လျှိုယွဲ့၏ဖခင်မှာ ဟိုင်မြို့တော်၏
ဒုတိယမြို့တော်ဝန်၏ အတွင်းရေးမှူးတစ်ယောက်ဖြစ်သည်။ သူမ၏မိခင်က မော်တော်ကားစက်ရုံ၏ ဒါရိုက်တာလည်းဖြစ်သည်။ သူတို့၏
မိခင်များက တစ်ဦးကိုတစ်ဦး သိကြသောကြောင့် ဝမ်ယွီဟိုင်လည်း ကျေးလက်သို့ သွားမည်ကို
သိသောအခါ လျှိုယွဲ့၏မိခင်က လျှိုယွဲ့ကို ဂရုစိုက်ပေးရန် တောင်းဆိုခဲ့သည်။
"နင်တို့ရဲ့ လီနင်ဝတ်စုံတွေက
ဘယ်လောက်တောင် ကောင်းလိုက်လဲ
နင်တို့မိဘတွေက ဘာအလုပ် လုပ်ကြလဲ..."
ယဲ့မုန့်ယောင် နှင့် အခြားသူများက ပေကျင်းမှလာပြီး အဝတ်အစားကောင်းကောင်း ဝတ်ထားတာကို မြင်သောလျှိုယွဲ့က သူတို့နှစ်ယောက်ကို ကြည့်ပြီး မေးလိုက်သည်။
"ကျွန်မအဖေက အထည်စက်ရုံမှာ
အလုပ်လုပ်တယ် အမေကတော့
ဆေးရုံမှာ အလုပ်လုပ်တယ်လေ"
ယဲ့မုန့်ယောင်က ပြုံးပြီး ပြောလိုက်သည်။
ကျန်းယင်းယင်းက ယဲ့မုန့်ယောင်၏ စကားများကို အသားကျနေပြီဖြစ်သည်။ ကျောင်းတွင်တစ်စုံတစ်ယောက်မှ သူမကို ထိုမေးခွန်း မေးလာလျှင် ဤစကားကိုပင် ပြောခဲ့သည်။ ကျောင်းတွင် ပထမဆုံးတွေ့ဆုံခဲ့စဉ်က သူမကိုယ်တိုင်လည်းမသိခဲ့ချေ။ နောက်ပိုင်း ယဲ့မုန့်ယောင်က ယဲ့ချင်ဖုန်းနောက်လိုက်၍ အိမ်ပြန်သည့်အခါ၌လည်း သတိမထားခဲ့ပေ။ ကျန်းယင်းယင်းနှင့် စက်ရုံတွင် တွေ့ဆုံပြီးမှသာ အကြောင်းစုံကို သိခဲ့ရသည်။
"ကျွန်မရဲ့ မိဘတွေက အထည်စက်ရုံမှာ
သာမန်ဝန်ထမ်းတွေပါ ဒီ လီနင်ဝတ်စုံကို
မဝယ်ခင်က ဝယ်ပေးဖို့အတွက် ကျွန်မ သူတို့ကို အချိန်အတော်ကြာ တောင်းဆိုခဲ့ရတာ"
ကျန်းယင်းယင်းက ပြောလိုက်သည်။
"အော် ဒါကြောင့်ကိုး"
လျှိုယွဲ့၏ စိတ်ထဲမှာတော့
"ပိုက်ဆံမရှိဘဲနဲ့များ ဘာလို့
ဒီလောက်ကောင်းကောင်း ဝတ်ထားသေးလဲ"
ဟု တွေးပြီးခြောက်ကပ်ကပ် ပြန်ဖြေလိုက်သည်။
ယဲ့မုန့်ယောင်နှင့် သူမသူငယ်ချင်းများ၏
မိဘများက သာမန်အလုပ်သမားများဖြစ်ကြောင်း သိပြီးနောက် လျှိုယွဲ့က
သူတို့နှင့် စကားသိပ်မပြောတော့ချေ။
လျှိုယွဲ့က ယဲ့မုန့်ယောင်နှင့် တခြားသူတွေကိုစကား သိပ်မပြောဖြစ်ရသည့် နောက်ထပ်အကြောင်းအရင်းတစ်ခု ရှိသေးသည်။
သူမက ယဲ့မုန့်ယောင်၏ အသွင်အပြင်ကို
အနည်းငယ် မနာလိုဖြစ်နေမိ၏။ ကလေးဘဝကတည်းက သူမ၏အလှအတွက် ချီးကျူးခံခဲ့ရသော်လည်း ရထားပေါ်ရောက်ပြီးနောက် လူတိုင်း၏အကြည့်များက ယဲ့မုန့်ယောင်ထံသာရောက်နေတော့သည်။
ယနေ့ သူမကြားသမျှ ယဲ့မုန့်ယောင်ကို
ချီးကျူးနေသည့် အသံတွေချည်းပင်ဖြစ်နေ၏။
ယဲ့မုန့်ယောင်ဘေးတွင်ဝင် ထိုင်လိုက်သည့်အခါသူမ၏အရောင်အဝါများ မှေးမှိန်သွားခဲ့သည်။
ဝမ်ယွီဟိုင် ကပင်စ၍ စကားသွားပြောခဲ့သေးသည်။
သူမက ဝမ်ယွီဟိုင်ကို ကြိုက်သော်လည်း ဝမ်ယွီဟိုင်က ယဲ့မုန့်ယောင်အကြောင်း ပြောပြောနေသောအခါ သူမ စိတ်မချမ်းမသာဖြစ်လာရသည်။
နေ့လည်၌ လူတိုင်း ဗိုက်ဆာလာကြသောကြောင့်အိမ်က ပြင်ဆင်လာသည့် အစားအစာနှင့် အခြောက်အခြမ်းများကို ထုတ်ယူစားသောက်
ကြသည်။ လူတိုင်း၏ နေ့လည်စာက မတူညီကြပါချေ။ တချို့လူများက ကောက်နှံပေါင်းစုံဖြင့်
လုပ်ထားသည့် ပေါင်မုန့်၊ ကန်စွန်းဥပြုတ်၊
ကောက်နှံပေါင်းစုံနှင့် လုပ်ထားသည့် ပေါင်မုန့်ခြောက်၊ထမင်း တို့အား စားကြသည်။
သူတို့တွင် အသီးအရွက်ချဉ်များလည်းရှိပြီး ချမ်းသာသည့်သူများကတော့ ဂျုံမှုန့်ဖြူနှင့်
လုပ်ထားသည့် ပေါက်စီ၊ ပေါင်မုန့်အသေးနှင့်အသားများကို စားကြသည်။ ဝမ်ယွီဟိုင်ကသူ၏အိတ်ထဲကနေ ဝက်ခေါင်းသား ဘူးတစ်ဘူး ထုတ်လာခဲ့ပြီး လျှိုယွဲ့ကတော့ ပိုပြီးတောင် အံ့အားသင့်စရာကောင်းလောက်အောင် ကြက်ကင်တစ်ကောင်လုံး ထုတ်ယူလာခဲ့သည်။
ကျန်းယင်းယင်းက ဂေါ်ဖီထုပ်၊ဝက်သားနှင့်
လုပ်ထားသည့် ဘန်းမုန့်များကို စားနေသည်။
ယဲ့မုန့်ယောင်လည်း သူမ၏ အလူမီနီယမ် ထမင်းချိုင့်ကို ထုတ်လိုက်သည်။ သူမက ဝက်သားနှင့် မှိုပါဝင်သည့် ဖက်ထုပ်လေးများပြင်ဆင်ထားသည်။ ဘူးအထဲတွင် ဝက်သားနှင့်လုပ်ထားသည့် ဘန်းမုန့်အသေး နှစ်ခုလည်း
ပါဝင်သည်။
"မုန့်ယောင်...ငါ့အမေလုပ်ထားတဲ့
ဘန်းမုန်းတွေကို စားကြည့်ဦး
အရမ်းကောင်းတယ်"
ကျန်းယင်းယင်းကပြောပြီး ယဲ့မုန့်ယောင်ကို
ဘန်းမုန့် နှစ်ခုကမ်းပေးလိုက်သည်။
ယဲ့မုန့်ယောင်လည်း တူနှင့် ဘန်းမုန့်တစ်ခြမ်းကို ယူလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
"အမေက ငါ့အတွက်လည်း ဖက်ထုပ်နည်းနည်း လုပ်ပေးထားတယ် ဒီမှာမြည်းကြည့်ကြည့်
ဒီအသားဘန်းမုန့်ကိုလည်း နာမည်ကြီး စားသောက်ဆိုင်က ဝယ်လာတာ အရမ်းကောင်းတယ်"
"အိုး အန်တီပိုင်က ချက်တတ်တယ်လား"
ကျန်းယင်းယင်းက အံ့သြတကြီးနှင့်
မေးလိုက်သည်။
"ဒါပေါ့ ငါ့အမေက ချက်တတ်ပါတယ်
ငါ့ရဲ့အဖွားက ချက်ပြုတ်တာ အရမ်းတော်တယ် ငယ်ငယ်တုန်းကတော့ အဖွားက ငါ့အမေကို
ချက်တတ်အောင် သင်ပေးဖို့ ကြိုးစားခဲ့သေးတယ်ဒါပေမဲ့ နောက်ပိုင်းမှာ အဖွားက သူမကတကယ်မသင်ချင်ဘူးဆိုတာ သိသွားလို့ အတင်းမသင်ပေးတော့ဘူးလေ"
သူမ၏အဘိုးအဘွားတွေက နန်းတွင်းမှာ
စားဖိုမှူးတွေ ဖြစ်ခဲ့ကြဖူးသည်။ အိမ်တွင် ရှေးဟောင်းချက်ပြုတ်နည်းစာအုပ်တွေ အများကြီးရှိပြီး အဖွားက ပိုင်ယွမ် မသင်ယူချင်ဘူးထင်၍ ဘာမှမပြောခဲ့ချေ။ သို့ပေမဲ့ အဖွားက ယဲ့မုန့်ယောင် ချက်ပြုတ်တာကို ကြိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
ထို့နောက်တွင်တော့ ယဲ့မုန့်ယောင်၏ အဖွားက
သူမကို ကိုယ်တိုင် သင်ပေးခဲ့သည်။ သိပ်မကြာခင်မှာပဲ သူမက ဟင်းချက်ရာတွင် အလွန်တော်လာပြီး သူမအဖွား၏ချက်နည်းတွေကို အကုန်မှတ်မိသွားခဲ့သည်။ ယခုအခါ ထိုချက်နည်းများ ယဲ့မုန့်ယောင်၏ မှတ်စုစာအုပ်ထဲတွင် ရှိနေပြီဖြစ်သည်။
"ဒါကြောင့် ဦးလေးယဲ့ရဲ့ မိသားစုက
ချက်ပြုတ်တာ အရမ်းတော်တာပေါ့
အန်တီပိုင်က မချက်တတ်ဘူးလို့
ငါထင်နေတာ"
ကျန်းယင်းယင်းက ရှက်ရွံ့စွာ ပြောလိုက်သည်။
"ငါ့အမေကလည်း တစ်ခါတစ်လေချက်ပါတယ် ဒါပေမဲ့ နင်က အမေချက်တာနဲ့မကြုံသေးလို့ပါ"
ယဲ့မုန့်ယောင် ရှင်းပြလိုက်သည်။ ဥပမာအားဖြင့်
တရုတ်နှစ်သစ်ကူးပွဲတော်နှင့် မိသားစုဝင်များ၏ မွေးနေ့၊ မင်္ဂလာနှစ်ပတ်လည်နေ့များတွင်
ပိုင်ယွမ်နှင့်အတူ သူမ၏မိသားစုဝင်များက အတူတူ ချက်ပြုတ်ပြီး တစ်ယောက်ကိုတစ်ယောက် လက်ဆောင်တွေ ပေးကြသည်။ ၎င်းမှာ သာမန်လူများထက် ပိုပြီး ရိုမန်တစ်ဆန်လေသည်။။
"အစ်ကိုဝမ် ဒီကြက်ကင်က တကယ်ကောင်းတယ်အစ်ကိုလည်း မြည်းကြည့်သင့်တယ်"
လျှိုယွဲ့က ပြောပြီး ကြက်သားပေါင်တစ်တုံးကို ဆွဲထုတ်ပြီး ဝမ်ယွီဟိုင်ကို ကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်
လျှိုယွဲ့ မင်းလည်း ဝက်ခေါင်းသားကို
မြည်းကြည့်လို့ရတယ် ဒါက အထူးအနေနဲ့ သေချာလုပ်ထားတာ မင်းတို့ ရဲဘော်နှစ်ယောက်လည်း မြည်းကြည့်လို့ရပါတယ်"
ဝမ်ယွီဟိုင်ကကြက်သားပေါင်ကို ယူလိုက်ပြီး
ယဲ့မုန့်ယောင်နှင့် တခြားသူများအား ပြောလိုက်သည်။
"အာ ကျေးဇူးတင်ပါတယ်"
ယဲ့မုန့်ယောင် ပြန်ပြောလိုက်သည်။
ယခုရက်ပိုင်းတွင် အသားက ဝယ်ရခက်၏၊
ထို့ပြင် သူတို့က တခြားသူတွေများအပေါ် အခွင့်အရေးလည်း မယူချင်ပေ။ ယဲ့ချင်းဖုန်းက တစ်ခါတည်း အများကြီးဝယ်နိုင်သည့် အကြောင်းအရင်းမှာပိုက်ဆံရှိရုံသာမက အန်ကယ်ဝမ်နှင့်လည်းရင်းနှီးသောကြောင့်ဖြစ်၏။
"အစ်ကိုဝမ် တခြားသူတွေ မစားရင်
ကျွန်မကို ပေးပါ"
လျှိုယွဲ့က ပြောလိုက်ပြီး ဝမ်ယွီဟိုင်က သူမအတွက် အနည်းငယ်ရွေးပေးလိုက်သည်။
နေ့လည်ခင်း၌ ချင်းရွှေကျေးရွာတွင် ထမင်းစားပြီးသွားသည့် ရွာသားများက ခဏတာနားရန်
ပြင်နေစဥ်တွင် အဖွဲ့ခေါင်းဆောင်၏
အသံလွှင့်ချက်ကို ကြားလိုက်ရသည်။ ခေါင်းဆောင်က ရွာသားအားလုံးကို ရွာလယ်ကွင်းတွင် စုဝေးဖို့ ပြောနေသည်။ ရွာသားများက နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်စုနှင့် ရွာလယ်ကွင်းကို လမ်းလျှောက်သွားကြသည်။
"ခေါင်းဆောင်က ဘာလို့
ငါတို့ကို ဒီမှာ စုခိုင်းတာလဲ"
လူတစ်ယောက်က မေးလိုက်၏။
"ငါလည်း မသိဘူးလေ
ငါ နေ့လည်စာ စားပြီးခါစပဲ ရှိသေးတယ်
ခဏလောက် နားချင်နေတာ"
နောက်တစ်ယောက်က ပြန်ပြောလိုက်သည်။
"ဟုတ်တာပေါ့
မနက်ကတည်းက အရမ်းအလုပ်များနေတာ
နေ့လည်မှာမှ ခဏလောက်နားလို့ရတယ်
ညနေမှ ကြေညာလို့ မရဘူးလား"
တတိယတစ်ယောက်က ထပ်ပြော၏။
ရွာသားများ စကားပြောရင်း ရွာ၏အဝင်ဝဆီကို လျှောက်သွားကြသည်။ ဟန်ကျင့်ရန်တို့မိသားစု သုံးယောက်ကလည်း သူနှင့်အတူ ရွာ၏အဝင်ဝဆီသို့ လျှောက်လာကြသည်။ ဟန်ရှုယောင်က သူ့ဘေးမှာ လျှောက်လာသည့် ဟန်ကျင့်ရန်ကို ကြည့်ပြီး မေးလိုက်သည်။
"အဖေ ဒီမှာ ပညာတတ်တဲ့ လူငယ်တွေရှိလား ယောင်ယောင်လည်း ဒီနှစ် ရောက်လာမှာလား"
"အင်း မင်းရဲ့ ဦးလေးယဲ့ဆီက
စာတစ်စောင်ကို တစ်နေ့ကရခဲ့တယ်
အဲ့ဒီစာထဲမှာ ယောင်ယောင် ဒီမနက် ရထားနဲ့ ရောက်လာမယ်လို့ ရေးထားတယ်
အခု အဖွဲ့ခေါင်းဆောင်က နေ့လည်မှာ
လူတိုင်းကို အရေးတကြီး စုဝေးခိုင်းနေတယ် ပညာတတ်လူငယ်တွေ ရောက်လာတော့မယ်
ထင်တယ်၊ ပြီးတော့ သူတို့ကို သွားကြိုဖို့
လူလွှတ်ဖို့လိုတယ်"
ဟန်ကျင့်ရန်က ဟန်ရှုယောင်ကို ကြည့်ပြီး
ပြန်ဖြေပေးလိုက်သည်။
ကျန်းလင်းက သူ၏ဘေးတွင် ဝမ်းသာအားရနှင့်ပြောလိုက်သည်။
"ယောင်ယောင် ချစ်စရာကောင်းတဲ့ အသီးလေး နောက်ဆုံးတော့ ရောက်လာတော့မှာပဲ
မင်းရဲ့ ဦးလေးယဲ့နဲ့ အန်တီပိုင်တို့ရောက်လာခဲ့ရင် ငါတို့ ပေဂျင်းမှာလိုမျိုး ပျော်လို့ရတာပေါ့"
ချင်းရွှေကျေးရွာ၏ ခေါင်းဆောင်
လီကျင့်ကော်က စင်ပေါ်တွင် ရပ်ပြီး
အသံကျယ်ကျယ်နဲ့ ပြောလိုက်သည်။
"အားလုံး တိတ်တိတ်နေပေးကြပါ
ဒီနေ့ နေ့လည်မှာ ခင်ဗျားတို့ကို
ဒီမှာ စုဝေးခိုင်းတာက ပညာတတ်လူငယ် လေးယောက် ဒီနေ့ ညနေပိုင်းမှာ ကျွန်တော်တို့ရွာရဲ့ ထုတ်လုပ်ရေးအဖွဲ့မှာ လာလုပ်ကြမှာမို့လို့ပါ
သူတို့ကို နောက်မှခေါ်လိုက်ပါ့မယ်
ခရိုင်မြို့ကို သွားကြိုဖို့ ဘယ်သူတွေ စိတ်ဝင်စားလဲ"
"အာ၊ လူလေးယောက် လာနေပြီတဲ့
ရွာထဲမှာ ပညာတတ်လူငယ်
၁၀ ယောက်ကျော် ရှိပြီးပြီပဲ"
"ဟေ့၊ ပညာတတ်လူငယ်တွေက
ဘာအလုပ်မှ ကောင်းကောင်းမလုပ်တတ်ဘူး
သူတို့က ငါတို့အတွက် ဒုက္ခတွေပဲ ဖန်တီး
နေကြတာ မဟုတ်ဘူးလား"
"သူတို့ကို သွားကြိုနေမယ့်အစား
ငါတို့ ပိုပြီး အလုပ်မှတ်တမ်းရအောင်
လုပ်တာက ကောင်းမယ်၊ အဲဒါက
ပိုပြီး လက်တွေ့ကျတယ်"
၎င်းက ရွာသားများ၏ အမှား မဟုတ်ချေ။ ပညာတတ်လူငယ်များ ပထမဆုံး ကျေးလက်ကို ရောက်လာစဥ်ကတော့ သူတို့ဟာ စပ်စုလိုကြပြီး မျှော်လင့်ချက်အချို့ ရှိခဲ့ကြသည်။ သို့ပေမဲ့ ပညာတတ်လူငယ်တချို့က သူတို့ကို အထင်သေးပြီး မာနကြီးသည့်ပုံစံနှင့် မေးကိုမော့ပြီးလျှောက်ခဲ့ကြသည်။ သူတို့အားလုံးတော့ မဟုတ်ပေမဲ့ တချို့ကတော့ ပညာတတ်လူငယ်တွေ၏ ရွာသားတွေအပေါ် ဆက်ဆံပုံကို မကျေနပ်ခဲ့ကြပေ။ သူတို့အပေါ် ကောင်းသည့် အမြင်တွေကလည်း တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။
ရွာတွင် ကောက်ပဲသီးနှံ အနည်းငယ်သာ ရှိသည်။ အစိုးရကို အခွန်ဆောင်ပြီးသည့်နောက်မှာတော့
သိပ်မကျန်တော့ချေ။ ပညာတတ်လူငယ်တွေက အလုပ်များစွာမလုပ်နိုင်ကြချေ။ တခါတလေ
သူတို့က ရွာသားတွေကို လယ်ယာလုပ်ငန်း ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးဖို့နှင့်
သူတို့ကို ကောက်ပဲသီးနှံ နည်းနည်းပေးဖို့
တောင်းဆိုရသည်။ ရွာတွင် ပညာတတ်
လူငယ်၁၂ ယောက်ထက်မနည်း ရှိနေပြီးသားပင်။ နောက်ထပ် လူ ၄ ယောက် ပညာတတ်လူငယ်တွေအနေနှင့် ရောက်လာလျှင် ရွာသားများသေချာပေါက် မပျော်ရွှင်မှာ သေချာသည်။
"ခေါင်းဆောင် ကျွန်တော့်ကို သွားခွင့်ပေးပါ"
ဟန်ရှုယောင်က ပြောလိုက်သည်။
"မင်းသွားရင် ငါလည်း လိုက်မယ်"
ခေါင်းဆောင်ရဲ့ ဒုတိယသား လီမင်ဟွေ့က
ခုန်ထွက်ပြီး ဟန်ရှုယောင်ကို ပြောလိုက်သာညွ။
လီမင်တွေ့နှင့် ဟန်ရှုယောင်တို့က လွန်ခဲ့သည့်
နှစ်တွေကတည်းက ညီအစ်ကိုတွေလို
ခင်မင်ခဲ့ကြသည်။ သူ ဒါရိုက်တာ ဖြစ်တုန်းကလည်း လီမင်ဟွေ့ကို အသားထုတ်လုပ်
စက်ရုံတွင်အလုပ်သမားအဖြစ် ခေါ်ခဲ့ပြီး
ယနေ့ခေတ်တွင် ထိုအလုပ်အကိုင်မှာ အာမခံချက်ရှိသည့် ရွှေထမင်းဇလုံတစ်ခုဖြစ်သည်။
"ဒါဆို ရှုယောင်နဲ့ မင်ဟွေ့
မင်းတို့နှစ်ယောက် နောက်မှ
ထွန်စက်နဲ့ သွားကြိုလိုက်ပါ"
အဖွဲ့ခေါင်းဆောင်က အသက်ကြီးသည့် ပညာတတ်လူငယ်တစ်ယောက်ကို ပြောလိုက်သည်။
"ကျောက်ကျစ်ချင်း...
မင်းပြန်ရောက်ရင် ပညာတတ်လူငယ်တွေကို စုစည်းပြီး သူတို့ကို အိမ်ပြန်ခေါ်သွားလိုက်ပါ
ခြံဝန်းကို ပညာတတ်လူငယ်တွေ
နေဖို့ သန့်ရှင်းရေးလုပ်လိုက်ပါ
သြော် နောက်ပြီး ပညာတတ်လူငယ်တွေထဲမှာ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးသုံးယောက် ပါတယ်တဲ့၊ ဒါကြောင့် မင်းတို့က
အဆင်ပြေအောင် စီစဉ်ပေးလိုက်ကြပါဦး"
"ခေါင်းဆောင် ပညာတတ်လူငယ်
အဖွဲ့ချုပ်အိမ််က ပြည့်နေပြီ
လူလေးယောက်ထပ်နေဖို့ နေရာမရှိလောက်ဘူးထင်တယ်"
ကျောက်ကျစ်ချင်းက ပြောလေသည်။
"ပြည့်နေပြီလား ကောင်းပြီ၊
မင်းတို့ သန့်ရှင်းရေးလုပ်လို့ရမလား
ကြည့်လိုက်ဦး
မရရင်တော့ နောက်တစ်နေရာ ရှာရမယ်"
ခေါင်းဆောင်က ခေါင်းကိုက်နေသည့်
ပုံနှင့် ပြောလိုက်၏။
"ကဲ ဒါပဲ ပြောစရာရှိတော့တယ်
အားလုံး အိမ်ပြန်လို့ရပါပြီ"
ခေါင်းဆောင်က ရွာသားတွေကို
ပြောပြီးပြန်လွှတ်လိုက်သည်။
သူတို့တွင်လုပ်စရာ ဘာမှမရှိတော့တာကို သိသောအခါ ရွာသားတွေကစကားပြောရင်း အိမ်ကို ပြန်လျှောက်သွားခဲ့ကြသည်။ ယခုအခါ သူတို့ အိမ်ရောက်လျှင် ခဏမျှနားလို့ရပြီ။