"ဪ ယောင်ယောင်ရေ
သမီးပစ္စည်းတွေ အများကြီးယူလာလို့မရဘူးဆိုတာ သိတယ် ဒါကြောင့် အမေနဲ့အဖေ မနေ့ညကတည်းက တချို့ကိုထုပ်ပိုးပြီးပြီ
မနက်ကပဲ ဟန်ကျင့်ရန် နဲ့
သူတို့မိသားစုအတွက်မြို့ B ကနေ
ချင်းရှန်ခရိုင်ကို ပို့လိုက်တယ်
ပေဂျင်းကနေ ချင်းရှန်ခရိုင်ကို
ရထားနဲ့သွားရင် ငါးနာရီလောက်ကြာတယ်
ပစ္စည်းတွေက မနက်ဖြန် ချင်းရှန်ခရိုင်ကို ရောက်မယ် သမီးရောက်တဲ့အခါ သွားယူလိုက်နော်"
ယဲ့ချင်ဖုန်း၊ ယဲ့အဖေက ထမင်းပန်းကန်ကိုင်ပြီး မီးဖိုချောင်ထဲက ထွက်လာရင်း ပြောလိုက်သည်။ ယဲ့ချင်ဖုန်းဟာ အရပ်ရှည်ပြီး ပိန်သွယ်သူ
ဖြစ်ကာ ချောမောပြီး နှာတံပေါ်ပေါ်မှာ
ဘောင်အနက်ရောင် မျက်မှန်တပ်ထားတာကြောင့် လူတွေကို နူးညံ့ပြီး တည်ငြိမ်တဲ့
ခံစားချက်မျိုးပေးစွမ်းသည်။
"ဟုတ်ကဲ့ပါ အဖေ သမီးနားလည်ပါတယ်"
ယဲ့မုန့်ယောင်က ပြန်ပြောလိုက်သည်။
"ကောင်းပြီ ဒါဆို မမေ့နဲ့နော်"
ယဲ့ချင်ဖုန်း မီးဖိုချောင်ထဲကို ပြန်ဝင်သွားပြီး
ဟင်းပန်းကန်နှစ်လုံးကို ယူလာသည်။
သူက ပန်းကန်တွေကို စားပွဲပေါ်ချပြီး ပိုင်ယွင်ကို ပြောလိုက်သည်။
"ယွင်ယွင် မင်းတို့ အလုပ်တွေပြီးပြီလား
လာပြီး ထမင်းစားတော့"
"ကောင်းပါပြီရှင် ဒီမှာအားလုံးသိမ်းပြီးပြီ"
ပိုင်ယွင်က ယဲ့ချင်ဖုန်းထံ လျှောက်သွားပြီး
ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
"ဒီနေ့ ကျွန်မပစ္စည်းတချို့ထုပ်ပိုးဖို့ကူညီလိုက်တယ် ဒါက ကျွန်မ့အတွက် ခက်ခဲတဲ့အလုပ်
မဟုတ်ပါဘူး ရှင်ကတော့ အရမ်းကြိုးစားတဲ့သူပဲ
အလုပ်ကပြန်လာရင်ကျွန်မတို့အတွက် ချက်ပြုတ်ပေးရတယ် ရှင့်တစ်ကိုယ်လုံး ချွေးတွေရွှဲနေတာပဲ
လာလာ ကျွန်မ သုတ်ပေးမယ်"
ပိုင်ယွင်က ပြောပြီး လက်ကိုင်ပုဝါကို
ထုတ်လိုက်သည်။
ယဲ့ချင်ဖုန်းက ယနေ့ခေတ်လူအများစုလို ယောက်ျားဝါဒကြီးစိုးတဲ့သူ မဟုတ်ချေ။ သူက အိမ်မှုကိစ္စအားလုံးကို သူ့မိန်းမတစ်ယောက်တည်း လုပ်သင့်တယ်လို့ မထင်ပေ။
ယဲ့ချင်ဖုန်းက ပိုင်ယွင်နှင့် လက်ထပ်ခဲ့သည့်
နှစ်တွေတစ်လျှောက်လုံး အိမ်မှုကိစ္စ
အားလုံးကို လုပ်ကိုင်ခဲ့သည်။ ယဲ့ချင်ဖုန်း အိမ်မှုကိစ္စများလုပ်သည့်အခါတိုင်း ပိုင်ယွင်က အမြဲနောက်ကနေ လိုက်ကူညီလေ့ရှိသည်။
သူတို့နှစ်ယောက်က အတူတူချက်လေ့ရှိကြသည်။ ပိုင်ယွင် အလုပ်ကပြန်လာသည့်အခါ ယဲ့ချင်ဖုန်းက သူမကို နေ့တိုင်းလာကြိုပေးသည်။ အိမ်ထောင်သက်တမ်းကြာလာတာနဲ့အမျှ
သူတို့နှစ်ယောက်က ပိုပြီးရင်းနှီးလာကြ၏။
မင်္ဂလာဦးကာစ ဇနီးမောင်နှံတွေက
ဒီထက်ပိုပြီး ရင်းနှီးသင့်သည်။
ယဲ့ချင်ဖုန်းနှင့် ပိုင်ယွင်တွင် ယဲ့မုန့်ယောင်ဆိုသည့် သမီးတစ်ယောက်သာရှိသည်။ ဤခေတ်တွင် သမီးမိန်းကလေးတစ်ယောက်တည်းရှိသည်မှာ
ရှားပါးသည့်အတွက် အိမ်နီးချင်းများက
ထိုအကြောင်း အလွန် ပြောကြသည်။
သူတို့က အထူးသဖြင့် ကျေးလက်ဒေသတွေမှာ အသက်ကြီးလာတဲ့အခါ မိသားစုကို
ဆက်လက်ထိန်းသိမ်းရန်နှင့်စောင့်ရှောက်ဖို့အတွက် သားတစ်ယောက် လိုအပ်တယ်လို့ ထင်ကြသည်။ သားမရှိသည့်မိသားစုဆိုရင် အသက်ကြီးလာလျှင် ဂရုစိုက်ခံရမှာမဟုတ်ဘူးဟုလူတွေက ထင်ကြမှာကိုလည်း ယဲ့ချင်ဖုန်းတို့က ဂရုမစိုက်ချေ။
ယဲ့ချင်ဖုန်းနှင့် ပိုင်ယွင်တို့က သမီးလေးရလို့ အလွန်ပျော်ရွှင်ခဲ့ကြသည်။ သူတို့က
သမီးမိန်းကလေးတွေကို အရမ်းချစ်ကြပြီး အထူးသဖြင့် ယဲ့ချင်ဖုန်းက သမီးကျွန်
တစ်ယောက်ဖြစ်သွားခဲ့သည်။
ပိုင်ယွင် ကိုယ်ဝန်ဆောင်ချိန်မှာ သူဟာ
သမီးလေးအတွက် အဝတ်အစားတွေ
ကြိုတင်ပြင်ဆင်ထားခဲ့သည်။ နောက်ပိုင်းမှာ
ပိုင်ယွင် ကလေးမွေးဖွားနိုင်စွမ်း မရှိတော့သည်ြ
အခါမှာတောင် သူက ဂရုတစိုက်နှင့် ပြုစုစောင့်ရှောက်ခဲ့သည်။
ယဲ့ချင်ဖုန်းနှင့် သူ့မိသားစုမှာ ယဲ့မုန့်ယောင်တစ်ယောက်တည်းသာ သားသမီးရှိရသည့် အကြောင်းအရင်းမှာ ပိုင်ယွင်က ကလေးမွေးရမှာ ကြောက်သည့်အပြင် နောက်ထပ်ကလေး မလိုချင်ခဲ့ချေ။ ယဲ့ချင်ဖုန်းကလည်း သူ့ဇနီး
ထပ်မံနာကျင်ခံစားရမည်ကို မလိုလားပေ။
ပိုင်ယွင် ကလေးမွေးတဲ့အချိန်မှာ သူမအဖေဆီက ကြားခဲ့ရတာက ယဲ့ချင်ဖန်းဟာ ပိုင်ယွင်ရဲ့ နာကျင်တဲ့အော်သံတွေကို အပြင်ကနေ
နားထောင်နေခဲ့ပြီး ကြောက်လန့်တကြားဖြစ်ကာ သူ၏ခြေထောက်များပင် တုန်နေခဲ့သည်။
ယဲ့မုန့်ယောင် မွေးပြီးတဲ့နောက်မှာ သူဟာ သားကြောဖြတ်လိုက်သည်။ ဤခေတ်ကာလမှာ
ဒါဟာ အရမ်းရှားပါးသည့်ကိစ္စတစ်ခုဖြစ်ပြီး
ယဲ့ချင်ဖုန်း၏ အတွေးအခေါ် ဘယ်လောက်ခေတ်မှီကြောင်း ပြသနေခဲ့သည်။ ယဲ့ချင်ဖန်းဟာ
ပိုင်ယွင်ထက် ခေါင်းတစ်လုံးစာလောက် ပိုမြင့်သည်။ ဒါကြောင့် သူဟာ ပိုင်ယွင် ချွေးသုတ်ရတာ ပိုအဆင်ပြေအောင် သူ့ခေါင်းကို ငုံ့ပေးထားသည်။
"ကျေးဇူးတင်ပါတယ် ယွင်ယွင်" လို့ ပြောပြီးနောက်မှာ ယဲ့ချင်ဖုန်းဟာ သူ့ခေါင်းကို ပြန်မော့လိုက်ပြီး ပိုင်ယွင်ကို နမ်းလိုက်သည်။
ယဲ့မုန့်ယောင်ဟာ ထိုမြင်ကွင်းကို နောက်ကွယ်ကနေ မြင်နေရသည်။ သူမရဲ့ယခင်ဘဝမှာ
သူမက လင်နဲ့မယားဆိုတာ အချိန်ကြာလာတာနဲ့အမျှ ရိုးသွားတတ်ကြပြီး သာမန်သံယောဇဥ်သာရှိတော့သည်ဟု ကြားခဲ့ဖူးသည်။
သို့သော် နှစ်ပေါင်းများစွာ အိမ်ထောင်သက်တမ်းကြာပြီးတဲ့နောက်မှာတောင် သူတို့နှစ်ယောက်က
အခုထိ ခွေးစာကျွေးတုန်းကလိုပဲ
အပြန်အလှန် ချစ်ခင်နေကြတုန်းပါလားဟု တွေးလိုက်မိသည်။
"ဟုတ်ပါပြီ ယောင်ယောင်က ဒီမှာရှိနေတုန်းပဲ"
ပိုင်ယွင်က ရှက်ရွံ့စွာနဲ့ ယဲ့ချင်ဖုန်းကို
တွန်းဖယ်လိုက်သည်။
ယဲ့မုန့်ယောင် သူ့စိတ်ထဲမှာ တွေးလိုက်မိတယ်...
သမီးကို သတိထားမိဖို့က နည်းနည်း
နောက်ကျလွန်းနေပြီ မဟုတ်လား...
"အဟမ်း ထမင်းစားချိန်ရောက်ပြီ"
ယဲ့ချင်ဖုန်းက နည်းနည်းတော့
အနေရခက်တဲ့ပုံစံနဲ့ ပြောလိုက်သည်။
မိသားစုသုံးယောက်က ညစာစားပြီးတဲ့နောက်
ယဲ့ချင်ဖုန်းဟာ ပန်းကန်ဆေးရန် မီးဖိုချောင်ထဲကို သွားခဲ့သည်။ ပိုင်ယွင်က စားပွဲမှကထပြီး အခန်းထဲကို ပြန်ဝင်သွားခဲ့သည်။ သူမ ပြန်ထွက်လာသည့်အခါ လက်ထဲတွင် ၁၀ စင်တီမီတာခန့်ရှိသည့်
ဝါးခြင်းတောင်းလေးတစ်လုံး ကိုင်ထားသည်။
ယဲ့ချင်ဖုန်းက ဝါးယက်လုပ်နည်းကို သိသည်။
ထိုခြင်းတောင်းလေးကို ကိုယ်တိုင်
ရက်လုပ်ထားခြင်းဖြစ်၏။ သူက
ယဲ့မုန့်ယောင် ပြောပြခဲ့သည့် သတင်းစာပို့သူလွယ်တတ်သည့် အိတ်ပုံစံ ဝါးအိတ်တွေကို ပိုင်ယွင်နှင့်
ယဲ့မုန့်ယောင်တို့အတွက် ယက်လုပ်ပေးခဲ့သည်။ နောက်ပိုင်းတွင် သူတို့နှစ်ယောက် ထိုအိတ်တွေကို အလွန်ကြိုက်သွားခဲ့သည်။ ထို့ကြောင့် သူက ဝါးရက်လုပ်တဲ့ပစ္စည်းတွေကို အထူးလေ့လာခဲ့ပြီး အခုဆိုရင် ယဲ့ချင်ဖုန်းရဲ့အိမ်တွင် ဝါးနှင့်လုပ်ထားသည့် ပစ္စည်းအများအပြား ရှိနေပြီဖြစ်သည်။
"ယောင်ယောင် ဒီမှာ သမီးသုံးဖို့ငွေနော်
တခြားလိုအပ်တာရှိရင်ဝယ် မချွေတာနဲ့
ကိစ္စတွေပြီးရင် အမေတို့ဆီ ပြန်လာခဲ့"
ပိုင်ယွင်က ပြောပြီး ဝါးခြင်းတောင်းလေးကို
ယဲ့မုန့်ယောင်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
"အမေနဲ့အဖေ ဒီငွေတွေကို သိမ်းထားလိုက်ပါ သမီးမှာ သုံးဖို့ငွေရှိပါတယ်
သမီးငယ်ငယ်ကတည်းက စုထားတဲ့
အိတ်ထဲကငွေတွေ အကုန်သုံးလို့တောင် မကုန်နိုင်သေးပါဘူး အခုဆိုရင်
ယွမ်တစ်ထောင်လောက်တောင် ရှိနေပြီ"
ယဲ့မုန့်ယောင်က တုံ့ဆိုင်းစွာနဲ့ ပြောလိုက်သည်။
"ဟုတ်ပါပြီ
ယောင်ယောင်ရယ် အဲဒါက သမီးပိုက်ဆံပဲ
ဒါတွေက အဖေရဲ့လက်ဆောင်တွေပါ
အဖေတို့ဆီမှာ ငွေမရှားပါဘူး
ဒါတွေကို ယူထားလိုက်ပါ"
ယဲ့ချင်ဖုန်းက ပန်းကန်ဆေးပြီး သူ့ဘေးမှာ
ထိုင်ရင်း ပြောလေသည်။ ယဲ့မုန့်ယောင်က
သူ့မိသားစုမှာ ငွေမရှားဘူးဆိုတာကို သူမသိသည်။ ထို့ကြောင့် သူမဟာ ဝါးခြင်းတောင်းလေးကို ယူပြီး သူမရဲ့မိဘတွေရှေ့မှာ ထားလိုက်သည်။ သူတို့က အံ့သြသင့်သွားပုံမပေါ်ချေ။ မိသားစု သုံးယောက် တူတူထိုင်ပြီး ခဏမျှ စကားပြောလိုက်ကြသည်။
ည ၁၀ နာရီခန့် ထိုးတော့မည်ဖြစ်ပြီး အဖေနဲ့သမီး စကားပြောနေတာကို မြင်လိုက်သည့် ပိုင်ယွင်က
သူတို့ကို အိပ်ရာဝင်ဖို့ တိုက်တွန်းလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် နောက်တစ်နေ့မနက် စောစောထပြီး ရထားဘူတာကိုသွားကာ
၉ နာရီရထားကို မှီအောင်သွားရမှာ ဖြစ်သည်။
နောက်နေ့မနက် ၇ နာရီတွင် ယဲ့မုန့်ယောင်
နိုးလာပြီး မျက်နှာသစ်၊ သွားတိုက်ကာ
မီးဖိုချောင်ထဲဝင်လိုက်သည်။ သူမ
မီးဖိုချောင်ထဲတွင် ပိုင်ယွင်တစ်ယောက်တည်း
မုန့်ပေါင်းလေးများ လုပ်နေတာကို တွေ့လိုက်ရသည်။
သူမဘေးမှာ ပေါင်မုန့်ပေါင်းလေးတွေ
အများကြီးရှိနေသည်။ ပိုင်ယွင်နှင့် အမြဲတမ်းအတူရှိနေတတ်သည့် ယဲ့ချင်ဖုန်းကတော့ ဘယ်ရောက်နေမှန်း မသိချေ။
"အမေ ဒီနေ့ ဘာလို့ တစ်ယောက်တည်း
မနက်စာ ပြင်နေတာလဲ ပြီးတော့
ဘာလို့ မုန့်လုံးလေးတွေနဲ့ ပေါင်မုန့်တွေ
အများကြီး လုပ်ထားတာလဲ
အဖေရော ဘယ်သွားလဲ"
ယဲ့မုန့်ယောင်က ပိုင်ယွင်ဆီ လျှောက်သွားပြီး ပေါင်မုန့်တစ်လုံးကို ကောက်ကိုင်ကာ စားရင်း
မေးလိုက်သည်။
"သမီးပဲ အမေလုပ်ထားတဲ့ မုန့်လုံးလေးတွေနဲ့ ပေါင်မုန့်တွေကို စားချင်တယ်လို့ ပြောခဲ့တယ်လေ
သမီးရဲ့နေရာလွတ်ဆိုတာက
ဘာထည့်ထားချင်လဲ၊ ဘာယူချင်လဲဆိုတာ
သမီးဆုံးဖြတ်ပိုင်ခွင့်ရှိတယ်
အမေနောက်ထပ်လုပ်ပြီး သမီးနေရာလွတ်မှာ
ထည့်ပေးဖို့ စီစဉ်ထားတယ်ဘယ်လိုထင်လဲ
သမီးစားချင်တဲ့အချိန် စားလို့ရတယ်"
ပိုင်ယွင်က ပြုံးပြီး ပြောလိုက်၏။
"သမီးအဖေက မုန့်နှယ်ဖို့ အမေ့ကိုကူညီပြီးတော့
အစိုးရပိုင်စားသောက်ဆိုင်က ဦးလေးဝမ်ဆီကိုသွားတယ်
မနေ့က အဲဒီမှာ ဘဲကင်အနည်းငယ်မှာထားခဲ့တယ်တဲ့ သမီးမနက်ဖြန် ကျေးလက်ကို သွားမယ်ဆိုတာကိုသိလို့ ဦးလေးဝမ်က ဒီလောက်စောစောထပြီးလုပ်ပေးဖို့ သဘောတူခဲ့တာ
ဦးလေးဝမ်က အစိုးရပိုင် စားသောက်ဆိုင်ပိုင်ရှင်လေ
အဲဒီစားသောက်ဆိုင်ရဲ့စားဖိုမှူးက ဘဲကင်လုပ်ရာမှာကျွမ်းကျင်ပြီး ယဲ့ချင်ဖုန်းနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မိတ်ဆွေတွေ ဖြစ်ခဲ့ကြတာ သမီး ဗိုက်ဆာနေရင် အရင်စားထားလိုက်ပါ့လား"
ပိုင်ယွင်က ပေါင်မုန့်စားနေသည့်
ယဲ့မုန့်ယောင်ကို ပြောလိုက်ပါသည်။
"ရပါတယ် သမီးတို့ အဖေပြန်လာမှ
အတူတူစားကြတာပေါ့"
ယဲ့မုန့်ယောင်က သူ၏လက်ထဲမှပေါင်မုန့်ကို
စားပြီးသည့်နောက် ပိုင်ယွင်နှင့်အတူ မုန့်လုံးလေးများ လုပ်လိုက်သည်။
ယဲ့မုန့်ယောင်နှင့် သူမအမေတို့ ပေါင်မုန့်တွေကို အတူတူလုံးပြီး ပိုင်ယွင်က အသစ်လုပ်ထားသည့်
မုန့်လုံးလေးတွေကို နှစ်ပုံခွဲလိုက်သည်။
တစ်ပုံက ပေါင်းရန်နှင့် နောက်တစ်ပုံက ကြော်ရန်ဖြစ်သည်။
ယဲ့မုန့်ယောင်က ၎င်းက အရမ်းအလုပ်ရှုပ်တယ်ဟုထင်ပြီး အချိန်လုံလောက်ပါ့မလားလို့
တွေးနေမိသည်။ သို့သော် သူမ ပိုင်ယွင်ကို
ဘယ်လိုမှ တားလို့မရခဲ့ချေ။ ဘာပဲဖြစ်ဖြစ်
သူမကတော့ လုပ်စရာရှိတာကို ဆက်လုပ်နေခဲ့သည်။
ပိုင်ယွင်က မုန့်လုံးလေးတွေ အားလုံး
လုပ်ပြီးသွားသည့်အချိန်၌ ယဲ့ချင်ဖုန်းလည်း အပြင်ကနေ ပြန်ရောက်လာသည်။
သူ၏လက်ထဲတွင် ပစ္စည်းများပါလာသည်။ ကောင်းမွန်သည့် မနက်စာကို မိသားစု
သုံးယောက် အတူတူ စားလိုက်ကြသည်။
မနက်စာစားပြီးတဲ့နောက်မှာ သူတို့ သုံးယောက် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်လိုက်ကြသည်။
"အဖေ ဘာလို့ အများကြီး ဝယ်လာတာလဲ"
ယဲ့မုန့်ယောင်က ယဲ့ချင်ဖုန်း ယူလာတဲ့ အိတ်ကြီးကို ကြည့်ပြီး မေးလိုက်သည်။
"ဘဲကင် သုံးကောင်၊ ကြက်သားပေါင်း သုံးပွဲ၊
ဝက်ခြေထောက်ပေါင်း၊ ဝက်ခေါင်းပေါင်းနဲ့ ဝက်သားပြားတွေ ပါတယ်"
ယဲ့ချင်ဖုန်းက အိတ်ထဲက ပစ္စည်းများကို
ထုတ်ရင်း ပြောလိုက်သည်။
"အဖေ ဘာလို့ ဒီလောက်အများကြီး
ဝယ်လာတာလဲ ဘယ်လောက် ကုန်ခဲ့လဲ"
ယဲ့မုန့်ယောင်က အံ့သြတကြီးနှင့် မေးလိုက်မိသည်။
"အဖေ ကံကောင်းလို့ပါ အစိုးရပိုင် စားသောက်ဆိုင်က ဒီနေ့ ဟင်းပေါင်းတွေနဲ့ အသားပြားတွေကို ရောင်းနေတာ တွေ့လို့
လာရင်းနဲ့ အဲဒီကနေ ပိုဝယ်လာခဲ့တာ
ပိုက်ဆံအတွက်တော့ စိတ်မပူနဲ့
အဖေတို့မိသားစုမှာ ဒီလောက်ငွေလေးတော့
မရှားပါဘူး"
ယဲ့ချင်ဖုန်းက ပြုံးရင်းပြောလိုက်သည်။
ပိုင်ယွင်က မီးဖိုချောင်ထဲကနေ ဝါးခြင်းတောင်းနှစ်လုံးနဲ့ ပြန်ထွက်လာသည်။ တစ်လုံးက အကြီး၊ တစ်လုံးက အသေးဖြစ်၏။ သူမက ယဲ့မုန့်ယောင်နေ့လယ်စာကို ရထားပေါ်တွင် စားဖို့ ထည့်ပေးပြီး နို့မှုန့်အိတ်ကိုလည်း ဝါးခြင်းတောင်းအသေးထဲ ထည့်လိုက်သည်။
ယဲ့မုန့်ယောင်က သူ့တို့အတွက် မုန့်လုံးလေးတွေ၊ပေါင်မုန့်တချို့ကို ချန်ထားခဲ့ရန် ပြောခဲ့သော်လည်း ပိုင်ယွင်က သူတို့ စားချင်ရင် နောက်လုပ်လို့ရတယ်ဟု ပြောလိုက်သည်။
ထို့ကြောင့် သူမက ယနေ့ မနက် လုပ်ထားသည့်
မုန့်လုံးအားလုံးကို ယဲ့မုန့်ယောင်အတွက် ထည့်ပေးလိုက်သည်။
ယဲ့ချင်ဖုန်းက ပစ္စည်းတွေကို မနက်က
ဝယ်လာခဲ့တာဖြစ်ပြီး ဘဲကင်တစ်ကောင်နဲ့ ကြက်သားပေါင်းတစ်ပွဲကိုတော့ ချန်ထားခဲ့သည်။
ယဲ့ချင်ဖုန်းက ဝက်ခေါင်းကို စားရတာကြိုက်လို့
ပိုင်ယွင်က ယဲ့မုန့်ယောင်အတွက် ထည့်ပေးချင်သော်လည်း အားလုံးကို မထည့်ပေးခဲ့ချေ။
ကျန်သည့် ဟာတွေကိုတော့
ဝါးခြင်းတောင်းအကြီးထဲ ထည့်ပြီး
ယဲ့မုန့်ယောင်၏နေရာလွတ်ထဲမှာ
ထားလိုက်သည်။
ထုပ်ပိုးပြီးတဲ့နောက် ယဲ့မုန့်ယောင်က
အသစ်ဝယ်ထားသည့် အပြာရောင်
လီနင်ဝတ်စုံကို ဝတ်လိုက်ပြီး နောက်ကျောတွင် ဝိုင်းဝိုင်းလေးနှင့် ဝါးကျောပိုးအိတ်ကို
လွယ်ကာ လက်ထဲမှာ ဝါးခြင်းတောင်းအသေးလေးကို ကိုင်လိုက်သည်။
သူမက မိဘတွေနောက်ကနေ ရထားဘူတာကို
လိုက်ပါသွားသည်။ ဘူတာတွင် လူတွေ
အများကြီးရှိပြီး အများစုကတော့ သူမလို ကျေးလက်ကိုသွားမယ့် လူငယ်တွေ ဖြစ်ပုံရသည်။
အစိမ်းရောင်ရထားဟာ အချိန်မီ ရောက်လာတာကြောင့် ပိုင်ယွင်က ပလက်ဖောင်းမှာ စောင့်နေခဲ့သည်။ ယဲ့ချင်ဖန်းက အနီရောင်သားရေလက်ဆွဲအိတ်နဲ့ ဝါးခြင်းတောင်းကို ကိုင်ပြီး
ယဲ့မုန့်ယောင်ကို ရထားပေါ်အထိ လိုက်ပို့ပေးသည်။
ဤခေတ်တွင် ရထားလာပို့သည့်သူတွေဟာ ရထားထွက်ခါနီးမှ ဆင်းကြလေ့ရှိသည်။ လူအရမ်းများသောကြောင့် ဖြစ်၏။သူမတို့နှစ်ယောက်လုံး ထိုင်ခုံရမှ သက်ပြင်းချလိုက်မိသည်။
ယဲ့ချင်ဖုန်းက အိတ်နှစ်လုံးကို ယဲ့မုန့်ယောင်၏ ခေါင်းပေါ်မှ စင်ပေါ်မှာ တင်ပေးပြီး မှားမဆွဲမိအောင် သတိပေးလိုက်သည်။ သူက နောက်ထပ် စကားအနည်းငယ် ပြောချင်သေးသော်လည်း ရထားထွက်တော့မှာမလို့ ဆင်းသွားခဲ့ရသည်။
ယဲ့မုန့်ယောင်က နေ့လယ်စာထည့်ထားသည့် အိတ်အသေးလေးကို စားပွဲပေါ်မှာ တင်လိုက်ကာ ရထားစထွက်သည့်အခါ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်ပြီး မိဘတွေကို လက်ပြနှုတ်ဆက်လိုက်သည်။ သူမ မျက်ရည်များ အလိုလို စီးကျလာခဲ့သည်။
ယခင်ဘဝတွင် သူမသည် မိဘမဲ့တစ်ယောက်ဖြစ်ခဲ့သောကြောင့် မိသားစုနှင့်အတူနေရသည့်ဘဝကို ဘယ်တုန်းကမှ မခံစားခဲ့ရချေ။ ခွဲခွာရသည့် ခံစားချက်က သူမအတွက် အသစ်အဆန်းတစ်ခုလိုပင်ဖြစ်နေသည်။ ဤဘဝတွင်တော့ သူမ မိဘတွေ၏ ချစ်ခြင်းမေတ္တာကို ခံစားခဲ့ရပြီး သူတို့ကို နှုတ်ဆက်ရသည့်အခါ ဘယ်လောက်တောင် ခွဲခွာဖို့ တွန့်ဆုတ်နေလဲဆိုတာကို သိလိုက်ရသည်။
ယဲ့မုန့်ယောင်က သူမရဲ့ မိဘတွေကို
အဝေးမှာ အမည်းစက်လေးတွေလို သေးငယ်သွားတဲ့အထိ ကြည့်နေခဲ့ပြီးမှ သူမရဲ့ ဝါးကျောပိုးအိတ်ထဲက ပဝါလေးကို ထုတ်ယူပြီး မျက်ရည်တွေကို သုတ်လိုက်သည်။
"အိုး နောက်ဆုံးတော့ ထိုင်ခုံရပြီ
ဟေ့ မုန့်ယောင် နင်လည်း ကျေးလက်ကို
သွားမှာမလား ဘယ်ကိုသွားရမှာလဲ
နင်တို့မိသားစုမှာ နင်တစ်ယောက်ပဲ
သားသမီးရှိတာဆိုတော့ နင့်မှာ..."
ထိုအချိန်တွင် ယဲ့မုန့်ယောင် ရင်းနှီးသည့်အသံကို ဘေးမှ ကြားလိုက်ရသည်။