မတော်တဆ
ရှန်ရှီး နိုင်ငံခြားမှာ စာသင်မည့်ကိစ္စကို ရှန်ကျိက မြန်မြန်ကိုင်တွယ်ဖြေရှင်းခဲ့၏။ သုံးရက်အတွင်း ရှန်ကျိက သက်ဆိုင်ရာလုပ်ငန်းစဉ်တွေကို ပြီးအောင်လုပ်ကာ စာရွက်စာတမ်းတွေအများကြီး ရှန်ရှီးရှေ့ချလိုက်သည်။
“ဒါက St. Rudolf ကျောင်းက ဝင်ခွင့်အကြောင်းကြားစာ.. အဲ့ဒီမှာအရင်ဆုံး ဘာသာစကား တစ်နှစ်သင်ပြီးမှ တက္ကသိုလ်တက်ဖို့စီစဉ်ပေးမယ်”
ရှန်ကျိ၏ ပြောဆိုပုံက အရင်အတိုင်း ခပ်စိမ်းစိမ်းသာ။ သူက ရှန်ရှီး၏ အခန်းတံခါးဝမှာ ရပ်နေပြီး လေသံကမူ လုပ်ငန်းကိစ္စတစ်ခုကို ပြောနေသည့်ဟန်။
ရှန်ရှီးကလည်း တံခါးကနေ ပိတ်ရပ်ထားကာ ရှန်ကျိကို အထဲဝင်ခွင့်ပေးဖို့ စိတ်ကူးမရှိချေ။ ရှန်ကျိလက်ထဲက အချက်အလက်တွေကို ဘာခံစားချက်မှ မပြဘဲ ယူလိုက်ပြီး စိတ်ထဲမှာ သရော်သလို ပြုံးရင်း ခပ်သွက်သွက် လှန်လှောကြည့်လိုက်သည်။
မြန်ချက်။ ကြည့်ရတာ ရှန်ကျိကလည်း သူ့မျက်စိရှေ့မှာ ဆက်ပြီးအနှောင့်အယှက်မဖြစ်စေချင် တော့သည့်ပုံပင်။
ရှန်ရှီးကခေါင်းငုံ့ထားသောကြောင့် ရှန်ကျိ သူ့မျက်နှာကိုရှင်းလင်းစွာမမြင်ရပေမဲ့ ဘေးကိုဝေ့ဝဲကြည့်သောအခါ အံ့အားသင့်သောအရိပ်အယောင် မျက်နှာတွင်ဖြစ်ပေါ်လာ၏။ မထင်မှတ်ဘဲ ရှန်ရှီး၏အခန်းက သန့်ရှင်းသပ်ရပ်နေပြီး ပစ္စည်းတွေအားလုံး အကြီးမှအသေးစီထားသည်။ ရှန်ကျိအံ့ဩသွားပြီး အမှတ်မထင်ရှန်ရှီးကိုကြည့်လိုက်သောအခါ စိတ်မရှည်သောမျက်လုံးတွေနှင့်ဆုံသည်။
“ပိုက်ဆံ”
ရှန်ရှီးမျက်နှာပေါ်မှာ စိတ်တိုသောအကြည့်သည် မြင်နေကျအတိုင်းဖြစ်တာကြောင့် ရှန်ရှီးအခန်းကိုမြင်ရသောအချိန် ရှန်ကျိစိတ်တွင်ခံစားလိုက်ရသော မသက်မသာခံစားချက်က မေ့လျော့သွားသည်။ သူ့လက်ထဲမှာ ကတ်ကိုလှမ်းပေးရင်း ရှန်ကျိထပ်ပြောလိုက်၏။
“သဘက်ခါအတွက် လေယာဉ်လက်မှတ်စီစဉ်ပေးထားလို့ ထုတ်ပိုးပြီးရင် တစ်ယောက်ယောက်က မင်းကို လေဆိပ်ခေါ်သွားပေးလိမ့်မယ်”
ရှန်ကျိ၏စကားလုံးတွေကို ကြိုဆိုနေသည်က ကျောပေးလိုက်သော ရှန်ရှီးနှင့် တံခါးပိတ်လိုက်ခြင်းသာဖြစ်၏။
ရှန်ကျိမျက်မှောင်ကြုတ်ရင်း ပိတ်သွားသောတံခါးကို စက္ကန့်ဝက်လောက်ကြည့်ပြီးမှ လှည့်ထွက်လာခဲ့လိုက်သည်။
အခန်းထဲတွင်တော့ လက်ထဲမှ ဘဏ်ကတ်ကိုကြည့်ကာ အကျင့်အတိုင်းရှန်ရှီးမျက်နှာတွင် လှောင်သောအပြုံးဖြစ်ပေါ်လာ၏။ ပိုက်ဆံအများကြီးရှိနေမှာ သိနေသည့်အတွက် အထွေအထူးစစ်စရာမလိုပေ။
ယခင်တုန်းကတော့ သူ့ကိုမနှစ်မြို့သော သူ့အဖေက ငွေကြေးနှင့် ပတ်သက်လျှင် ဘာလို့သူ့အပေါ်ရက်ရောလဲဆိုတာ သူနားမလည်နိုင်ချေ။ မဆင်မခြင်သုံးစွဲခြင်းကို ဂရုမစိုက်ရုံသာမက တမင်တကာခွင့်ပြုပေးနေသော အရိပ်အယောင်ပင်ရှိသေးသည်။
ထောင်ကျပြီးနောက်မှ သူနားလည်လိုက်သည်က တမင်သုံးစားမရသောလူကို ပျိုးထောင်ဖို့ကြိုးစားနေခြင်းမဟုတ်ပါလား။
ရှန်ရှီး မဲ့ပြုံးပြုံးပြီး ကတ်ကိုသူ့ပိုက်ဆံအိတ်ထဲထည့်လိုက်သည်။ သူ့ဖခင်၏ရည်ရွယ်ချက် ဘာပဲဖြစ်ပါစေ သူ့အတွက် ပိုက်ဆံပိုရှိလေ ကောင်းလေဖြစ်၏။
ကတ်ကို ထားပြီး လက်ထဲမှစာရွက်စာတမ်းတွေကို လက်ဆွဲအိတ်ထဲထည့်ရန်ပြင်နေစဉ် ရုတ်တရက်ဖုန်းမြည်လာသည်။
ရှန်ရှီး ဖုန်းကိုဆွဲထုတ်လိုက်သည်။ သူ့သူငယ်ချင်းဟုခေါ်တွင်သောလူတွေထဲက တစ်ယောက်ယောက်က ကောလဟလထွက်နေသည့်အတိုင်း သူတကယ်ဒေါသထွက်နေလား သိလိုစိတ်နှင့် ဆက်သွယ်တယ်ဆိုတာ သူကြည့်စရာမလိုဘဲ သိနေသည်။
သည်ရက်ပိုင်းအတွင်း ဒီလို ဖုန်းအတော်များများ လက်ခံရရှိခဲ့ပြီး အားလုံးက စိုးရိမ်ဟန်ဆောင်ပြီး ရှန်ရုံနှင့် သူ့ ဆက်ဆံရေးအကြောင်းကို သွယ်ဝိုက် စုံစမ်းနေကြတာသာ ဖြစ်သည်။
ဟိုတနေ့ညက ရှု့ထူကိုရောက်လာသော ထျန်းဝမ်ယောင့်နှင့် ရှန်ရုံကိုမြင်လိုက်သောသူများသည့်ပုံပင်။
ရှန်ရှီး မသိစိတ်အရ ဖုန်းချဖို့ ပြင်လိုက်သော်လည်း မရင်းနှီးသောနံပါတ်ကိုမြင်သောအခါ တန့်သွားသည်သည်။ ခဏကြာတုံ့ဆိုင်းပြီးနောက် ရှန်ရှီးဖုန်းကိုင်လိုက်ပြီး မကြာခင်မှာပင် အံ့ဩသောမျက်နှာဖြစ်ပေါ်လာ၏။ မိနစ်အနည်းငယ်ကြာသောအခါ ရှန်ရှီးဖုန်းချပြီး စဉ်းစားလိုက်သည်။
သူ့ကိုဖုန်းခေါ်သူက အရင်ကရှန်ရှီးနှင့်အဆက်အသွယ်မရှိခဲ့ဖူးသူ သူ့ဖခင်၏ ကိုယ်ပိုင်ရှေ့နေ ဝမ်ချန်းလင်ဖြစ်၏။ တဖက်လူက ဖုန်းထဲမှာ ဘာမှသိပ်မပြောသောကြောင့် ဝမ်ချန်းလင်ဘာပြောချင်လဲဆိုတာကို ရှန်ရှီးနားမလည်ခဲ့သော်လည်း သူ့အတွက်အပ်ထားတာရှိကြောင်း တစ်ခုတော့ပြောပြသည်။
အပ်ထားတယ်? ဘယ်သူကများလဲ? သူ့ကိုပေးမဲ့အရာကရော ဘာများလဲ။
ဤမေးခွန်းများနှင့်အတူ ရှုပ်ထွေးနေသော ရှန်ရှီးဟာ နောက်တစ်နေ့မှာတော့ ဖုန်းထဲမှပေးပို့လာသော လိပ်စာအတိုင်း ရှန်အုပ်စု၏ အနားကကော်ဖီဆိုင်သို့ သွားလိုက်သည်။
ခုချိန်က အလုပ်ချိန်ဖြစ်ပြီး ကော်ဖီဆိုင်တွင် လူနည်းနေသောကြောင့် တစ်ချက်ဝေ့ဝဲကြည့်ရုံနှင့် ရှန်ရှီး သူ့ကိုခေါ်လိုက်သောလူကိုတွေ့လိုက်သည်။
ဝမ်ချန်းလင်က သူ့ဖခင်ထက်အသက်နည်းနည်းကြီးပုံရမှန်းတော့ သူမှတ်မိထားသည်။ သို့ပေသိ သူ့ရှေ့တွင်ရှိသောလူသည် အသက်လေးဆယ်လောက်သာရှိပုံရသည်။ လက်ရှိ၌ ထိုသူက မီးခိုးဖျော့ရောင်ဝတ်စုံဝတ်ထားကာ ဆံပင်ကိုသေသပ်ပိရိစွာဖီးထားပြီး ရွှေရောင်ကိုင်းနှင့်မျက်မှန်တပ်ဆင်ထားသည်။ ခေါင်းအစ ခြေအဆုံး ယဉ်ကျေးသိမ်မွေ့မှုတွေ ထွက်ပေါ်နေပြီး လှုပ်ရှားမှုတိုင်းက အတော်လေး ယဉ်ကျေးသည့်ပုံ ပေါ်သည်။
ဝမ်ချန်းလင်ကလည်း ရှန်ရှီးကိုမြင်ပြီး ခေါင်းညိတ်ပြကာ လက်ဝေ့ယမ်းပြသည်။
“စန်းရှောက်(တတိယသခင်လေး)”
ရှန်ရှီး မျက်နှာအမူအရာထူးခြားမှုမရှိဘဲ လျှောက်သွားကာ ဘာမှမပြောဘဲထိုင်ပြီးနောက် တဖက်လူကို တိတ်ဆိတ်စွာကြည့်လိုက်သည်။
ဝမ်ချန်းလင်က ရှန်ရှီး၏အမူအရာကို စိတ်ထဲထားပုံမရဘဲရှုပ်ထွေးသောအကြည့်ဖြင့်သာကြည့်ပြီး ခံစားချက်အပြည့်နှင့်ပြောလာ၏။
“မျက်တောင်တစ်ချက်ခတ်လိုက်တဲ့အချိန် အတွင်းမှာတင် စန်းရှောက်ကအရွယ်ရောက်လာပြီပဲ”
ရှန်ရှီး သတိမထားမိဘဲ မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ချန်းလင်၏အပြုအမူကြောင့် သူတွေဝေသွားရ၏။ ဒီလိုမှတ်ချက်မျိုးက သူတို့ဆက်ဆံရေးအတွက် ရင်းနှီးမှုပိုလွန်းသည်။
ဝမ်ချန်းလင်ကလည်း နားလည်ပုံရ၏။ သူက လျှို့ဝှက်စွာပြုံးလိုက်ပြီး စားပွဲထိုးကိုလက်ပြလိုက်သည်။
“မိုခါတစ်ခွက်”
ထို့နောက် သူကရှန်ရှီးကိုကြည့်သည်။
“စန်းရှောက်ရော?”
ရှန်ရှီးခေါင်းရမ်းလိုက်သည်။
သူကော်ဖီသောက်ဖို့လာခြင်းမဟုတ်ပေ။ ဝမ်ချန်းလင် ဖုန်းထဲမှာပြောတာနှင့်ပတ်သက်ပြီး သိချင်၍သာဖြစ်၏။
ဝမ်ချန်းလင်က အတင်းမတိုက်တွန်းဘဲ နှာခေါင်းပေါ်မှာ မျက်မှန်ကိုတွန်းတင်ရင်း ရှန်ရှီးကို ပြုံးရုံပြုံးပြသည်။
“ဦးက ဖုန်းထဲမှာပြောခဲ့တာကို စန်းရှောက်သိချင်နေမှာပဲ”
ရှန်ရှီးခေါင်းညိတ်ပြီးပြောလိုက်သည်။
“ကျွန်တော့်ကိုပေးချင်တာကဘာလဲ”
ရှန်ရှီး၏တိုက်ရိုက်ပြောဆိုမှုက ဝမ်ချန်းလင်ကိုအံ့ဩသွားစေ၏။ သူမတတ်နိုင်ဘဲ ခါးသီးသလိုပြုံးသည်။
“စန်းရှောက်ရဲ့ဒေါသက သတင်းတွေကြားရတဲ့အတိုင်းပါလား”
စိတ်မရှည်မှုတွေ ရှန်ရှီး၏မျက်လုံးတွင်ဖြစ်ပေါ်လာပြီး ဝမ်ချန်းလင်မျက်နှာပေါ်က ခါးသီးမှုကပိုပြီးပြင်းထန်လာ၏။ သူက ရှန်ရှီး၏မျက်နှာအမူအရာကိုမမြင်သလို ဟန်ဆောင်လိုက်ရသည်။
“ဦးက စန်းရှောက်သိတဲ့အတိုင်း ရှန်လူကြီးမင်းရဲ့ ကိုယ်ပိုင်ရှေ့နေပါ”
ရှန်ရှီးအေးစက်သောမျက်နှာဖြင့် ဘာမှဆက်မပြောဖြစ်ပေ။
ဝမ်ချန်းလင်က ဖခင်နှင့်သားအကြားမှာ ဘာတွေဖြစ်နေလဲသိတာကြောင့် ထိုအကြောင်းဘာမှထပ်မပြောတော့ဘဲ စကားဆက်သည်။
“ရှန်လူကြီးမင်းရဲ့ဘက်မှာမလုပ်ခင် ဦးက အဘိုးဟန်ရဲ့ကိုယ်ပိုင်ရှေ့နေလုပ်ခဲ့တာ”
အဘိုးဟန်ဆိုသောစကားလုံးများသည် ရှန်ရှီး၏နှလုံးသားကိုတုန်လှုပ်သွားစေပြီး သူ ဝမ်ချန်းလင်ကို အံ့အားသင့်စွာနှင့်ကြည့်လိုက်၏။
ဝမ်ချန်းလင်၏မျက်မှာပေါ်က ခါးသီးသောအပြုံးက အောက်မေ့သောအရိပ်အယောင် ပြောင်းသွားလျှက်။
“အဘိုးဟန်က ဦးအပေါ်ကြင်နာခဲ့ပြီး ဦးကကံကောင်းလို့ သူ့အနားမှာနှစ်အနည်းငယ်နေနိုင်ခဲ့တယ်”
ရှန်ရှီးဘာမှမပြောတာကိုတွေ့တော့ ဝမ်ချန်းလင်က အတိတ်ကိုအောက်မေ့နေတာရပ်လိုက်၏။
“စန်းရှောက်အတွက် သတိပေးတဲ့အနေနဲ့ ပစ္စည်းတချို့ချန်ခဲ့တာက အဘိုးဟန်ဆိုတာ စန်းရှောက်ခန့်မှန်းမိမယ်ထင်တယ်.. အဘိုးဟန်ရဲ့တောင်းဆိုမှုအရ စန်းရှောက် ဆယ့်ရှစ်နှစ်ပြည့်ပြီးမှသာ ဒီပစ္စည်းတွေကို စန်းရှောက်ကိုလွှဲပေးရမှာ.. အဲ့ဒီမတိုင်ခင်အထိ ဦးက ထိန်းသိမ်းထားရတာ”
ဝမ်ချန်းလင်၏စကားတွေက ရှန်ရှီးနှလုံးသားကိုဗုံးတွေပစ်နေသလိုဖြစ်နေပြီး ဤအခြေအနေတွင် ရှန်ရှီးထိတ်လန့်လာရသည်။
သူ့အဘိုးက သူ့အတွက် တစ်ခုခု ထားရစ်ခဲ့တယ်တဲ့လား။ ဘာလို့ ဒီအကြောင်းကို အရင်ဘဝတုန်းက ဘာမှ မသိခဲ့ရတာလဲ။ သူ့မွေးနေ့ရဲ့ နောက်တစ်ရက်မှာ ထောင်ကျခဲ့ရင်တောင် နောက် ၁၀ နှစ်တာ ကာလအတွင်း ဘာလို့ ဘယ်သူကမှ ဒီအကြောင်းကို တစ်ခါမှ မပြောခဲ့ကြတာလဲ။ အဲဒီအရာတွေ ဘယ်ရောက်သွားတာလဲ။
သူ့စိတ်ထဲတွင် မေးခွန်းတစ်ခုပြီးတစ်ခုဖြစ်ပေါ်လာပေမဲ့ ရှန်ရှီးစိတ်တည်ငြိမ်အောင်ထိန်းလိုက်သည်။ သူ့အရင်ဘဝတွင် ဘာဖြစ်ခဲ့သည်ကို သိရဖို့နည်းလမ်းမရှိပေ။ မည်သို့ပင်ဖြစ်စေ ဤပစ္စည်းတွေက ယခုဘဝတွင်တော့ သူ့လက်ထဲတွင်ရှိလိမ့်မည်။
ဝမ်ချန်းလင်က ရှန်ရှီးသတင်းကိုသေချာနားလည်နိုင်ရန် စောင့်ဆိုင်းနေဟန်ရ၏။ ရှန်ရှီး၏အမူအရာတည်ငြိမ်သွားသောအခါမှသာ ဝမ်ချန်းလင်က ညင်သာစွာပြောလာသည်။
“ဒီအကြောင်းကို လူနည်းနည်းပဲသိတယ်.. စန်းရှောက်အံ့ဩတာလည်း မထူးဆန်းဘူး”
ရှန်ရှီးကတိတ်ဆိတ်နေ၏။ ဝမ်ချန်းလင်က သူ့လက်ထဲမှ စာရွက်စာတမ်းများကို ရှန်ရှီးရှေ့သို့တွန်းပို့လိုက်သည်။
“ဒါက အဘိုးဟန်က စန်းရှောက်အတွက်ထားခဲ့တဲ့ပစ္စည်းတွေရဲ့ အသေးစိတ်အချက်အလက်ပါ.. ပစ္စည်းတွေကို ကျုံးကျင်းဘဏ်ရဲ့မီးခံသေတ္တာထဲမှာ သိမ်းထားတယ်.. အဲ့ဒါတွေကို စန်းရှောက်ကိုယ်တိုင်ပဲယူနိုင်တာ.. စန်းရှောက် တစ်ချက်ကြည့်လိုက်ပါဦး”
စာရွက်တွေပေါ်ကျရောက်သွားသော ရှန်ရှီး၏အကြည့်တွေက လေးနက်နေဟန်ရှိ၏။
ကျုံးကျင်းရှိ ဟန်မိသားစုက တရုတ်တွင်နာမည်ကြီးသော ကျောက်မျက်ရတနာရောင်းဝယ်သည့်မိသားစုဖြစ်သည်။ ဒီလိုမိသားစုမျိုးက မည်သူမဆို သေတ္တာအောက်ခြေတွင် ရတနာတချို့ရှိမည်ကို သိကြလိမ့်မည်။
ဟန်မိသားစုလုပ်ငန်းအခက်အခဲနှင့် ကြုံတွေ့ချိန် မိသားစုကိုပျက်ဆီးခြင်းမှကာကွယ်ရန် ဟန်ဖူလီက သူ၏ ပြိုင်ဘက်ကင်းကျောက်မျက်ရတနာများကို နိုင်ငံခြားသို့ပို့ဆောင်ခဲ့သည်ဟု ကျုံးကျင်းတွင်ကောလဟလများရှိခဲ့၏။ သို့သော်လည်း ရက်အနည်းငယ်အတွင်း သားသမီးနှစ်ယောက်လုံးသေဆုံးသည့်သတင်းကို ဟန်ဖူလီလက်ခံရရှိလိမ့်မည်ဟု မည်သူမှမခန့်မှန်းနိုင်ခဲ့ပေ။ ကြီးမားသော ဝမ်းနည်းပူဆွေးမှုများကြားတွင် လုပ်ငန်းသည် ဟန်ဖူလီအတွက် စိတ်ပူစရာမဟုတ်တော့။ ကျောက်မျက်ရတနာတွေကို ရောင်းမည့်အစား ကမ္ဘာကြီးတွင် သူချစ်ရသောတဦးတည်းသောသူ သူ့မြေး ရှန်ရှီးအတွက် ချန်ရစ်ခဲ့လေသည်။
စာရွက်တွေတစ်ရွက်ပြီးတစ်ရွက်လှန်ရင်း ရှန်ရှီး၏မျက်နှာက ပိုပိုပြီးဝမ်းနည်းဟန်ပေါ်လာ၏။ စာရွက်စာတမ်းတွေတွင် အဘိုးချန်ခဲ့သောပစ္စည်းတွေကို အသေးစိတ်ညွှန်ပြထားပြီး နောက်ဆုံးစာမျက်နှာတွင်တော့ သန့်ရှင်းသော အဖြူရောင်စာမျက်နှာပေါ်တွင် ညှပ်ထားသော အနည်းငယ်ဝါနေသောဓာတ်ပုံကို တွေ့ရသည်။ ဓာတ်ပုံကအမှတ်တမဲ့ရိုက်ထားဟန်ရှိ၏။ ဓာတ်ပုံထဲတွင် ကျယ်သောကြိမ်ကုလားထိုင်တွင် ထိုင်နေသောအဘိုးက ကလေးငယ်လေးကို သူ့လက်ထဲတွင်ပွေ့ထားရင်း ကြင်နာစွာပြုံးနေသည်။ အဘိုး၏နောက်တွင် အားနည်းသောဦးလေးက လက်ထဲမှကလေးကို သိလိုစိတ်နှင့်ကြည့်နေပြီး သူ့ဘေးတွင်မူ အမေက မျက်နှာတွင်အပြုံးနှင့် သူ့ကိုချစ်မြတ်နိုးစွာကြည့်နေသည်။
ရှန်ရှီးလက်တွေတုန်ယင်လာပြီး မျက်လုံးတွေချက်ချင်းစိုစွတ်လာတော့သည်။
သူ့မိခင်နှင့်အဘိုးကွယ်လွန်ချိန်တွင် သူကငယ်ရွယ်လွန်းသောကြောင့် သူ့လက်ထဲတွင်သိမ်းထားစရာ ဘာမှမရှိခဲ့ချေ။ ဒီမှာ မိသားစုပုံရှိနေလိမ့်မည်ဟု သူမတွေးမိခဲ့။ သူသာ သိခဲ့ရင် ဘယ်လောက်ကောင်းမလဲ။ သူသာ သိခဲ့ရင်…
ရှန်ရှီးလက်သီးတင်းတင်းဆုပ်လိုက်၏။ နှလုံးသားထဲမှခံစားချက်တွေကို တည်ငြိမ်အောင်ထားဖို့ကြိုးစားရင်း မျက်လုံးထဲမှမျက်ရည်တွေကိုဖုံးကွယ်ရန် ခေါင်းငုံ့လိုက်သည်။
လက်တစ်ဖက်က ရှန်ရှီး၏ပုခုံးကိုညင်သာစွာပုတ်ပေးနေသည်မို့ ရှန်ရှီးခံစားချက်တွေ ဖြည်းဖြည်းချင်းတည်ငြိမ်လာရသည်။ သူ့လက်ထဲက ကြေနေသောစာရွက်များကို ဂရုတစိုက်နှင့်ချရင်း ရှန်ရှီးခေါင်းမော့က ဝမ်ချန်းလင်ကို ကျေးဇူးတင်သောအကြည့်နှင့် ကြည့်လိုက်သည်။
ဝမ်ချန်းလင်က စိုးရိမ်သောမျက်လုံးတွေနှင့် ရှန်ရှီးကိုကြည့်၏။
“စန်းရှောက် ဦးတို့ ဘယ်အချိန်ဘဏ်ကိုသွားမယ်လို့ တွေးထားလဲ”
ရှန်ရှီးကခေါင်းရမ်းသည်။
“ကျွန်တော်က မကြာခင်နိုင်ငံခြားသွားတော့မှာမို့ ဒါတွေကိုဘဏ်မှာ ဆက်ပြီးသိမ်းထားလိုက်မယ်.. ကျွန်တော်က ဓာတ်ပုံပဲယူသွားရင်ရပြီ”
ဝမ်ချန်းလင်က ရှန်ရှီးနိုင်ငံခြားကိုသွားမည့်သတင်းကြောင့် အံ့ဩသွားပုံရပြီး ရှန်ရှီးကို စက္ကန့်ဝက်လောက်ကြည့်ပြီး ခေါင်းရမ်းရင်း သက်ပြင်းချ၏။
“ရှန်လူကြီးမင်းက စန်းရှောက်အပေါ် တင်းကြပ်လွန်းတယ်”
သူပြောသည်ကို ရှန်ရှီးကမဖြေတော့ ဝမ်ချန်းလင် ခဏတာတုံ့ဆိုင်းပြီးနောက် ပြောဖို့စိတ်ပိုင်းဖြတ်လိုက်သည်။
“အဘိုးဟန် မဆုံးခင်က ဟန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ ဘယ်လိုဖြစ်သွားလဲ စန်းရှောက်သိလား”
ရှန်ရှီးခေါင်းညိတ်လိုက်၏။
“အဘိုးက ဟန်မိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို ကျွန်တော့်အတွက် ရှန်မိသားစုရဲ့ အမွေဆက်ခံခွင့် သုံးပုံတစ်ပုံနဲ့ လဲခဲ့တာ”
ဝမ်ချန်းလင်ကခါးသီးစွာပြုံးသည်။
“အဘိုးဟန်ဆုံးချိန် စန်းရှောက်ကပဲ ဟန်မိသားစုရဲ့တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်ရမှာ.. ဒါပေမဲ့ အဲ့ဒီအချိန်က ဟန်မိသားစုရဲ့လုပ်ငန်းတွေအထိနာပြီး စန်းရှောက်ကလဲ မိသားစုလုပ်ငန်းကိုလွှဲယူဖို့ ငယ်လွန်းသေးတယ်.. အဘိုးဟန်အတွက် ဒီဆုံးဖြတ်ချက်ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး”
ရှန်ရှီး သူ့ကိုယ်သူရယ်လိုက်၏။
“အဘိုးက အဖေကကျွန်တော့်ကိုမကြိုက်ဘူးဆိုတာသိလို့ အနာဂတ်မှာကျွန်တော့်အတွက် ဘာမှမချန်ခဲ့မှာစိုးရိမ်လို့ ကျွန်တော့်အတွက် အစီအစဉ်တွေလုပ်ထားခဲ့တာ”
ဝမ်ချန်းလင်ကခေါင်းရမ်းသည်။
“အဘိုးဟန်က ဒီအတွက်လဲရည်ရွယ်ပေမဲ့ စန်းရှောက်အတွက် မိသားစုပိုင်ဆိုင်မှုကိုစောင့်ရှောက်ဖို့ ဘေးကင်းတဲ့လူရှာဖို့လည်းတွေးခဲ့တာ.. ဒါပေမဲ့ ရှန်လူကြီးမင်းက ဒီတောင်းဆိုမှုကိုအရင်စပြောတော့ အဘိုးဟန်က စေ့စေ့စပ်စပ်တွေးပြီး သဘောတူဖို့ရွေးချယ်ခဲ့တယ်”
ရှန်ရှီးရုတ်တရက် အံ့အားသင့်သွားရ၏။
“ဘာပြောလိုက်တယ်”
ဝမ်ချန်းလင်၏မျက်လုံးတွေတွင် သနားသောအရိပ်အယောင်ကိုမြင်တွေ့ရသည်။
“ဒီကမ်းလှမ်းချက်ကို ရှန်လူကြီးမင်းဘက်ကစပြောခဲ့တာ”
ရှန်ရှီး၏မျက်နှာအကျည်းတန်သွား၏။ တကယ်တော့ စတင်ကမ်းလှမ်းသူက သူ့ဖခင်ဖြစ်နေခဲ့သည်။ အံ့သြစရာမရှိပေ။ အရင်က ဟန်မိသားစု၏စီးပွားရေးမှာ အထိနာခဲ့သော်လည်း ဆယ်စုနှစ်များစွာဆောင်ရွက်ခဲ့သည်မို့ အလွယ်တကူလဲပြိုဖို့မဖြစ်နိုင်ခဲ့။
သူ့အဘိုးက ဟန်မိသားစုလုပ်ငန်းကို သူ့အတွက်ရှန်မိသားစုအမွေ သုံးပုံတစ်ပုံနှင့်လဲသည်မှာ စီးပွားရေးအရဆိုလျှင် ယုတ္တိမရှိပေ။
သူ့အဘိုးက သူငယ်လွန်းသောကြောင့် ဟန်မိသားစုလုပ်ငန်းကို မထိန်းသိမ်းနိုင်မှာနှင့် သူ့အဖေကဘက်လိုက်လွန်းပြီး ရှန်မိသားစုလုပ်ငန်းဝေစုကို သူ့ကိုမပေးမှာစိုးရိမ်သောကြောင့် သူက ရှန်မိသားစုအမွေဆက်ခံသူဖြစ်လာရန် ဟန်မိသားစုလုပ်ငန်းနှင့် အလဲအလှယ်လုပ်ခဲ့သည်ဟု ရှန်ရှီးအမြဲတွေးခဲ့မိသည်။ သို့သော်လည်း အရာအားလုံးက သူ့ဖခင်၏တွက်ချက်မှုတွေဖြစ်နေခဲ့ပေသည်။
ဝမ်ချန်းလင်က သက်ပြင်းချသည်။
“စန်းရှောက်ကို ဒီအကြောင်းမပြောဖို့လုပ်ထားပေမဲ့ အဘိုးဟန်က စန်းရှောက်အပေါ် အများကြီးမျှော်လင့်ထားတယ်.. စန်းရှောက် ဒီလိုပဲဆက်ပြီး ယုတ္ထိမဲ့တာတွေလုပ်နေမယ်ဆိုရင် အဘိုးဟန်အတွက် တကယ်စိတ်မကောင်းဖြစ်မိတယ်.. နိုင်ငံခြားမှာ စာသွားသင်ရင်တော့ အဘိုးဟန်ကိုထပ်ပြီးစိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်”
သူ့အဘိုးအကြောင်းပြောသောအခါ ရှန်ရှီးအုံ့မှိုင်းသောမျက်နှာနှင့် အတင်းခေါင်းညိတ်လိုက်၏။
ဝမ်ချန်းလင်၏အပြုအမူကြောင့် နှစ်ယောက်သား ကော်ဖီဆိုင်မှထွက်လာသောအချိန်တွင် အစကလို တစ်ယောက်နှင့်တစ်ယောက် သူစိမ်းတွေဖြစ်မနေတော့ဘဲ ပိုပြီးနီးကပ်သွားသည်။ ဝမ်ချန်းလင်က ရှန်ရှီးကို နိုင်ငံကနေထွက်သွားပြီးနောက် ကျန်းမာရေးဂရုစိုက်ရန်၊ တစ်ခုခုလိုအပ်ပါက သူ့ကိုဆက်သွယ်ရန် အခါခါမှာကြားခဲ့၏။
ရှန်ရှီး ရှားရှားပါးပါး စိတ်အခြေအနေကောင်းမွန်သောအချိန်မှာ ခေါင်းညိတ်လိုက်ပြီး ဝမ်ချန်းလင်ထွက်သွားတာကို ကြည့်နေလိုက်သည်။
သူလှည့်ပြီး လမ်းလျှောက်ထွက်လာခဲ့သောအချိန်တွင် မျက်လုံးထဲမှ သတိရှိမှုတွေကိုဖုံးကွယ်ရန် ရှန်ရှီးခေါင်းကိုငုံ့လိုက်၏။
ဝမ်ချန်းလင်စကားများတွင် အမှားမပါသော်လည်း သူ့ဖခင်၏အနားတွင် ဆယ်နှစ်ကြာနေပြီး ယုံကြည်မှုရထားသောသူအတွက် ရှန်ရှီးအကြမ်းဖျင်းနားလည်မိသည်က သူ၏အပြုအမူက ပြောပြလို့မရအောင်ရှုပ်ထွေးသည်။
ဝမ်ချန်းလင်က သူ့ကိုစိတ်အားတက်ကြွအောင် အားပေးပေမဲ့ သူ့ဖခင်အနားတွင် ဆယ်နှစ်ကြာနေပြီးနောက် ဖခင်ဖြစ်သူ၏ရည်ရွယ်ချက်များကို သူသိသင့်သည်။ သူ့တိုးတက်မှုဟာ သူ့အဖေ မမြင်ချင်ဆုံးသောအရာသာဖြစ်သည်။
တကယ်ပဲ အဘိုးကြောင့်လား…။
ရှန်ရှီးစိတ်ရှုပ်ထွေးသွားပြီး ဝမ်ချန်းလင် ဆိုသောနာမည်ကို သူ့စိတ်တွင် တိတ်တဆိတ် ထပ်ခါထပ်ခါ ရေရွတ်လိုက်သည်။
ဝမ်ချန်းလင်ထွက်သွားတာကို ရှန်ရှီးကြည့်နေချိန် လမ်း၏အခြားတဖက်တွင် အရပ်ရှည်သောလူတစ်ယောက်က သူ့ကိုအတန်ကြာ စဉ်းစဥ်းစားစားနှင့်ကြည့်ပြီး လှည့်ထွက်သွားသည်ကိုတော့ သူသတိမထားမိလိုက်ပါပေ။