[အသူတရာချောက်နက်]
မတ်လ၏ ညတစ်ည၌
ကျုံးကျင်းရာသီဥတုက အရိုးခိုက်အောင် အေးနေဆဲပင်။
ပါးပြင်ကို ဖြတ်ပြီးတိုက်ခတ်လာသောလေက အေးလွန်းသောကြောင့် နှာခေါင်းများပင်နီရဲလာရသည်။ သို့သော်လည်း ရှန်ရှီးကမူ အအေးဒဏ်ကို မခံစားရသည့်ဟန်ဖြင့် ထိုနေရာမှာ ရပ်ပြီး လေကို အားရပါးရ ရှူသွင်းနေ၏။
သည်လိုလေမျိုးကို သူ ဆယ်စုနှစ်ကြာအောင်ရှုရှိုက်ခဲ့ဖူးသော်ငြား
ဤအခိုက်အတန့်၌မူ မျက်လုံးကိုမှိတ်၍ ရှုရှိုက်နေသည်မှာ မသိလျှင် လေ၏ ရနံ့ကိုပါရရှိနေသည့်အလား။
ဒါဟာ လွတ်လပ်မှု၏အရသာ၊ ရှန်ရှီးဆယ်နှစ်တိုင် လွမ်းဆွတ်ခဲ့ရသောအရသာပါပင်။
ကျေနပ်အားရသွားသော ရှန်ရှီးက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။
ပြိုးပြိုးပြက်ပြက်ရှိသော နီယွန်မီးများအောက်တွင် "ရှူးထူ" ဟူသော ဆိုင်းဘုတ်က တိတ်တဆိတ်တွဲခိုနေကာ
မြို့၏ညဘက်လူစုလူဝေးကို တသုတ်ပြီးတသုတ်ဆွဲဆောင်နေသည်။
ဤနေရာက ရှန်အိမ်တော်ပြီးလျှင် ရှန်ရှီးအတွက် အရင်းနှီးဆုံးနေရာဖြစ်သည်။ အသက် ၁၅ နှစ်အရွယ်ကတည်းက ရှန်ရှီးက ဒီကိုပုံမှန်လာနေကျ ဖြစ်၏။ အေးစက်စက် ရှန်မိသားစုနှင့်ယှဉ်လျှင် ရှန်ရှီးက ရှူးထူ၏ ပျားပန်းခပ်စည်ကားနေခြင်းကို ပိုပြီးနှစ်သက်သည်။
ဤနေရာတွင် ရှန်ရှီး ရယ်မောခဲ့သလို အလေလိုက်ဖူးကာ မူးယစ်ရီဝေသောဘဝကိုလည်း ဖြတ်သန်းဖူးသည်။ နောက်ဆုံးတော့လည်း ဒီနေရာမှာပဲ ကံကြမ္မာက ရှန်ရှီးကို နောက်ပြောင်ခဲ့ပြီး သူ့မှာရှိသောအရာအားလုံးကို သူ့လက်ဖြင့် ဖျက်ဆီးခဲ့မိလေသည်။
ယခု အချိန်တွေပြန်လှည်လာပြီပင်။ ရှန်ရှီးဝင်ပေါက်၌ရပ်ရင်း ရှူးထူဆိုသော စကားလုံးကိုကြည့်ကာ နှုတ်ခမ်းထောင့်က တဖြည်းဖြည်းအပေါ်သို့ကွေးတက်လာပြီး ပို၍ပို၍ကြီးလာကာ နောက်ဆုံးမှာတော့ အော်ရယ်လိုက်တော့သည်။
ရယ်မောရင်း ရှန်ရှီးဟာ သူ၏ ၁၈နှစ်ပြည့်မွေးနေ့မှာ ထျန်းဝမ်ယောင့်လာပြီး အဖော်ပြုပေးဖို့ကို စောင့်ဆိုင်းခဲ့ပုံတွေ၊ ထို့နောက်မှာ တဖြည်းဖြည်းစိတ်ပျက်လာခဲ့ရပုံတွေ၊ သူ၏ခွေးလိုသူငယ်ချင်းတွေ၏ တိုက်တွန်းမှုကြောင့် စိတ်အာရုံမှောက်မှားစေသော ဆေးတွေသောက်ခဲ့မိကာ အခန်းလွတ်တစ်ခု၏ ကြမ်းပြင်မှာအိပ်နေရင်း ညသန်းခေါင်ကြီး ရုတ်တရက်နိုးလာခဲ့ပုံတွေကို ပြန်အမှတ်ရမိသွားရသည်။
နောက် ဆယ်နှစ်တာကာလပတ်လုံး သူ့အိပ်မက်တွေထဲမှာ ထိုနောက်ဆက်တွဲ အဖြစ်အပျက်တွေက ထပ်ခါထပ်ခါ ပေါ်လာခဲ့ဖူး၏။ သူ သစ္စာဖောက်ခံရသလို ခံစားရပြီး သိက္ခာကျသည်ဟုပါ ခံစားရကာ ဒေါသထွက်ပြီး စိတ်တိုခဲ့၏။ သူ့နှလုံးသားထဲမှာ မီးတောက်လောင်နေသည့်နှယ်ပင်။
သူအအေးဒဏ်ကို သည်းခံပြီး တိုက်ခတ်နေသော ညလေပြင်းထဲမှာ နာရီပေါင်းများစွာ စောင့်ဆိုင်းပြီးနောက် ထိုလူနှစ်ယောက်အား မဆိုင်းမတွကားဖြင့် တိုက်သတ်ခဲ့သည်။ နောက်ဆုံး၌ မျက်လုံးတွေ နီရဲနေသော သူ့အား ရဲတွေက လာခေါ်ခဲ့လေသည်။ မသွားခင် ခေါင်းကိုအမှတ်မထင်လှည့်လိုက်ချိန်၌ ရှုးထူ(မတူညီလေသောလမ်း) ဆိုသောစကားလုံးက သူ၏မျက်လုံးထံစူးရှစွာ ဝင်ရောက်လာခဲ့၏။
လက်ရှိဘဝမှာတော့ ရှန်ရှီးဒေါသမထွက်ပါပေ။ ရှူးထူကနေ တည်တည်ငြိမ်ငြိမ်ဖြင့် လမ်းလျှောက်ထွက်လာခဲ့လိုက်သည်။ ရှူးထူ၏ ဝင်ပေါက်တွင်ရပ်ရင်း လွတ်လပ်သော အနံ့အသက်ကိုခံစားကာ ရှန်ရှီးအားရပါးရရယ်ပြီးနောက် နေရာကိုလုံးဝကျောခိုင်း လာခဲ့လိုက်တော့သည်။
ကားမောင်းမည့်အစား ရှန်ရှီးက ညနက်သန်းခေါင်ယံမှာ ကျုံးကျင်းမြို့၏ လမ်းမတွေအတိုင်း ဦးတည်ရာမဲ့ လျှောက်သွားနေမိသည်။
ယခင်ဘဝကလို ဒေါသအတက်အကျတွေ မရှိတော့သည့် ရှန်ရှီးဟာ အခုတော့ တည်ငြိမ်သွားပြီဖြစ်ကာ သည်ဘဝမှာ သူလျှောက်လှမ်းဖို့ ရည်ရွယ်ထားသော လမ်းကြောင်းအကြောင်းကို တိတ်တဆိတ် စဉ်းစားနေလိုက်သည်။
ယခင်ဘဝ၌ ရှန်ရှီးဟာ အသက် ၁၈ နှစ်အထိ မောက်မာမော်ကြွားနေခဲ့ကာ နောက် ၁၀ နှစ်တာကာလပတ်လုံးမှာတော့ ထုံထိုင်းနေခဲ့သည်။ သူ ဘယ်တုန်းကမှ သူ့ကိုယ်ပိုင်လမ်းကြောင်းအကြောင်းကို ရှင်းရှင်းလင်းလင်း မစဉ်းစားခဲ့ဖူးချေ။
မဟုတ်သေး။ ရှန်ရှီးတကယ်တော့ တွေးတော့ကြည့်ခဲ့ဖူးသည်။
ယင်းက သူ အကျဉ်းထောင်ထဲကို အရောက်ပို့ခံရသည့် အချိန်တုန်းကပင်။ ထျန်းမိသားစုကြောင့် ရှန်ရှီးဟာ ထောင်ထဲမှာ အတော်လေး ခက်ခဲသည့်အချိန်တွေကို ဖြတ်သန်းခဲ့ရသည်။ သူဟာ ဘက်ပေါင်းစုံက အကွက်ချောင်းမှုတွေကို သတိထားပြီး ရှောင်ရှားရသလို တစ်နေကုန်လုံး မလိုမုန်းထားသည့် မျက်လုံးအမျိုးမျိုးနှင့်လည်း ရင်ဆိုင်ခဲ့ရ၏။ ထျန်းမိသားစုက ရှန်ရှီးကို တန်းသတ်ဖို့ ရည်ရွယ်မထားဘဲ ကြွက်နှင့်ဆော့နေသည့် ကြောင်တစ်ကောင်အလား ရှန်ရှီးကို တဖြည်းဖြည်းချင်း ညှဉ်းပန်းဖို့ ကြိုးစားခဲ့သည်။
အစပိုင်းမှာ ရှန်ရှီး မကြာခဏ ဒဏ်ရာရခဲ့သည်။ ညနက်ပြီး လူတိုင်းအိပ်ပျော်သွားသည့် အချိန်တိုင်းမှာ ရှန်ရှီးဟာ အိပ်မရအောင် နာကျင်ခဲ့ရ၏။ ဆရာဝန်လည်းမရှိ ဆေးဝါးလည်းမရှိသော ရှန်ရှီးဟာ အံကြိတ်ပြီး ခံနိုင်ရည်ရှိအောင်သာ ကြိုးစားခဲ့ရသည်။ နာကျင်မှုတွေကြားမှာလည်း သူဟာ ထပ်ခါထပ်ခါ တွေးခဲ့မိ၏။
တကယ်လို့ သူသာ ထျန်းဝမ်ယောင်နှင့် ရှန်ရုံကို ကားဖြင့် တိုက်မသတ်ခဲ့လျှင် သူ့ဘဝက ဘယ်လိုတွေဖြစ်လောက်မလဲ ဟု။
သူ့အတွက် ကောင်းမွန်သောဘဝမျိုးစုံကို စိတ်ကူးယဉ်ပုံဖော်ခဲ့သော်လည်း တကယ့်ဖြစ်ရပ်မှန်ကို စိတ်ပြန်ရောက်သောအခါ ကြီးမားသည့် ကွာခြားမှုက ရှန်ရှီးကို ပိုပြီး ဝမ်းနည်းစေခဲ့ရသည်။
သူဟာ ထောင်ထဲမှာ ရက်တွေ လတွေကြာအောင် ကုန်ဆုံးလာသည်နှင့်အမျှ လွတ်လပ်ခွင့်က ပိုပြီး မျှော်လင့်ချက်မဲ့လာခဲ့သလို သူ့ဖခင်က လွတ်လပ်ခွင့်အတွက် နောက်ဆုံးကျန်နေသည့် မီးတောက်လေးကိုပါ ငြိမ်းသတ်လိုက်ချိန်မှာတော့ ရှန်ရှီး နောက်ဆုံးမှာ လုံးဝ လက်လျှော့လိုက်ကာ တစ်နေ့ချင်း ဘယ်လိုရှင်သန်ရမလဲဆိုတာကိုပဲ စဉ်းစားတော့သည်။
အားသည့် အချိန်တွေမှာ ထျန်းဝမ်ယောင့်နှင့် ရှန်ရုန်ကိုသာ ကားဖြင့်မတိုက်မိပါက သူ့ဘဝဘယ်လိုဖြစ်မလဲဆိုတာ သူထပ်ပြီးမတွေးတော့ချေ။
ယခုမူ လူသွားလူလာများသော ကုန်းကျော်တံတားပေါ်တွင်ရပ်နေရင်း ညအချိန်လင်းလက်နေသော ကျုံးကျင်း၏မီးရောင်တွေနှင့် ရှန်ရှီး ရုတ်တရက်တုန်လှုပ်သောအခိုက်အတန့်ကိုကြုံလာရသည်။ ၁၀ နှစ်ကြာ ထောင်ထဲတွင် ပုံမှန်မဟုတ်သောဘဝကိုနေထိုင်ခဲ့ပြီးနောက် ဤကမ္ဘာကြီးတွင် သူလိုက်လျောညီထွေဖြစ်အောင် နေနိုင်ပါဦးမည်လော။
သူ၏မှတ်ဉာဏ်ထဲတွင် ဆယ့်ရှစ်နှစ်အရွယ် ရှန်ရှီးဟာ သုန်မှုန်ကာ မူးရူးရမ်းကားပြီး နေ့တိုင်း ဆိုးသွမ်းသည့်အပေါင်းအသင်းတွေနှင့်သာ အချိန်ဖြုန်းသောကောင်လေးဖြစ်၏။
ဆယ်နှစ်ကြာပြီးနောက် ရှန်ရှီးဟာ သုန်မှုန်နေဆဲဖြစ်သော်လည်း သူ၏စိတ်ထားကမူ အများကြီးသည်းခံတတ်လာသည်။ ခန္ဓာကိုယ်က မာကြောသောထောင့်စွန်းများဟာ အချိန်ကာလတိုက်စားမှုကြောင့် တဖြည်းဖြည်းချောမွတ်လာပြီး မှတိမိနိုင်စရာပင်မရှိတော့။ သည်လိုမျိုးလုံးဝကွဲပြားခြားနားသွားသော ရှန်ရှီးဟာ တစ်ယောက်တည်းသော ရှန်ရှီးဖြစ်နိုင်ပါဦးမလားလေ။
ပြန်ပြီးမွေးဖွားလာရသောပျော်ရွှင်မှုနှင့် လွတ်မြောက်လာသော စိတ်လှုပ်ရှားမှုတို့မရှိဘဲ ရှန်ရှီးဟာ ကုန်းကျော်တံတားပေါ်တွင်ရပ်နေရင်း ညလေက သူ့ကိုယ်ကို တဟူးဟူး တိုက်ခတ်နေသည်။ အရိုးခိုက်အောင်အေးနေချိန်တွင် ရှန်းရှီး သူ့ကိုယ်သူမေးခွန်းထုတ်လိုက်မိသည်။ သူ ဘယ်လိုရှေ့ဆက်သွားသင့်လဲဟု။
ဆယ့်ရှစ်နှစ်အရွယ် ရှန်ရှီးဟာ လမ်းပျောက်နေသည့် သားရဲတစ်ကောင်လိုပင်။ သူ့နှလုံးသားထဲမှာ အမုန်းတွေ ပြည့်နေပေမဲ့ ဘယ်လို ပေါက်ကွဲရမည်ဆိုတာ မသိဘဲ အရက်သောက်ခြင်း၊ ကားမောင်းပြိုင်ခြင်းနှင့် မိသားစုနှင့်အတိုက်အခံဖြစ်တာတွေသာ လုပ်တတ်သည်။
နှစ်ဆယ့်ရှစ်နှစ်အရွယ် ရှန်ရှီးသည်လည်း ဆယ့်ရှစ်နှစ်အရွယ်ရှန်ရှီးနှင့် သိပ်မခြားနားပေ။ သူ့နှလုံးသားမှာလည်းအမုန်းတွေပြည့်နေသည်သာပင်။ သို့ပေသိ တွေ့ကြုံခဲ့ရသော နာကျင်စရာတွေက သည်တစ်ခါတော့ မတူညီသည့်နည်းလမ်းဖြင့် ပေါက်ကွဲရမည်ဆိုတာ သူ့ကိုနားလည်စေသည်။
ရှန်ရှီးက ရှန်မိသားစုအိမ်တည်ရှိရာအရပ်ကို အေးစက်စွာကြည့်လိုက်သည်။ သည်ညလည်း ယခင်ညတွေနှင့် မထူးခြားနားသာဖြစ်လိမ့်မည်။ သူ့အဖေက ရှန်ကျိအား စာကြည့်ခန်းထဲမှာ ကုမ္ပဏီ၏ အကြောင်းအရာတွေကို လေ့လာဖို့ ခေါ်သွားလိမ့်မည်ဖြစ်ကာ တစ်ချိန်တည်းမှာပင် သူတို့က ရှန်ချိန် ညဉ့်နက်မှ အိမ်ပြန်လာတာကို စောင့်နေကြလိမ့်မည်။ သားအဖသုံးယောက်ဆုံပြီး သူတို့၏ ကြီးမြတ်သောမိသားစုဇာတ်လမ်း ခင်းချိန်တိုင်း သူဟာ သူတို့ဆီကနေ မေ့လျော့ခံရသူသာ ဖြစ်ခဲ့၏။ သူတို့ထဲကတစ်ယောက်မှ ယနေ့ညဟာ သူတို့သား၊ သူတို့ညီလေး၏ ဆယ့်ရှစ်နှစ်ပြည့်သောမွေးနေ့ဆိုတာ သတိရမည်မဟုတ်ပေ။
ဖန်းလော့ဝေ တစ်ခါကပြောဖူးသော စကားကို ရှန်ရှီး မှတ်မိပါသေးသည်။
“အသူတရာချောက်နက်ကြီးကိုအကြာကြီးစိုက်ကြည့်ရင် အသူတရာချောက်နက်ကြီးကလည်း မင်းကိုပြန်ပြီးစိုက်ကြည့်လိမ့်မယ်” ဟူသောစကား။
ထိုအချိန်တုန်းက ဖန်းလော့ဝေဟာ ဤစကားလုံးတွေကိုသုံးပြီး သူ့ နှလုံးသားထဲကအမုန်းတွေကိုစွန့်လွှတ်ရန် ဖျောင်းဖျခဲ့တာ ဖြစ်သည်။ ရှန်ရှီး စဥ်းစားလိုက်သည်။ သူ ဖန်းလော့ဝေကို ဘယ်လိုဖြေခဲ့ပါလိမ့်။
သူဟာ ချောက်နက်ကြီးကို နေ့တိုင်းစိုက်ကြည့်နေဖို့ မလို။ အကြောင်းမူ သူကသာ ချောက်နက်ကြီးထဲတွင် နေထိုင်သူ ဖြစ်သည်မို့။
သူက ဖန်းလော့ဝေမဟုတ်။ သူ့ကိုနာကျင်စေခဲ့သောသူများအား ရယ်ပြရလောက်အောင် မကြီးမြတ်ချေ။ သူက စိတ်ထားသေးသိမ်သည်၊ လက်စားချေတတ်သည်၊ သူ့ကိုနာကျင်စေသူများအား မှတ်ထားကာ အခွင့်အလမ်းကောင်းကိုရှာပြီး လက်တုံ့ပြန်သူဖြစ်၏။ ထို့ကြောင့်ထောင်ထဲက ကျန်သောနှစ်များမှာ သူ့အား ဘယ်သူကမှ မထိရဲကြ။ အကြောင်းမူ သူ့ကို အသေမသတ်နိုင်ပါက သူဟာ ရေဆုံးမြေဆုံး ပြန်လက်စားချေတတ်မှန်း သိကြသောကြောင့်ပင်။
ဖန်းလော့ဝေအကြောင်းကိုတွေးမိချိန်၌
ထိုသူ အခု ဘယ်လိုနေနေလဲဆိုတာ တွေးမိသွားရသည်။ ကံမကောင်းစွာဖြင့် သူဟာ ဖန်းလော့ဝေတစ်ယောက် နောက်ငါးနှစ်အကြာမှ ကျုံးကျင်းကို ရောက်လာမည်ဆိုတာသာ သိခဲ့ပြီး လွန်ခဲ့သော ငါးနှစ်က ဖန်းလော့ဝေ ဘယ်မှာရှိလဲဆိုတာကိုတော့ မသိခဲ့ချေ။
ယခင်ဘဝက သူတို့တွေက ထောင်ထဲမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်သည်။ ဖန်းလော့ဝေဟာ သူ့ထက် ငါးနှစ်နောက်ကျပြီးမှ ထောင်ကျခဲ့တာဖြစ်ပြီး မမျှော်လင့်ဘဲ သူတို့တွေ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြ၏။
ဖန်းလော့ဝေက သူနှင့်မတူ။ ထိုသူကရွှင်လန်းပြီး ဖြောင့်မတ်ကာ အခြေခံစည်းကို ကိုင်စွဲထားတတ်သည်။အကယ်၍ ဖန်းလော့ဝေသာ အခုသူ့အနားတွင်ရှိခဲ့ပါက ဒါဟာ အသစ်ပြန်စရန်ရှားပါးသည့် အခွင့်အရေးမို့ အတိတ်ကိုစွန့်လွှတ်ပြီး ကောင်းကောင်းနေဟု သေချာပေါက်ပြောလိမ့်မည်ပင်။
တစ်ယောက်တည်း စဥ်းစားမိရင်းမှ သူ အသံထွက်ရယ်လိုက်မိသည်။
သူလည်း ဖန်းလော့ဝေပြောသလို အတိတ်ကိုစွန့်လွှတ်ချင်ပေမဲ့ ဘယ်မှာ အလွယ်တကူမေ့ပစ်နိုင်ပါအံ့။
ထောင်ထဲမှာ ဆယ်နှစ်ကြာနေခဲ့ရသည်ကိုမပြောနှင့်ဦး။ အသက်ဆယ့်ရှစ်နှစ်အရွယ်မှာတင် သုန်မှုန်၍ ဒေါသကြီးတတ်သော စိတ်ထားက ဘာကြောင့်ဖြစ်ပေါ်လာရလဲဆိုတာ သူ ဘယ်လိုမေ့နိုင်မည်တဲ့လဲလေ။
သူမှတ်မိသလောက်ဆိုရင် သူ့ဖခင်က သူ့အပေါ် အမြဲတမ်း အေးစက်ကာ၊ ပေါ်တင်ရွံရှာသောမျက်လုံးတွေနှင့်ကြည့်သည်။ သူဟာ ဖခင်ကမလိုချင်သောကလေးပင် ဖြစ်၏။ သူ့မိခင်က သူ့ကိုချစ်ခဲ့သော်လည်း သူ့အဖေ၏ စိတ်ဝမ်းကွဲမှုတွေကြောင့် ခံစားချက်များနှင့်နစ်မွန်းကာ သူ့ကိုမကြာခဏလစ်လျူရှုလေ့ရှိသည်။
သူအသက်ခြောက်နှစ်အရွယ်မှာတော့ မိခင်ဖြစ်သူဟာ တတိယထပ် ပြတင်းပေါက်ကနေ ပြတ်ပြတ်သားသား ခုန်ချသွားခဲ့ပြီး သူ့ကို ဝိုးတဝါး နောက်ကျောပုံရိပ်တစ်ခုသာ ချန်ထားရစ်ခဲ့သည်။
သူ့ကို အားလုံးထက် ချစ်သော တစ်ဦးတည်းသော အဘိုးဟာလည်း သူအသက်ခြောက်နှစ်အရွယ်တွင် မိခင်နောက်ကိုလိုက်သွားကာ သူ့ကိုထားခဲ့သည်။ အစ်ကိုအကြီးဆုံး ရှန်ကျိဟာ သူ့အပေါ် အလွန်အေးစက်ပြီး အမြဲတမ်း သူစိမ်းတစ်ယောက်လို ဆက်ဆံခဲ့ကာ ဒုတိယအစ်ကို ရှန်ချိန်၏ ငယ်ငယ်ကတည်းက အနိုင်ကျင့်မှုကတော့ ပြောစရာမလိုတော့ချေ။
မိသားစုကချစ်တာမခံရသည့်အပြင် သူငယ်ချင်းမရှိလေသော ကောင်လေးတစ်ယောက်အတွက် သုန်မှုန်ပြီး ဒေါသကြီးသည့်လူ မဖြစ်ဘဲ ဘယ်မှာရှိပါဦးမည်နည်း။
ပြောရလျှင် ရှန်ရှီး သူ့ကိုယ်သူ တကယ်သနားစရာကောင်းသလို ခံစားရသည်။ ရှည်ကြာသော ၁၈ နှစ်တာကာလအတွင်း သူ့မိခင်နှင့် အဘိုးမှလွဲ၍ သူ့ကိုနွေးထွေးမှုအနည်းငယ်ပေးခဲ့သူမှာ ထျန်းဝမ်ယောင့်တစ်ဦးသာရှိ၏။ ကံမကောင်းသည်က သူ့နှလုံးသားထဲတွင် တန်ဖိုးထားခဲ့ရသောနွေးထွေးမှုက တဖက်လူအတွက် အလောင်းအစားထက်မပိုခဲ့ချေ။
ဆိုးဝါးသောခံစားချက်တွေက စိတ်ထဲမှာ တလိမ့်လိမ့်တက်လာချိန်၌ ရှန်ရှီးမျက်လုံးတွေကိုမှိတ်ချလိုက်သည်။
ငါက အသူတရာချောက်ထဲရောက်နေပြီးသား ဆိုမှတော့မင်းတို့အားလုံးလာပြီး ငါ့ကိုအဖော်ပြုပေးကြပေါ့။