Chapter 11
Viewers 2k




သူ နှစ်နာရီလောက် အိပ်ပျော်သွားကာ အိပ်ရာက နိုးလာချိန်မှာတော့ ကုန်းလန် ဟာ သူ့ဘေးမှာ လဲလျောင်းရင်း ဂိမ်းကို အသံတိတ်ဆော့နေလေသည်။ ဟော့ယုံချင်း လှုပ်ရှားမှုကြောင့် ကုန်းလန်ကသတိပြုမိသွားကာ  ချက်ချင်းဆိုသလိုပင် ဖုန်းကိုချလိုက်ပြီး ခေါင်းကို လက်ဖြင့်ထောက်လျက် မေးလာ၏။



“ယုံယုံ နေ့လည်စာ ဘာစားချင်လဲ” 



ဟော့ယုံချင်း ခဏလောက် လှဲနေပြီးမှ ထထိုင်လိုက်သည်။  သူကသာ မကောင်းသည့်လူမှန်း သိလိုက်ရတာကြောင့် ကုန်းလန်အပေါ် ခုခံလိုမှုက လျော့နည်းသွားပြီ ဖြစ်သည်။ သူစားချင်သော ဟင်းအနည်းငယ်ကို ရွတ်ပြပြီးနောက် ချက်ချင်းပင် တစ်စုံတစ်ရာကို သတိရသွားလေသည်။



 "မင်း ငါ့စားပွဲပေါ်က စာကို ယူခဲ့တာလား"



“ဘာစာလဲ”



ကုန်းလန်၏ စိတ်ရှုပ်သွားဟန်အမူအရာက ညာနေမှန်း သိသာလွန်းသည်။ သူ ကုန်းလန်ကို ဒေါသထွက်သောအကြည့်တစ်ချက် ပစ်ခွင်းလိုက်ရင်း ထရပ်ဖို့ ဟန်ပြင်လိုက်၏။



ထရပ်နေရင်းတန်းလန်းမှာပင် ကုန်းလန်က သူ့လက်မောင်းကိုဆွဲကာ ကုတင်ပေါ် ပြန်ဆွဲချလာသည်။ ပူနွေးသော အသက်ရှုသံသဲ့သဲ့က ဟော့ယုံချင်းနားနားမှာ ရိုက်ခတ်လာ၏။



“ဟုတ်ပါပြီ….စာရှိတယ်။ အဲ့ဒီမအေဘေး ချုံဝမ့်ဖေးက တိုင်လိုက်တာမလား။ အဲ့ဒီကောင်မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိမှန်း ငါသိနေတယ်။ ဒါနဲ့ နေပါဦး မင်းက ဘာလို့ အဲ့စာကိုမေးရတာလဲ”



ဟော့ယုံချင်းက ခေါင်းအနည်းငယ်စောင်းရင်း  အသက်ရှုသံ ပူနွေးနွေးကို ရှောင်လိုက်သည်။



“တစ်ယောက်ယောက်က ငါ့ကိုစာရေးပေးခဲ့တာလေ။ငါမေးတော့ ဘာဖြစ်တုန်း”



“မေးလို့ရပါတယ်ကွာ။ ဒါပေမဲ့ မဖတ်တာကောင်းတယ်”



ကုန်းလန်၏တုံ့ပြန်မှုက ဟော့ယုံချင်းအား ခေါင်းပြန်လှည့်လာစေသည်။ သူက ငယ်သူငယ်ချင်းကို စိုက်ကြည့်လိုက်၏။



“မင်းက ဘာလို့ အဲ့လိုပြောရတာလဲ”



ကုန်းလန်၏ မျက်နှာချောချောထက်၌ မနှစ်မြို့မှုက ပေါ်လာသည်။



“စာထဲက အကြောင်းက…..မကောင်းဘူး။ မင်းသိချင်မှာ မဟုတ်ဘူး။ စာရေးတဲ့ကောင်က နှာဘူးကောင်ပဲ”



သူ့အမူအရာက လိမ်နေပုံမရချေ။



နှာဘူးတဲ့လား။



ဟော့ယုံချင်းက ထိုနေ့က သူ့ထံပြေးလာသော ကောင်လေးကို ပြန်ပုံဖော်ကြည့်လိုက်သည်။ ရုတ်တရက်ဆန်လွန်းအားကြီးရာ ကောင်လေးမျက်နှာကို ကောင်းကောင်း မမြင်လိုက်ရ။  သိသာထူးခြားသည့် ပုံပန်းသဏ္ဍန်မျိုးတောင် မမှတ်မိချေ။



တွေးမရတာကြောင့် ဟော့ယုံချင်းက ဒီတိုင်းထားလိုက်ဖို့ ဆုံးဖြတ်ကာ သူ့ခါးကိုဖက်ထားသော ကုန်းလန်လက်ကို ပုတ်လိုက်သည်။



“လွှတ်..ငါဗိုက်ဆာနေပြီ”



ဟော့ယုံချင်းက ဗီလာမှာ နှစ်ရက်ကျော်နေခဲ့၏။ အားလပ်ရက်ကုန်သွားပြီးနောက်မှာတော့ သူ ကျောင်းသို့ ပြန်လာခဲ့လိုက်သည်။ ကုန်းလန်က သူ့အဆောင်ဆီ လိုက်ပို့ပေးပေမဲ့ ရောက်သည်နှင့် ချက်ချင်းပင် ချုံဝမ့်ဖေးဆီ သွားကာ စားပွဲပေါ်မှာ ထိုင်နေသော ချုံဝမ့်ဖေးအား မေးတော့သည်။



“ဒီမှာ…စကားပြောရအောင်”



တစ်စုံတစ်ရာကို အာရုံခံမိသွားတာကြောင့် ဟော့ယုံချင်းက ကုန်းလန်ထံ လှမ်းခေါ်လိုက်၏။



ကုန်းလန်က သူ့အား ပြုံးပြလာသည်။ 



“ဘာမှ မလုပ်ပါဘူးကွာ။ စကားလေးဘာလေး ပြောရုံပဲ”



ချုံဝမ့်ဖေးက သူ့ခုံကနေ တိတ်ဆိတ်စွာပင်ထလာကာ အဆောင်အပြင်ဘက်သို့ လှမ်းသွားသည်။ လမ်းတစ်ဝက်၌ သူက ကုန်းလန်ဘက်သို့ လှည့်ကြည့်လာသည်။



“စကားပြောချင်တာမလား။ အပြင်သွားကြတာပေါ့”



ဟော့ယုံချင်းသည် နှစ်ယောက်ကြားက တင်းမာမှုကို ခံစားမိနေကာ တစ်ခုခုဝင်ပြောချင်ပေမဲ့ နှစ်ယောက်သားက ဘာမှမဟုတ်ပါဘူးဟု တင်းခံနေကြရာ ပြန်ထိုင်နေလိုက်ရသည်။ 



ကုန်းလန်က ဒီရက်ပိုင်း သူ့အား အတော်ကပ်တွယ်နေရာ သီးသန့်အချိန်လေးပင် မရခဲ့ချေ။ခုတော့ သူလုပ်ချင်တာလေး တစ်ခုခုကို လုပ်ရပေတော့မည်။ 



၂၇နှစ်အရွယ်က လုပ်ဖော်ကိုင်ဖက်ပြောစကားအရ သိုက်ယွမ်ဟာ တစ်ခါက ကျော်ကြားသော ဓါတ်ပုံဆရာဖြစ်ဖူးသည်ဟု ကြားဖူးသည်။ ထိုအချိန်တုန်းက သူ့မှာမေးချိန်မရခဲ့ပေမဲ့ ခုတော့ သိချင်စိတ်က အညွှန့်တက်လာပြီ ဖြစ်သည်။



ဟော့ယုံချင်းက လက်တော့ပ်ကိုဖွင့်ရင်း “သိုက်ယွမ်” ဟု ရိုက်ရှာလိုက်သည်။ သတင်းအချက်အလက်တလှေကြီးက ပေါ်လာသည်။ သူလှန်လှောကြည့်နေတုန်း ကုန်းလန်က ရုတ်တရက်ကြီး ရှေ့ကိုင်းချလာလေသည်။



“ယုံယုံ..မင်းဘာတွေရှာနေတာလဲ”



ဟော့ယုံချင်းအလန့်တကြားဖြစ်သွားရင်း လက်တော့ပ်ကို ပိတ်ဖို့ကြိုးစားလိုက်ပေမဲ့ နောက်ကျသွားပြီ ဖြစ်သည်။ ကုန်းလန်က စခရင်ထက်က အရာအားလုံးကို မြင်သွားပြီ ဖြစ်၏။ သူက သိုက်ယွမ် ဟူသော နာမည်ကို ခပ်ကျယ်ကျယ်ဖတ်လိုက်ရင်းမှ



“သိုက်ယွမ်…”



မျက်နှာအမူအရာက မဲမှောင်သွား၏။



“ထပ်ပြီး သိုက်ယွမ်ပဲလား။ ယုံယုံ မင်းဘာကိစ္စ သူ့ကိုပဲ ရှာနေရတာလဲ”


 

“ငါနောက်မှ သက်သက်ရှင်းပြမယ်”



‘သက်သက်’ ဟူသောစကားလုံးက ကုန်းလန်၏ သဝန်တိုနေသော နှလုံးသားကို ချက်ချင်းငြိမ်ကျသွားစေသည်။သူက တစ်ဖက်သို့ လှောင်ပြောင်လိုဟန်ဖြင့် ကြည့်လိုက်၏။



တစ်ဖက်မှာတော့ သူ့နေရာသူ ပြန်ထိုင်နေသော ချုံဝမ့်ဖေးရှိနေကာ ဝမ်းဗိုက်ကို ဆုပ်ကိုင်လို့ထားသည်။ နာကျင်မှုကြောင့် ပျက်ယွင်းနေသော မျက်နှာထားအရ အညိုအမဲစွဲသွားလောက်ပြီမှန်း သူ သဘောပေါက်လိုက်လေသည်။


°°°°°°°°°°°


နောက်ထပ်ရက်အနည်းငယ်မှာတော့ ဟော့ယုံချင်းဘဝက သာယာလို့နေသည်။ သူက ကုန်းလန်အား “သိုက်ယွမ်” ဟူသောနာမည်က အိမ်မက်ထဲကဟု ပြောလိုက်သည်။ ကုန်းလန်က ယုံပေမဲ့ ဟော့ယုံချင်းတစ်ယောက် ထိုနာမည်အပေါ် သိပ်အာရုံမစိုက်အောင် သတိထားနေလေသည်။



“အိမ်မက်က အိမ်မက်ပါပဲ”



ကုန်းလန်က ခိုင်မာစွာဆိုသည်။



ဟော့ယုံချင်းက ခပ်တိုးတိုးအသံပြုရင်း သူ့အိပ်ရာပေါ်နေရာယူထားသော ကုန်းလန်အား တွန်းထုတ်လိုက်၏။ 



“ပူပါတယ်ဆိုမှ။ ကိုယ့်အဆောင်ကိုယ်သွား”



ကုန်းလန်၏အကြည့်က အသားပေါ်နေသော ဟော့ယုံချင်းအရေပြားတလျောက် လောဘကြီးစွာ ဖြတ်ပြေးသွားသည်။ မီးပြတ်နေရာ အဲကွန်းရော ပန်ကာပါ သုံးမရချေ။ အခန်းက အိုက်စပ်ကာ ချွေးထွက်လို့လာသည်။



အပူကြောက်သော ဟော့ယုံချင်းထံ၌ ချွေးအလွှာပါးပါး ဖုံးအုပ်လာကာ သူ၏ခြေသလုံးသားတွေပါ စီးကက်ကပ်ဖြစ်လာရသည်။



သူ့အသားက ဖွေးလွန်းရာ ခပ်မှိန်မှိန်အဆောင်ခန်းထဲမှာတောင် တလက်လက်တောက်ပနေသည့်အလားဖြစ်ကာ မျက်စိကျိန်းမတတ်ဖြစ်ရသည်။



“ခုည တခြားနေရာမှာ အိပ်ကြမလား”



ကုန်းလန်က အကြံပြုလာသည်။



အပူဒဏ်ကြောင့် အသိစိတ်လွတ်လုနီးပါးဖြစ်နေသော ဟော့ယုံချင်းက ပြောလိုက်သည်။, 



“ငါ မနက်ဖြန်ကျ ၈နာရီအတန်းရှိတယ်”



“အချိန်မီနိုးပြီး အချိန်မီ ပြန်ပို့ပေးဖို့အာမခံတယ်။ နောက်မကျစေရဘူးကွာ”



အာမခံချက်ကြောင့် ဟော့ယုံချင်းက နောက်ဆုံးတော့ သဘောတူလိုက်လေသည်။ သူ အဝတ်အစားတစ်စုံလောက် အမြန်ထည့်ရင်း ကုန်းလန်နှင့်အတူ ထွက်သွားဖို့ ပြင်ဆင်လိုက်သည်။



တံခါးနားအရောက်၌ သူတို့တွေ ချုံဝမ့်ဖေးနှင့် ဆုံမိသွားကြသည်။



ချုံဝမ့်ဖေးက သူနှင့်ကုန်းလန်ကိုကြည့်ရင်း ဘာတွေဖြစ်နေသလဲကို ခန့်မှန်းမိသွားပုံရသည်။



“ခု အပြင်ထွက်မလို့လား။ အဆောင်မှူးက လာစစ်လိမ့်မယ်နော်”



ဟော့ယုံချင်းက ခေါင်းညိတ်လိုက်လျက်



“အဆောင်မှူးကိုပြောပြီးပြီ။ သူ ကာဗာလုပ်ပေးမယ်တဲ့” 



ချုံဝမ့်ဖေးက ဘာမှမပြောတော့။ နှစ်ယောက်သား ထွက်သွားတာကိုသာ တိတ်ဆိတ်စွာ ကြည့်နေတော့သည်။



လမ်းတစ်ဝက်၌ ကုန်းလန်က နောက်လှည့်ကာ လက်ခလယ်ထောင်ပြလိုက်လေ၏။



ဒါကိုမြင်တော့ ချုံဝမ့်ဖေး အံကြိတ်ရင်း သူ့အိပ်ရာဆီသူသွားကာ ဘေးက လိုက်ကာကို ချလိုက်တော့သည်။ သူ ဆိုရှယ်မီဒီယာကနေ မက်ဆေ့တစ်စောင်ပို့လိုက်၏။



[သူ ခုည ကုန်းလန်နဲ့ အပြင်မှာ နေမလို့တဲ့]



ထိုနံပါတ်ကို စာပို့တာ ဒါပထမဆုံးပင်။ မက်ဆေ့ပို့ပြီးနောက် သူ့ဖုန်းနှင့် လက်ချောင်းတို့က မီးလောင်နေသလို ပူလောင်လာကာ အထူးသဖြင့် တစ်ဖက်ကနေ များပြားလှသော ငွေ့အမောင့်လွှဲလိုက်ချိန်မှာ ဖြစ်လေသည်။



ရိုးစင်းသော စာလေးပို့ရုံဖြင့် ယွမ်၅ထောင် ရလိုက်ချေလေပြီ။



ချုံဝမ့်ဖေး သူ့ဖုန်းကိုထပ်မကြည့်ရဲတော့။ သူ့မျက်နှာသူ နာကျင်စွာ အုပ်ထားလိုက်မိတော့သည်။



***


အခြားတစ်ဖက်တွင် ကုန်းလန်သည် ဟော့ယုံချင်းအား ကျောင်းနှင့် အနီးဆုံး ကြယ်ငါးပွင့်ဟိုတယ်တစ်ခုသို့ ခေါ်သွားလေသည်။သူ့တွင် တစ်နှစ်ပတ်လုံး သီးသန့်ငှားထားသော suite ခန်းရှိ၏။ ကုန်းလန်က ဟော့ယုံချင်း နှင့် တစ်ခန်းတည်း အိပ်ချင်သော်လည်း  သူ့ခမျာ ပြတ်ပြတ်သားသား အငြင်းခံလိုက်ရကာ အိပ်ခန်းတစ်ခန်းစီ ခွဲယူလိုက်ရတော့သည်။



အထဲဝင်ပြီးနောက် ကုန်းလန်က headphone တပ်ကာ ဂိမ်းစဆော့သည်။ အခန်းတွင်းဝန်ဆောင်မှုက တံခါးခေါက်နေမှန်း သတိမထားလိုက်မိချေ။



ဟော့ယုံချင်းကမူ ရေချိုးပြီးသွားချိန်မှာ တံခါးခေါက်သံကြားလိုက်ရသည်မို့ ဖွင့်ကြည့်လိုက်တော့ ဟိုတယ်ဝန်ထမ်းက ညလယ်သရေစာ လာပို့တာ ဖြစ်နေလေသည်။ 



အနည်းငယ်ဗိုက်ဆာသွားသည်မို့ ဟော့ယုံချင်းက အထဲဝင်ခွင့်ပြုလိုက်သည်။ ဝန်ထမ်းထွက်သွားပြီးနောက် ကုန်းလန်ကို ဖုန်းခေါ်ဖို့ ဟန်ပြင်လိုက်ချိန်၌ ကော်ဇောပေါ်က တစ်စုံတစ်ရာကို သတိထားမိသွားရသည်။ စာတစ်စောင်ပင်။



ယခင်တစ်ခေါက် သူရခဲ့သည့်စာနှင့် အတူတူပင်ဖြစ်၏။



အရောင်ကလည်းတူသည်။ စာအိတ်ကလည်း တူသည်။ ရှေ့ဘက်က ပို့သူနာမည်ကလည်း အတူတူပင် ဖြစ်နေလေသည်။



သိုက်ယီရှင်းက ပေးပို့သည် ဟူ၍။



ဟော့ယုံချင်း တောင့်ခဲသွားတော့သည်။



သူ စာကို အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ကုန်းကောက်လိုက်သည်။ 



မုန့်လာပို့တဲ့ဝန်ထမ်းက ဒီစာကို ထားသွားတာများလား။



ယခင်တစ်ခေါက်က ကုန်းလန်က စာထဲက အကြောင်းအရာတွေက အမြင်မသင့်တော်သည်မို့ မကြည့်တာကောင်းသည်ဟု ဆိုဖူးသည်။



သူသည်လည်း ကုန်းလန် လိမ်နေတာမဟုတ်မှန်း ယုံကြည်၏။



သူ တွေဝေနေတုန်း ဂိမ်းဆော့ပြီးသော ကုန်းလန်က သူ့အခန်းထဲက ထွက်လာသည်။ သူက ချက်ချင်းပင် ဟော့ယုံချင်းလက်ထဲက စာအိတ်ကို အကြည့်ရောက်သွားကာ တုံ့ဆိုင်းမနေဘဲ ဆတ်ခနဲ ဆွဲယူသွားသည်။



“ဒါဘာလဲ။ အဲ့ကောင်ဆီက နောက်ထပ်စာလား။ ဘယ်ချိန်က လာပေးတာလဲ”



“ငါမသိဘူး။ ခုနက တစ်ယောက်ယောက်က မုန့်လာပို့တာ။ သူလည်း ထွက်သွားရော စာက ကြမ်းပေါ်မှာ ကျန်နေခဲ့တာပဲ”



ဟော့ယုံချင်းက ရှင်းပြလိုက်သည်။



ကုန်းလန်က သူ့ကိုဖျတ်ခနဲကြည့်သည်။စာလက်ခံထားသူက ရှေ့မှာရှိနေတာကြောင့် သည်တစ်ခါ စိတ်ရှည်ရှည်ထားဖို့ကြိုးစားလိုက်၏။



“ငါအရင်စစ်ကြည့်မယ်။ ကြောက်စရာကောင်းတာမပါရင် မင်းကိုပေးဖတ်မယ်”



ခဏမျှ တွေးကြည့်ပြီးနောက် ဟော့ယုံချင်းက သဘောတူလိုက်တော့သည်။



နောက်ခဏ၌ စာဖတ်နေသော ကုန်းလန်အမူအရာက ချက်ချင်းပင်ဒေါသကြောင့် မဲမှောင်သွားတော့သည်။ဟော့ယုံချင်း ဘာမှမပြောရသေးခင်မှာပင် ကုန်းလန်က စာကိုလုံးချေပစ်ကာ သူ့အင်္ကျီအိတ်ကပ်ထဲ ထိုးထည့်ရင်း မျက်မှောင်တင်းတင်းကြုတ်ထားလေသည်။



“မဖတ်နဲ့”



“ဘာရေးထားလဲ”



ဟော့ယုံချင်း မနေနိုင်စွာ မေးလိုက်သည်။



ခဏမျှ ငြိမ်နေပြီးမှ ကုန်းလန်က အားတင်းပြုံးကာ ဖြေလာသည်။ 



“မုန့်ပဲစားနေပါကွာ။ ငါ ဒါကို ဖြေရှင်းလိုက်မယ်။ ဒါက လူရှေ့ ပေါ်မလာရဲတဲ့ ခပ်ကြောင်ကြောင် နှာဘူးကောင်သာသာပါပဲ”



ကုန်းလန် အလေးတနက်ထားနေတာ မြင်တော့ ဟော့ယုံချင်းက ခေါင်းညိတ်ပြလိုက်သည်။ အိပ်ပျော်ခါနီးမှပင် ဘယ်လိုဖြေရှင်းမှာလဲ ဆိုတာကိုမေးဖို့ သတိရသွားတော့သည်။



နောက်ကျနေပြီဖြစ်ရာ မနက်မှပင် မေးဖို့ ဆုံးဖြတ်လိုက်၏။



သို့သော်လည်း မမျှော်လင့်ထားစွာပင် သူနိုးလာချိန်၌သူသည် အသက်နှစ်ဆယ့်ခုနစ်နှစ်အရွယ်သို့ ပြန်ရောက်သွားလေသည်။



သိုက်ယွမ်အား ဗုဒ္ဓဟူးနေ့တွင် ဆရာဝန်နှင့်တွေ့ရန် အဖော်လိုက်ပေးပြီးကတည်းက ထိုသူဟာ အလွန်တိတ်ဆိတ်သွားပြီး စာမပို့တော့ပေ။  ဟော့ယုံချင်းသည်လည်း အလုပ်သစ်ရှာဖို့ စဉ်းစားလာရတော့သည်။  သူ့နောက်ဆုံးအလုပ်က ပိုက်ဆံမရရုံသာမက အကုန်အကျပင်များစေခဲ့ကာ တကယ့်ကို ဆုံးရှုံးမှုကြီး တစ်ခုပင်။



သူ၏ဒုတိယအလုပ်ရှာရာမှာ ဟော့ယုံချင်းက  ပိုပြီး သတိထားလာသည်။  အင်တာဗျူးဖြေပြီးသည်နှင့် စာချုပ်မှာ တန်းလက်မှတ်ထိုးတာမျိုး မလုပ်ဘဲ ကုမ္ပဏီ၏ အချက်အလက်များကို ကြိုတင်စစ်ဆေးလိုက်သေး၏။  သောကြာနေ့မှာတော့ သူဟာ နိုင်ငံခြားကုမ္ပဏီတစ်ခုသို့ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ကာ ဘာသာပြန်အလုပ်တစ်ခု ရရှိခဲ့လေသည်။



သူ့ဌာနက တော်တော်လေး သဟဇာတဖြစ်ပုံရ၏။  ပထမဆုံး အလုပ်တက်သောနေ့မှာပင် သူ့လုပ်ဖော်ကိုင်ဖက်တွေက အပြင်ထွက်ကဲကြဖို့ အကြံပြုကာ စည်ကားသော ဘားတစ်ခုမှာ ထိုင်လိုက်ကြသည်။ 



သူ၏ကန့်သတ်ထားသောဘဝတွင် ဟော့ယုံချင်းအဖို့ ဘားသို့ နှစ်ကြိမ်သာ ရောက်ဖူးသည်။ တစ်ခါက ကောလိပ်အခန်းဖော်နှင့် ဖြစ်ကာ တစ်ခါက ကုန်းလန်နှင့်ဖြစ်သည်။နှစ်ကြိမ်လုံးမှာ သူ့သူငယ်ချင်းတွေက သူဟာ ဘားတွေကိုသိပ်မကြိုက်လောက်ဟုတွေးကာ တိတ်ဆိတ်၍ သက်သောင့်သက်သာရှိသော နေရာများသာ ခေါ်သွားကြတာဖြစ်၏။ ဤတစ်ခေါက်ကတော့ ကွာခြားလေသည်။



 ဆိုဖာရှည်တွင်ထိုင်နေရင်းဖြင့် ဟော့ယုံချင်းက ပျင်းရိငြီးငွေ့စွာဖြင့် ဖုန်းနှင့်ကစားနေသည်။  အကကြမ်းပြင်ပေါ်က ပွက်လောရိုက်နေသော လူအုပ်ကို သူ စိတ်မဝင်စားချေ။ သူ့အနေဖြင့် လူမှုရေးအရ လိုက်လာပေးရပေမဲ့ ဘယ်သူ့ကိုမှ ကျေနပ်အောင် ဖားယားပေးနေဖို့ မလိုပေ။ ထို့ကြောင့်ပင် သူ့လုပ်ဖော်ကိုင်ဖက်တွေက ဝိုင်ခွက်တွေ ကမ်းကြပေမဲ့ သူတစ်ခွက်တောင် မသောက်ခဲ့။  ဆက်တိုက်ငြင်းဆိုပြီးနောက်မှာတော့ လုပ်ဖော်ကိုင်ဖက်အချို့၏ မျက်နှာက မကျေမချမ်းဖြစ်လာတော့သည်။



အထူးသဖြင့် ဟောင်ကော ဟူသောတစ်ယောက်ပင်။



ဟောင်ကောဆိုသောလူက နည်းနည်းတော့ ထူးဆန်းသည်။ ဒီနေ့မှ အလုပ်ဝင်ရုံရှိသေး ထိုလူက သူ့အနားမှာ ဝေ့လည်ကြောင်ပတ်လုပ်ကာ ဟိုမေးသည်မေး လုပ်နေသည်။  ဟော့ယုံချင်းက သူ့ကိုယ်သူ ဝန်ထမ်းဖောင်မှာ ၂၇နှစ်ဟု ဖြည့်စဥ်ကလည်း ရည်းစားရှိလား မရှိပါက မိတ်ဆက်ပေးမည်ဖြစ်ကြောင်း ပြောလာ၏။



ယဥ်ကျေးပေမဲ့ ပြတ်သားစွာ အကြိမ်ကြိမ်ငြင်းနေသောအခါ ဟောင်ကောအမူအရာက ရှုံ့တွလာတော့သည်။



ဟော့ယုံချင်းမှာ ထိုင်နေရင်းဖြင့် သူတော့ ဒီအလုပ်နှင့်လည်း မဖြစ်လောက်ဟု တွေးကာ လစ်ထွက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။



သူမတ်တပ်ရပ်လိုက်ချိန်၌ လူပေါင်းများစွာက မေးလာသည်။



“ဘယ်သွားမလို့တုန်း”



“သန့်စင်ခန်းပါ”



သူကပြောရင်းဖြင့် ဆင်ခြေအဖြစ်သုံးလိုက်၏။



တကယ်တမ်းတော့ လစ်ပြေးဖို့ စီစဥ်နေတာသာ ဖြစ်သည်။



ဘားထဲက အလင်းရောင်က ခပ်မှိန်မှိန်ရှိနေကာ လူတွေက ကြပ်ညှပ်နေသည် ။ သူ ထွက်ပေါက်ကို အတော်ကြာအောင်ရှာနေပေမဲ့ မတွေ့ချေ။ မတွေ့ရုံသာမက ဘား၏ အတွင်းပိုင်းထဲသို့သာ ရောက်သထက်ရောက်လာတော့သည်။ ထိုအခါမှပင် ဘားထဲမှာ လျို့ဝှက်ထားသည့် ဒုတိယထပ်ရှိနေသေးမှန်း သတိထားမိသွားရသည်။



လမ်းမှားသွားမှန်း သိသည်နှင့် သူ ပြန်လှည့်ဖို့ လုပ်လိုက်သည်။ ရုတ်တရက်ပင် ခြေသံတွေကြားလိုက်ရ၏။ တစ်ယောက်ယောက်က လှေကားကနေ ဆင်းလာနေပြီပင်။



 ဖျတ်ခနဲ အကြည့်သာဖြစ်ပေမဲ့ အုပ်စု၏ ခေါင်းဆောင်မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရချေလေသည်။



သိုက်ယွမ်က နက်ခ်တိုင်နှင့် ကုတ်အင်္ကျီကို ဝတ်ထားကာ အမူအရာက မျက်နှာသေဖြင့် ဆင်းလာတာဖြစ်နေသည်။



ဤခဏရှိ သူ့အရှိန်အဝါနှင့် ဟန်အမူအရာက ဟော့ယုံချင်း မြင်ခဲ့ဖူးသမျှနှင့် လုံးဝမှ ကွာခြားနေသည်။



သိုက်ယွမ်နောက်မှာတော့ လူတချို့ရှိနေ၏။ ထိုလူတွေက ဘာပြောလိုက်သည်မသိ။ သူ့ခြေလှမ်းတွေက တန့်သွားသည်။ ထို့နောက် ချက်ချင်းပင် လက်ကိုမြှောက်၍ သူ့နောက်က လူအား လက်ပြန်ရိုက်ချလိုက်လေရာ သွေးပင် လျှံထွက်သွားလေသည်။