Chapter 13
Viewers 2k



အာရုဏ်တက်ခါနီး၌မူ ဟော့ယုံချင်းမှာ ကြာကြာမထိန်းနိုင်တော့ဘဲ အိပ်ပျော်သွားတော့သည်။  သူနိုးလာသောအခါတွင်မူ ဆိုဖာပေါ်တွင် ရှိမနေတော့ဘဲ ဆေးရုံကုတင်ပေါ်တွင် ရောက်နေလေ၏။



ဆေးရုံကုတင်ပေါ်မှာ လဲနေသင့်သော သူကတော့ ကုတင်ဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေလျက်ရှိသည်။  ထိုသူက ဘာမှမလုပ်ဘဲ လက်နှစ်ဖက်ဖြင့် မေးထောက်လျက် စိုက်ကြည့်နေသည်။  သူ့ကိုကြည့်နေတာ ဘယ်လောက်ကြာပြီလဲပင်မသိချေ။



 သူ့ကို စောင့်ကြည့်နေသော သက်တော်စောင့်များကတော့ ထွက်သွားပြီဖြစ်ပြီး ကုန်းလန်တောင် ရှိမနေပေ။



 ဟော့ယုံချင်း ထထိုင်ဖို့ ဟန်ပြင်လိုက်တော့ လက်တစ်စုံက ချက်ချင်း ကူညီကာထူမပေးလာသည်။



 "ကိုကို့ကို ကျွန်တော် ကူညီပေးပါ့မယ်"



ဖတ်ခနဲ အသံပြင်းပြင်းနှင့်အတူ သူက ထိုလက်ကို ရိုက်ထုတ်ပစ်လိုက်သည်။



“ငါ့ကို လာမထိနဲ့”



ဟော့ယုံချင်းဟာ ရွံ့နှင့်လုပ်သော ယောက်ျားမဟုတ်ပေ။ ထို့ပြင် သိုက်ယွမ်ကိုမြင်ရခြင်းက သူ့အား ပို၍ပင် စိတ်အခြေအနေဆိုးဝါးစေသည်။



သိုက်ယွမ်က လန့်သွားတာရော၊  နာကျင်သွားပုံနှင့်ရော လက်ကို ရုတ်လိုက်ပေမဲ့ ဟော့ယုံချင်း ဘေးနားမှာ ထိုင်နေဆဲပင်။ခပ်တိုးတိုးအသံဖြင့် သူကမေးလာသည်။ 



"ကိုကို ဗိုက်ဆာနေပြီလား။ ကိုကိုကြိုက်တာတွေကို ကျွန်တော်ပြင်ထားတယ်။ မျက်နှာသစ်ပြီးရင် စားလို့ရပြီ."



 ဟော့ယုံချင်း သူ့ကို လျစ်လျူရှုထားလိုက်၏။ သူကစောင်ကို ကန်ထုတ်ရင်း အိပ်ရာပေါ်ကနေ ထဖို့ပြင်လိုက်သည်။  သို့ငြား ကွင်းထိုးဖိနပ်ထဲ ခြေထောက်မလျိုရသေးခင်မှာပင် အနားက သိုက်ယွမ်က ဒူးတစ်ဖက်ထောက်ချလာလေသည်။ ဖြူဆွတ်၍ သွယ်လျသောလက်ချောင်းများဟာ ဟော့ယုံချင်း၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်လာပြီး ဖိနပ်ကို အသာအယာစီးပေးလာသည်။



 အလွန်အသားကျစွာ လုပ်ပေးနေသည်မှာ မသိလျှင် အကြိမ်ပေါင်း ထောင်ချီပြီး လုပ်ခဲ့သလိုမျိုးပင်။



ဟော့ယုံချင်း ခဏမျှ တောင့်ခဲသွား၏။ သူ့အသိစိတ်ပြန်ဝင်လာချိန်မှာတော့ ကွင်းထိုးဖိနပ်စီးလျက်သား ရှိနေပြီဖြစ်ကာ သိုက်ယွမ်ကတော့ လိမ္မာနာခံစွာဖြင့် ဘေးမှာ မတ်တပ်ရပ်နေလျက်ရှိသည်။ ဟော့ယုံချင်း ဒေါသထွက်စွာဖြင့် အံကြိတ်ကာ သိုက်ယွမ်ကို စကားမပြောလိုတော့။  ဖိနပ်က စီးထားပြီးသားဖြစ်နေပြီဖြစ်ကာ သူသာ ကန်ထုတ်ပြီး ပြန်စီးလိုက်ပါက အတော်ကြောင်တောင်တောင် နိုင်နေတော့မည်။ 



 ထားလိုက်ပါတော့။  ပြန်ပဲပြန်လိုက်တော့မယ်။



 သို့သော်လည်း ဟော့ယုံချင်း တံခါးနားကို ရောက်ချိန်မှာတော့ သိုက်ယွမ်က သူ့လမ်းကို ပိတ်ဆို့လာလေသည်။



သိုက်ယွမ်၏ မျက်လုံးများဟာ သူသတိမထားမိချိန်မှာပင် နီရဲလို့လာသည်။ဆေးရုံဝတ်စုံကို ဝတ်ဆင်ထားလျက်ဖြင့်ပင် ပြောလာ၏။ 



 "ကျွန်တော့်ရဲ့ဒဏ်ရာက ကိုကိုနဲ့ဆိုင်မယ်လို့ သူတို့ ဘာလို့တွေးကြမှန်း ကျွန်တော်တကယ်မသိခဲ့ပါဘူး။ ကျွန်တော် သတိလည်လာတော့ သူတို့ကို ရှင်းပြပြီးပါပြီ။ ကိုကို…ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့နော်။ ကျွန်တော် မှားမှန်းသိပါတယ်..."



 ဟော့ယုံချင်းသည် ထိုအမူအရာကိုမြင်ရချိန်၌ အဆိပ်ပြင်းသော မြွေ သို့မဟုတ် ကင်းမြီးကောက်ကို မြင်လိုက်ရသည့်အလား ထင်မှတ်မှားသွားရကာ  ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားမိသည်။



 သိုက်ယွမ်၏မျက်ရည်များက စီးကျလာကာ ထို့နောက်မှာတော့ ဟော့ယုံချင်းအား ပို၍ ထိတ်လန့်စေသော အရာတစ်ခုကို ပြုလုပ်လာချေသည်။



သူဟာ  ​သမံတလင်းပြင်ပေါ်မှာ ဒူးထောက်ချပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက ဆေးရုံဝတ်စုံကို ချွတ်လာခြင်းပင်။ 



 "ကိုကို့ကို ထိခိုက်စေမိတာ ကျွန်တော့်ကြောင့်ပါ။ ကိုကိုစိတ်ဆိုးရင် ကျွန်တော့်ကိုရိုက်သာ ရိုက်ပစ်လိုက်ပါ"



သူဟာ ကြောက်ရွံ့နေသည့်အလား ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်နေကာ သွားဖြူဖြူတို့ကလည်း အောက်နှုတ်ခမ်းကို ကိုက်ထား၏။  ပယင်းရောင်မျက်ဝန်းများက အောက်စိုက်ချထားကာ ဟော့ယုံချင်းကို မကြည့်ဝံ့ပါပေ။



 သိုက်ယွမ်၏ ခန္ဓာကိုယ်ကတော့ သူပြသထားသည့် ပျော့ညံ့သောအသွင်အပြင်နှင့် လုံးဝကို ကွာခြားလှသည်။ ဖြူဆွတ်၍ အားနည်းပုံရသော ခန္ဓာကိုယ်ကို ချောမွတ်သောကြွက်သားများဖြင့် ဖုံးအုပ်ထားပြီး သူ၏ဝမ်းဗိုက်မှာတောင် ဝမ်းဗိုက်ကြွက်သားရှစ်ခုကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။



ဟော့ယုံချင်း စိတ်ထဲကနေ "သောက်ရူး" ဟု ကျိန်ဆဲမိသွားရင်း အခန်းထဲက အမြန်ပြေးထွက်လာလိုက်တော့သည်။   နေ့လည်ခင်းဖြစ်ရာ ဆေးရုံအတွင်းရော အပြင်မှာပါ လူတွေ အများကြီးရှိကာ ဆူညံပွက်လောရိုက်နေသည်။  ဟော့ယုံချင်းမှာ ပိုက်ဆံရော ဖုန်းရော ပါမလာချေ။ ထို့ကြောင့် အိမ်ရာဝန်းထဲရောက်မှ လုံခြုံရေး၏ ဖုန်းကိုငှားပြီး ပြောင်ကောကို ခေါ်၍ ကားခရှင်းခိုင်းရမည်ဟု အစီအစဥ်ချလိုက်၏။



ဆေးရုံအပြင်ဘက်က လမ်းမပေါ်တွင်တော့ တက္ကစီငှားဖို့ လုပ်နေသော လူများဖြင့် ပြည့်ကြပ်နေသည်။  တစ်ယောက်ယောက်က ကားပေါ်က ဆင်းပြီးသည်နှင့် တခြားတစ်ယောက်ယောက်က အပြေးအလွှား တက်သွားလေရာ ဟော့ယုံချင်းအဖို့အလှည့်ကို ကျမလာချေ။  သူ ဧရိယာကို ဝေ့ဝဲကြည့်ရင်း လမ်းတစ်ဖက်ကိုကူး၍ တက္ကစီငှားကြည့်ရန် ဆုံးဖြတ်လိုက်သည်။



သို့သော်လည်း မီးနီနေချိန်မှာ စကူတာတစ်စီးက ​မောင်းချလာမည်ဟု မမျှော်လင့်ထားခဲ့မိချေ။  စကူတာက မီးနီကိုအတင်းဖြတ်ကာ လူကူးမျဥ်းကြားကို အတင်းကာရော ဖြတ်ချလာသည်။ 



 အန္တရာယ်ကျရောက်လာချိန် ၌လူတို့သည် တုံ့ပြန်နိုင်စွမ်းမရှိကြပေ။  ဟော့ယုံချင်းသည် စကူတာ လာနေတာကို ကြည့်နေမိသော်ငြား လူက တောင့်ခဲနေပြီး သူ့ခန္ဓာကိုယ်က လှုပ်မရခဲ့ပါချေ။



“ဒုန်း____!”



စကူတာက ကျယ်လောင်သောတိုက်သံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားသည်။



တစ်စုံတစ်ယောက်က ဟော့ယုံချင်းအား ဒိုင်းသဖွယ်ကာဆီး၍ ပွေ့ဖက်ထားလေ၏။ ခဏကြာမှပင် သူ့အား ပွေ့ဖက်ထားသူက သိုက်ယွမ်မှန်း သိလိုက်ရသည်။

 


သိုက်ယွမ်??



သိုက်ယွမ်ဟာ သူမသိခင် နောက်ကနေ လိုက်လာခဲ့ခြင်းပင်။ စကူတာနှင့် တိုက်မိတော့မည့်အချိန်မှာ သူ့ကိုယ်သူ ရှေ့သို့ပစ်ဝင်၍ ဟော့ယုံချင်းအား ကာကွယ်ပေးလိုက်ခြင်းဖြစ်သည်။ သူ့ဆီမှာ ခြစ်ရာပွန်းရာလောက်သာ ရှိသော်လည်း သိုက်ယွမ်က ကံမကောင်းပေ။  စကူတာက သူ့ခြေထောက်ပေါ် တက်နင်းသွားကာ  ဆေးရုံဘောင်းဘီပေါ်မှာတော့ သွေးတွေ ရွှဲနေခဲ့ပြီဖြစ်လေသည်။




ဆေးရုံကနေ ထွက်လာရုံရှိသေး တစ်ဖန်ပြန်ဝင်ရပြန်လေပြီ။



သို့ငြား ဒီတစ်ခေါက်တော့ ကုန်းလန်ရော ချုံဝမ့်ဖေးပါ ပေါ်မလာခဲ့ချေ။ ဟော့ယုံချင်းဆီက ဖုန်းဆက်ခံရသော ပြောင်ကောသာ အလျင်အမြန်ရောက်လာသည်။  ခွဲစိတ်ခန်းအပြင်ဘက်မှာ ရပ်နေသည့် ဟော့ယုံချင်းကို မြင်တော့ အမြန်လမ်းလျှောက်လာရင်း အိမ်ကယူလာသည့် ကုတ်အင်္ကျီကို လွှမ်းခြုံပေးလျက် တိုးတိုးလေး​မေးလာ၏။



 "မင်း ထိခိုက်သွားသေးလား"



 ဟော့ယုံချင်းက "ခွဲစိပ်ခန်းဝင်နေသည်" ဟူသော LEDဆိုင်းဘုတ်ကို စိုက်ကြည့်နေပြီးမှ ပြောင်ကောကိုလှည့်ကြည့်လိုက်သည်။  သူ့မျက်နှာက ဖြူဖျော့နေပြီး ခေါင်းကို ခါယမ်းပြလိုက်၏။ 



 "ကျွန်တော် မထိခိုက်မိဘူး။ ဒဏ်ရာရသွားတာက သိုက်ယွမ်"



ပြောင်ကောက အဖြစ်အပျက်ကို ဖုန်းထဲကနေ ကြားပြီးသားဖြစ်သည်။ သူက ဆန်ပြုတ်ပျစ်ပျစ်တစ်ခွက်နှင့် ရေနွေး ယူလာပေးသည်။ ဟော့ယုံချင်းအား သူ့ခန္ဓာကိုယ်ကို နွေးထွေးအောင် နေစေပြီးနောက် နှစ်သိမ့်လာ၏။



"အဆင်ပြေပါတယ်။  စကူတာတိုက်မိတာလေးပဲဟာ ဒဏ်ရာက ပြင်းထန်မှာမဟုတ်ဘူး" 



 ပြောင်ကော ပြောတာမှန်ပေမဲ့ ဒဏ်ရာကတော့ အသေးစားမဟုတ်ခဲ့ချေ။



 သိုက်ယွမ်က အရိုးကျိုးသွားလေသည်။



အရိုးကျိုးခြင်းဟူသည်က အနည်းဆုံး ၃လလောက်  အချိန်ယူရမည်ဖြစ်ပြီး ဆိုလိုသည်မှာ ပြုစုပေးရန် တစ်စုံတစ်ဦး လိုအပ်သည်ဟုပင်။


 ဟော့ယုံချင်းက သူ့အား ကယ်ရင်း သိုက်ယွမ်က ဒဏ်ရာရသွားတာဖြစ်သည်မို့ သူနာပြုတစ်ယောက် ခေါ်ပေးဖို့ လုပ်ပေမဲ့ သိုက်ယွမ်က ငြင်းလာသည်။  



သူက မျက်နှာဖြူဖျော့ဖျော့နှင့် ကုတင်ပေါ်တွင် လှဲနေရင်းဖြင့်



 "သူစိမ်းတစ်ယောက်က ကျွန်တော့်ကို ထိတာကိုင်တာ မလိုချင်ဘူး"



 "ဒါဆို မင်းကို ကုန်းလန်ဖြစ်ဖြစ် ခေါ်ပေးမယ်" 



 ဟော့ယုံချင်းက ပြောလိုက်သည်။



 သိုက်ယွမ်က ချက်ချင်း ငြင်းဆိုလိုက်လျက်



"သူတို့ အရင်တစ်ခါ လုပ်ခဲ့တာတွေက အရမ်းလွန်လွန်းတယ်။ သူတို့ကို မတွေ့ချင်ဘူး"



 ဟော့ယုံချင်းက ခေတ္တရပ်လိုက်ပြီးမှ



 "ဒါပေမဲ့ သူတို့က မင်း​အတွက် အဲ့လိုလုပ်ပေးတာလေ"



“ဒါ​ပေမဲ့ ဒါကျွန်​​တော်​လိုချင်​တာမှ မဟုတ်​ပဲ" 



သိုက်ယွမ်က ​ပြောပြီး​နောက်​ရုတ်​တရက်​တိတ်​ဆိတ်​သွားပြီး သူ့အနားက ဟော့ယုံချင်းလည်းတိတ်​ဆိတ်​သွားလေ သည်​။



 သိုက်ယွမ်၏ ဆိုလိုရင်းကို သူနားလည်နေပြီဖြစ်သည်။  သိုက်ယွမ်က သူ့ကို ဂရုစိုက်ပေးစေချင်တာပင်။ သို့သော်လည်း သူကတော့ သိုက်ယွမ်နှင့် ဘာတစ်ခုမှ ပတ်သက်ဆက်နွယ်မနေချင်တော့။  သူ့ကို ပြုစုစောင့်ရှောက်ဖို့ ဆန္ဒကို မရှိပေ။ သို့သော်လည်း သိုက်ယွမ်ဒဏ်ရာက သူ့ကြောင့်ဖြစ်ပေသည် ။



 သူ ဘယ်သူ့ကိုမှ အကြွေးမတင်ချင်ပေ။



အချိန်အတော်အတန်ကြာပြီးနောက် သိုက်ယွမ်က တိုးတိုးလေးပြောလာသည်။ 



"ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ပါတယ်။ ဆရာဝန်က ပြောတယ် ကျွန်တော့်ရဲ့ ဒဏ်ရာက မစိုးရိမ်ရလို့ ဆေးရုံမှာ တစ်ပါတ်လောက်နေပြီးရင် အိမ်ပြန်နိုင်ပြီတဲ့" 



သူက သာမန်ကာလျှံကာပုံဖြင့် ထပ်ဖြည့်ပြောသည် ။



 "ကျွန်တော့်အိမ်က တော်တော်ကြီးတယ်။ မာစတာအိပ်ခန်းနဲ့ ဧည့်သည်ခန်းက အရွယ်အစားတူတူပဲ ရေချိုးခန်းတွဲလျက်ပါတယ်"



ဟော့ယုံချင်းမှာ ရုတ်တရက်ကြီး ရယ်ချင်သွားရသည်။



“မင်းဘယ်လိုပဲ ပြောပြော ငါကတော့ လာနေမှာမဟုတ်ဘူး။ဒီလိုပဲလုပ်မယ်… .မင်းဆေးရုံတက်နေတုန်းတော့ ငါပြုစုပေးမယ်။ဒါပေမဲ့ မင်းဆေးရုံဆင်းရင်တော့ မင်းဟာမင်းပဲ နေနေ သူနာပြုပဲငှားငှား မင်းသဘောပဲ ငါနဲ့ မဆိုင်ဘူး”


 

သိုက်ယွမ်က “အာ” ဟု အသံထွက်ရင်းပုံစံက အနည်းငယ် မကျေမနပ်ဖြစ်နေပုံ ပေါက်နေလေသည်။



ဟော့ယုံချင်းက သူ့အား လျစ်လျူရှုရင်း ကုန်းလန်ဖြစ်ဖြစ် ချုံဝမ့်ဖေးဖြစ်ဖြစ် လာပါက ဒီကတိကို ထည့်မတွက်တော့ဟု စဥ်းစားလိုက်သည်။  ထိုလူနှစ်ယောက်နှင့် ဆွေးနွေးစရာလည်း သူ့မှာ ရှိပေသည်။



 သို့ငြား အနှီရက်အတောအတွင်း ကုန်းလန်ရော ချုံဝမ့်ဖေးတို့ဟာ လေထဲမှာ ပျောက်ကွယ်သွားသည့်အလား ပေါ်ကို မလာခဲ့ပါချေ။ 


°°°°°°°°


 တကယ်တော့ သိုက်ယွမ်ကိုပြုစုရတာ သိပ်ပြီးကရိကထ မများပေ။  အိပ်ရာပေါ်ကနေ ထတာနှင့် ပြန်လှဲပေးချိန်မှာ ကူညီပေးရတာနှင့် 

မနက်စာ၊ နေ့လယ်စာနှင့် ညစာတွေကို စားပွဲသေးသေးလေးပေါ်မှာ ပြင်ဆင်ပေးရရုံသာ ဖြစ်သည်။  ဒါက ဟော့ယုံချင်းအား  စိတ်သက်သာရာရစေသည်။ အကြောင်းမူ သူဟာ လူတွေကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ တကယ်မသိခဲ့ပါချေ။



ကျန်အချိန်များတွင်တော့ ဟော့ယုံချင်းသည် ဆိုဖာပေါ်တွင် ထိုင်ပြီး သူ့လက်ပ်တော့ကို အသုံးပြုကာ ဘာသာပြန်ခြင်းအလုပ်ကို လုပ်လေသည်။



 သူ့အလုပ်သစ်က ပျက်စီးသွားရပြီဖြစ်ရာ ပြောင်ကော သူ့ကို မိတ်ဆက်ပေးသည့်အလုပ်ကိုသာ လုပ်လိုက်တော့သည်။



 ရုံးမှာ အလုပ်လုပ်စရာ မလိုပေ။သတ်မှတ်ထားသော အချိန်အတွင်းမှာပဲ အလုပ်ပြီးအောင် လုပ်နိုင်လျှင် ရပြီဖြစ်သည်။



သူတို့တွေဟာ ဆေးရုံ၌ တစ်ပါတ်လောက် အတူနေခဲ့ရကာ ငြိမ်းငြိမ်းချမ်းချမ်းကုန်ဆုံးခဲ့၏။ သိုက်ယွမ်ခေါ်သော အခေါ်အဝေါ်ကို ပြင်မပေးနိုင်တာက လွဲ၍ပင်။



သိုက်ယွမ် ဆေးရုံဆင်းသောနေ့၌ ဟော့ယုံချင်းက အိမ်ကို ပြန်လာလိုက်သည်။ သူ တံခါးဖွင့်လိုက်ချိန်၌ မမြင်ဖူးသော မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရရာ အံ့အားသင့်သွားလေသည်။



သူ ကြက်သေသေနေပြီး ဘယ်သူလဲဟု မမေးရသေးခင်မှာပင် မိန်းကလေးက နွေးထွေးစွာပြုံးပြကာ ပြောလာသည်။



“မင်းက ယုံယုံဖြစ်မယ်နော် ဟုတ်လား။ လာ ဝင်လေ ….ဟင်းတွေ ကျက်ခါနီးပြီ။လက်ဆေးပြီးရင် စားလို့ရပြီ”



ဟော့ယုံချင်း မလှုပ်တာမြင်တော့ သူမက ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွား၏။ 



“အိုက်ယား…ကိုယ့်ဟာကိုယ်မိတ်ဆက်ဖို့ မေ့နေလိုက်တာ! မင်္ဂလာပါ တို့က ယီရုန်ယွိပါ။ မင်းပြောင်ကောရဲ့ ချစ်သူပါ”



မီးဖိုခန်းထဲကနေ ပြောင်ကောအသံက ထွက်လာသည်။



“ရှောင်ရုန်…ယုံယုံ ပြန်လာတာလား။ ညစာစားဖို့ ပြောလိုက်ပါဦး”



ယီရုန်ယွိက အသံပြန်ပြုရင်း ဟော့ယုံချင်းအား အိမ်ထဲဝင်စေသည်။ သူမက သူ တစ်ခုခုသောက်ချင်သလားကိုပါ မေးလာ၏။



“ယုံယုံ ရေဖြစ်ဖြစ်သောက်မလား။ ဒါမှမဟုတ် ကော်ဖီလည်းရှိတယ်။ ကိုကာကိုလာရော..စပရိုက်ရော..အုန်းရေရော…ဘာသောက်မလဲ”



ဟော့ယုံချင်းက ပြန်ဖြေလိုက်သည်။



“အပင်ပန်းခံစရာမလိုပါဘူးခင်ဗျ။ ကျွန်တော့်ဘာသာ ယူပါ့မယ်”



ယီရုန်ယွိက ပြုံးလျက်



“ကောင်းပြီလေ။ဒါဆို ခဏထိုင်ဦးနော်။ တို့ မင်းအစ်ကိုကို မီးဖိုခန်းမှာသွားကူလိုက်ဦးမယ်”



ပြောပြီးသည်နှင့် သူမက မီးဖိုခန်းထဲ ဝင်သွားကာ ပြောင်ကောနားမှာ အနီးကပ်မှီနွဲ့လျက် တစ်စုံတစ်ရာကို တီးတိုးပြောလို့နေသည်။



ဒါကိုမြင်တော့ ဟော့ယုံချင်းက ဖုန်းကိုထုတ်လိုက်သည်။ သူ့ပြောင်ကောက စောနတုန်းက သူ့ကောင်မလေးကို ညစာစားဖို့ အိမ်ခေါ်လာမည်ဖြစ်ကြောင်း စာပို့ထား၏။ သူကသာ မမြင်ခဲ့တာပင်။



ညစာစားပြီးနောက် ဟော့ယုံချင်းက အိမ်နီးနားမှာ လမ်းလျောက်ထွက်ဦးမည်ဟု ပြောရင်း စုံတွဲအား သီးသန့်အချိန်လေး ပေးလိုက်သည်။ ၁၁နာရီထိုး၍ သူ ပြန်လာချိန်၌ မိန်းကလေး၏ ဒေါက်မြင့်ဖိနပ်က တံခါးနားမှာ ရှိနေဆဲဆိုတာကို မြင်လိုက်ရသည်။



ထိုအဓိပ္ပါယ်ကို သဘောပေါက်တာကြောင့် သူက တိတ်တိတ်လေး ရေချိုးကာ ကိုယ့်အခန်းထဲကိုယ် ဝင်လာလိုက်သည်။ သူ့ပြောင်ကောတံခါးက ပိတ်ထားပြီး မီးကလည်း မှိတ်ထားသည်။ ကြည့်ရတာ အိပ်ရာဝင်သွားကြသည့်ပုံပင်။



ဟော့ယုံချင်းက မအိပ်ခင် နိုင်ငံခြားဝတ္ထုတစ်ပုဒ်ကို စာမျက်နှာအနည်းငယ်လောက် ဖတ်ဖို့ကြံရွယ်လိုက်သည်။ သို့ပေမဲ့ သူစာအုပ်ဖွင့်လိုက်ချိန်မှာပင် ထူးဆန်းသော အသံတစ်သံက သူ့နားထဲ ဝင်လာလေသည်။