ဆုံးဖြတ်ချက်
ရှန်ရှီး တစ်ညလုံး ကျုံးကျင်း၏လူသူကင်းမဲ့နေသော လမ်းမတွေပေါ်မှာ ဦးတည်ရာမဲ့ လျှောက်နေခဲ့မိကာ မသိလိုက်ခင်မှာပင် မိုးလင်းလာလေသည်။
သူ့ရှေ့မြူများကြားတွင်ပေါ်လာသော “သုသာန်” ဆိုသောစကားလုံးကိုမြင်သောအခါ ရှန်ရှီး ကြောင်အမ်းသွား၏။ သူ
သူ့မိခင်အိပ်စက်နေသောနေရာကို အမှတ်တမဲ့ ရောက်လာခဲ့ခြင်းပင်။
ပြောရလျှင် သူ့အရင်ဘဝကနေ ရေတွက်မည်ဆိုပါက ရှန်ရှီးဤနေရာကိုမရောက်ဖြစ်တာ ဆယ်နှစ်ကြာမြင့်ခဲ့ချေလေပြီ။ သူ့ဖခင်နှင့် မိခင်၏ ဆက်ဆံရေးကိုအကဲခတ်လျှင် ထိုဆယ်နှစ်အတွင်း သူ့အဖေသည်လည်း မိခင်ဖြစ်သူဆီလာလည်တာရှားလိမ့်မည်။
သူ့အမေ သည်နေရာမှာ တစ်ယောက်တည်းလဲလျောင်းနေခဲ့ရတာ ဘယ်လောက်တောင် အထီးကျန်နေလိုက်ပါမလဲလေ။
တွေးမိသောအခါ ရှန်ရှီး စူးစမ်းလေ့လာရင်း လမ်းပတ်လျှောက်သည်။ မနက်စောစောတွင် သုသာန်သည်တိတ်ဆိတ်နေပြီး တစ်ခြားတစ်ဦးတစ်ယောက်ရှိနေသော အရိပ်အယောင်မတွေ့ရပေ။
ရှန်ရှီးနံရံပေါ်တက်ပြီး မိခင်အုတ်ဂူရှိရာအရပ်ဆီ မှတ်ဉာဏ်ထဲကအတိုင်းလိုက်လာခဲ့၏။
အဖြူရောင် စကျင်ကျောက်စာတိုင်မှာ သူ့မိခင်ဟာ တောက်ပစွာ ပြုံးနေသည်။ သူမဟာ ရှန်ရှီး မှတ်မိနေသလို စိတ်ဓာတ်ကျပြီး ပျော်ရွှင်မှုမရှိသည့်ပုံလည်း မဟုတ်သလို သူ့အဖေနှင့် ရန်ဖြစ်တုန်းကလို ကြမ်းတမ်းသောအကြည့်မျိုးလည်း ရှိမနေခဲ့။
သူ့မိခင်က အင်မတန်လှပသောအမျိုးသမီးဖြစ်သည်။ နှမြောစရာက ဖခင်ဖြစ်သူဟာ သူမကိုမချစ်ခဲ့ပေ။ ဖခင်ဖြစ်သူ၏မျက်လုံးထဲတွင်တော့ သူမ၏အလှများသည် နံရံတွင်ချိတ်ဆွဲထားသော ပန်းချီကားနှင့်မခြားနားလှ။
ရှန်ရှီး ဖြည်းညင်းစွာဒူးထောက်ထိုင်ကာ သူ့လက်တွေကို သူ့မိခင်၏ မျက်နှာပေါ်တင်ကာ ဓာတ်ပုံထဲက မျက်ခုံးနှင့် မျက်လုံးတွေကို တဖြည်းဖြည်းချင်း လိုက်ထိနေမိသည်။
သူ့လက်ချောင်းများ၏အောက်မှ ကျောက်တုံးဟာ အများကြီးအေးစက်နေသော်ငြား ရှန်ရှီး၏နှလုံးသားထဲတွင် နွေးထွေးမှုကိုခံစားရပြီး အနည်းငယ်ပြုံးမိ၏။
ရှန်ရှီး၏မိခင်သည် ကျုံးကျင်းမြို့ရှိ ဟန်မိသားစုမှဖြစ်သည်။ သူမ၏အဖေ ဟန်ဖူလီမှာ တရုတ်တွင်နာမည်ကြီး ကျောက်မျက်ရတနာသူဌေးကြီးဖြစ်ပြီး မိသားစုက ကျောက်မျက်ရတနာလုပ်ငန်းကို မျိုးဆက်လိုက်လုပ်ကိုင်ခဲ့ကြ၏။ ဟန်မိသားစုသည် အင်မတန်ချမ်းသာသော်လည်း ကလေးအများအပြားမရှိချေ။ ရှန်ရှီးမိခင်မျိုးဆက်တွင် သူ့မိခင် ဟန်ရို့နှင့် ဦးလေးဖြစ်သူ ဟန်ယွိ နှစ်ဦးတည်းသာရှိသည်။
ဦးလေးဖြစ်သူက ရှန်ရှီး၏အာရုံထဲတွင်တော့ သိပ်ပြီးမှတ်မှတ်ထင်ထင်ရှိမနေပေ။ သူခြောက်နှစ်မတိုင်ခင် ဦးလေးဟန်ယွိက မိသားစုလုပ်ငန်းနေတွေကို လွှဲပြောင်းယူနေသဖြင့် အလုပ်ရှုပ်နေပြီး ရှန်ရှီးဟာ သူ့ကို နှစ်သစ်အားလပ်ရက်တွင်သာတွေ့ခဲ့ရသည်။
ရှန်ရှီးအသက်ခြောက်နှစ်ပြည့်မှာတော့ သူ့မိခင်ဟာ ပြတင်းပေါက်ကနေခုန်ချသွားပြီး ဦးလေးဖြစ်သူမှာလည်း သူ့မိခင်၏အသုဘကိုအမြန်လာရာလမ်းတွင် ကားအက်ဆီးဒင့်ဖြစ်ပြီး သေဆုံးခဲ့ရသည်။ နောက်ဆုံးမှာတော့ ရှန်ရှီးသည် သူ့ဦးလေးဟာ အရပ်ရှည်ပြီးပိန်ပါးသောကိုယ်ရှိသည်ဆိုတာကိုသာ မှတ်မိတော့သည်။
ထိုစဥ်တုန်းက ဟန်မိသားစုက သားနှင့်သမီး ဆက်တိုက်သေဆုံးသွားသလို ဟန်ယွိသက်ရှိထင်ရှားရှိခဲ့စဥ်က လုပ်ခဲ့သော
ကြီးမားသောအမှားတစ်ခုကြောင့် ဟန်မိသားစုလုပ်ငန်းမှာ ဒုက္ခရောက်နေခဲ့ရလေသည်။
သူ့အဘိုး၏ ကျန်းမာရေးဟာ နှစ်ဆသော ထိုးနှက်ချက်အောက်မှာ လျင်မြန်စွာ ယိုယွင်းသွားပြီး သူအရေးပေါ် ဖြစ်နေသော သတင်းဟာ မကြာခင် ပျံ့နှံ့သွားတော့သည်။
ငယ်ရွယ်သော ရှန်ရှီးဟာ သူ့မိခင်၏သေဆုံးခြင်းအဓိပ္ပာယ်ကိုနားမလည်နိုင်ခင်မှာပင် သူ့အဘိုးကလည်း သူ့ကိုထားသွားမည့်ဖြစ်ရပ်နှင့် ရင်ဆိုင်ရလေသည်။ သေခါနီးဆဲဆဲတွင် အဘိုးက သူ့လက်ကိုကိုင်ရင်း တုန်ရီစွာဖြင့်ထပ်ခါထပ်ခါပြောခဲ့၏။
“အခုချိန်ကစပြီး ငါ့မြေးလေးရှောင်ရှီးတော့ တစ်ယောက်ထဲ ဖြစ်တော့မှာပဲ”
နှစ်တွေကြာလာသည်နှင့် ရှန်ရှီးစိတ်ထဲမှာ အများအပြား မေ့လျော့သွားခဲ့ပေမဲ့ သူအမြဲတမ်းမှတ်မိတာတစ်ခုတော့ရှိသည်။ သူအဘိုးဆုံးပါးသွားကတည်းက သူတကယ်ပဲတစ်ယောက်တည်း ဖြစ်ခဲ့ရလေသည်။
ဤအကြောင်းကိုတွေးမိတော့ ရှန်ရှီး သက်ပြင်းတစ်ချက်ချကာ ထုံကျင်နေသောခြေထောက်တွေကိုပွတ်ပြီး မိခင်၏အုတ်ဂူကိုမှီပြီးထိုင်ချလိုက်သည်။ ဒါဟာ ရှန်ရှီး၏ အရင်တုန်းက အနှစ်သက်ဆုံးပုံစံဖြစ်၏။ သူဒီလိုထိုင်သောအခါတိုင်း ရှန်ရှီးသူ့မိခင်၏ရင်ခွင်ထဲတွင်မှီရသလို ခံစားရသည်။
အေးစက်သောဆက်ဆံမှုအားလုံးကို တိုက်ခိုက်ရန်အားအင်တွေပေးမည့်အလား ရှန်ရှီးဟာ သူ့အတွေးအားလုံးနှင့် ရှန်မိသားစုတွင် သူ့ဆီဖြစ်သမျှမကောင်းသောကိစ္စအားလုံးကို သူ့မိခင်ကိုပြောပြရခြင်းကိုနှစ်သက်၏။
သို့သော်လည်း ဒီတစ်ခါတော့ သူ ရုတ်တရက်ဘာပြောသင့်သလဲမသိတော့ပေ။ မိခင်ကိုပြောပြရန် မကျေနပ်မှုတွေအများကြီးရှိသည်ဟု တွေးမိပေမဲ့ စကားလုံးတွေက နှုတ်ခမ်းဆီရောက်လာသောအခါ မကျေနပ်ချက်အားလုံးကို ပြောလို့မဖြစ်ကြောင်း ရှန်ရှီးနားလည်လိုက်သည်။ တချို့သောအရာ၊ တချို့သောနာကျင်မှုတွေသည် လေးလံလွန်းသောကြောင့် ပေါ့ပါးသောစကားလုံးများက ထိုအလေးချိန်ကို ခံနိုင်မည်မဟုတ်ချေ။
ရှန်ရှီးတစ်မနက်လုံး မိခင်၏အုတ်ဂူကိုမှီပြီး တိတ်ဆိတ်စွာထိုင်နေခဲ့ရင်း ခြေလှမ်းသံတွေက သူ့ဆီကိုရောက်ရှိလာ၏။ ထိုအချိန်မှသာသုဿာန်ဖွင့်ချိန်ရောက်ပြီမှန်း သူအသိပြန်ဝင်လာသည်။
သူ ရှည်လျားစွာအသက်ရှုထုတ်ကာ အေးခဲနေသောမျက်နှာကို လက်ဖြင့်ပွတ်ပြီး အုတ်ဂူကိုအားယူကာထရပ်လိုက်သည်။ ဖျော့တော့သော ရွေရောင်မနက်ခင်း၏တောက်ပမှုတွင် ရှန်ရှီး သူ့မိခင်ကို နောက်ဆုံးတခါကြည့်ပြီး လှည့်ထွက်လာခဲ့လိုက်သည်။
သူ ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်၏။ သူ ရှန်မိသားစုအိမ်မှထွက်ပြီး ကျုံးကျင်းကနေထွက်ခွာမည်။ မိခင်ဆီထပ်လည်ဖို့ အခွင့်အရေးမရတော့မည်ကို စိုးရိမ်ပေမဲ့ ယင်းက တဒင်္ဂသာ။ အရင်ဘဝနှင့်မတူဘဲ ဒီတခါတော့ ဘယ်အချိန်မှာပြန်လာမလဲ သူ့တွင်ရွေးချယ်ခွင့်ရှိပေသည်။
ရှန်ရှီး ဆုံးဖြတ်ထားသောခြေလှမ်းတွေနှင့် သုသာန်မှထွက်ခွာခဲ့ပြီး တက္ကစီကိုလက်ပြတားကာ ရှန်မိသားစုလိပ်စာပေးလိုက်သည်။
ဒရိုင်ဘာက နောက်ခုံတွင်ထိုင်နေသော ဖျော့တော့သောဆယ်ကျော်သက်ကောင်လေးကို နောက်ကြည့်မှန်မှ သိလိုစိတ်နှင့်ကြည့်လာသည်။ လူငယ်က ကောင်းကောင်းအနားမယူရသေးပုံရပြီး မျက်လုံးတွေကိုမှိတ်ရင်း ကားပေါ်ရောက်ရောက်ချင်းမှာပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွား၏။
ကားမောင်းသူနေရာမှကြည့်လျှင် ဆယ်ကျော်သက်၏ ပျော့ပြောင်းသောဆံပင်များက ငိုက်စိုက်ကျနေကာ မျက်နှာကိုဖုံးထားပြီး သွေးမရှိသောနှုတ်ခမ်းများနှင့် ချွန်ထက်သောမေးစေ့ကိုသာ မြင်ရသည်။
ဒရိုင်ဘာသည် ခဏကြာတွေးလိုက်ပြီးနောက် ကားထဲမှရေဒီယိုကို လက်လှမ်းကာအသံလျော့လိုက်ပေမဲ့ သူမော့ကြည့်သောအခါတွင် မှန်ထဲမှ နက်မှောင်ပြီးအေးစက်နေသော ကောင်လေး၏မျက်လုံးများနှင့် အကြည့်ချင်းဆုံလိုက်ရလေသည်။
ဒရိုင်ဘာဖြစ်သူ တုန်လှုပ်သွားကာ ချက်ချင်းမတ်မတ်ထိုင်လိုက်ပြီး ဘေးညာလှည့်မကြည့်ရဲဘဲ လမ်းကိုသာသတိထားပြီး ကြည့်လိုက်တော့သည်။
ရှန်ရှီးက ဘာမှမဖြစ်သလို ဒရိုင်ဘာဆီမှအကြည့်လွဲပြီး မသိလိုက်ဘဲ
ပြတင်းပေါက်မှ အပြင်ကိုငေးကြည့်နေမိသည်။
ပြတင်းပေါက်အပြင်ဘက်တွင်ရှိသော ကျုံးကျင်းသည် ရှန်ရှီးအတွက် မတူညီသောကမ္ဘာတစ်ခုအလားမြင်ရ၏။ ကျုံးကျင်းတွင် မနက်ခင်းလူရှုပ်ချိန်ဖြစ်သောကြောင့် လူနှင့်ကားများစုဝေးသံ၊ ဟွန်းတီးသံ၊ လူသံများနှင့် အသံမျိုးစုံရောယှက်နေပြီး မြို့တစ်မြို့လုံးမှာ အသက်ဝင်ပြီးတက်ကြွနေသည်။
ရှန်ရှီး သူ့ရှေ့မှာရှိသမျှအားလုံးကို လောဘတကြီးကြည့်လိုက်သည်။ ထောင်ထဲမှ ဆယ်နှစ်ကျော်ကြာ သေလောက်အောင်တိတ်ဆိတ်မှုနှင့် စိတ်ဓာတ်ကျမှုများဟာ အသက်ဝင်နေသောမနက်ခင်းတွင် ချက်ချင်းပင် ပျောက်ကွယ်လုနီးပါးပင်။ ရှန်ရှီး သူ့ရင်ဘတ်ထဲမှ အသက်ရှိပြီးတက်ကြွမှုအပြည့်ရှိနေသော နှလုံးခုန်သံကိုပင် ခံစားမိရသည်။
ဤခံစားချက်က ကောင်းမွန်လွန်းသည့်အတွက် တက္ကစီက လမ်း၏အဓိကလမ်းမကြီးကနေ ထွက်ပြီး ရှန်မိသားစုနေထိုင်သော အနောက်ဘက်မြို့စွန်ဘက်သို့
ကွေ့လိုက်သောအခါ ရှန်ရှီးသက်တောင့်သက်သာမရှိသလို ခံစားလိုက်ရသည်။
ကျုံးကျင်း၏ ချမ်းသာသောနယ်မြေဟုခေါ်ကြသော ဤနေရာက အသက်ဝင်တက်ကြွနေသော အဓိကမြို့နှင့်မတူဘဲ အမြဲတမ်း သပ်ရပ်ပြီး တိတ်ဆိတ်နေသည်။ လမ်း၏နှစ်ဖက်စလုံးတွင် မြင့်မားသောသစ်ပင်ကြီးများက ပုံစံမျိုးစံရှိသော စံအိမ်ကြီးများကို ဝန်းရံထားပြီး ရှန်မိသားစုအိမ်မှာ ထိုစံအိမ်ကြီးများမှ အိမ်တစ်လုံးဖြစ်၏။
အိမ်နှင့်နီးကပ်လာသောအခါ ရှန်ရှီး၏ခံစားချက်တွေ ပိုပိုပြီးထိန်းချုပ်မရဖြစ်လာပြီး နက်ရှိုင်းသောရွံရှာမှုက သူ့နှလုံးသားတွင်ဖြစ်ပေါ်လာသည်။
ဤရွံရှာမှုက အားမပျော့ပေ။ ဆယ့်ရှစ်နှစ်အရွယ် ရှန်ရှီး၏ အင်အားမရှိသောရွံရှာမှု မဟုတ်ဘဲ နှစ်ဆယ့်ရှစ်နှစ်အရွယ် ရှန်ရှီး၏ ရှန်မိသားစုအပေါ်ထားရှိသော ထိန်းချုပ်မရသောဖျက်ဆီးလိုသည့် ခံစားချက်များဖြစ်သည်။
ခံစားချက်များက ပြင်းထန်လွန်းသည့်အတွက် ရှန်မိသားစုစံအိမ်ဝင်ပေါက်တွင် ပုံမှန်အတိုင်းရပ်နိုင်သည့် အချိန်အထိ ရှန်ရှီးအသည်းအသန်ထိန်းချုပ်ခဲ့ရသည်။
သူမှတ်မိနေသည့်အတိုင်း အတိအကျရှိနေသောအိမ်ကိုကြည့်ရင်း ရှန်ရှီးခေါင်းငုံ့ကာ အသက်ဆယ့်ရှစ်နှစ်အရွယ် သူ၏ခံစားချက်များက ခုချိန်မှာ ဘယ်ပုံပေါက်နေလောက်မလဲ ပြန်တွေးဆရင်း အတန်ကြာတိတ်ဆိတ်နေပြီးမှ နောက်ဆုံးမှာတော့ ဒေါသထွက်သောအမူအရာဖြင့် ခေါင်းပြန်မော့လိုက်သည်။
စိတ်မရှည်သောဒေါသအပြည့်နှင့် ရှန်ရှီးရှေ့တံခါးကိုတွန်းပွင့်ကာ သူ့ကိုကြည့်နေကျအတိုင်းကြည့်လေ့ရှိသော အစေခံများ၏မျက်လုံးတွေကိုလျစ်လျူရှုပြီး အိမ်ထဲဝင်ကာ ထမင်းစားခန်းထဲသို့တန်းသွားလိုက်သည်။
သူ့မှတ်ဉာဏ်အရ နေ့တစ်နေ့၏ယခုအချိန်မျိုးဆို သူ့အဖေနှင့်ရှန်ကျိဟာ ပုံမှန်အတိုင်းထမင်းစားခန်းတွင် စားနေကြမည်ဖြစ်ပြီး ရှန်ချိန်ကလည်း စောစောနိုးလာပါက အတူတူဝင်စားလိမ့်မည်။
သူ့အတွက်ကတော့….ရှန်ရှီး မဲ့ပြုံးမပြုံးဘဲ မနေနိုင်ခဲ့။
ဘယ်သူဂရုစိုက်မှာတဲ့လဲ..။
သူ့အဘိုးသေဆုံးပြီးကတည်းက သူဟာ ဖခင်နှင့်အတူ မနက်စာမစားခဲ့တော့ပေ။
ရှန်ရှီးမျှော်လင့်ထားသည့်အတိုင်း သန့်ရှင်းပြီး နွေးထွေးသောထမင်းစားခန်းတွင် အသက် ၅၀ ကျော်ပြီဖြစ်သော ရှန်သယ်ဟန့်သည် စားပွဲအလယ်တွင်ထိုင်နေပြီး ကော်ဖီသောက်ရင်း သူ့ဘေးမှာရှိသော ရှန်ကျိနှင့်စကားပြောနေသည်။
ရှန်ရှီးကိုကြည့်သလို စိတ်ပျက်သောအကြည့်နှင့်မတူဘဲ ထိုလူသည် အမြဲတမ်း ရှန်ကျိအတွက်ကြင်နာသောဖခင်ဖြစ်ခဲ့၏။ လက်ရှိအချိန်တွင် သူ့မျက်နှာတွင်ညင်သာသောအပြုံးနှင့် ရှန်ကျိကိုစေ့စေ့စပ်စပ်ကြည့်နေသည်။ ရှန်ကျိမျက်နှာတွင်လည်း အပြုံးရှိနေပြီး သူ့ခန္ဓာကိုယ်က သူ့ဖခင်ဘက်သို့အနည်းငယ်ယိုင်နေသည်။
အဝေးမှကြည့်လျှင် တကယ်ကို ဖခင်၏ကြင်နာမှုနှင့် မိဘကိုလေးစားသောသား၏ ပန်းချီကားတချပ်အလားမြင်ရ၏။
ရှန်ရှီး ထမင်းစားခန်းဝင်ပေါက်တွင် ဘာမှဂရုမစိုက်သလိုရပ်ရင်း သူ့ရှေ့မှနွေးထွေးသောမြင်ကွင်းကို ကြည့်လိုက်သည်။ နှလုံးသားထဲမှာလှောင်ပြောင်လိုက်ပေမဲ့ ဝင်လာချိန် မျက်နှာတွင် စိတ်တိုပြီးဒေါသထွက်လွယ်သောအမူအရာကိုပြထားကာ အနီးဆုံးထိုင်ခုံကို အသာဆွဲယူပြီး လေးလံစွာထိုင်ချလိုက်သည်။
ရှန်သယ်ဟန့်နှင့် ရှန်ကျိကြားမှ နွေးထွေးသောအခြေအနေသည် ရှန်ရှီး၏အမူအရာကြောင့် အနှောင့်အယှက်ဖြစ်သွားခဲ့၏။ ရှန်ကျိက မသိသာအောင် မျက်မှောင်ကြုတ်ပြီး ရှန်သယ်ဟန့်ကတော့ ရှန်ရှီးကို ရွံရှာသလိုကြည့်ရင်း ရှန်ကျိ၏ပုခုံးကိုညင်သာစွာပုတ်လာသည်။
“မင်းတင်ပြတာကကောင်းတယ်.. မင်းပြောသလိုသာလုပ်”
ပြောပြီးနောက် သူကထကာ ချက်ချင်းထွက်သွားဖို့ပြင်၏။
ရှန်ရှီး သူ့ဖခင်၏ပုံရိပ်ကို အေးစက်စွာကြည့်ကာ ထမင်းစားတံခါးကပျောက်ကွယ်တော့မလို အခြေအနေရောက်မှ ရုတ်တရက်ပြောလိုက်သည်။
“ကျွန်တော် နိုင်ငံခြားကို စာသင်သွားချင်တယ်”
ရှန်သယ်ဟန့်ရပ်သွားပြီး ခေါင်းလှည့်ဖို့တောင်အရေးမထားဘဲ တိုက်ရိုက်ညွှန်ကြားလိုက်သည်။
“အားကျိ စီစဉ်စရာတွေလုပ်ပေးလိုက်”
ရှန်ကျိက ရှန်ရှီးကိုငဲ့ကြည့်ပြီး ညင်သာစွာပြောလာသည်။
“ဟုတ်ကဲ့ အဖေ”
သူ့ဖခင်က သူ့ကိုအရေးမထားတာ နားလည်သော်လည်း ကြည့်ဖို့တောင်အာရုံမစိုက်သည်ကိုမြင်ရသောအခါ ရှန်ရှီး၏နှလုံးသားတွင် အနည်းငယ်တော့ စူးရှသောနာကျင်မှုကိုခံစားရ၏။ နောက်တော့ ရှန်ရှီး သူ့ကိုယ်သူကဲ့ရဲ့လိုက်သည်။ သူက အခုထိ ရယ်စရာကောင်းသော ဖခင်ဖြစ်သူ၏အချစ်ကိုမျှော်လင့်နေသေးသည်လား။
သူ့ကိုယ်သူ လှောင်ပြောင်လိုသည့် အရိပ်အယောင်က ရှန်ရှီး၏မျက်နှာတွင် ခဏတာဖြတ်ပြေးသွားပေမဲ့ ရှန်ကျိကတော့ စူးရှစွာနှင့်သတိထားလိုက်မိသည်။ ဘာအမူအရာမှမပြဘဲ ရှန်ရှီးကို သူတိတ်တဆိတ်ကြည့်လိုက်၏။
ဖအေတူအမေကွဲညီအပေါ် ရှန်ကျိ၏သဘောထားမှာ အမြဲလျစ်လျူရှုဖို့ဖြစ်သည်။ သို့သော်လည်း ဖခင်၏ညွှန်ကြားချက်ကိုသတိရကာ ရှန်ကျိ ရှားရှားပါးပါး အရင်စပြီးစကားပြောလိုက်သည်။
“ဘယ်နိုင်ငံကိုသွားဖို့စီစဉ်ထားလဲ”
ရှန်ရှီးက ရှန်ကျိကိုလှောင်သလိုကြည့်၏။
“ကျွန်တော်ဆုံးဖြတ်ခွင့် ရှိလို့လား”
ရှန်ရှီး နာကြည်းစွာနှင့် သူ့အောက်မှထိုင်ခုံကိုတွန်းပြီး ထသွားတာကို ရှန်ကျိ ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၍ တခုခုကိုသတိရသွားဟန်ဖြင့် ရှန်ချိန်အခန်းဆီလှည့်ကြည့်လိုက်သည်။
မနက်ခင်း ၈ နာရီသည် ရှန်ချိန်အတွက်အိပ်ချိန်ဖြစ်နေသေး၏။ ရှန်ကျိပြတင်းပေါက်ကို ကြမ်းတမ်းစွာဖွင့်ပြီး ရှန်ချိန့်ကိုယ်ပေါ်မှစောင်ကို ဆွဲခွာချလိုက်သည်။ အေးသောလေတိုက်ခတ်လာသောအခါ ရှန်ချိန်ထခုန်ပြီး ဒေါသတကြီးဖြင့်မကျေမနပ်ပြောလာ၏။
“အစ်ကိုကြီး.. ဒီနေ့ကပိတ်ရက်မို့ ကျောင်းမှာအတန်းမရှိဘူး”
ရှန်ကျိသည် “အင်း” ဆိုသော ခပ်တိုးတိုးအသံပြုပြီး ရှန်ချိန်၏မကျေမနပ်ပြောဆိုမှုကို လျစ်လျူရှုကာ မေးသည်။
“အရင်ရက်တွေတုန်းက မင်း ရှန်ရှီးကိုရန်စသေးလား”
“ရှန်ရှီး?”
သူ့အစ်ကိုဖြစ်သူက ရှန်ရှီးအကြောင်းကို တကူးတကပြောလာသည့်အတွက် ရှန်ချိန်အံ့ဩသွားကာ မြန်မြန်ခေါင်းရမ်းလိုက်၏။
ရှန်ကျိက ရှန်ချိန်၏လှုပ်ရှားမှုကိုကြည့်ကာ မျက်မှောင်ကြုတ်သည်။
ရှန်ချိန် ချက်ချင်းဝန်ခံဖို့ရွေးချယ်ကာ သူ့ကိုယ်သူကာပြောလိုက်၏။
“ကျွန်တော်ဘာမှမလုပ်ခဲ့ဘူး.. ရှန်ရှီးဘယ်လောက်တောင် စိတ်လှုပ်ရှားမလဲဆိုတာပဲ မြင်ချင်ခဲ့တာ”
“စိတ်လှုပ်ရှားတယ်?”
ရှန်ကျိ၏အသံက နားမလည်သလိုထွက်လာသည်။
ရှန်ချိန်က သတိထားပြီး ရှင်းပြလိုက်၏။
“အစ်ကိုကြီးသာ မသိတာ မနေ့ညက ရှန်ရှီးရဲ့ ၁၈ နှစ်ပြည့်မွေးနေ့လေ.. အဲ့ကောင်က ဝမ်ယောင့်ကိုကြွေနေတော့ မနေ့ညက သူ့မွေးနေ့ကျင်းပဖို့ ဝမ်ယောင့်ကို စိတ်လှုပ်ရှားပြီးစောင့်နေတာ.. ကျွန်တော်က ရှန်ရုံကို ကျွန်တော်နဲ့တမင်ခေါ်လာတာ.. ပွဲကောင်းကြည့်ရမယ်ထင်ခဲ့ပေမဲ့ ရှန်ရှီးကဘယ်ပြေးသွားလဲမသိလို့ မတွေ့လိုက်ရဘူး”
ရှန်ရုံ၏နာမည်ကိုကြားတော့ ရှန်ကျိမျက်နှာမြင်ရဆိုးသွား၏။
“ရှန်ရုံနဲ့ အဝေးမှာနေ”
ရှန်ချိန်က ရှန်ကျိ၏မကြည်လင်သောမျက်နှာကိုကြည့်ပြီး အားတက်သရောခေါင်းညိတ်သည်။
“ကျွန်တော်သိပါတယ်.. သူကတရားမဝင်သားလေ.. ကျွန်တော်ကအပျော်ခေါ်သွားရုံပဲ.. အစ်ကိုကြီး စိတ်ပူစရာမလိုပါဘူး”
ရှန်ကျိသည် ရှန်ချိန်ကို သတိပေးသလိုကြည့်ပြီး ရှန်ချိန်၏အခန်းမှထွက်သွားလေသည်။
ရှန်ရှီး၏ အခန်းကကော်ရစ်တာ၏တစ်ဖက်တွင်ရှိ၏။ ရှန်ရှီးအခန်းကို ရှန်ကျိအတန်ကြာငေးကြည့်နောက် စာကြည့်ခန်းဆီလှည့်ထွက်လာခဲ့သည်။
မနေ့က တကယ်ပဲရှန်ရှီးရဲ့မွေးနေ့လား? ဒါဆိုရင် မနေ့ညက ရှန်ရှီးကိုနိုင်ငံကနေထွက်သွားဖို့ ဆုံးဖြတ်စေတဲ့အရာဖြစ်နေတာလား။
ရှန်ကျိလက်မြှောက်၍ မျက်ခုံးတွေကိုပွတ်လိုက်သည်။ မိသားစုက နှစ်တွေအကြာကြီး ရှန်ရှီးကိုလျစ်လျူရှုခဲ့သည်မို့ ရှန်ရှီး ၁၈ နှစ်ပြည့်သည်ကိုတောင် မတွေးမိခဲ့ပေ။
ရှေ့နေ၏လက်ထဲတွင်ရှိသော သေတမ်းစာအကြောင်းကိုတွေးမိသောအခါတွင်မူ သူ့အကြည့်တွေက စူးရှသွားလေသည်။