"ဟုတ်သားပဲ၊ ညီမတို့ မနေ့က ဗီဒီယိုတောင် ရိုက်လိုက်သေးတယ်။" ဖန်တုံတုံက သူမခေါင်းကို ခေါက်လိုက်သည်။
သူမ ပိုက်ဆံအိတ်ထဲမှ ပစ္စည်းကို အမြန်ပြန်ယူလိုက်သည်။
"မနေ့က ကုမ္ပဏီကိုတောင် ဗီဒီယိုတည်းဖြတ်ခိုင်းလိုက်တာ။ အဲဒါကို မေ့နေတာ ယုံတောင်မယုံကြည်နိုင်ဘူး"
ဂျီဝမ်ဖုန်းသည် USB drive ကိုယူပြီး ရှီရန်၏အလုပ်ခန်းထဲရှိ ကွန်ပျူတာ၌ဖွင့်သည်။
ရှီရန် စိတ်သက်တောင့်သက်သာဖြစ်နေသည်ကို မြင်သောအခါ ဖန်တုံတုံက အပြေးလာသည်။
"မမရန်က စိတ်ထားကောင်းတယ်။ ဒီလူက ဘယ်လောက်တောင် လွန်လွန်းနေမှန်း မသိဘူး။"
"ဘယ်လိုလွန်နေလို့လဲ?" ရှီရန်သည် သူမ၏ဇာတ်ညွှန်းကိုဖတ်နေသည်မှ မော့ကြည့်လိုက်သည်။
"ကြည့်ပါဦး" ဖန်တုံတုံက ရှီရန်အား ဖုန်းကို ပေးလိုက်သည်။
ရှီရန်က စိတ်မပူပန်စွာ ကြည့်လိုက်သည်။ 'ဘယ်သူလုပ်တယ်ထင်လဲ'
"မုန်းတီးနေတဲ့ပရိသတ်တွေပဲ ဖြစ်ရမယ်" ဖန်တုံတုံက နှုတ်ခမ်းစူပြီးပြောသည်။
"မှန်အောင်ခန့်မှန်းနိုင်ရင် ငါတို့ ဒီည ဟော့ပေါ့သွားစားမယ်"
ဖန်တုံတုံ၏မျက်လုံးများသည် ခဏတာ တောက်ပလာသည်။ သူမ မျက်မှောင်ကြုတ်ပြီး တွေးနေမိတော့သည်။
"သူမက ဝမ်ယုဖေးရဲ့ဓါတ်ပုံကောင်းတစ်ပုံနဲ့ မမရန်ရဲ့ ပုံတစ်ပုံကို ရိုက်ယူခဲ့တာပဲ။ သူက မမကို တမင်တကာ သူမနဲ့ခိုင်းနှိုင်းချင်တာဖြစ်..."
သူမ အတွေးပေါက်သွားသည်။ "ဝမ်ယုဖေးရဲ့ လူတွေ! ဒီမာနကြီးတဲ့လက်ထောက်ပဲ ဖြစ်ရမယ်!"
"ဘယ်လိုဟော့ပေါ့မျိုး ညစာအဖြစ် စားမယ်လို့ စဉ်းစားထားလဲ"
"တကယ် သူမပဲ!" ဖန်တုံတုံ ဒေါသတကြီး ထရပ်လိုက်သည်။ "စဥ်းစားရင်းနဲ့တောင် ပိုဒေါသထွက်လာပြီ။ ဒင်းက ငါတို့ကို ထောင်ချောက်ဆင်ရဲတယ်ပေါ့!!"
ရှီရန်က မထိန်းနိုင်ဘဲ ရယ်မိသွားသည်။
မနေ့ကဝမ်ယုဖေး၏လက်ထောက်က သူမကို လျှို့ဝှက်ဓာတ်ပုံရိုက်သောအခါ တစ်စုံတစ်ခုက ပစ်ကျသွားသဖြင့် ၎င်းကို ကောက်ရန် သူမ ခါးကုန်းနေချိန်ဖြစ်သည်။ ထို့ကြောင့် ရှီရန်က သူမ ပုံရိုက်နေသည်ကို မြင်ပြီးသားဖြစ်သည်။
ရုပ်ဆိုးသောဓါတ်ပုံများက သူမကို စိတ်အနှောက်အယှက်မဖြစ်စေပေ။
အဆုံးတွင် သရုပ်ဆောင်များက သူတို့အလုပ်နဲ့ သာ သက်သေပြသည်။
အဝတ်လဲခန်းတွင်
"မမယုဖေး ရှီရန်က အခု ဆိုးဆိုးရွားရွား ဝေဖန်ခံနေရပြီ။ ဟားဟားဟား" ရှောင်ရှီးဆိုဖာပေါ်ထိုင်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဝမ်ယုဖေးက မိတ်ကပ်လိမ်းနေသည်။
မိတ်ကပ်ပညာရှင်က ၎င်းကိုကြားသောအခါ သူမက "ရှီရန်ကဘာဖြစ်လို့လဲ" လို့ သံသယနဲ့ မေးသည်။
"ငါ နင့်ကို ပြမယ်။" ရှောင်ရှီးချက်ချင်းထလာပြီး မိတ်ကပ်ပညာရှင်ကို ပို့စ်ပြသည်။
မိတ်ကပ်ပညာရှင်က ၎င်းကို ဖတ်ပြီးသည့်နောက်တွင် "ရှီရန်ကို မမယုဖေးနဲ့ နှိုင်းယှဥ်နေတယ်။ နင် ပြဿနာရှာနေတာ မဟုတ်ဘူးလား။ ငါတို့ရဲ့မမယုဖေးက တည်းဖြတ်မထားတာတောင်ဓာတ်ပုံစားတဲ့သူလေ" လို့ လှောင်ပြောသည်။
"မမက တတိယမြောက်သခင်လေးနဲ့ ထိုက်တန်တဲ့ ကမ္ဘာပေါ်ကတစ်ဦးတည်းသော မိန်းကလေးပဲ"
ရှောင်ရှီးသည် ဝမ်ယုဖေး၏အမာခံပရိသတ်ဖြစ်သည်။
ဝမ်ယုဖေးက ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ " ရှောင်ရှီးက မမထက် ဘာလို့ သူမကို ပိုမုန်းနေရတာလဲ။"
"သူမက ငန်းတစ်ကောင်ကို မက်မောတဲ့ ဖားပြုတ်တစ်ကောင်လို့ပဲ ညီမ ထင်တယ်"
"မမက သူမကို အချစ်ပြိုင်ဖက်တစ်ယောက်အနေနဲ့ သဘောမထားပါဘူး။ ချူးမိသားစုထဲကို သူမ ဝင်လို့မရဘူး။ ပြီးတော့ ကျင်းချန်းက ဘယ်သူ့ကိုမှ သဘောကျမှာ မဟုတ်ဘူး။" ဝမ်ယုဖေး၏လေသံသည် နူးညံ့သိမ်မွေ့သော်လည်း သူမ၏စကားလုံးများက မာနတစ်ခွဲသားဖြစ်သည်။
"ဒါတော့အမှန်ပဲ။ ဒါပေမယ့် မူရင်းဝတ္ထုရဲ့ ပရိသတ်တွေက ရှီရန်အခု ပါဝင်လာတာကို ကန့်ကွက်နေကြတယ်။ ထုတ်လုပ်ရေးအဖွဲ့က ဖိအားကို မခံနိုင်ရင် သူတို့က သူမကို အစားထိုးလိုက်လိမ့်မယ်။" ရှောင်ရှီးက ဘဝင်ခိုက်နေသည်။
"ဘုရင်နှင့်အတူပြန်လာခြင်းက မူလက နာမည်ကြီး ဝတ္ထုကို အခြေခံပြီးဖန်တီးထားတာ။ အစပိုင်းမှာတော့ မူရင်းလက်ရာရဲ့ပရိသတ်တွေကို အားကိုးရလိမ့်မယ်။ ဒါကြောင့် ထုတ်လုပ်ရေးအဖွဲ့က အခု ဖိအားတွေ အများကြီးရနေလိမ့်မယ်" ဟု မိတ်ကပ်ပညာရှင် တစ်ဦးက ပြောသည်။
"ရှီရန်ရဲ့ Weibo ကို စစ်ကြည့်ပြီး သူမ ဘယ်လောက်တောင် ဆိုးဆိုးရွားရွား အဆူခံရတာလဲဆိုတာကို ကြည့်ရမယ်။"
ရှောင်ရှီးသည် ရှီရန်၏ ပင်မပေ့ဂျ်ကို ပျော်ရွှင်စွာ နှိပ်လိုက်သည်။
နောက်အခိုက်အတန့်တွင် သူမမျက်နှာပေါ်၌ အပြုံးက အေးခဲသွားပြီး မယုံနိုင်၍ သူမမျက်နှာကို ဖုန်းနှင့် နီးကပ်လာသည်။
ရှီရန်၏စတူဒီယိုသည် သူမ၏ဓာတ်ပုံရိုက်နေစဉ်အတွင်း ရိုက်ကူးထားသော ရှီရန်၏ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။
ဗီဒီယိုထဲတွင် မိတ်ကပ်လိမ်းပြီး အဝတ်လဲခန်းထဲက ထွက်ချိန်အပြင် ရိုက်ကူးရေး၌ Kell ၏ချီးကျူးမှုကို ခံခဲ့ရသည်အထိပါရိုက်ကူးထားသည်။
ပထမတစ်ကြိမ်ကြည့်သည်ဖြစ်စေ၊ ဒုတိယတစ်ကြိမ်ကြည့်သည်ဖြစ်စေ သူမ၏ပုံစံသည် တရားဝင်မိတ်ကပ်ဓာတ်ပုံနဲ့ မကွဲပြားပေ။
အမှန်တကယ်တွင် ၎င်းက ဗီဒီယိုတစ်ခုဖြစ်၍ ရှီရန်က ဓာတ်ပုံထဲမှာထက် ပိုအသက်ဝင်နေသေးသည်။
[!!! ဒါက အရင်ဓာတ်ပုံနဲ့ ဘာလို့ လုံးဝကွဲပြားနေရတာလဲ။]
[အကြမ်းထည်ဓာတ်ပုံက အရမ်းမှောင်လွန်းတယ်။ ဒီနေရာက ဖြူဖွေးတောက်ပနေတယ်ကော။ သူတို့က ဗီဒီယိုကို အလင်းရောင်တွေတင်ထားတာလား။]
[ပြုပြင်ထားတယ်လို့ပြောတဲ့ဘယ်သူမဆို သူမဘေးနားကဝန်ထမ်းကို ကြည့်လိုက်လေ]
[သတိအချစ်ရှိသည်ကို ငါ ကြည့်ဖူးတယ်။ ငါတို့ရဲ့မာစတာရန်က အသားအရေဖြူဖြူလေးပါဟ။]
[အဲဒီဓာတ်ပုံကို မုန်းတီးတဲ့ပရိသတ်တွေက ရိုက်ယူခဲ့တာ သေချာတယ်။ သူတို့က တမင်သက်သက်တင်ထားတာ။ သူတို့က ဝမ်ယုဖေးရဲ့ ပရိသတ်တွေပဲ မဟုတ်လား။]
[ငါပြောချင်နေတာအတော်ကြာပြီ။ အဲဒီ အကြမ်းထည်ပုံက သူမမျက်နှာကိုတောင် ရှင်းရှင်းလင်းလင်း မမြင်ရဘူး။]
[အရမ်းလှတယ်!! ဒုတိယပုံစံကို ကြိုက်တယ်။ မိုက်မဲတဲ့ပိုင်လန်က အရမ်းစွဲမက်စရာကောင်းတယ်။]
[စတူဒီယိုက သူတို့ရဲ့ မျက်နှာတွေကို တိုက်ရိုက် ပါးရိုက်လိုက်တာပဲ။ ဒီမားကက်တင်းအကောင့်ရဲ့မျက်နှာက နာကျင်နေပြီလားလို့တောင်တွေးမိတယ်။]
[ရိုးရိုးသားသား ပြောရရင် သူမက ဝမ်ယုဖေးထက် အများကြီး ပိုလှတယ် ဟုတ်ပြီလား?]
"ဘာဖြစ်နေလို့လဲ?" ဝမ်ယုဖေးသည် ရှောင်ရှီး၏တုံ့ပြန်မှုမျက်နှာအမူအရာကို မိတ်ကပ်မှန်ပေါ်မှ မြင်ရသည်။
"ရှီရန်နဲ့ တခြားသူတွေက ဗီဒီယိုရိုက်တင်ထားကြတယ်လေ။" ရှောင်ရှီးက ဒေါသအလွန်ထွက်နေပြီး ဖုန်းကို ရိုက်ခွဲပစ်လိုက်ချင်သည်။ "ရှီရန်က မမယုဖေးထက်တောင်ပိုလှတယ်လို့ တစ်ယောက်ကတောင် ပြောထားသေးတယ်!"
"သူမရဲ့မန်နေဂျာက ဝမ်ဖုန်းလေ။ ရုပ်ဆိုးတဲ့ဓာတ်ပုံက သူ့အတွက် ကိစ္စသေးသေးလေးပဲ"ဝမ်ယုဖေးသည် မှန်ထဲတွင် သူမ၏မျက်နှာကို ကြည့်ပြီး မျက်လုံးကို ကျဥ်းမြောင်းလိုက်သည်။
ရှီရန်က ငါ့ထက် တကယ်ကို ပိုလှနေတာလား?
အဲဒီနေ့ ရှီရန်ကားမောင်းပြိုင်တုန်းကလည်း ကျင်းချန်းက ဒီလိုပဲ ထင်ခဲ့တာလား?
"သတိအချစ်ရှိသည်" ၏ဒုတိယအပတ်ကို မြို့F ရှိကမ်းခြေအိမ်၌ရိုက်ကူးသည်။
ရှီရန်နဲ့ ဖန်တုံတုံတို့သည် မနေ့က အနီးနားရှိဟိုတယ်တစ်ခုတွင် ဝင်ရောက်သည်။
ဟိုတယ်တွင် ဝင်လာပြီးနောက် ရှီရန်သည် ဟိုတယ်၏ဒုတိယထပ်ရှိ Gym သို့ တန်းတန်းမတ်မတ်သွားသည်။
သူမသည် အစိမ်းရင့်ရောင် လေ့ကျင့်ခန်းအင်္ကျီနှင့် မီးခိုးရောင်လေ့ကျင့်ခန်းဘောင်းဘီကို ဝတ်ဆင်ထားသည်။ တင်းကျပ်သော ဒီဇိုင်းသည် သူမ၏ပြီးပြည့်စုံသောကိုယ်လုံးကို ကြွားဝါဖော်ပြထားသည်။
ညရှစ်နာရီထိုးပြီဖြစ်သော်လည်း အားကစားရုံက လူစည်ကားနေဆဲဖြစ်သည်။
သူမသည် လမ်းတလျှောက်လုံး ခေါင်းကို မကြာခဏ လှည့်ကာ ပြေးစက်ဆီသို့ သွားသည်။
ရှီရန်သည် အနီးအနားရှိလူများ၏အကြည့်များကို ခံစားမိသောကြောင့် နားကြပ်တပ်ကာ စပြေးသည်။
သူမသည် သူတို့ကို လျစ်လျူရှုထားသည်။
သို့သော် သူမ လျစ်လျူမရှုနိုင်သော တောက်လောင်နေသောအကြည့်တစ်ခု ရှိသည်။
သူမ လှည့်ကြည့်လိုက်သောအခါတွင် နတ်ဆိုး၏မခို့တရို့အပြုံးကို တွေ့လိုက်ရသည်။
"ရှင် ဘာလို့ဒီကိုရောက်နေတာလဲ?" ရှီရန်အံ့သြနေသည်။
"စီးပွားရေးကိစ္စကြောင့်ပါ" ချူးကျင်းချန်းကပြောသည်။
ရှီရန်သည် နောက်ထပ်မေးခွန်းမမေးတော့ဘဲ သီချင်းနားထောင်ရင်း ဆက်ပြေးသည်။
တစ်နာရီကြာပြီးနောက်တွင် သူမသည် ထပ်မလှုပ်ရှားတော့ဘဲ ငုံ့ကာ ရေပုလင်းကို ကောက်ယူလိုက်သည်။
ရေသောက်ရင်း Gym ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါတွင်
သူမနှင့် ချူးကျင်းချန်းနှစ်ယောက်တည်းသာ Gym တွင် ကျန်တော့သည်ကို သိလိုက်ရသည်။
ချူးကျင်းချန်းသည် ထိုင်နေသောအနေအထားဖြင့် သူ့ရင်ဘတ်ကို လေ့ကျင့်နေသည်။
သူတို့နှစ်ယောက်တွင် ပြောစရာစကားသိပ်မရှိပေ။ သူတို့ နှစ်ယောက်လုံး လေ့ကျင့်ခန်းလုပ်နေကြပြီး လေထုက သိသိသာသာ နွေးထွေးနေသည်။
နှစ်နာရီကြာပြီးနောက် ရှီရန်သည် အားကစားရုံမှ ထွက်လာသည်။
လက်ထောက်သည် လမ်းလျှောက်လာရင်း ရှီရန်ကို ဝင်တိုက်မိသွားသည်။ သူမ ဤနေရာတွင်ရှိနေသည်ကိုမြင်လိုက်သောအခါ သူရုတ်တရက်နားလည်သွားသည်။
တတိယသခင်လေးသည် ဤနေရာကို လူရှင်းလင်းစေလိုသည်ဟု ရုတ်တရက်ပြောပြီး ကျန်အားကစားခန်းမအသုံးပြုသူများကို အဝေးတစ်နေရာသို့ဖိတ်ကြားရန် တစ်စုံတစ်ဦးကိုပင် ခိုင်းစေခဲ့သည့်အကြောင်းအရင်းကို သူ သိချင်နေခဲ့မိသည်။
မစ္စရှီ ရှိနေသည့်အတွက် သူမနှင့်သူ နှစ်ယောက်တည်း အတူနေလိုသောကြောင့် ဖြစ်နိုင်သည်။
လက်ထောက်မသိလိုက်သည့်အရာမှာ သူ၏တတိယသခင်ငယ်လေးကို ရိုမန့်တစ်ဆန်သောသူတစ်ယောက်အဖြစ် လွန်ကဲစွာတွက်ဆနေခြင်းသာဖြစ်သည်။
နောက်နေ့မနက်တွင် အားလုံးက ဟိုတယ်အဝင်ဝ၌ ဆုံကြပြီး ထုတ်လုပ်ရေးအဖွဲ့၏ ဘတ်စ်ကားဖြင့် ရိုက်ကူးရေးကွင်းဆီ ခေါ်သွားကြသည်။
“ဒီနေ့ အမျိုးသားဧည့်သည်အသစ်နဲ့ စည်းကမ်းအသစ်တွေ ရှိမယ်လို့ ကြားတယ်။အဲဒါတွေကို စောင့်မျှော်နေပါပြီနော် ” ရှီဝန်ဖေးက ချိုသာစွာ ပြောသည်။
ရှီရန်သည် နောက်ဆုံးတန်းတွင်မျက်လုံးများကိုမှိတ်ထားပြီး စကားမပြောဘဲ ထိုင်နေသည်။
ယွီဇစ်ကျန်းက စကားစမြည်ပြောသည်။ "အဲ့ဒီလူက ဘာအလုပ်လုပ်မှန်းကို ခန့်မှန်းကြည့်ကြရအောင်။"
"အခုက အဆိုတော်တွေ၊ သရုပ်ဆောင်တွေ၊ ကြေငြာသူတွေ၊ CEO တွေ ရှိနေပြီ။ အခု ယောက်ျားလေးဧည့်သည်က အဲဒီအလုပ်အမျိုးအစားထဲမှာ ပါမယ်လို့တော့မထင်ဘူး။"
"အဲဒါကို စောင့်မျှော်နေပြီ။"
ကမ်းခြေဆီကို သူတို့ ကားစီးသွားကြသည်။
လူတိုင်း ကားပေါ်မှ ဆင်းလာကြစဥ် လန်းဆန်းသောပင်လယ်လေက လူတိုင်း၏မျက်နှာကို တိုက်ခတ်လာသည်။
ကမ်းခြေတစ်လျှောက် သူတို့ လမ်းလျှောက်လာရင်း အဝေးက နှစ်ထပ်အိမ်တစ်လုံးကို တွေ့လိုက်ရသည်။
အိမ်၏တံခါးဝတွင် အရပ်ရှည်သောလူတစ်ယောက်က သူတို့ကိုနောက်ကျောပေးကာရပ်နေသည်။ သူ့ညာဘက်တွင် အနက်ရောင် ခရီးဆောင်အိတ်တစ်လုံးရှိသည်။
ထိုအမျိုးသားသည် အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူ့ပုံသဏ္ဍာန်က လုံးဝအချိုးအစားကျပေသည်။
သူသည် သူ့လက်ဆွဲအိတ်ပေါ်၌ပျင်းရိစွာ လက်ကိုတင်ထားကာ သူ၏ဒီဇိုင်နာလက်ပတ်နာရီကိုအထင်းသားမြင်နေရသည်။
ထိုယောက်ျား၏မျက်နှာကို မည်သူမျှ ရှင်းရှင်းလင်းလင်းမမြင်နိုင်သော်လည်း သူ့နောက်ကျောကိုကြည့်၍ ဤဧည့်သည်ယောက်ျားသည် ရုပ်မဆိုးကြောင်းမှာ သိသာထင်ရှားပေသည်။