Chapter 10
Viewers 155


သူ အထိတ်အလန့်ပြေးထွက်လာသည်ဟုပြော၍ရသည်။ ဟော့ယုံချင်း အိမ်ထဲက ပြေးထွက်လာချိန၌ သူမှတ်မိသလောက် သိုက်ယွမ်က နောက်က ပြေးလိုက်လာသေးသည်။ သို့ငြား သူ့ကို အော်မခေါ်ခဲ့သလို တံခါးဝမှာ တားတာမျိုးလည်း မလုပ်ချေ။



ဟော့ယုံချင်းသည် ဓာတ်လှေကားထဲသို့ မဝင်မီ တစ်ကြိမ် လှည့်ကြည့်လိုက်၏။ အလင်းရောင် အနေအထားကြောင့် သိုက်ယွမ်၏ ခန္ဓာကိုယ်က အရိပ်ထဲတွင်ရောက်နေကာ ထိုခဏ၌  စောနက သူပြထားသည့် သနားစရာကောင်းပြီး ပျော့ညံ့အားနည်းသည့်အကြည့်က ချက်ချင်းပျောက်ကွယ်သွားသည်။ သူ့ပုံစံက တိုက်ခိုက်ဖို့ရာအတွက် ချောင်းမြောင်းနေသော မွန်းစတားတစ်ကောင်နှင့် တူလှပေသည်။ 



မသိလျှင် သတိမထားမိပါက ထိုမွန်းစတား၏လက်တံတွေက သားကောင်ကို တဖြည်းဖြည်းရစ်ပတ်ပြီး သူ့အသိုက်ထဲ ဆွဲခေါ်သွားတော့မည့်အလား။



ဟော့ယုံချင်း သူ့စိတ်ထဲက ထူးဆန်းသော ပင်ကိုယ်အသိစိတ်ကို ဖိနှိပ်လိုက်ရင်း ဓာတ်လှေကားထဲသို့ လှမ်းဝင်သွားလိုက်သည်။



အပြင်ဘက်ရောက်ခါမှ  ဤအိမ်ရာဝန်း၏  ပုံစံအသေးစိတ်ကို မြင်လိုက်ရချေသည်။ အိမ်ရာပုံစံက တစ်ထပ်လျှင် တိုက်ခန်းတစ်ခန်းသာ ရှိ၏။ဥယျာဥ်ရှုခင်း၊ အတွင်းပိုင်းအဆင်အယင်နှင့် အဆောက်အဦးတွေကြားက အကွာအဝေးက ဤနေရာဟာ အဆင့်မြင့်အိမ်ရာဟု ညွှန်းဆိုနေသော်ငြား ထူးဆန်းလှစွာပင် နေထိုင်သူ သိပ်ရှိပုံမရချေ။





ပြောင်ကောတစ်ယောက် အလုပ်က ဆင်းပြီး အိမ်ပြန်ရောက်တော့ သူ့ညီဝမ်းကွဲဟာ ကော်ဇောပေါ်မှာ ထိုင်ပြီး ဘီယာသောက်နေတာကို  မြင်လိုက်ရချေသည်။



“ယုံယုံ”



ပြောင်ကောက အမြန်လျှောက်လာရင်း ယော့ယုံချင်းတစ်ယောက် မူးနေပုံပေါ်တာကို တွေ့လိုက်ရသည်။ နို့ရည်နီးပါး ဖြူဖြူဖွေးဖွေးအသားရည်ဟာ အနီရင့်ရင့်သမ်းနေ၏။ ကော်ဖီစားပွဲပေါ်မှာ ခေါင်းတင်ကာ လှဲနေပြီး အနက်ရောင် ဆံနွယ်ထူတို့က အယ်လ်ကိုဟောကြောင့် စွတ်စိုကာ ရွှန်းလဲ့နေသောဖီးနစ်သဏ္ဍန် မျက်ဝန်းတွေကို ဖုံးကွယ်လို့ထားသည်။


 "မင်းဘာလို့ဒီလောက်သောက်နေတာတုန်း။မနက်ဖြန်နိုးရင်ခေါင်းကိုက်တော့မှာပဲ။ မင်းရဲ့သူဌေးကမင်းကိုထပ်ပြီးအနိုင်ကျင့်လိုက်လို့လား"



သူ့ပြောင်ကောက ဟော့ယုံချင်းလက်ထဲက ဘီယာဘူးကို ယူဖို့ကြိုးစားပေမဲ့ မူးနေသော ဟော့ယုံချင်းကတော့ သူ့ဘူးသူ တင်းတင်းဆုပ်ကာ စိုက်ကြည့်ရင်း “ မယူနဲ့! ” ဟု အော်ရင်း ခုခံလာသည်။



ဘီယာဘူးကို တင်းတင်းဆုပ်ထားတာကြောင့် အနည်းငယ်ပင် ချိုင့်လာကာ ဘီယာတွေက လျှံထွက်လာပြီး အမူးသမားလေး၏ ဖြူသွယ်သွယ်လက်အပေါ် ပေကျံကုန်သည်။



ပြောင်ကောက သက်ပြင်းချရင်း ရေချိုးခန်းထဲသွားကာ တာဝါတစ်ခုယူလိုက်သည်။ သူ ဟော့ယုံချင်းနံဘေးမှာ ထိုင်ချရင်း လက်က ဘီယာတွေ သုတ်ပေးလျက်မှ အသာအယာ ချော့မော့လိုက်ရသည်။



ဟော့ယုံချင်းက သူ့ပြောင်ကော၏ လှုပ်ရှားမှုတွေကို  အတော်ကြာအောင် စိုကိကြည့်နေပြီးမှ ရုတ်ချည်း စကားထပြောလာသည်။



“ပြောကော….ကျွန်တော် တကယ်ပဲ ဆိုးရွားတဲ့ဟာ တစ်ခုခုကို လုပ်ခဲ့တာများလား”



ပြောင်ကောက လက်ကို သုတ်ပေးပြီးသွားတော့ စားပွဲပေါ်က ဘီယာဘူးခွံတွေကို ရှင်းလင်းလိုက်သည်။သူ သာမန်ကာလျှံကာ ဖြေဖို့ဟန်ပြင်ပြီးမှ ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပုံပေါ်၏။



“မင်း….သိုက်ယွမ်ကို ထပ်ပြီး ကြိုးတုပ်ခဲ့တာလား”



လာပြန်ပြီ…..သိုက်ယွမ်….



ဟော့ယုံချင်းခေါင်းယမ်းလိုက်သည်။  ဒီနေ့အဖြစ်အပျက်က သူ့အား ခပ်ပြင်းပြင်းရိုက်ချက်တစ်ခု ဖြစ်စေခဲ့သည်ပင်။ ၁၈နှစ်သားသာရှိသေးသော ဝိညာဥ်ကိုယ်ထည်တစ်ခုအနေဖြင့် အနာဂါတ်က သူဟာ ဒီလောက်ကြောက်မက်ဖွယ်ရာကောင်းမည်မှန်း ဘယ်လိုမှ မှန်းမရတော့။အချစ်ဟူသော ခေါင်းစဥ်အောက်မှာ တစ်စုံတစ်ယောက်အား အကျဥ်းချကာ ယင်းကလည်း အောင်မြင်ခဲ့သေးသည်။



သိုက်ယွမ်ဟာ သူအသားကျနေပါပြီဟု ပြောခဲ့၏။ အဓိပ္ပါယ်က သိုက်ယွမ်ဟာ တကယ့်ဆန္ဒမပါဘူးဆိုလျှင်တောင် ဟော့ယုံချင်းမရှိဘဲ အသက်မရှင်နိုင်တော့ဟူ၍ပင်။



သိုက်ယွမ်ဟာ သူ့အား ဖျော်ဖြေပွဲခန်းမမှာ သူ့အား မြင်ချိန်၌ အလွန်ကြောက်လန့်ခဲ့သည်မှာ မထူးဆန်းလေတော့။



“ မဟုတ်ဘူး”



ဟော့ယုံချင်း ဖြေရင်းမှ သည်နေ့အဖြစ်အပျက်ကို သူ့ပြောင်ကောအား ပြောရကောင်းမကောင်း တွေဝေနေမိသည်။နောက်ဆုံးတော့ ဖုံးကွယ်လိုက်ဖို့သာ သူဆုံးဖြတ်လိုက်သည်။



သူတို့ဟာ ရင်းနှီးသော ညီအစ်ကိုများပင်ဖြစ်လင့်ကစား သူ၏ အမှောင်ဘက်ခြမ်းကိုတော့ ထုတ်မပြချင်ပါပေ။



ဟော့ယုံချင်းအဖို့ သိုက်ယွမ်ပြောသမျှနီးပါးကို ယုံကြည်နေပြီဖြစ်သည်။ 



၁၈နှစ်သား သူဟာ တစ်လျှောက်လုံး အပူအပင်ကင်းမဲ့သောဘဝမှာ နေထိုင်လာရပြီးမှ ရုတ်တရက်ဆိုသလို သူဟာ တခြားထူးခြားဆန်းကြယ်သော လောကကြီးထဲမှာ အဓိကဇာတ်ကောင်ဖြစ်နေကြောင်း ဖော်ထုတ်ခံလိုက်ရသည်။ ဖြစ်နိုင်လျှင် ပုန်းကွယ်နိုင်ဖို့ သို့မဟုတ် ဒါတွေက အိမ်မက်ဆိုးသာဖြစ်ဖို့ သူဆုတောင်းလိုက်ချင်သည်။



သူဟာ ၁၈နှစ်သာ ဖြစ်ပေမဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ၊ သိုက်ယွမ်တက်တူးနှင့် ထိုအိမ်က အရာအားလုံးက သိုက်ယွမ်ပြောတာတွေ အမှန်ဖြစ်ကြောင်း ပြသလို့နေချေသည်။



ဟော့ယုံချင်း နောက်ထပ်ဘီယာတစ်ငုံသောက်လိုက်သည်။ သူ ပြောင်ကောမေးခွန်းကို မဖြေချင်ပေ။ သူဆုံးဖြတ်ချက် ချပြီးပြီဖြစ်၏။ ယခင်ကအဖြစ်အပျက်တွေက သူ့အမှားသာ ဖြစ်သည်။ သိုက်ယွမ်ကိုတော့ နဂိုအတိုင်းပြန်ဖြစ်ဖို့ မျှော်လင့်မိ၏။



အနှီအချစ်မျိုးဟာ မှားယွင်းသည်ပင်။



ဆုံးဖြတ်လိုက်ပြီးနောက် ဟော့ယုံချင်းတစ်ယောက် ဘာစိတ်အဟန့်အတားမှ မရှိတော့ဘဲ အိပ်ပျော်သွားလေသည်။ နောက်တစ်နေ့မနက်မှာတော့ ဖုန်းနံပါတ်စိမ်းတစ်ခုဆီကနေ မက်ဆေ့ဝင်လာ၏။



[ကိုကို…အဆင်ပြေရဲ့လား]



စာဖတ်လိုက်သည့်ခဏ၌ ဘယ်သူပို့မှန်း သူခန့်မှန်းမိသွားရသည်။



သူ စာပြန်လိုက်၏။



[မင်းငါ့ကို မဆက်သွယ်သင့်ဘူး]



အတော်ကြာပြီးမှ ပြန်စာက ရောက်လာသည်။



[တောင်းပန်ပါတယ်။ မနေနိုင်လို့ပါ။ ကျွန်တော် တကယ်တော့ ကိုကို့ဖုန်းနံပါတ်ကို ဘလော့ထားပြီးတော့ ဖုန်းသစ်လဲထားတာ။ဒါပေမဲ့ မနေ့ကတည်းက ကိုကို့အကြောင်းကို စဥ်းစားနေတာ ရပ်လို့မရဘူး။ ကျွန်တော့်ကို စိတ်ဆိုးနေလားဟင်။ တောင်းပန်ပါတယ်နော်။ နောက် မလုပ်တော့ပါဘူး]



‘နောက်မလုပ်တော့ပါဘူး’ ဟူသော စကားလုံးကြောင့် ဟော့ယုံချင်းက အနည်းငယ်တုန်ယင်သွားရသည်။



သူ သိုက်ယွမ်နံပါတ်ကို ဖုန်းထဲမှာ ဆေ့ရင်း မက်ဆေ့တွေကို ချက်ချင်းဖျက်ပြီးနောက် ဖုန်းခေါ်လိုက်သည်။



ဖုန်းဝင်သွားသည်နှင့် တစ်ဖက်ကနေ အတန်ငယ်ပြင်းသည့်အသက်ရှုသံကိုကြားလိုက်ရသည်။ သို့ငြား ချက်ချင်း ငြိမ်ကျသွား၏။



“ကိုကို….”



သိုက်ယွမ်က ခေါ်လာသည်။



ဟော့ယုံချင်း အမှားပြင်ပေးရတာ ဘယ်နှစ်ခေါက်မှန်းတောင် မမှတ်မိတော့။ သို့ငြား သိုက်ယွမ်ဟာ နားမထောင်ခဲ့ပါချေ။ သူ ရွေးစရာမရှိစွာပင် မကြားချင်ယောင်ဆောင်လိုက်ရလျက် လျစ်လျူရှုကာ လိုရင်းကိုပြောလိုက်သည်။



“ငါ မင်းအတွက် စိတ်ရောဂါကုပညာရှင်နဲ့ အပွိုင့်မန့်ယူထားတယ်။ခဏနေရင် လိပ်စာနဲ့ အချိန်ပို့လိုက်မယ်။ သေချာ သွားလိုက်နော်”



တစ်ဖက်က ငြိမ်ကျသွားသည်မို့ ဟော့ယုံချင်း အသံနှိမ့်လိုက်၏။



“သိုက်ယွမ်?”



သိုက်ယွမ်က အသံပြုလာကာ ငြင်းလိုဟန်ဖြင့် ခပ်တိုးတိုးမေးလာသည်။



“ကျွန်တော်က ဘာလို့ ဆရာဝန်နဲ့ တွေ့ရမှာလဲ။ ကျွန်တော့်ကို မချစ်တော့ဘူး ဆိုတဲ့ အဓိပ္ပါယ်လားဟင်”



“သိုက်ယွမ်” 



ဟော့ယုံချင်းလေသံက ပို၍ လေးနက်လာရလျက်



“ငါတို့ရဲ့ အရင်က ဆက်ဆံရေးမျိုးက မမှန်ကန်ဘူး။ အချစ်ဆိုတာ နှစ်ဖက်လုံးကို ပျော်ရွှင်စေတာမျိုး။ တစ်ကိုယ်ကောင်းဆန်ပြီး အမြင်ကျဥ်းတာမျိုး မဟုတ်ဘူး။  မင်းကအခု……နေမကောင်းဘူး ။တိုတိုပြောရရင် အရင်ကအဖြစ်အပျက်တွေကို ငါမေ့သွားပြီ။ မင်းလည်းမေ့နိုင်ဖို့ ငါမျှော်လင့်တယ်။ငါ့အမှားတွေကို ငါပြင်မယ်။နောက်ကို ဒါမျိုးမဖြစ်စေရတော့ဘူးလို့ ငါကတိပေးတယ်”



သိုက်ယွမ်က ကျေနပ်ပုံမရ။ ဟော့ယုံချင်းဟာ စိတ်ရောဂါကုပညာရှင်မဟုတ်ပေမဲ့လည်း စတော့ခ်ဟုမ်းဆင်ဒရုမ်း ဆိုတာမျိုးတွေ ယခင်က ကြားဖူးသည်။ ဖြစ်ခဲ့တာတွေအတွက် သူတာဝန်ယူသင့်သည်ဟု ခံစားမိလိုက်သည်မို့ လေသံကို ထပ်မံနူးညံ့စေလိုက်၏။



“ငါတောင်းဆိုပါတယ်…ဆရာဝန်ပြလိုက်…နော်”



“ကျွန်တော့်အပေါ် ဘယ်လိုမျိုး အမှားပြင်ပေးမှာလဲ”



ဖုန်းထဲကထွက်လာသောအသံကြောင့် ဟော့ယုံချင်း သတိလက်လွတ်ဖြစ်သွားသည်။ သူခဏမျှ ကြက်သေသေပြီးမှ မေးလိုက်၏။



“မင်းက တစ်ခုခုကို ပြန်အလျှော်လိုချင်တာလား”



ပိုက်ဆံများလား…..



ခုချိန် သူ့မှာ ပိုက်ဆံက သိပ်မရှိလှ။



သိုက်ယွမ်လေသံက ပို၍ တက်ကြွလာသည်။



“ဆရာဝန်ပြဖို့ ကိုကို ကျွန်တော်နဲ့ အဖော်လိုက်ပေးနိုင်မလား”



ဟမ်……



ဟော့ယုံချင်း၏ ပထမဆုံးတုံ့ပြန်မှုက ငြင်းဖို့ပင်။ သူ သိုက်ယွမ်နှင့် လိုတာထက်ပိုပြီး အဆက်အဆံမလုပ်ချင်တော့။ တကယ်တမ်းမူ ဖုန်းတောင် ခေါ်ချင်တာ မဟုတ်ချေ။ သို့ငြား မနေ့က အဖြစ်အပျက်က သိုက်ယွမ်၏ စိတ်အခြေအနေမူမမှန်မှုတွေက သူ့လက်ချက်ကြောင့်ဆိုတာကို သတိပေးလို့နေသည်။သူကသာ အမြစ်တွယ်စေသော တရားခံကြီးပင်။



ကောင်းပြီလေ…..သိုက်ယွမ်နောက်ကို တစ်ခါလောက်တော့ အဖော်လိုက်လုပ်ပေးလိုက်တာပေါ့။



စိတ်ရောဂါကုပညာရှင်က သိုက်ယွမ်အား တစ်ကိုယ်တည်းကုသမှုကို ညွှန်းတာဖြစ်စေ၊ အဖော်တစ်ယောက် လိုက်ခိုင်းတာဖြစ်စေ ထိုအချိန်ကျလျှင်တော့ သူအသာလေး လစ်ထွက်လိုက်တော့မည်။



“ကောင်းပြီပထမဆုံးတစ်ခေါက်ကိုတော့ ငါမင်းနဲ့ အတူလိုက်ပေးမယ်”



ဟော့ယုံချင်းက ခပ်ပြတ်ပြတ် ပြောလိုက်သည်။ 



ချက်ချင်းဆိုသလိုပင် သူ သည်ဖုန်း၏တစ်ဖက်ကနေ သိုက်ယွမ်၏ရယ်သံကိုကြားလိုက်၏။“



အရွယ်ရောက်သူဖြစ်နေတာကလွဲ၍ သူ့ရယ်သံက ကလေးငယ်လို အပြစ်ကင်းစင်လှသည်။



“ကောင်းလိုက်တာ! ကျွန်တော် လိမ္မာပါ့မယ်ဗျ!”



 ရုတ်တရက်ပင်ဟော့ယုံချင်းသည် သူ၏လက်မောင်းကို ဖျတ်တ်ခနဲကြည့်မိသွားသည်။   သူ ဒီနေ့အလုပ်မသွားပေ။ထို့ကြောင့်  အိမ်နေရင်း အင်္ကျီလက်တိုသာ ဝတ်ထားသည်။ ကြက်သီးမွေးညင်းတို့က လက်မောင်းတစ်လျှောက် ပေါ်လာလေသည်။ သူ မျက်မှောင်ကြုတ်ရင်း သိုက်ယွမ်နှင့် စကားပြောချင်စိတ်မရှိတော့။ ဝတ်ကြေတမ်းကြေ အနည်းအပါး ပြောပြီးနောက် ဖုန်းချလိုက်တော့သည်။



°°°°°°°°°°°°°


 တစ်ဖက်မှာတော့သိုက်ယွမ်သည် အေးစက်နေသော ကြမ်းပြင်ပေါ်မှာလဲလျောင်းနေလျက်  ဖုန်းထဲက ရီကော့ဒ်ကို ထပ်ခါလဲလဲဖွင့်ကြည့်လို့နေ၏ ။အချိန်အချို့ကြာပြီးနောက် သူသည်ကိုယ့်လက်ချောင်းများကို လျက်လိုက်ရင်း တစ်ကိုယ်တည်း ကြားရရုံသာသာ တိုးတိုးပြောလိုက်ချေလေသည်။



“စားစရာလေး……”



•••••••••••


ဟော့ယုံချင်းက သိုက်ယွမ်အတွက်စီစဉ်ပေးထားသောစိတ်ရောဂါကု ပညာရှင်ကအတော်လေးနာမည်ကြီးသည်။အပွိုင့်မန့်ကဗုဒ္ဓဟူးနေ့သုံးနာရီမှာဖြစ်၏။ သူထိုနေ့က စောစောလေးထွက်လာခဲ့လိုက်သည်။ အ ကြောင်းမူ ရာသီဥတုက မှုန်မှိုင်းပြီး မိုးရွှာနေ၍ပင်။  တက္ကစီထဲမှာ ထိုင်နေရင်းဖြင့် သူ သိုက်ယွမ်ထံ မက်ဆေ့ပို့လိုက်သည်။



[မင်း ထွက်လာနေပြီလား]


 အတော်ကြာအောင်စောင့်ဆိုင်းနေပါသော်လည်းပြန်စာကမလာချေ။



သိုက်ယွမ် အအိပ်လွန်နေ၍လား သို့မဟုတ် ကိစ္စရှိ၍ မလာနိုင်တာလားဆိုတာ မသေချာသည့်အတွက် သူ ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။



ဖုန်းဖြေသူ မရှိချေ။



တစ်ဖက်လူ အလုပ်ရှုပ်နေတာဖြစ်ဖို့သာ သူမျှော်လင့်မိသည်။ စိတ်ရောဂါကုပညာရှင်၏ ရုံးခန်းကိုရောက်တော့ ၂နာရီခွဲပြီဖြစ်သည်။ သိုက်ယွမ်ကတော့ ပေါ်မလာသေး။ လွတ်နေသော စောင့်ဆိုင်းခန်းမှာ ထိုင်နေပြီးနောက် သူမတ်တပ်ရပ် ဝင်ပေါက်မှာ သွားစောင့်နေလိုက်တော့သည်။



သံမဏိမြို့ကြီးတစ်ခုလုံးကို တိမ်မည်းကြီးများဖြင့် ဖုံးလွှမ်းထားရာ လူများကို မမြင်နိုင်သော ဖိနှိပ်မှုခံစားချက်ကို ပေးစွမ်းနေသည်။  ဟော့ယုံချင်း ထုံကျင်နေသော ခြေထောက်များကို လှုပ်လိုက်ပြီး မနီးမဝေးက ဗွက်အိုင်ကို စိုက်ကြည့်လိုက်မိသည်။  ညစ်ပတ်သော ဗွက်အိုင်ထဲတွင် သစ်ပင်များ၏ အရိပ်က ထင်ဟပ်နေချေသည်။



“ကိုကို !”



အသံက ဟော့ယုံချင်းအား စိတ်ပျံ့လွင့်နေရာကနေ သတိဝင်လာစေ၏။ သူ အသံလာရာကြည့်လိုက်တော့ အနက်ရောင်ဟူဒီကို ဝတ်ထားသော အမျိုးသားငယ်တစ်ယောက်က မိုးရေကြားထဲကနေ သူ့ထံပြေးလာတာကို မြင်လိုက်ရသည်။



သိုက်ယွမ်၏ ဖြူလျော်လျော်အသားရေကို သူအကြိမ်ပေါင်းများစွာ မြင်ဖူးထားသော်ငြား ဒီနေ့က ပိုဆိုးဝါးနေ၏။



အပြင်ဘက်က သိုက်ယွမ်၏ ဖြူလျော်လျော်ပုံစံကြောင့် ဘေးဘီကအရာအားလုံးက မသက်ဆိုင်တော့သလိုဖြစ်လာကာ ဝေဝါးသော နောက်ခံအရိပ်များနှယ် ဖြစ်ကုန်သည် ။ သူ့ရှေ့ဆံပင်တို့က စိုရွဲနေကာ  မျက်နှာက ဖြူဖျော့၍ မိုးရေများ ရွဲနစ်နေသည်။ သူက ဟော့ယုံချင်းထံ ပြေးလာလျက် ပယင်းရောင်မျက်ဝန်းတို့ကမူ ပြူးကျယ်ကာ အကြောက်တရားများ ပြည့်လျှမ်းလျက် ရှိသည်။



“ကိုကို….ကျွန်တော့်ကို စောင့်လိုက်ရလားဟင်။ နောက်ကျသွားတာ တောင်းပန်ပါတယ်နော်”



“ရပါတယ်။ ငါလည်း စောင့်နေတာ မကြာသေးပါဘူး”



ဟော့ယုံချင်း မနေနိုင်စွာ အမှန်ပြင်ပေးလိုက်ပြန်သည်။



“ငါ့ကို ကိုကိုလို့မခေါ်နဲ့။ ဘယ်နှစ်ခါပြောရမလဲ ငါတို့က အဲ့လိုဆက်ဆံရေးမျိူး မဟုတ်ပါဘူး ဆိုနေမှ”



သိုက်ယွမ်မျက်ဝန်းတို့က အောက်စိုက်ချထားလျက် စိတ်လှုပ်ရှားစွာ မေးလာသည်။



“ဒါဆို ဘယ်လို ခေါ်ရမလဲဟင်”



“ကုမ္ပဏီမှာတုန်းက ငါ့ကို ဟော့ယုံချင်းလို့ လှမ်းခေါ်လိုက်တယ်မလား။ အဲ့လိုပဲခေါ်”



ဟော့ယုံချင်းက သိုက်ယွမ်ဆီက အဖြေကို မစောင့်တော့ဘဲ သူ့နောက်က အော်တိုမှန်တံခါးဆီ လျှောက်သွားလိုက်တော့သည်။



သိုက်ယွမ်က ဟော့ယုံချင်းအား ကုထုံးအချိန်မှာတောင် အဖော်ပြုပေးဖို့ တောင်းဆိုသေးသည်။ ဟော့ယုံချင်းကတော့ ပယ်ချကာ အခန်းအပြင်မှာပဲ စောင့်နေလိုက်ရင်း ပျင်းရိစွာဖြင့် မဂ္ဂဇင်းများ လှန်လှောကြည့်နေလိုက်၏။ တစ်နာရီလောက်ကြာတော့ သိုက်ယွမ်က ရုံးခန်းထဲကနေ နီရဲရောင်ကိုင်းနေသော မျက်လုံးများဖြင့် ထွက်လာသည်။ဟော့ယုံချင်း ဘာမှ မပြောရသေးခင် သိုက်ယွမ်က သူ့အား ခပ်တင်းတင်းပွေ့ဖက်လာလေသည်။



သိုက်ယွမ်က သူ့အား အရုပ်တစ်ရုပ်ကို ဖက်ထားသလို ဖက်တွယ်ထားပြီး လွှတ်မပေးချေ။ ဟော့ယုံချင်း အကြိမ်အနည်းငယ်မျှ ရုန်းလိုက်ပေမဲ့ မရတာကြောင့် မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။



“မင်း ဘာလုပ်တာလဲ”



နောက်ဆုံးတော့ သိုက်ယွမ်က လွှတ်ပေးလာသည်။ ဟော့ယုံချင်းက သူ့ထက်အရပ်ရှည်တာကြောင့် ဖက်ထားချိန်မှာ အရုပ်လေးကို ပိုက်ထားသလို ဖြစ်နေကာ မျက်နှာထက်က သနားစဖွယ်ကောင်း၍ အပြစ်ကင်းသော မျက်နှာလေးနှင့် မလိုက်ဖက်လှချေ။



“ကျွန်တော် ဆရာဝန်ကိုမေးကြည့်တယ်။ ကျွန်တော့်ရောဂါပျောက်တာနဲ့ ကျွန်တော်က ကိုကို့ကို မှီခိုနေတော့မှာ မဟုတ်ဘူးတဲ့”



ဟော့ယုံချင်းက ကောင်းတာပေါ့ဟု ပြောဖို့ပြင်ခါနီး၌ သိုက်ယွမ်က ထပ်ပြောလာသည်။



“နောက်တစ်ခါ ကိုကို့ကို ဖက်ရင် ခံစားချက်က အခုနဲ့ မတူတော့ဘဲ ဖြစ်တော့မှာလား မသိဘူးနော်”



ဟော့ယုံချင်းတုံ့ခနဲ ဖြစ်သွားပြီးမှ မေးမိသွားသည်။



“အခု မင်းက ဘယ်လိုခံစားရလို့လဲ” 



သိုက်ယွမ်က စိတ်ပျံ့လွင့်သွားပုံရသည်။  သူ၏ ပယင်းရောင်မျက်ဝန်းတို့က အနည်းငယ် မှေးကျဥ်းသွားကာ အတော်ကြာအောင် ငြိမ်ကျနေပြီးမှ စကားနှစ်လုံးကို ခပ်တိုးတိုးပြောလာသည်။ ဟော့ယုံချင်း သေချာမကြားလိုက်ရသည်မို့ ထပ်မေးလိုက်ပေမဲ့ သိုက်ယွမ်က ထပ်မဖြေတော့ချေ။



နောက်တစ်ရက်မှာတော့ ဟော့ယုံချင်းတစ်ယောက် ၁၈နှစ်အရွယ်ကို ပြန်ရောက်သွားပြန်လေသည်။