစ်ခုလုံးက မူမမှန်ဟု သူခံစားမိလေသည်။


 

သိုက်ယွမ်အား ကန်ခဲ့သောလူက ခြိမ်းခြောက်နေပုံရပေမဲ့ တကယ်တမ်းကျ ကြောက်ရွံ့နေပုံပေါ်သည်။



ဒါဖြင့် ဘယ်သူ့ကိုကြောက်တာလဲ။



ဟော့ယုံချင်း နားမလည်ချေ။ သိုက်ယွမ်နှင့် ထိုလူတွေ ဘယ်လိုပတ်သက်မှန်းလည်း သူမသိပေ။



ထိုအခိုက်မှာပင် ယူနီဖောင်းဝတ်ဝန်ထမ်းတစ်ယောက်က ဘားထဲက ထွက်လာသည်။ သူ့အကြည့်က ဟိုဟိုသည်သည် ဝေ့ကြည့်နေရာမှ တက္ကစီစောင့်နေသော ဟော့ယုံချင်းအပေါ် ကျလာ၏။



“လူကြီးမင်း”



ဝန်ထမ်းက သူ့ထံပြေးလာလျက်



“တော်ပါသေးရဲ့ဗျာ မပြန်သေးလို့။ လူကြီးမင်းမိတ်ဆွေက သတိလစ်နေပါတယ်။ သူ့ကို ဆေးရုံလေးများ ခေါ်သွားပေးလို့ ရမလားဗျ”



ဟော့ယုံချင်း စိတ်ရှုပ်သွားတာကိုမြင်တော့ သူက အာ ဟုရေရွတ်ရင်း ရှင်းပြလာသည်။



“လူကြီးမင်းပြောတဲ့ လူလေ အရိုက်ခံရတဲ့လူ….ကျွန်တော်တို့ သွားစစ်ဆေးကြည့်တော့ အဲ့မှာ လူတစ်ယောက်ပဲရှိတယ်။ သူ့ကို ဆေးရုံခေါ်သွားပေးဖို့ လုပ်ပေမဲ့ သူက လူကြီးမင်းရဲ့ပုံစံကို ပြောပြပြီးတော့ မိတ်ဆွေပါလို့ပြောတယ်။ ပြီးတော့ သူသတိလစ်သွားတော့တာပဲ”



ဟော့ယုံချင်း ဝန်ထမ်း၏ ဆိုလိုရင်းကို နားလည်လိုက်သည်။ သူ့ကိုရှာဖို့ အမြန်ထွက်လာခဲ့ခြင်းဟာ တတ်နိုင်သမျှ ပြဿနာမတတ်ချင်၍ပင်။  မည်သို့ဆိုစေ လူတစ်ယောက်ကို ဆေးရုံပို့ပါက ဆေးဖိုးတွေ အများကြီးကုန်ကျနိုင်လေသည်။



“ခဏလေး ကျွန်တော် ဖုန်းခေါ်လိုက်ဦးမယ်”



ဟော့ယုံချင်းက ပြုံး၍ ပြောရင်း တစ်ဖက်လှည့်၍ ဖုန်းနံပါတ်ကို နှိပ်လိုက်၏။



တတိယမြောက်ဖုန်းမြည်သံရောက်မှ တစ်ယောက်ယောက်က ဖုန်းကိုင်လာသည်။



တစ်ဖက်လူအသံက သတိထားမိလောက်အောင် လေသံက ဆိုးရွားနေသည်။



“ဘာလိုချင်လို့လဲ”



“သိုက်ယွမ် သတိလစ်သွားတယ်”



ဟော့ယုံချင်းက ခပ်ပြတ်ပြတ်ပြောရင်း တည်နေရာ ပြောပြလိုက်၏။



တစ်ဖက်လူက ချက်ချင်းပင် ဒေါသပုန်ထလာဟန်ဖြင့်



“မင်း ဘာလုပ်လိုက်ပြန်ပြီလဲ”



“ငါ ဘာမှမလုပ်ဘူး။ ပြောရရင် ငါက ကောင်းမှုလုပ်နေတာ။ဒေါက်တာချုံ မင်းမြန်မြန်လာဖို့ ငါအကြံပြုချင်ပါရဲ့”



ဟော့ယုံချင်းက ပြောပြီးနောက် ဖုန်းချပစ်လိုက်သည်။



သူက ဝန်ထမ်းဘက်ကိုလှည့်၍ ယဥ်ကျေးစွာ ပြုံးပြလိုက်၏။



“ကျွန်တော် လူခေါ်ထားတယ်။ သူက ဆရာဝန်ပါ။ သတိလစ်သွားတဲ့လူကို သေချာပြုစုပေးနိုင်လိမ့်မယ်။ဒါပေမဲ့ သူမရောက်ခင်တော့ မင်း အဲ့လူကို ဂရုစိုက်ထားပေးနိုင်မလား”



ဝန်ထမ်းက ဟော့ယုံချင်း၏ အပြုံးကိုမြင်တော့ ဘာကြောင့်ရယ်မသိစွာ ရှက်သွေးဖြာသွား၏။ သူ ထုံထိုင်းစွာ ခေါင်းညိတ်ပြရင်း ဟော့ယုံချင်း ကားထဲဝင်ကာ ထွက်သွားတာကိုကြည့်နေပြီးမှ သူတော့ အရှုပ်ထုပ်လုပ်မိပြီဆိုတာကို သဘောပေါက်သွားတော့သည်။



အကြောင်းမူ မန်နေဂျာက သူ့အား သေသေချာချာမှာထားသည်က ဘာကိစ္စကြောင့်ပဲ ဖြစ်ပါစေ အနှီဧည့်သည်အား အမိအရ ဆွဲထားရမည်ဟုပင်။


***


သူ့ပြောင်ကော အိမ်ရောက်တော့ ဟော့ယုံချင်းက ခပ်တိုတိုနှုတ်ဆက်ရင်း ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည်။ သူထွက်လာချိန်၌ စားပွဲပေါ်က သူ့ဖုန်းက ထပ်ခါတလဲလဲ တုန်ခါနေတာကို မြင်လိုက်ရချေသည်။



ဖုန်းခေါ်ရင်း စာပို့ထားသူက ချုံဝမ့်ဖေးပင်။ သူ သိုက်ယွမ်အား ဘာလုပ်ခဲ့သလဲဟူသော မေးခွန်းတွေအား ထပ်တလဲလဲ မေးလို့ထားသည်။



ဟော့ယုံချင်းက မျက်စိညစ်ပေခံမနေတော့ဘဲ လျစ်လျူရှုရင်း ထိုအစား လုပ်ဖော်ကိုင်ဖက်အသစ်ဆီကိုသာ သူနေမကောင်း၍ စောစောပြန်သွားကြောင်းနှင့် ကောင်းကောင်းပျော်ခဲ့ကြပါဟူသော စာတိုကို ပို့ထားလိုက်သည်။



မက်ဆေ့ပို့ပြီးနောက် သူ ဖုန်းကို ပိတ်ရင်း အိပ်ဖို့ ပြင်လိုက်သည်။



သူထင်မထားသည်ကတော့ တစ်စုံတစ်ယောက်က ပြောင်ကောတံခါးအား ညသန်းခေါင်ကြီး လာထုလိမ့်မည်ဆိုတာပင်။



သူနှင့် ပြောင်ကော နှစ်ယောက်လုံး အလန့်တကြား နိုးလာကြသည်။ပြောင်ကောက အိပ်ချင်မူးတူးဖြင့် တံခါးဖွင့်လိုက်ချိန်၌ ဘေးသို့ ဆောင့်တွန်းခံလိုက်ရသည်။ အထဲဝင်လာသူကား ဒေါသတကြီးဖြစ်နေသော ကုန်းလန် ဖြစ်နေလေသည်။



ကုန်းလန်ဟာ တစ်ယောက်တည်း လာခဲ့တာ မဟုတ်ချေ။



ဟော့ယုံချင်း၏ အိပ်ချင်စိတ်တို့က ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားကာ  တစ်စုံတစ်ခုကို သတိပြုမိသွားရင်း ရဲကိုခေါ်ဖို့ အခန်းရှိရာသို့ ပြန်လှည့်ပြေးရန် ဟန်ပြင်လိုက်သည်။ကံမကောင်းစွာဖြင့် အခန်းထဲသို့ မဝင်ရသေးခင်မှာပင် ကုန်းလန်က ရှေ့ကနေ လမ်းပိတ်လာခဲ့လေသည် ။



ဟော့ယုံချင်းမှာ ဆေးရုံသို့ အတင်းအကြပ်ခေါ်သွားခံလိုက်ရ၏။



အေးမြသောလရောင်က ဆေးရုံခန်းထဲမှာ ဖြာကျနေလျက် လူငယ်လေးကတော့  နှင်းဖြူရောင်ကုတင်ပေါ်တွင် ငြိမ်သက်စွာ အိပ်နေသည်။ကုန်းလန်က ဟော့ယုံချင်းအား ဆေးရုံခန်းထဲသို့ တွန်းထည့်လိုက်၏။



 "ရှောင်ယွမ် နိုးလာရင် မင်းပြန်လို့ရတယ်။ အဲ့ကျရင်တော့ မင်း ရှောင်ယွမ်ကို ထိခိုက်အောင်လုပ်မလုပ် သိရပြီပေါ့”



ကုန်းလန်ဟာအစကတော့ ဆေးရုံခန်းထဲမှာ နေဖို့ဖြစ်သော်လည်း ဖုန်းခေါ်ဆိုမှုတစ်ခုက ဝင်လာချေသည်။ သူက သိုက်ယွမ်ကို စောင့်ကြည့်ဖို့ သို့မဟုတ် အတိအကျပြောရပါက ဟော့ယုံချင်းကို မျက်စိဒေါက်ထောက်ကြည့်ဖို့ရာ သူ့သက်တော်စောင့်များကို ထားခဲ့လေသည်။



 ဟောယုံချင်းဟာ ညအိပ်ဝတ်စုံဝတ်ထားလျက်သားဖြင့်ပင် ဆွဲခေါ်ခံလာရတာဖြစ်ပြီး ဖိနပ်ကလည်း အိမ်တွင်းစီးဖိနပ်သာ ဖြစ်သည်။ သူဒေါသတကြီးဖြင့် ဆိုဖာပေါ် ထိုင်ချလိုက်၏။ ဖုန်းမပါတော့ လုပ်စရာလည်း မရှိလေရာ ပျင်းရိငြီးငွေ့စွာဖြင့်ပင် ကုတင်ပေါ်မှ လူကို မော့ကြည့်လိုက်မိသည်။



ဘာကြောင့်ရယ်မသိ သူ့ရှေ့က မြင်ကွင်းက ထူးထူးဆန်းဆန်း ရင်းနှီးနေသည်။ မသိလျှင် သူယခင်က တွေ့ကြုံဖူးခဲ့သလိုပင်။



—”မြင်လား….ကျွန်တော် ထိခိုက်နာကျင်နေသရွေ့ ကိုကို ဘယ်လောက်ပဲ ပုန်းပါစေ…ကိုကို့သူငယ်ချင်းတွေက ကျွန်တော့်ဆီ ခေါ်လာပေးစမြဲပဲလေ”