Chapter 1
Viewers 27

ပြန်လည်မွေးဖွားခြင်း



“မင်း ပြဿနာရှာလို့မဝသေးဘူးလား ! ” 



စိတ်မရှည်သည့် အမျိုးသားတစ်ဦးအသံက ထွက်ပေါ်လာသည်။ 



“မင်းပြောတာ သူ့ကိုမကြိုက်ဘူးဆို” 



နောက်ထပ်ငယ်ရွယ်သည့်အသံက အော်ဟစ်လာ၏။



“ငါဘယ်တုန်းက သူ့ကိုကြိုက်တယ်လို့ပြောလို့လဲ” 



“ဒါဆို ဒီမှာဘာလုပ်နေတာလဲ.. မင်း သူ့ကိုရှာနေတာမဟုတ်ဘူးလား” 



ပထမအသံက တဖြည်းဖြည်း စိတ်မရှည်ဖြစ်လာသည်။ 



“ငါသူ့ကိုမကြိုက်ဘူးလို့ ဘယ်နှစ်ခါပြောရမလဲ.. အစကတည်းက သူ့ကိုချဉ်းကပ်တာက မင်းရဲ့အာ့ကော(အစ်ကိုနှစ်)ဆီမှာ လောင်းတာရှုံးလို့လေ.. ဒီည ‌ဒီကို သူငယ်ချင်းနဲ့တွေ့ဖို့လာတာ.. ရှန်ရှီး ဒီမှာရှိနေမှန်းငါမသိခဲ့ဘူး” 



ရင်းနှီးနေသည့် စကားပြောသံတွေက သူ့နားထဲမှာ နောက်တစ်ကြိမ် ပဲ့တင်ထပ်လာသည်။ ရှန်ရှီးငိုင်နေရာကနေ နားထောင်ရင်း အကျင့်ပါပြီး လက်ကိုဝှေ့ရမ်းလိုက်ချင်သော်လည်း သူ့လက်မောင်းတွေက အားနည်းနေ၏။ ဆေးသုံးပြီးသည့်နောက်မှာ သူ့ခန္ဓာကိုယ်က လစ်ဟာနေသလိုခံစားချက်များနှင့် ပြည့်နေခဲ့သည်ပင်။ 



မျက်လုံးတွေကိုဖွင့်ဖို့ကြိုးစားခဲ့ပါသော်ငြား တစုံတခုဖြင့်အုပ်ထားသလို ဖွင့်လို့မရနိုင်ခဲ့။ ထဖို့ရုန်းကန်လိုက်ပေမဲ့လည်း ခန္ဓာကိုယ်တစ်ခုလုံးသည် ဦးနှောက်၏ ထိန်းချုပ်မှုအောက်တွင် လုံးဝမရှိတော့ဘဲ တုံ့ပြန်မှုလည်း မရှိပေ။  အကြာကြီးရုန်းကန်ပြီးနောက် သူ့စိတ်ထဲတွင် အတွေးတခုပေါ်လာရသည်။ 



“ငါ ဘယ်ရောက်နေတာလဲ” 

 


အနှီ“ငါ ဘယ်ရောက်နေတာလဲ” ဟူသောမေးခွန်းက သူ့စိတ်ထဲရှိ နောက်ကျိနေမှုများကို ခွဲထုတ်လိုက်သည့် လျှပ်စီးအလား လင်းလက်သွားပြီး ချက်ချင်းပင် အသိစိတ်ပြန်ဝင်သွားရသည်။  



သူ့မျက်လုံးတွေက ဆတ်ခနဲ ပွင့်သွားကာ ခေါင်းပေါ်ရှိ ခမ်းနားထည်ဝါသော မီးဆိုင်းကြီးကို မြင်လိုက်ရသည်။ တောက်ပသော အလင်းရောင်က သူ့မျက်လုံးထဲသို့ တည့်တည့် ထိုးဝင်လာ၏။ 



ရှန်ရှီး အလင်းရောင်ကို လက်ဖြင့် အလိုလိုကာဖို့ ကြိုးစားခဲ့သော်လည်း အားပျော့လွန်းသည့် ခန္ဓာကိုယ်ကတားဆီးနေသည့်အတွက် မလုပ်နိုင်ခဲ့ချေ။ မျက်လုံးတွေကို ထပ်မှိတ်လိုက်သောအခါတွင်မူ အရာအားလုံးက အရင်အမှောင်ထုဆီသို့ ပြန်လည်ရောက်ရှိသွားလေသည်။  



ဒီတခါတော့ သူ၏အာရုံတွေက ထူးခြားစွာနှင့်ကြည်လင်နေပြီး လစ်ဟာမှုနှင့် အားအင်မဲ့မှု၏ ခံစားချက်တွေက ဒီရေလှိုင်းအလား ခန္ဓာကိုယ်တခုလုံးကိုလွှမ်းသွားသည်။ ရှန်ရှီး အစမ်းလှုပ်ရှားရန်ကြိုးစားခဲ့ပေမဲ့ လူတစ်ယောက်၏ အသက်ရှုသံပြင်းပြင်းနှင့်အတူ ခပ်အီအီညည်းသံကို ကြားလိုက်ရချိန်၌ သူရပ်လိုက်၏။ 



ရှန်ရှီးနှုတ်ခမ်းထောင့်များက ‌ဖြည်းဖြည်းချင်းအပေါ်သို့ကွေးတက်လာကာ လှောင်ပြုံးတခုဖြစ်ပေါ်လာသည်။ သူ့ကိုဆယ်နှစ်ကျော် ခြောက်လှန့်ခဲ့သောအိမ်မက် ဒီအိမ်မက်ထပ်မက်ပြန်လေပြီ။ မိမိကိုယ်မိမိ ရှုံ့ချပြီး ရှန်ရှီး ရုန်းကန်မှုကို လက်လျော့လိုက်ကာ  စူးရှသော အလင်းရောင်နှင့် ကျင့်သားရအောင်လုပ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ အိမ်မက်ဆိုတော့ သူလှုပ်နိုင်ခြင်း မလှုပ်နိုင်ခြင်းသည် ကွာခြားမှုရှိမည်မဟုတ်ပေ။  

 


“ဟာ့….အင်း…!”



ရှန်ရှီး သူ့ခေါင်းအပေါ်က  မီးဆိုင်းကြီးကို ငြီးငွေ့စွာ စိုက်ကြည့်နေမိသည်။ အမြဲတမ်း သူ၏အိမ်မက်တွေက သူမျက်လုံးဖွင့်သောအချိန်နှင့် အစပြုသည်။ သဘာဝအတိုင်း အကြိမ်တိုင်းတွင် သူပထမဆုံးမြင်ရသည်က ခမ်းနားကြီးကျယ်သောမီးဆိုင်းသာ။ 



ပြီးတော့ရော…. ။



ရှန်ရှီးခေါင်းစောင်းလိုက်သည်။ 



နောက်တခုက ဘာများဖြစ်မလဲ။



“ဟာ့! ဝမ်ယောင့်ကော အားနည်းနည်းပိုသုံးပေးပါဦး”



စက်ဆုပ်ဖွယ်ရာ ယောက်ျားသံခပ်အီအီက တောင်းဆိုလာသည်။



ရှန်ရှီး၏မျက်နှာတွင် ရှုံ့ချသည့်အကြည့် ပေါ်လာသည်။ သိပ်ကို ပျင်းစရာကောင်းလွန်းသည်။ 



သူဟာ ၁၀ နှစ်တိုင် အလားတူအိမ်မက်ကိုပဲ ဆက်တိုက်မက်နေခဲ့သည်မို့ အိမ်မက်ထဲမှ အရာအားလုံးက သူ့စိတ်ထဲတွင် နက်ရှိုင်းစွာစွဲထင်နေပြီး နောက်ဆက်တွဲဘာဖြစ်လာမည်ဆိုတာအား ကောင်းကောင်းကြီး သိနေသည်။ နောက်တကြိမ် ထျန်းဝမ်ယောင့် စကားပြောရမည့်အလှည့်ရောက်လာတော့မည်ပင်။ 



သေချာတာပေါ့။ ပထမဆုံးအမျိုးသားအသံက ပြောလာသည်။ 



“ရှောင်ရုံ မင်းက အိပ်ရာထဲမှာဆို အမြဲကြမ်းတယ်ကွာ” 



“ဝမ်ယောင့်ကော.. ဟာ့..”  



သံရှည်ဆွဲထားသော ညည်းသံများက အမျိုးသား၏ အသက်ရှုသံပြင်းပြင်းနှင့်အတူ

ရောယှက်နေပြီး ပြင်းထန်သော အသားချင်းရိုက်သံတို့ ပြီးဆုံးသွားသည့်နောက်မှာတော့ အခန်းက စတင်ပြီး တိတ်ဆိတ်လာသည်။ 



ရှန်ရှီး၏မျက်နှာပေါ်က လှောင်ပြောင်သည့် အပြုံးက ပျောက်ကွယ်သွားပြီး မှိုင်းညို့သော အရိပ်အယောင်တစ်ခုက အစားထိုးဝင်ရောက်လာသည်။ 



သူနောက်ပြန်ပင်ရွတ်ဆိုနိုင်သည့် နောက်ထပ်အပြန်အလှန်‌ပြောမည့်စကားတွေက ငယ်ရွယ်သောရှန်ရှီးကို ဒေါသထွက်စေကာ သူ၏ကံကြမ္မာကိုပြောင်းလဲ‌မည့်စကားများပင် ဖြစ်၏။ 



“ဝမ်ယောင့်ကော.. အစ်ကိုကြီးက ကျွန်တော့်ကို ဘယ်အချိန် တွေ့ချင်တယ်ပြောသွားလဲ”  



“မင်းကဘာလို့ ရှန်ကျိကိုတွေ့ချင်တာလဲ” 



အမျိုးသားက ပေါ့ပေါ့ပါးပါး မေးလာ​သည်။ 



“အစ်ကိုကြီးသာလက်ခံရင် အဖေက ကျွန်တော့်ကို 

 ရှန်မိသားစုဆီ ပြန်ခေါ်သွားလိမ့်မယ်” 



“သူက မင်းကိုလက်ခံရင်တောင် အရမ်းနောက်ကျနေပြီ.. ရှန်အဘိုးကြီး မသေခင်က သေတမ်းစာလုပ်သွားတယ်.. မိသားစုပိုင်ဆိုင်မှုတွေကို သုံးပုံခွဲပြီး သူမြေးသုံးယောက် တစ်ယောက်စီအတွက်ထားခဲ့တာ.. မင်းကိုလက်ခံရင်တောင် ဘာမှရမှာမဟုတ်ဘူး” 



“အဖေက ရှန်ရှီးကိုသဘောမကျဘူးလေ”



“မင်းက ရှန်ရှီးရဲ့ဝေစုကိုလိုချင်တာလား” 



အမျိုးသား၏စကားတွင် သဘောကျသည့် အရိပ်အမြွက်ပါရှိနေ၏။ 



“အစ်ကိုကြီးတို့ အစ်ကိုနှစ်တို့နဲ့ မတိုက်ခိုက်ပေမဲ့ ရှန်ရှီးနဲ့ကျွန်တော် နှစ်ယောက်စလုံးက အဘိုးရဲ့မြေးတွေပဲလေ” 



နှလုံးသားအတွင်းမှ ဒေါသမီးလျှံ ပြန်ပြီးတောက်လောင်လာသောကြောင့် ရှန်ရှီးမျက်လုံးတွေကိုမှိတ်လိုက်သည်။ သူသည် ရှန်မိသားစု၏ စစ်မှန်သောတတိယသခင်လေး ဖြစ်ခဲ့ပေမဲ့ ဖခင်က သဘောမကျသောကြောင့် အေး‌တိအေးစက်ဆက်ဆံခံရပြီး ဝိုင်းပယ်ခံရသည်။ 



သူပိုင်ဆိုင်သောအရာတွေကိုပင် သူ့ဖခင်၏ တရားမဝင်သားဖြစ်သူ ရှန်ရုံဆီကနေ လိုချင်တပ်မက်ခြင်းကိုခံနေရ၏။ 



သူ၏ငယ်စဉ်ဘဝအတွေ့အကြုံကို ပြန်သတိရသောအခါ ရှန်ရှီးလက်သီးကို တင်းတင်းဆုပ်လိုက်သည်။ လက်ရှိမှာ အိမ်မက်အတွင်းရောက်နေတာကိုသာ ရှင်းလင်းစွာမသိခဲ့ပါက အပြင်ကိုထွက်ပြီး ထိုသူနှစ်ယောက်ကိုရိုက်ဖို့ သည်းခံနိုင်မည်မဟုတ်ချေ။ 



သူ၏ လက်ရှိ စိတ်အခြေအနေအရ သူပင် ဒေါသထွက်နေသေးသည်ဆိုလျှင် သူ့ငယ်ဘဝကဆိုပါက ပြောဖွယ်ရာပင် မရှိတော့။ ဤစကားတွေကြောင့် နောက်တနေ့မနက်တွင် သူဒေါသတကြီးနှင့် ကားကိုမဆင်မခြင်မောင်းနှင်ကာ ထျန်းဝမ်ယောင့်နှင့် ရှန်ရုံတို့ကို ဝင်တိုက်ခဲ့တာ ဖြစ်သည်။ ရလဒ်အရ ရှန်ရုံဟာ အပွန်းအပဲ့သာရပြီး အန္တရာယ်မရှိ‌ခဲ့သော်လည်း ထျန်းဝမ်ယောင့်၏ခြေထောက်တွေမှာ ကျိုးကြေသွားကာ သူဘယ်သောအခါမှ လမ်းလျှောက်နိုင်တော့မည် မဟုတ်ပေ။  



ဤအဖြစ်အပျက်က ကျုံးကျင်း၌ ပွက်လောရိုက်သွားစေပြီး သူလည်းနေရာမှာ အဖမ်းခံခဲ့ရကာ တုံ့ပြန်ချိန်မရသေးခင်မှာပင် လူသတ်ရန်ကြံစည်မှုဖြင့် တစ်သက်တစ်ကျွန်းထောင်ဒဏ် ချခံခဲ့ရလေသည်။



သတိဝင်လာချိန်မှာ တစ်သက်လုံး ထောင်ထဲမှာ နေရတော့မည်ဟူသော အချက်ကို သူ လက်မခံနိုင်ခဲ့။ သူဟာ သူ့မာနကို ခဝါချပြီး ဖခင်အား ကူညီပေးဖို့တောင်းပန်ခဲ့၏။ 



အခင်းဖြစ်ပွားသည့်အချိန်တွင် သူသည် အာရုံဝေဝါးစေနိုင်သော ဆေးဝါးများစွာကို သောက်သုံးခဲ့ပြီး သူ၏အပြုအမူကို ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ပေ။ ဖခင်ဖြစ်သူက အသနားခံစာတင်ရာတွင် ဤအချက်ကိုအသုံးပြုရန် သူမျှော်လင့်ခဲ့မိသည်။ သို့သော် သူဘယ်လောက်ပဲတောင်းပန်ခဲ့ပါစေ သူ့ဖခင်ဆီမှ အေးစက်သောအကြည့်ကိုသာရရှိခဲ့လေ၏။  



အဆုံးသတ်မှာတော့ ဖခင်ကို နောက်ထပ်မမြင်နိုင်တော့ပဲ ရှေ့နေဆီက စကားတစ်ခွန်းသာ ရောက်လာခဲ့လေသည်။



“ရှန်‌လူကြီးမင်းက မင်းဘာသာ ဂရုစိုက်ဖို့ မျှော်လင့်ပါတယ်တဲ့” 



“ဂရုစိုက်ပါတဲ့လား” 



ရှန်ရှီး၏မျက်နှာတွင် လှောင်ပြောင်သည့်အပြုံးက ထပ်ပေါ်လာသည်။ 



ဒါပေါ့ သူ့ကိုယ်သူ ဂရုစိုက်ရလိမ့်မည်။ ထျန်းဝမ်ယောင့်ဟာ ထျန်းမိသားစု၏ တစ်ဦးတည်းသော အမွေခံသားဖြစ်သည်။ ရှန်ရှီး၏ကားနှင့်အတိုက်ခံရပြီး သက်တမ်းတလျှောက်လုံး လမ်းလျှောက်နိုင်တော့မည်မဟုတ်ချေ။ သူ့အဖေအချစ်ရဆုံး မယားငယ်၏သားကို နာကျင်အောင် လုပ်ခဲ့တာကို ထည့်မတွက်လျှင်တောင် ထျန်းမိသားစုက သူ့ကို အရိုးထဲထိ မုန်းတီးနေမှာ သေချာသည်။



ထောင်ထဲမှာ ပထမဆုံးသုံးနှစ်တာကို ဘယ်လိုရှင်သန်အောင် နေခဲ့ရမှန်း ရှန်ရှီး ပြန်မတွေးချင်တော့။ 



ရှန်မိသားစု၏အကာအကွယ်မရှိသလို ထျန်းမိသားစု၏သူ့အ‌ပေါ်အမုန်းကြောင့် ထောင်ထဲတွင် အသက်ကိုရင်းပြီး နေရာတစ်နေရာရအောင်သာ လုပ်မထားခဲ့ပါလျှင်

သူ နောက်နှစ်အနည်းငယ်ကြာသည်အထိ အသက်ရှင်နိုင်မည်မဟုတ်ချေ။



 သူက သေရမှာကို မကြောက်သော်လည်း အခြားသူများက ကြောက်ရွံ့ကြသည်။ ထျန်းမိသားစုက ငွေကြေးပိုပြီးပေးလျှင်လည်း သူ့ကို သတ်ပေးမည့်လူအတွက် ထိုငွေတွေသုံးဖို့ရာ အသက်ရှင်နေဦးမှပင်။



ရှန်ရှီး၏နှုတ်ခမ်းထောင့်က အေးစက်စွာအပေါ်တွန့်သွားရင်း အမှတ်တရတွေက ဆက်သွားပေမဲ့  နောက်အခိုက်အတန့်တွင်တော့ သူ့မျက်လုံးတွေ ပြူးကျယ်သွားသည်။ 



မဟုတ်ဘူးလေ သူသေသွားပြီမဟုတ်လား။

 


ရှန်ရှီး သူ့ခေါင်းပေါ်က သလင်းမီးဆိုင်းကြီးကို စိုက်ကြည့်ရင်း သူ လဲကျသွားကာ မျက်လုံးများ မှိတ်သွားကျသည့်မြင်ကွင်းက စိတ်ထဲမှာ ထပ်ခါထပ်ခါ ပေါ်လာသည်။

 


စက်ရုံအလုပ်ချိန်အတွင်းဖြစ်သော အဓိကရုဏ်းများ၊ သူ့ကိုထိုးလိုက်သော ဓား၊ သွေးများထွက်လာချိန်တွင် ကူကယ်ရာမဲ့သောခံစားချက်၊ ရုန်းရင်းဆန်ခတ်များကြား၌ သူ့ကိုကာကွယ်ပေးနေသော ဖန်းလော့ဝေ၊ သူနောက်ဆုံးမှာလဲကျသွားတာကို လှောင်သောမျက်နှာနှင့်ကြည့်နေသော လူသတ်သမား။



 ရှန်ရှီးမျက်လုံးတွေကို ကြမ်းတမ်းစွာပိတ်ပြီး နောက်တကြိမ်ဖွင့်လိုက်သည်။ ထိန်လင်းနေသော အလင်းရောင်ကတောက်ပနေဆဲဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှာလည်း အားပျော့နေဆဲဖြစ်ပြီး နောက်ထပ် အသက်ပြင်းပြင်းရှုသံက သူ၏နားဆီကိုရောက်ရှိလာသည်။ 



မယုံကြည်နိုင်သောအရိပ်အယောင်က ရှန်ရှီး၏မျက်လုံးတွင်ဖြတ်ပြေးသွားပြီးနောက် သူအစွမ်းကုန်သုံးကာ ရုန်းကန်တော့သည်။ 



“လှုပ်စမ်း…လှုပ်လိုက်စမ်းပါ” 



ပိတ်လှောင်ခံရခြင်းမှလွတ်လာသလို ရှန်ရှီး သူ့အင်အားတွေပြန်ရလာသည်ကို ခံစားမိပြီး ခန္ဓာကိုယ်ထဲမှ အင်အားမဲ့သောခံစားချက်များက လျော့နည်းလာသည်။ ရုန်းကန်ရင်း ရှန်ရှီး သူ၏လက်ကိုမကာ ခြေထောက်ကိုကြမ်းကြမ်းဆိတ်လိုက်သည်။ ဖြစ်ပေါ်လာသော စူးရှသောနာကျင်မှုသည် သူ့ကို လန့်ပြီးရပ်သွားစေ၏။ 

 


ခံစားချက်ရှိသည်။ သူ အမှန်တကယ် တစ်စုံတစ်ခုကိုခံစားလိုက်ရသည်။ 



အိမ်မက်ထဲမှာသာဆို သူဘယ်လိုလုပ်ပြီး ခံစားနိုင်ပါတဲ့လဲ.. ပြီးတော့ မေးစရာရှိတာက သူသေပြီးနေပြီမဟုတ်ဘူးလား။ 



မရေမတွက်နိုင်သောအတွေးများစွာသည် လှိုင်းလုံးများအလားမြင့်တက်လာကာ ရှန်ရှီး တုံးအစွာနှင့် သူ့ခြေထောက်ကို တစ်ဖန်ဆိတ်လိုက်သောအခါ နာကျင်နေဆဲပင်။ သူ့မျက်နှာပေါ်၌မယုံကြည်နိုင်သော အကြည့်တစ်ချက်ပေါ်လာသည်။  ဒါဟာ ထင်ယောင်ထင်မှားမဟုတ်‌ပေ။ သူတကယ် ခံစားရလေသည်။ 



သူ့နားထဲတွင် ညည်းတွားသံများနှင့် ပင့်သက်ရှိုက်သံများက မှားယွင်းစရာမရှိပဲ ကြည်လင်ပြတ်သားနေပြီး ရှန်ရှီးသည် နတ်သမီး၏အသံကို နားဆင်နေသကဲ့သို့ ထိုအသံများအား နားဆင်နေလိုက်သည်။  ပျော်ရွှင်သောအရိပ်အယောင်သည် တဖြည်းဖြည်းနှင့် ရှန်ရှီး၏မျက်နှာပေါ်တွင် ပေါ်လာ၏။



  ဤအရာသည်အိပ်မက်မဟုတ်။   သူပြန်လာခဲ့ပြီ။ သူ တကယ်ပဲ ပြန်လာခဲ့လေပြီ။ 



ကနဦးပျော်ရွှင်ပြီးနောက် ရှန်ရှီး လျင်မြန်စွာ တည်ငြိမ်သွားသည်။  သူသေပြီးကာမှ ပြန်မွေးဖွားလာပြီဖြစ်ရာ ထိုအကြောင်းရင်းက ဘာကြောင့်ပဲဖြစ်ပါစေ ဒီတစ်ခါတော့ သူ့ကိုယ်သူ တန်ဖိုးထားကာ မှန်အောင်လုပ်ရတော့မည်။ 



ညည်းညူသံနှင့် ပင့်သက်ရှိုက်သံများက ဆက်လက်ကြားနေရဆဲဖြစ်ကာ အတန်ကြာသည့်အထိရပ်တန့်မည့်ပုံမပေါ်ချေ။ရှန်ရှီး လှဲလျောင်းနေလျက် သူ့ခန္ဓာကိုယ်ကို ဂရုတစိုက်ရွှေ့လိုက်သည်။ နူးညံ့သောကော်ဇောပေါ်တွင်ဖြစ်သည်မို့ ဘာအသံမှ မထွက်လာခဲ့ပေ။



ရှန်ရှီးလဲလျောင်းရာနေရာသည် ထောင့်စွန်းတွင်ရှိပြီး သူ့ရှေ့၌ ကြီးမားသောဥရောပပုံစံ ဆိုဖာကြီးများရှိနေ၍ ခန္ဓာကိုယ်တစ်ခုလုံးကို လုံခြုံစွာ ဖုံးကွယ်ထားသည်။

 


ရှန်ရှီး၏လက်ချောင်းများက သူ့အိတ်ကပ်ပေါ်တွင် မတော်တဆ ပွတ်မိသွားပြီးနောက် ထိတွေ့မိလိုက်သော သတ္တုအရာတစ်ခုက သူ့အာရုံကိုဖမ်းစားသွားသည်။ သူ့၌ရှိနေသော ဖုန်းကို သတိရလိုက်သော် အတွေးတစ်ခုက စိတ်ထဲ လျှပ်တပြက်ပေါ်လာကာ သူ့မျက်နှာတွင် ထူးဆန်းသောအပြုံးတစ်ခုပေါ်လာလေသည်။ 

 


ခဏအကြာတွင် ကုတင်ကြီး၏ လှုပ်ခါမှုက နောက်တစ်ကြိမ်ရပ်တန့်သွားကာ အခန်းအပြင်ဘက်တွင် ပြင်းထန်စွာ တံခါးခေါက်သံများ ထွက်ပေါ်လာသည်။



“ဝမ်ယောင့် အထဲမှာရှိလား.. မြန်မြန်လုပ်ပြီးထွက်ခဲ့တော့.. လောင်ဇူအိမ်ပြန်ဖို့အချိန်ရောက်ပြီ” 



“ရှန်ချိန် မင်းနို့မပြတ်သေးဘူးလား” 



အဝတ်အစားဝတ်‌နေသောအသံ၊ အခန်းတွင်းနှင့်အပြင်မှ နှုတ်ဆက်သံများ၊  ရှန်ရုံ၏ အနည်းငယ်မြှောက်ပင့်ရယ်မောသံ၊ အသံအားလုံးက တံခါးပိတ်လိုက်သောအချိန်တွင် သီးခြားဖြစ်သွားလျှက်သား။ 



ရှန်ရှီး ဆိုဖာကိုကိုင်ကာ ​ဖြည်းညှင်းစွာဖြင့်ထရပ်လိုက်ပြီးနောက် တွန့်ကြေနေသော ကုတင်ကြီးကိုကြည့်လိုက်ကာ ခေါင်းငုံ့လိုက်ရင်း စောနကမှ သူရိုက်ခဲ့သော ဗီဒီယိုကိုနှိပ်လိုက်၏။ 



သူ့နှုတ်ခမ်းထောင့်များက အပေါ်သို့ဖြည်းဖြည်းချင်း ကွေးတက်သွားခဲ့လေသည်။