ရွာသားအများစု ပြန်သွားကြသည်ကို
မြင်သောအခါ လီမင်ဟွေ့က ဟန်ရှုယောင်ကိုပြောလိုက်သည်။
"ညီအစ်ကိုရှု အခုပဲ စထွက်ကြရအောင်"
"ကောင်းပြီလေ ထွန်စက်နဲ့ဆိုရင်
မြို့ကိုရောက်ဖို့ နောက်ထပ် နာရီဝက်လောက်
ကြာဦးမယ် ပညာတတ်လူငယ်တွေက
အခုလောက်ဆို ရောက်နေလောက်ပြီ
သူတို့ မရောက်သေးရင်တောင်
အကြာကြီးတော့ စောင့်ရမှာမဟုတ်ဘူး
အမေနဲ့အဖေတို့နှစ်ယောက် အရင်ပြန်လိုက်တော့နော်"
ဟန်ရှုယောင်က ဟန်ကျင့်ရန်နှင့် သူ့ဇနီးကို
ပြောလိုက်သည်။
"ကောင်းပြီ ငါတို့ အရင်ပြန်မယ်
မင်းတို့လည်း ဂရုစိုက်ဦး"
ကျန်းလင်းက ဟန်ရှုယောင်နှင့်
လီမင်ဟွေ့ကို ပြောပြီးနောက်
ဟန်ကျင့်ရန်၏လက်ကို ဆွဲကာ
အိမ်သို့အတူ ပြန်သွားကြသည်။
"ဒါဆိုရင် ညီအစ်ကိုရှု
ငါကုန်လှောင်ရုံကိုသွားပြီး
ထွန်စက်မောင်းလာခဲ့လိုက်မယ်
ရွာအဝင်ဝမှာ စောင့်နေ"
လီမင်ဟွေ့က ပြောပြီးနောက်
အများပိုင်ပစ္စည်းများကို သိမ်းဆည်းထားသည့် ကုန်လှောင်ရုံဆီသို့ ပြေးသွားသည်။
"အေးအေး"
ဟန်ရှုယောင် ပြောပြီး
ရွာအဝင်ဝဆီသို့ လျှောက်သွားလိုက်သည်။
ယဲ့မုန့်ယောင်က ရထားပေါ်တွင်
နေ့လယ်စာစားပြီးနောက် အနည်းငယ်
အိပ်ငိုက်လာသဖြင့် ကျန်းယင်းယင်း၏ပခုံးပေါ်တွင် အိပ်ပျော်သွား၏။ သူတို့ ချင်းရှန်ခရိုင်ကို
မရောက်မီအထိ မနိုးခဲ့ပေ။
ရထား၏ရေဒီယိုမှ ကြေငြာသံကို ကြားမှသာ
ကျန်းယင်းယင်းက ယဲ့မုန့်ယောင်ကို အလျင်အမြန်
နှိုးလိုက်ရပြီး ယဲ့မုန့်ယောင်လည်း နိုးလာခဲ့လေသည်။
ချင်းရှန်းခရိုင်တွင် သွားလာရေး အဆင်ပြေပြီး ချင်းရှန်းမြို့တွင် ရထားဘူတာတစ်ခုရှိသည်။ ပေကျင်းမှ ချင်းရှန်းခရိုင်သို့ ရထားဖြင့် ငါးနာရီခန့်သာ ကြာသည်။ ယဲ့မုန့်ယောင် နိုးလာသောအခါ သူမ၏ အနီရောင်သားရေလက်ကိုင်အိတ်၊ကြိုးခြင်းတောင်းလေးနှင့် နေ့လည်စာဗူးတို့ကိုယူကာ ထုပ်ပိုးလိုက်သည်။
သူမတို့နှစ်ဦးသား ကျန်းယင်းယင်းနှင့်အတူ ရထားပေါ်မှဆင်းပြီး ကြိုးခြင်းတောင်းလေးကို လက်မှကိုင်ဆောင်ခဲ့သည်။
ရထားဘူတာမှဆင်းပြီးနောက် ယဲ့မုန့်ယောင်က
သူမ၏ ခရီးဆောင်အိတ်များကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ကျန်းယင်းယင်းလည်း ကြိုးခြင်းတောင်းတစ်လုံးနှင့် မြွေသားရေဖြင့်ပြုလုပ်ထားသော အိတ်ကြီးတစ်လုံးကို ကိုင်ထားသည်။ လျှိုယွဲ့က ခရီးဆောင်အိတ်သုံးလုံးကို ယူလာခဲ့သည်။ သူမ အလွန်ပင်ပန်းနေပြီး ဝမ်ယွီဟိုင်က သူမ၏ ခရီးဆောင်အိတ်တစ်လုံးကို ကူသယ်ပေးခဲ့သည်။
ပညာတတ်လူငယ်လေးဦးက စင်္ကြံမှ
ဆင်းလာကာ အခြားပညာတတ်သူငယ်အဖွဲ့၏နောက်သို့လိုက်သွားခဲ့သည်။ ပညာတတ်လူငယ်အဖွဲ့ချုပ်ရုံး၏ အပြင်ဘက်တွင် လှည်းငါးစီး သို့မဟုတ်
ခြောက်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။ ယဲ့မုန့်ယောင်က ဟန်ရှုယောင်ကို စတင်ရှာဖွေနေစဉ် တစ်စုံတစ်ယောက်က သူမ၏နာမည်အား အော်ခေါ်လိုက်သည်။
ယဲ့မုန့်ယောင် လှည့်ကြည့်လိုက်သောအခါ ပညာတတ်လူငယ်အဖွဲ့ချုပ်ရုံးကို လူနှစ်ဦးလမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ အဖွဲ့ထဲတွင် မျက်စိအဖမ်းစားဆုံးမှာ သူမရှာဖွေနေသော ဟန်ရှုယောင် ဖြစ်၏။ သူမ ဟန်ရှုယောင်ကို တွေ့သောအခါ ဝမ်းသာအားရ လက်ပြလိုက်သည်။
ဟန်ရှုယောင်က ထင်ရှားသော မျက်နှာ၊နက်ရှိုင်းသော မျက်လုံးများ၊ ထူထဲသော မျက်ခုံးများနှင့် ဖြောင့်စင်းသော နှာတံရှိသည်။ သူသည် အရပ် ၁.၈ မီတာခန့်ရှိပြီး ခေတ်သစ်မှ မော်ဒယ် အမျိုးသားများထက် ပိုမိုခန့်ညားနေသေးသည်။ သူက ယဲ့မုန့်ယောင်ထက် အနည်းငယ်သာ အသက်ကြီးသည်။ ငယ်စဉ်ကတည်းက ပိုင်ယွင်က ယဲ့မုန့်ယောင်ကိုခေါ်ပြီး သူနှင့်အတူ ကစားစေခဲ့သည်။ သူတို့တွင်
ရင်းနှီးသော ဆက်ဆံရေးရှိပြီး ယဲ့ချင်ဖုန်းပင်အနည်းငယ် မနာလိုဖြစ်ခဲ့ရသည်။
ဟန်ရှုယောင်က သူမကိုလက်ပြနေသည်အား
တွေ့လိုက်သည်။ ယဲ့မုန့်ယောင်က ဟန်ရှုယောင်ကို
ကြည့်ကာ တစ်ခုခုပြောရန် ပြင်လိုက်စဉ်
သူမ ထက်ပင်အရပ်ပုကာ၊ မျက်နှာသေးသွယ်၍၊ ဆံပင်ခပ်တိုတိုနှင့် မျက်ခုံးထူသော အမျိုးသားတစ်ဦးက စကားကို ဖြတ်ပြောလိုက်သည်။ ထိုသူက ဟန်ရှုယောင်၏စာထဲမှ လီမင်ဟွေ့ဖြစ်ကြောင်း ယဲ့မုန့်ယောင် သိလိုက်သည်။
ပညာတတ်လူငယ်ရုံးမှ ဝန်ထမ်းများသည် ဆူညံနေသော လူအုပ်ကို ကြည့်ကာအော်ပြောလိုက်သည်။
"အားလုံး တိတ်တိတ်နေပေးကြပါခင်ဗျ
မင်းတို့၏နာမည်ကို ခေါ်ရင် ထရပ်ပြီး
ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်နောက်
လိုက်သွားပါ မင်းတို့ကို လာခေါ်မယ့်
ထုတ်လုပ်ရေးအဖွဲ့က တာဝန်ရှိသူနောက်
လိုက်သွားကြပါ မှားယွင်းပြီး ထွက်သွားသောသူတွေကို ပြန်ပြီးလဲပေးလို့ မရပါဘူး"
"တီယန်ရွှေရွာ...ဝမ်ကျင်းကော်၊ မားရှောင်ယွင်၊
လျိုယိုဖူ"
"ကျန့်ကျားရွာ... ဝူယင်းယင်း၊ ချန်ထောင်ထောင်"
"ချင်းရွှေရွာ" ဟု ရွာအမည်ကို ကြားသည်နှင့်
ဟန်ရူယောင်နှင့် လီမင်ဟွေ့တို့ နှစ်ဦးသား ခြေတစ်လှမ်းတိုးလိုက်သည်။
"ယဲ့မုန့်ယောင်၊ ကျန်းယင်းယင်း၊ လျိုယွဲ့၊ ဝမ်ယွီဟွာ"
ယဲ့မုန့်ယောင် သူမ၏အမည်ကို ကြားသည်နှင့်
ဟန်ရူယောင်ထံသို့ ပြေးသွားချင်စိတ်ကို
မအောင့်နိုင်တော့ဘဲ သူ့၏နာမည်ပြောင်
"ရှုရှု" ဟု ခေါ်လိုက်သည်။
ဟန်ရူယောင် အရွယ်ရောက်လာသောအခါ သူ့အား ထိုအမည်ပြောင်ဖြင့် မည်သူမျှ မခေါ်ကြတော့ပေ။ ယခုအခါ ယဲ့မုန့်ယောင်သာ သူ့အား တစ်ခါတစ်ရံ ခေါ်လေ့ရှိသည်။ဟန်ရှုယောင်က ယဲ့မုန့်ယောင်၏ ခေါင်းကို ပွတ်သပ်လိုက်သည်။
ယဲ့မုန့်ယောင်၏ ခေါင်းကို ပွတ်သပ်လိုက်ပြီးသူမ၏သေတ္တာနှစ်လုံးကို ယူကာ ထွန်စက်ပေါ် တင်ပေးလိုက်သည်။ ထို့နောက် ချစ်ခင်စွာဖြင့် ပြောလိုက်သည်။
"ဘာလို့ အခုထိ ကိုယ့်ကို ရိုင်းရိုင်းစိုင်းစိုင်း
ခေါ်နေရတာလဲဟမ် ...မင်း ကိုယ့်ကို အစ်ကိုလို့
ခေါ်သင့်တယ်...ရထားစီးလာရတာ ဘယ်လိုလဲ
ပင်ပန်းနေပြီလား"
"အို.. လာပါတော့ အစ်ကိုရယ်
ခေါင်းကို ပွတ်နေတာ ရပ်ပါတော့"
ယဲ့မုန့်ယောင် မကျေမနပ်ဖြင့် ပြောသည်။
"ရထားစီးရတာကတော့ ကိစ္စမရှိပါဘူး
ညီမ အချိန်အများစုကို အိပ်ရင်းနဲ့ ကုန်ဆုံးခဲ့တာ"
"အစ်ကိုရှု ပြောခဲ့တဲ့ မင်းရဲ့မွေးစားညီမက ဒါလား"
လီမင်ဟွေ့က ကျန်းယင်းယင်း၏ ခရီးဆောင်အိတ်ကို ယူပြီးနောက် ဟန်ရှုယောင်ကို မေးလိုက်သည်။
"ဟုတ်တယ် ဒါ သူပဲ
သူမနာမည်က ယဲ့မုန့်ယောင်"
ဟန်ရှုယောင်က လီမင်ဟွေ့ကို မိတ်ဆက်ပေးသည်။
"ရှင်က ကျွန်မအစ်ကိုရဲ့စာထဲမှာ ပြောပြောနေတဲ့ ရဲဘော် လီမင်ဟွေ့လား
အစ်ကိုက ရှင့်ကို ကျွန်မရဲ့မကောင်းကြောင်းတွေ တိတ်တိတ်လေး ပြောခဲ့သေးလား"
ယဲ့မုန့်ယောင်က နောက်ပြောင်ကာ မေးလိုက်သည်။
"မဟုတ်ပါဘူး အစ်ကိုရှု ကျွန်တော့်ကို
ပြောခဲ့တာတွေအားလုံးက မင်းကို ချီးကျူးစကားတွေချည်းပါပဲ"
လီမင်ဟွေ့က ယဲ့မုန့်ယောင်၏ စကားကို ကြားပြီးနောက် မြန်မြန်ဆန်ဆန် ပြန်ဖြေလိုက်သည်။
"တကယ်လား
သူက ကျွန်မအကြောင်း ဘယ်လို ချီးကျူးခဲ့တာလဲ"
ယဲ့မုန့်ယောင်က အနည်းငယ် မကောင်းဆိုးဝါး
ဆန်ဆန်အမူအရာဖြင့် မေးလိုက်သည်။
" မင်းက အရမ်းလှတယ်လို့ ပြောတယ်
ပြီးတော့... ပြီးတော့..."
လီမင်ဟွေ့က ရှက်ရွံ့စွာဖြင့် တုံ့ဆိုင်းနေပြီး
ခဏကြာသာ်အထိ အခြား ကောင်းသော
အချက်များကို မစဉ်းစားနိုင်တော့သည့်အတွက်
ယဲ့မုန့်ယောင်နှင့် ယခုတင် ရောက်လာသော
ကျန်းယင်းယင်းတို့က ရယ်မောလိုက်ကြသည်။
လီမင်ဟွေ့က ကျန်းယင်းယင်း၏တောက်ပသော အပြုံးကို ကြည့်ကာ ခဏတာ ငေးသွားရသည်။
နောက်ပိုင်းတွင် ဟန်ရှုယောင်က သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။
"ကဲပါ ယောင်ယောင်ရယ်
သူ့ကို စနောက်နေတာ တော်တော့"
ကျန်းယင်းယင်းက ဟန်ရှုယောင်ကို
နှုတ်ဆက်လိုက်ပြီး ဟန်ရှုယောင်က
ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ဦးက
ယဲ့မုန့်ယောင်ကြောင့် တစ်ဦးကိုတစ်ဦး သိကြသော်လည်း အလွန်ရင်းနှီးကျွမ်းဝင်ခြင်း မရှိကြပေ။
ကျန်းယင်းယင်းက သူ့၏ဂရုမစိုက်သည့်ပုံစံကို အသားကျနေပြီဖြစ်သည်။
နောက်ဆုံးတော့ ဟန်ရှုယောင်က ယဲ့မုန့်ယောင်ရှေ့မှာပဲ နူးညံ့နေတာလေ...သူက ယောင်ယောင့်အပေါ် မှာပဲ ပိုပြီးနူးညံ့ညင်သာလိမ့်မယ်...
တစ်နေ့မှာ သူသာ သူမအပေါ် အရမ်း စိတ်အားထက်သန်နေခဲ့ရင် သူမကတော့ သူ့ ရူးသွားပြီလို့ ထင်မိလိမ့်မယ်...
"ဟေ့ ရှင်တို့ စကားပြောတာတွေ မပြီးသေးလား ကျွန်မမှာ သိမ်းဆည်းစရာ ခရီးဆောင်အိတ်တွေ
ရှိနေသေးတာ မမြင်ဘူးလား
ဘာလို့ လာပြီးမကူညီကြတာလဲ"
လျိုယွဲ့က ဒေါသတကြီး ပြောလိုက်သည်။
သူမ၏သေတ္တာနှစ်လုံးကို ထွန်စက်ဘေးသို့
ရွှေ့ပြီးဖြစ်ကာ ဝမ်ယွီဟိုင်က သူမ၏ ခရီးဆောင်အိတ်ကိုယူသယ်ကာ လျိုယွဲ့အား ထွန်စက်ပေါ်သို့
ကူညီ၍တင်ပေးနေသည်။ သူမက တစ်ခုခု ဆက်ပြောရန် ပြင်နေစဉ် ဟန်ရှုယောင်၏ စူးရှသောအကြည့်ကြောင့် စကားပင် မပြောနိုင်တော့ပေ။
လျိုယွဲ့၏ ညည်းညူသံကို ကြားသောအခါ
လီမင်ဟွေ့က သူမ၏ခရီးဆောင်အိတ်များကိုသယ်ယူရာတွင် ကူညီရန် အလျင်အမြန် သွားလိုက်ပြီးနောက်လူတိုင်းကို ထိုင်ခိုင်းလိုက်သည်။ ထွန်စက်ကို မောင်းနေသော ဟန်ရှုယောင်နှင့် လီမင်ဟွေ့တို့သည် ရှေ့တွင် ထိုင်ပြီး ယဲ့မုန့်ယောင်တို့လေးဦးက နောက်တွင် ထိုင်ခဲ့ကြသည်။
ထွန်စက်ပေါ်ထိုင်ပြီးနောက် ဝမ်ယွီဟိုင်က လီမင်ဟွေ့ကို မေးလိုက်သည်။
"ရဲဘော်တို့ ခင်ဗျားတို့ အလျင်လိုသလား
အကယ်၍ မလိုဘူးဆိုရင် ရွာနဲ့ သိပ်မဝေးတဲ့ ကုန်စည်နဲ့ ရောင်းဝယ်ရေး သမဝါယမဆိုင်ကို
သွားပြီး တစ်ခုခု ဝယ်လို့ရမလား"
"ကျွန်တော်တို့ အလျင်မလိုပါဘူး
မြို့နဲ့ ရွာကသိပ်မဝေးဘူး
ထွန်စက်နဲ့ဆို နာရီဝက်ပဲ ကြာမှာပါ
ဒါကြောင့် ကျွန်တော်တို့မှာ လည်ပတ်ဖို့
အချိန်အများကြီး ရှိတယ်"
လီမင်ဟွေ့က ပြန်ဖြေလိုက်သည်။
"ဒါနဲ့ အစ်ကို အဖေက ညီမဆီ တစ်ခုခုပို့လိုက်ပြီး
အဲဒါကို ရောက်ရင် သွားယူဖို့ မှာထားတယ်"
ယဲ့မုန့်ယောင်က ဟန်ရှုယောင်ကို ပြောလိုက်၏။
"ဒါဆို ခရိုင်မှာ တစ်ခုတည်းရှိတဲ့ ကုန်တိုက်ကို
သွားကြတာပေါ့ အဲဒီမှာ ပစ္စည်းအမျိုးအစားစုံပြီး စာတိုက်နဲ့လည်း နီးတယ်"
ယဲ့မုန့်ယောင်၏ စကားကို ကြားပြီးနောက်
ဟန်ရှုယောင်က ပြောလေသည်။
သူတို့ ကုန်တိုက်အ၀င်ဝသို့ ရောက်သောအခါ
တစ်ဖွဲ့စီ ခွဲ၍ သွားရန် စီစဉ်လိုက်ကြသည်။ ဟန်ရှုယောင်နှင့် ယဲ့မုန့်ယောင်တို့ကစာတိုက်သို့ ပစ္စည်းထုတ်ရန် သွားကြပြီး ကျန်သူများက ထိုနေရာတွင်ပင် လျှောက်လည်ကာ ချိန်းထားသော အချိန်တွင် ပြန်လည် စုဝေးကြမည်။
ယဲ့မုန့်ယောင်နှင့် ဟန်ရှုယောင်တို့က
အထုပ်ကြီးနှစ်ထုပ်ကို သယ်ကာ ထွန်စက်ဆီသို့ ပြန်လာသောအခါ ကျန်သူများ အားလုံး ပြန်ရောက်နေပြီး သူတို့ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။
"မုန့်ယောင် ဦးလေးယဲ့နဲ့ တခြားလူတွေက
နင့်ကို ဘာတွေ ပို့လိုက်တာလဲ ပါဆယ်ထုပ်တွေက အရမ်းကြီးတာပဲ"
ကျန်းယင်းယင်းက ပစ္စည်းအကြီးကြီးနှစ်ခုကို ကြည့်ကာ မေးလိုက်သည်။
"ငါလည်း မသိဘူး အဖေ့ကို မမေးရသေးဘူး"
ယဲ့မုန့်ယောင်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။